လူတိုင်း၏ အမြင်တွင် ဖုန်းရှင်းမြဲ့ ရူးသွားပြီဟု ထင်နေကြသည်။ လေခွင်းမြို့ စစ်ဆင်ရေးသည် သူ့အသက်နှင့် ရာထူးအတွက်သာမက အကြီးအကဲရွှီအတွက်ပါ အရေးပါနေ၏။
ထိုမျှ အရေးကြီးသော တာဝန်ကို ငွေလိမ်လူလိမ် လမ်းဘေးလူမိုက် တစ်ယောက်လက်ထဲ အပ်လိုက်ခြင်းသည် ရူးသွပ်ခြင်းဟု မခေါ်ပါက မည်သို့ ခေါ်မည်နည်း။
ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့အကြောင်း သေချာ သိနေသည်လား။ တကယ်တမ်းတွင် သူသည် အများ ထင်ထားသည်ထက် ယွင်ကျုံးဟဲ့ကို ပိုသိသည်။ သခင်ကြီးလီ၏ အကူအညီဖြင့် ယွင်ကျုံးဟဲ့၏ အသက်ကို ကယ်ခဲ့သည် မဟုတ်ပါလား။
သို့သော်ငြား သူ တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်ရှုံးလျှင် ပြီးဆုံးသွားပြီဖြစ်၏။ ဟေးလုံထိုင်သည် အလွန် ရက်စက်သော နေရာဖြစ်သည်။
“သခင်လေးယွင်ကျုံးဟဲ့... ရှေ့ဆက်ပြီး ဘာဖြစ်လာနိုင်လဲဆိုတာ သိလား။” ရွှီအန်းထင်က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြို့တော်ကနေ ဖမ်းဝရမ်း ရောက်လာပြီး ဖုန်းရှင်းမြဲ့ကို ဖမ်းခေါ်သွားတာ ဖြစ်နိုင်တယ်။”
ရွှီအန်းထင်က မေးလိုက်၏။ “မှန်တယ်။ တကယ်လို့ ကျုပ်က ဖုန်းရှင်းမြဲ့ရဲ့ အမိန့်ကို နာခံပြီး ခင်ဗျားကို ကူညီလိုက်ရင် ဘာဖြစ်မလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားပါ ထောင်ကျသွားမယ်။”
ရွှီအန်းထင်က ပြောလိုက်၏။ “မှန်တယ်။ ကျုပ်က ဖုန်းရှင်းမြဲ့ရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး။ ပိုင်ရှင်မဲ့နယ်မြေဌာန လက်အောက်မှာ ရှိတာ။”
ယွင်ကျုံးဟဲ့က ဖြည့်စွက်ကာ ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားက မြွေပွေးကို ရွေးချယ်ပြီး ကျုပ်ကို ဖမ်းမယ်။ ပြီးရင် အင်ပါယာက လျှို့ဝှက်ထောင်ကို ပို့ပြီး တစ်သက်တစ်ကျွန်း ချပစ်မယ်။”
ရွှီအန်းထင်က သက်ပြင်းချကာ မေးလိုက်၏။ “မှန်တယ်။ အခု ကျုပ် ဘယ်လို လုပ်သင့်လဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကို အခုပဲ ဖမ်းလိုက်လေ။ ကျုပ် ပြန်မခုခံပါဘူး။ တောင်းဆိုချင်တာ တစ်ခုတော့ ရှိတယ်။ အစ်မကို လာဖမ်းခိုင်းပါ။ ပြီးတော့ သူ့မျက်နှာကို ဖုံးထားပါ။”
ဘေးနားမှ ရွှီအန်းထင်(အမျိုးသမီး)၏ ရင်ဘတ်သည် ဒေါသကြောင့် ဖောင်းကားလာပြီး အရိုးများ ကျိုးပဲ့သံ ထွက်ပေါ်လာသည်။
ရွှီအန်းထင် (အမျိုးသား) သက်ပြင်းချလိုက်၏။ “လွန်ခဲ့တဲ့ တစ်နာရီကဆိုရင် ကျုပ် ဘာမှ တွေဝေနေမှာ မဟုတ်ဘူး။ ခင်ဗျားကို ချက်ချင်း ဖမ်းပြီး မြွေပွေးကို ရွေးချယ်လိုက်မှာ။ ဒါပေမဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်က သိပ်ကောင်းလွန်းတော့ ကျုပ် တွေဝေသွားတယ်။”
ရွှီအန်းထင်သည် နိုင်ငံချစ်စိတ် ပြင်းထန်သူ ဖြစ်သည်။ ယွင်ကျုံးဟဲ့၏ လှောင်ပြောင်မှုကို ခံခဲ့ရသော်လည်း အလုပ်ကို ဦးစားပေးနေဆဲ ဖြစ်၏။
သူက ပြောလိုက်သည်။ “ကျုပ်က အဆင့်နိမ့် အရာရှိလေး တစ်ယောက်ပါ။ ပုံမှန်ဆိုရင် လေခွင်းမြို့ စစ်ဆင်ရေးမှာ ပါဝင်ခွင့်တောင် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ဟေးလုံထိုင်ရဲ့ အင်အားစုတွေ ပျက်စီးသွားလို့ ကျုပ် တည်းခိုခန်းက အရေးပါလာတာ။
ကျုပ်တို့ ဒီမှာ (၁၁) နှစ်ကြာ ပုန်းအောင်းနေခဲ့တယ်။ အင်အား၊ ငွေကြေး အများကြီး သုံးစွဲခဲ့ရတယ်။ အခု စစ်ဆင်ရေးအတွက် ပြင်ဆင်ထားတဲ့ အင်အားစုမှာ လူ (၁၀၀) ကျော် ပါဝင်တယ်။ အားလုံးက ခေါင်းဆောင်အတွက် အသက်ပေးဖို့ အသင့်ပဲ။
ကျုပ် ရာထူးက နိမ့်ပေမယ့် တိုင်းပြည်နဲ့ ရဲဘော်ရဲဘက်တွေအတွက် ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်။ ဆရာမြွေပွေး... ထွက်လာခဲ့ပါ။”
လေညင်းတစ်ချက် တိုက်ခတ်သွားပြီး အရိပ်တစ်ခု ထွက်ပေါ်လာသည်။ အလင်းနှင့် အမှောင်ကြားတွင် ရပ်နေသောကြောင့် ပုံသဏ္ဌာန်ကိုသာ မြင်ရပြီး မျက်နှာကို မမြင်ရပေ။
ယွင်ကျုံးဟဲ့က လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်၏။ “အစ်ကိုကြီးမြွေပွေး... တွေ့ရတာ ဝမ်းသာပါတယ်။”
“အင်း...” မြွေပွေးက အလွန် မာနကြီးပုံရသည်။
ယွင်ကျုံးဟဲ့သည် တစ်ဖက်သို့ လှည့်ကာ မြွေပွေးကိုယ်စား ပြန်လည် နှုတ်ဆက်ပြလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်။”
“နာမည်ကြားဖူးတာ ကြာပါပြီ။”
“ဝမ်းသာပါတယ်။”
ရွှီအန်းထင်၏ မျက်နှာ ရှုံ့မဲ့သွား၏။ ‘ယွင်ကျုံးဟဲ့... ခင်ဗျား တော်သင့်ပြီ။ အချိန်နဲ့ နေရာလေးတော့ ကြည့်ပါအုံး။’
ရွှီအန်းထင်က ပြောလိုက်သည်။ “ဆရာမြွေပွေး... ခင်ဗျားက ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ခင်ဗျားရဲ့ သိုင်းပညာ၊ ဉာဏ်ပညာ၊ မှတ်ဉာဏ် စွမ်းအားတွေက ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးပါတယ်။
ခင်ဗျားမှာ မျက်နှာပေါင်း ထောင်ချီ ရှိတယ် ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားနဲ့ သခင်လေးယွင်ကျုံးဟဲ့ကို ယှဉ်ပြိုင်ခိုင်းပါရစေ။”
မြွေပွေးက အေးစက်စက် ပြောလိုက်၏။ “အင်း...”
ရွှီအန်းထင်က ပြောလိုက်သည်။ “ကျုပ် အရည်အချင်းက နိမ့်ကျတော့ အခြေခံအကျဆုံး စမ်းသပ်မှုပဲ လုပ်ပါမယ်။ ဒီကနေ မိုင်ဝက်လောက် ဝေးတဲ့နေရာမှာ ထောင်ရန် စာအုပ်ဆိုင် ရှိတယ်။
ခင်ဗျားတို့ အဲဒီကို သွားပြီး စတုတ္ထ စာအုပ်စင်၊ တတိယ အတန်း၊ ပဉ္စမမြောက် စာအုပ်ကို ဝယ်ခဲ့ပါ။ ပြီးရင် ပြန်လာခဲ့ကြပါ။”
အခြေခံအကျဆုံး စမ်းသပ်မှု ဆိုသည်မှာ မှတ်ဉာဏ်စွမ်းအားကို စမ်းသပ်ခြင်း ဖြစ်၏။ နာရီဝက်အတွင်း စာအုပ်ကို အလွတ်ကျက်ပြီး ပြန်ဆိုရမည်လား။ ရိုးရှင်းသော်လည်း ခက်ခဲသော စမ်းသပ်မှု ဖြစ်သည်။
ရွှီအန်းထင်က မေးလိုက်၏။ “ဘယ်လိုလဲ။ သဘောတူလား။”
“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ဖြေသည်။
“အင်း...” မြွေပွေးက ဖြေ၏။ သို့သော်ငြား ဤသည်မှာ မြွေပွေး၏ အားသာချက် ဖြစ်သည်။ သူသည် တစ်ကြိမ်ကြည့်ရုံဖြင့် မှတ်မိသော စွမ်းရည်ရှိသူပင်။
ရွှီအန်းထင်က အမိန့်ပေးလိုက်သည်။ “ညီမလေး... သူတို့ကို စာအုပ်ဆိုင် လိုက်ပို့ပေးလိုက်။ ယွင်ကျုံးဟဲ့... ခင်ဗျား ရုပ်ဖျက်ပြီး သွားပါ။”
…………
နာရီဝက် ကြာပြီးနောက် ရွှီအန်းထင် (အမျိုးသမီး) နှင့် လူငါးယောက်သည် ယွင်ကျုံးဟဲ့နှင့် မြွေပွေးကို စောင့်ရှောက်ကာ တည်းခိုခန်းမှ ထွက်ခွာလာကြသည်။
‘ဟမ်... မြွေပွေး ဘယ်ရောက်သွားလဲ။’
ထူးဆန်းသည်မှာ သူသည် ယွင်ကျုံးဟဲ့၏ အနီးနားတွင် ရှိနေသော်လည်း မမြင်ရခြင်း ဖြစ်သည်။ သူသည် လူအုပ်ကြားထဲတွင် ရောနှော ပျောက်ကွယ်သွားခြင်း ဖြစ်၏။
မျက်နှာပေါင်း ထောင်ချီရှိသည် ဆိုသော စကားမှာ အမှန်ပင်။ ရုပ်ဖျက်ပညာ အလွန် ကောင်းမွန်လှသည်။
ယွင်ကျုံးဟဲ့ စိတ်ထဲမှ အားကျသွား၏။ ‘အရင်တုန်းကသာ ဒီပညာ တတ်ခဲ့ရင် ကောင်းမှာပဲ။ ထားခဲ့တဲ့ ရည်းစားတွေ လိုက်ရှာရင် ရုပ်ဖျက်ပြီး ထွက်ပြေးလို့ ရတာပေါ့။’
အန်းထင် တည်းခိုခန်းမှ ထောင်ရန် စာအုပ်ဆိုင်သို့ သွားရာလမ်းသည် ဖြောင့်ဖြူးနေပြီး မီတာ (၅၀၀) ခန့်သာ ဝေးသည်။ လမ်းမပေါ်တွင် လူများ စည်ကားနေလေသည်။
“အဘိုးကြီး... လာလည်ပါအုံးလား။ အိပ်ရာခင်းကြီး ချုပ်ဝတ်ထားတဲ့ အဘိုးကြီး... လာပါအုံး။ အသက် (၅၀) ကျော်ရင် လျှော့ဈေး ပေးမယ်နော်။”
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ပြီး မေးလိုက်သည်။ “သမီးလေး... ဦးကို ခေါ်နေတာလား။”
“ဟုတ်တယ်လေ။ လာပါဦး။ သတ္တိရှိရှိ လာခဲ့စမ်းပါ။”
“နောက်မှ... နောက်မှ...”
ထို့နောက် သူက ဘေးနားမှ ရွှီအန်းထင် (အမျိုးသမီး) ကို ပြောလိုက်သည်။ “ဧည့်ဝတ်ကျေပွန်လိုက်တာ... ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်နေသလိုပဲ။”
ရွှီအန်းထင် (အမျိုးသမီး) က ဘာမှ ပြန်မပြောဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ယွင်ကျုံးဟဲ့ အမြန် လျှောက်သွားလိုက်သည်။ မီတာ (၅၀၀) ခရီးကို ယွင်ကျုံးဟဲ့သည် ဟိုငေးဒီငေး လုပ်ရင်း နာရီဝက်ကျော်ကြာ လျှောက်လှမ်းခဲ့၏။ နောက်ဆုံးတွင် စာအုပ်ဆိုင်သို့ ရောက်ရှိလာသည်။
“ဘယ် စာအုပ်စင်၊ ဘယ် အတန်း၊ ဘယ် စာအုပ်လဲ။” ယွင်ကျုံးဟဲ့က တီးတိုး မေးလိုက်၏။
ရွှီအန်းထင် (အမျိုးသမီး) ၏ မျက်နှာ ရှုံ့မဲ့သွားသည်။ ‘အသက်နဲ့ ရင်းရမယ့် ကိစ္စ၊ ဖုန်းရှင်းမြဲ့ရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ ကိစ္စကို ရှင်က မေ့သွားတယ်ပေါ့။ ဒီပွဲတော့ ရှင် ရှုံးပြီ။’
သို့သော်ငြား သူမ လုံးဝ ဝင်မပြောပေ။
ယွင်ကျုံးဟဲ့ အချိန်အကြာကြီး စဉ်းစားပြီးမှ စတုတ္ထ စာအုပ်စင်၊ တတိယ အတန်းမှ ပဉ္စမမြောက် စာအုပ်ကို ဆွဲထုတ်လိုက်သည်။
“လိပ်ပြာအိပ်မက်... ဘာစာအုပ်ကြီးလဲဟ”
နာမည် မကြားဖူးသော စာအုပ်ဖြစ်သည်။ လူကြိုက်နည်းသော စာအုပ်ဖြစ်သောကြောင့် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။ စာမျက်နှာ (၆၀၀) ကျော်၊ စာလုံးရေ နှစ်သိန်းခန့် ပါရှိ၏။
ယွင်ကျုံးဟဲ့ စာအုပ်ဝယ်ပြီး တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ မြွေပွေးကိုမူ လုံးဝ မတွေ့ရပေ။ သို့သော်ငြား သူ ရှိနေသည်မှာ သေချာသည်။
………………
(၁၅) မိနစ်အကြာတွင် မြေအောက်ခန်းထဲသို့ ပြန်ရောက်လာ၏။
မြွေပွေးကို ပြန်တွေ့ရသည်။ သူသည် အလင်းနှင့် အမှောင်ကြားတွင် မတ်တတ်ရပ်နေဆဲပင်။ ယခု ပြိုင်ပွဲ စတင်တော့မည်။ ရှုံးသူသည် ထွက်သွားရမည်။
ယွင်ကျုံးဟဲ့အတွက် ပို၍ အန္တရာယ်များသည်။ ရှုံးပါက တစ်သက်တစ်ကျွန်း ထောင်ကျမည်။ ဖုန်းရှင်းမြဲ့လည်း ရာထူးပြုတ်ပြီး အပြစ်ပေးခံရမည် ဖြစ်သည်။
ရွှီအန်းထင်က ပြောလိုက်သည်။ “ပြိုင်ပွဲ စကြစို့။ မမျှတဘူးဆိုတာ ကျုပ် သိပါတယ်။ သခင်လေးယွင်ကျုံးဟဲ့က လေ့ကျင့်မှု မရှိတဲ့ သာမန်လူ၊ သခင်လေးမြွေပွေးက ကျွမ်းကျင်တဲ့ သူလျှို။”
“ချီးကျူးလွန်းပါပြီ။” ယွင်ကျုံးဟဲ့က ဝင်ပြောသည်။ တကယ်တမ်းတွင် မူလတန်းကျောင်းသားနှင့် ပါရဂူဘွဲ့ရသူ ပြိုင်သကဲ့သို့ ဖြစ်နေလေ၏။
ရွှီအန်းထင်က ပြောလိုက်သည်။ “နိုင်တဲ့သူကို ကျုပ် အပြည့်အဝ ကူညီပါ့မယ်။ စလိုက်ကြရအောင်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”
မြွေပွေးက အေးစက်စက် ပြောလိုက်သည်။ “အင်း...”
အားလုံးက စာအုပ်ဖတ်ပြီး အလွတ်ကျက်ရမည်ဟု ထင်မှတ်ထားကြ၏။
ရွှီအန်းထင်က ပြောလိုက်သည်။ “ခင်ဗျားတို့ ဝယ်လာတဲ့ စာအုပ်ကို ဖွင့်လိုက်ပါ။”
ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ စာအုပ်ကို ဖွင့်ပြီး အမြန် ဖတ်ရှုလိုက်ကြသည်။
ရွှီအန်းထင်က ပြောလိုက်၏။ “အချိန် (၃၀) မိနစ် ရမယ်။”
မြွေပွေးသည် စာမျက်နှာများကို တစ်ရွက်ချင်း လှန်ကာ အလွန် လျင်မြန်စွာ ဖတ်ရှုနေ၏။ တစ်ကြိမ် ကြည့်ရုံဖြင့် မှတ်မိသော ပါရမီရှင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ ဘာလုပ်ရမည်နည်း။ X စိတ်ကျန်းမာရေးဆေးရုံတွင် ထိုကဲ့သို့ ပါရမီရှင် ရှိသလား။ ရှိသည်။ အမှတ် (၂၃) လူနာ ဒါဗင်ချီပင်။ ပန်းချီဆွဲရာတွင် ပါရမီရှင် ဖြစ်ပြီး သက်ရှိများ၏ မူလအစကို ရှာဖွေရန် ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ခဲ့သူ၊ သူ၏ မှတ်ဉာဏ်စွမ်းအားသည်လည်း ကောင်းမွန်၏။
သို့သော်ငြား ယခု ယွင်ကျုံးဟဲ့ ရရှိထားသော စွမ်းရည်မှာ အမှတ် (၁၆) ၏ စိတ်ဖတ်ခြင်း စွမ်းရည်သာ ဖြစ်သည်။ အမှတ် (၂၃) ၏ စွမ်းရည်ကို မရရှိသေးပေ။
‘ဒါဗင်ချီ... မြန်မြန် ဝင်ပူးစမ်းပါကွာ။’
ထိုအချိန်တွင် ရွှီအန်းထင်က ကြေညာလိုက်သည်။ “ပထမဆုံး မေးခွန်းကို မေးပါမယ်။ အန်းထင်တည်းခိုခန်း ကနေ စာအုပ်ဆိုင်အသွား လမ်း (၅၀၀) မီတာ အတွင်းမှာ အမျိုးသမီး ဘယ်နှယောက် တွေ့ခဲ့သလဲ။ မျက်ရစ် တစ်ထပ်ပါသူ ဘယ်နှယောက်၊ မျက်ရစ် နှစ်ထပ်ပါသူ ဘယ်နှယောက်လဲ။”
‘သောက်ကျိုးနည်း... စာအုပ်ကျက်ခိုင်းတာ မဟုတ်ဘူးလား။ ရွှီအန်းထင်... ခင်ဗျား တော်တော် ကောက်ကျစ်တာပဲ။ လမ်းမပေါ်မှာ လူတွေ ထောင်ချီ ရှိတာလေ။ ဘယ်လိုလုပ် ဖြေနိုင်မှာလဲ။ မေးခွန်းသတ် နေတာလား။’
***