မေးခွန်းထုတ်သူသည် အဖြေကို သိထားပြီးသား ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့တို့ နှစ်ယောက်ကို စောင့်ရှောက်သော လူငါးဦးအပြင် နောက်ကွယ်မှ စောင့်ကြည့်နေသော လူဆယ်ဦးကျော် ရှိသောကြောင့် ဖြစ်သည်။
သူတို့၏ တာဝန်မှာ တစ်ခုတည်းသာ ရှိ၏။ ဤလမ်းတစ်လျှောက်တွင် အမျိုးသမီး မည်မျှ ရှိသည်။ မျက်ရစ် တစ်ထပ်နှင့် နှစ်ထပ် မည်မျှ ရှိသည်ကို မှတ်တမ်းတင်ရန် ဖြစ်၏။
ဤမေးခွန်းသည် သူလျှိုတစ်ယောက်၏ အခြေခံ အရည်အသွေးကို စစ်ဆေးခြင်း ဖြစ်သော်လည်း အခက်အခဲမှာ လွန်ကဲလွန်းလှသည်။
သို့သော်ငြား ပို၍ လွန်ကဲသည်မှာ မြွေပွေး ဖြစ်၏။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ စာရွက်ပေါ်တွင် အဖြေကို တောက်လျှောက် ရေးချလိုက်ပြီး ရွှီအန်းထင်ကို ပေးလိုက်သည်။ သူ၏ ဟန်ပန်မှာ ယုံကြည်မှု အပြည့်ရှိပြီး ကြိုတင် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေ၏။
ရွှီအန်းထင်သည် မြွေပွေး၏ အဖြေလွှာကို ယူကြည့်လိုက်သည်။
[စုစုပေါင်း လူ (၁၉၅၃) ယောက် ဖြတ်သန်းသွားသည်။ အမျိုးသမီး (၃၂၇) ယောက်။ မျက်ရစ် တစ်ထပ်ပါသူ (၁၂၃) ယောက်။ မျက်ရစ် နှစ်ထပ်ပါသူ (၁၉၉) ယောက်၊ ထိုအထဲတွင် (၇) ယောက်သည် အတွင်းမျက်ရစ် ဖြစ်၏။]
[ကျန် (၅) ယောက်သည် တစ်ဖက် တစ်ထပ်၊ တစ်ဖက် နှစ်ထပ် ဖြစ်သည်။ ထိုသူတို့အနက် (၃) ယောက်သည် ဘယ်ဘက် တစ်ထပ်၊ ညာဘက် နှစ်ထပ် ဖြစ်ပြီး (၂) ယောက်သည် ဘယ်ဘက် နှစ်ထပ်၊ ညာဘက် တစ်ထပ် ဖြစ်သည်။]
ရွှီအန်းထင်သည် သူ၏ လက်အောက်ငယ်သားများ မှတ်တမ်းတင်ထားသော စံပြအဖြေလွှာကို ထုတ်ကြည့် လိုက်သည်။ အဖြေအနည်းငယ် ကွဲလွဲမှု ရှိနေ၏။
သို့သော်ငြား မြွေပွေး၏ အဖြေက ပို၍ တိကျနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အတွင်းမျက်ရစ် ပါသူများနှင့် မျက်ရစ် မတူသူများကိုပါ အသေးစိတ် မှတ်တမ်းတင်ထားသောကြောင့်ပင်။
တကယ့်ကို ထိပ်တန်း သူလျှိုပီသလှသည်။ အံ့မခန်း စွမ်းရည်ပင်။ မြွေပွေးသည် သာမန် ကိစ္စလေး တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ တည်ငြိမ်နေပြီး စာအုပ်ကို ဆက်လက် ဖတ်ရှုနေသည်။
ယွင်ကျုံးဟဲ့မှာမူ အဖြေကို မရေးသေးဘဲ မျက်လုံးများကို မှိတ်ထားဆဲပင်။ ‘အမှတ် (၂၃) ဒါဗင်ချီ... ဝင်ပူးစမ်း။ မြန်မြန် ဝင်ပူးစမ်းပါကွာ။’
ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြက်သီးများ ထသွားသည်။
ထို့နောက် သူသည် ထူးဆန်းသော စိတ်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားပြီး အလိုအလျောက်ပင် သူ၏ ခါးအောက်ပိုင်းကို ငုံ့ကြည့်မိလိုက်၏။ ‘ဟမ်.... ကျုပ်မှာ မရှိသင့်တာ တစ်ခု ပိုနေသလိုပါလား။’
ထို့နောက် ရွှီအန်းထင် (အမျိုးသမီး) ကို ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားသည်။ ‘လှပလိုက်တဲ့ ကြွက်သား အစင်းကြောင်းတွေ... ခွဲစိတ်ပြီး တစ်စစီ ဆွဲထုတ် ကြည့်ချင်စရာပါလား။’
ဝဖြိုးဖြိုး ရွှီအန်းထင် (အမျိုးသား) ကို ကြည့်လိုက်ပြန်၏။ အရေပြားအောက်မှ အဆီပြင်များကို ခွဲစိတ် ထုတ်ယူပြီး ပုံဆွဲကြည့်လျှင် စိတ်ဝင်စားစရာ ကောင်းမည်ဟု တွေးလိုက်မိသည်။
‘ဟာ... ဟာ... မဟုတ်သေးဘူး။’
ယွင်ကျုံးဟဲ့သည် ထိုအတွေးများကို အမြန် မောင်းထုတ်လိုက်ပြီး အန်းထင် တည်းခိုခန်းမှ စာအုပ်ဆိုင်သို့ သွားရာလမ်းတစ်လျှောက် မြင်ကွင်းများကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။
ရုပ်ရှင်ရုံထဲတွင် ရုပ်ရှင်ပြသနေသကဲ့သို့ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ရှင်းလင်းပြတ်သားစွာ ပေါ်လာ၏။ တကယ့်ကို အံ့မခန်းပါပင်။
‘ဒါဗင်ချီရဲ့ စိတ်အမြင်အာရုံက ဒီလိုမျိုးပါလား။ ဒါက မှတ်ဉာဏ်ကောင်းတာလောက် မဟုတ်တော့ဘူး။ လူသား ကင်မရာ ဖြစ်နေပြီ။
သူ ဘာလို့ ဂန္ထဝင် ပန်းချီဆရာ ဖြစ်ခဲ့သလဲ ဆိုတာ အခုမှ နားလည်တော့တယ်။ ဦးနှောက်ဖွဲ့စည်းပုံတွေကိုတောင် အသေးစိတ် ဆွဲနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။ သူ့ခေါင်းထဲမှာ ပုံရိပ်တွေ အားလုံးက အသင့်ရှိနေတာကိုး။’
မကြာမီ ယွင်ကျုံးဟဲ့သည် စာရွက်ပေါ်တွင် အဖြေကို ရေးချလိုက်သည်။
[စုစုပေါင်း လူ (၁၉၅၉) ယောက်။ အမျိုးသမီး (၃၂၉) ယောက်။ မျက်ရစ် တစ်ထပ် (၁၂၄) ယောက်။ မျက်ရစ် နှစ်ထပ် (၂၀၀)၊ ထိုအထဲတွင် (၇) ယောက်က အတွင်းမျက်ရစ်။ ကျန် (၅) ယောက်က မျက်ရစ် မတူကြ။ (၃) ယောက်က ဘယ်တစ်ထပ် ညာနှစ်ထပ်၊ (၂) ယောက်က ဘယ်နှစ်ထပ် ညာတစ်ထပ်။]
ရေးပြီးသည်နှင့် ဟေးလုံထိုင် စစ်သည်တစ်ဦးက စာရွက်ကို ယူပြီး ရွှီအန်းထင်ကို ပေးလိုက်သည်။
ရွှီအန်းထင်သည် အဖြေကို မြင်လိုက်ရချိန်မှာတော့ အံ့အားသင့်သွားပြီး ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိတော့၏။
ယွင်ကျုံးဟဲ့နှင့် မြွေပွေး၏ အဖြေများ အနည်းငယ် ကွဲလွဲနေသည်။ သို့သော်ငြား နှစ်ယောက်စလုံး မှန်ကန်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ သွားရောက်သည့် အချိန် ကွာခြားမှု ရှိနေသောကြောင့် ဖြစ်သည်။ ကြက်သီးထစရာ ကောင်းလှချေသည်တကား။
မြွေပွေး ဖြေနိုင်သည်ကို လက်ခံနိုင်သည်။ သူက ပါရမီရှင် သူလျှိုတစ်ယောက် ဖြစ်ပြီး လေ့ကျင့်မှုများစွာ ရရှိထားသူ ဖြစ်သည်။
သို့သော်ငြား ယွင်ကျုံးဟဲ့သည် မည်သည့် လေ့ကျင့်မှုမှ မရှိထားပေ။ ဤမျှလောက် ခက်ခဲသည့် မေးခွန်းကို တိကျမှန်ကန်စွာ ဖြေနိုင်သည်မှာ မယုံနိုင်စရာပင်။
ဖုန်းရှင်းမြဲ့ ရူးနေတာ မဟုတ်ဘဲ တကယ်ပဲ လူတော်ကို ရွေးချယ်တတ်သည်လား။ သို့သော်ငြား ဤနှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးချယ်ရပေမည်။
ရွှီအန်းထင်သည် တုန်လှုပ်မှုကို ထိန်းချုပ်လိုက်ပြီး ဒုတိယမေးခွန်းကို ဆက်မေးလိုက်သည်။ “ဒုတိယမေးခွန်း... ခင်ဗျားတို့ တစ်ယောက်စီ စာအုပ်တစ်အုပ် ဝယ်လာတယ်။ တစ်အုပ်က ‘လိပ်ပြာအိပ်မက်’၊ နောက်တစ်အုပ်က ‘လီမိသားစု မှတ်တမ်း’။
မေးခွန်းကတော့... အဲဒီစာအုပ်ရဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ဘာလဲ။”
‘ဟာ... ဒါကတော့ သက်သက်မဲ့ နှိပ်စက်တာပဲ။ လူတစ်ယောက် ဖြေနိုင်မယ့် မေးခွန်းမျိုး မဟုတ်ဘူး။ စာအုပ်တစ်အုပ်လုံး အလွတ်ကျက်ခိုင်းရင်တောင် မှတ်ဉာဏ်ကောင်းတဲ့သူက တော်တော်များများ ရွတ်ပြနိုင်လိမ့်မယ်။
ဒါပေမဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ဘာလဲ ဆိုတာ ဘယ်သူက လိုက်မှတ်နေမှာလဲ။ ခင်ဗျားက နတ်ဆိုးလား။ ခင်ဗျား ရူးနေတာလား။ ဒါမှမဟုတ် ကျုပ် ရူးနေတာလား။ ဘယ်သူက ဒါကို သွားမှတ်မှာလဲ။’
စောစောက စာဖတ်ရင်း ပထမမေးခွန်းကို ဖြေနေရတာနှင့်တင် တော်တော် ခက်ခဲနေပြီဖြစ်သည်။ သို့သော်ငြား ယွင်ကျုံးဟဲ့အတွက် ပြဿနာ မရှိပေ။ အမှတ် (၂၃) ဒါဗင်ချီက အရမ်း တော်လွန်း၏။ သူ အလွယ်တကူပင် အဖြေကို သိနိုင်ပေမည်။
ရွှီအန်းထင်က ပြောသည်။ “ကျုပ် ကိုးကနေ ပြောင်းပြန် ရေတွက်မယ်။ မပြီးခင် အဖြေပေးရမယ်။ မဟုတ်ရင် ရှုံးမယ်။ ကိုး... ရှစ်... ခုနစ်... ခြောက်... ငါး...”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “လေး။”
မြွေပွေးက ဖြေလိုက်သည်။ “အန်း။”
ရွှီအန်းထင်က ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားကို ရေတွက်ခိုင်းတာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “လိပ်ပြာအိပ်မက် စာအုပ်ရဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ‘လေး’ ပါ။”
တိုက်ဆိုင်ခြင်းပင်။
ရွှီအန်းထင် ကိုယ်တိုင်လည်း အဖြေမသိပေ။ သူသည် စာအုပ်နှစ်အုပ်ကို ယူပြီး တစ်မျက်နှာလျှင် စာလုံးရေ မည်မျှ ပါဝင်သည်ကို တွက်ချက်ထားခြင်း ဖြစ်သည်။
မကြာမီ သက်ဆိုင်ရာ စာလုံးကို ရှာတွေ့သွား၏။ လီမိသားစု မှတ်တမ်း စာအုပ်တွင် ‘အန်း’ ဟူသော စာလုံး ဖြစ်နေသည်။ မြွေပွေး မှန်သည်။ လိပ်ပြာအိပ်မက် စာအုပ်တွင်မူ တကယ်ပဲ ‘လေး’ ဟူသော စာလုံး ဖြစ်နေ၏။
‘ဒီကမ္ဘာကြီး ဘာဖြစ်နေတာလဲ။ ခင်ဗျားတို့က လူတွေရော ဟုတ်ရဲ့လား။ အရူးတွေလား။ ဒီလောက် ခက်ခဲတဲ့ မေးခွန်းကိုတောင် ဖြေနိုင်ကြတယ်ပေါ့။ ဘယ်လို မိသားစုက မွေးဖွားလာကြတာလဲ။’
အခန်းထဲရှိ လူများသည် သူတို့၏ ဘဝအမြင်များ ပြောင်းလဲကုန်ပြီဟု ခံစားလိုက်ရသည်။ ‘ဒီကမ္ဘာကြီးမှာ ပါရမီရှင်တွေက သူတို့သဘော သူတို့ဆောင် လုပ်ချင်ရာ လုပ်နေကြတာလား။’
သို့သော်ငြား ပြိုင်ပွဲက ဆက်လက် ပြုလုပ်ရဦးမည်။
…………
ရှေ့ပိုင်း နှစ်ပွဲတွင် သရေကျနေသောကြောင့် တတိယပွဲသည် အဆုံးအဖြတ် ဖြစ်လာသည်။ အနိုင်ရသူက လေခွင်းမြို့တွင် ကျန်ရစ်ခဲ့မှာဖြစ်သည်။
ယွင်ကျုံးဟဲ့ ရှုံးလျှင် အဖမ်းခံရပြီး ဟေးလုံထိုင် ထောင်သို့ ပို့ဆောင်ခံရမည် ဖြစ်သည်။ သို့သော်ငြား ရွှီအန်းထင်က အစီရင်ခံစာ တင်ပေးလိမ့်မည်။ ဤလူသည် ပါရမီရှင် ဖြစ်သောကြောင့် ထောင်ထဲတွင် အလဟဿ မဖြစ်စေသင့်ကြောင်း ထောက်ခံပေးပေလိမ့်မည်။
ဤတတိယမေးခွန်းသည် မြွေပွေးအတွက် အရေးမကြီးသော်လည်း ယွင်ကျုံးဟဲ့အတွက် အသက်တမျှ အရေးကြီးသည်။ တတိယမေးခွန်းသည် အဆုံးအဖြတ် တိုက်ပွဲဖြစ်၏။ မည်ကဲ့သို့သော မေးခွန်းမျိုး ဖြစ်မည်နည်း။ အားလုံးက စိတ်ဝင်စားနေကြ၏။
ရွှီအန်းထင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လက်ထဲရှိ တတိယမေးခွန်း စာရွက်ကို ဆုတ်ဖြဲပစ် လိုက်သည်။
ပြီးနောက် ပြောလိုက်သည်။“ခင်ဗျားတို့နှစ်ယောက်ရဲ့ စွမ်းရည်က ကျုပ် ထင်ထားတာထက် အများကြီး သာလွန်နေတယ်။ ဒါကြောင့် တတိယမေးခွန်းက အသုံးမဝင်တော့ဘူး။ အရှုံးအနိုင် ပေါ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီနေ့ အရှုံးအနိုင် ပေါ်ကို ပေါ်ရမယ်။ ဒါကြောင့် မေးခွန်း ပြောင်းလိုက်မယ်။
ကျုပ်က အဆိပ် ကျွမ်းကျင်သူ တစ်ယောက်ပါ။ ရှေးလူကြီးတွေ ပြောသလိုပဲ အဆိပ်နဲ့ ဆေးက ခွဲခြားလို့ မရဘူး။ အဆိပ်တွေကို နားလည်လွန်းလို့ ကျုပ်က ထိပ်တန်း စားဖိုမှူး တစ်ယောက် ဖြစ်လာခဲ့တာ။ အန်းထင် တည်းခိုခန်းက စီးပွားရေး ကောင်းနေတာ ကျုပ်ရဲ့ ဟင်းချက်လက်ရာကြောင့်ပဲ။”
‘အဆိပ်ကျွမ်းကျင်တာနဲ့ စားဖိုမှူး ဖြစ်ခြင်းက ဘာဆိုင်သနည်း။ တကယ်တော့ ဆိုင်၏။ အဆိပ်ရှိသော အရာများက အရသာ ရှိတတ်၏။ ဥပမာ - ငါးပူတင်း၊ မြွေဆိပ်၊ မိန်းမလှ... ဟဲဟဲ... ဒါကို ထားလိုက်ပါတော့။’
“ဒါကြောင့် တတိယပွဲစဉ်မှာ ကျုပ်ရဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီး အဆုံးအဖြတ် ယူချင်တယ်။ ခဏလောက် ခွင့်ပြုပါအုံး။”
………………
ရွှီအန်းထင် ထွက်သွားသည်မှာ တစ်နာရီခန့် ကြာမြင့်သွားသည်။ ပြန်ရောက်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ ရှေ့ရှိ စားပွဲပေါ်တွင် ပုလင်း (၅) လုံး တင်ထား၏။
ပုလင်း (၅) လုံးစလုံး ပုံစံတူပြီး အတွင်းမှ အရည်များလည်း တူညီသည်။ အနံ့အရသာလည်း တူညီ၏။ အားလုံးက အရောင်မရှိ၊ အနံ့မရှိသော အရည်များ ဖြစ်သောကြောင့်ပင်။
ရွှီအန်းထင်က ပြောလိုက်သည်။ “ဒီပုလင်း (၅) လုံးထဲမှာ (၄) လုံးက အဆိပ်ပါတယ်။ (၁) လုံးပဲ အဆိပ်ကင်းတယ်။ အဆိပ် (၄) မျိုးထဲမှာ (၂) မျိုးက ပြင်းထန်တဲ့ အဆိပ်တွေဖြစ်ပြီး သောက်လိုက်ရင် သေနိုင်တယ်။ ကျန် (၂) မျိုးက သိပ်မပြင်းထန်ပေမယ့် သောက်လိုက်ရင် သေလုမတတ် ခံစားရလိမ့်မယ်။
ဆရာ မြွေပွေး၊ သခင်လေးယွင်ကျုံးဟဲ့... စားပွဲရှေ့ကို လာပါ။”
ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ စားပွဲရှေ့သို့ ရောက်လာကြသည်။
ရွှီအန်းထင်က ပြောလိုက်၏။ “ကျုပ် (၁၀) စက္ကန့် ရေတွက်ပေးမယ်။ အဲဒီအချိန်အတွင်း ခင်ဗျားတို့ ဒီပုလင်းတွေကို ကြည့်ရှု လေ့လာနိုင်တယ်။ ဒါပေမဲ့ လုံးဝ မထိရဘူး။ ရေတွက်လို့ ပြီးတာနဲ့ အမြန်ဆုံး ပုလင်းတစ်လုံးကို ရွေးပြီး သောက်ရမယ်။ အဆိပ်မပါတဲ့ ပုလင်းကို ရွေးနိုင်တဲ့သူက နိုင်မယ်။”
ယွင်ကျုံးဟဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘တတိယပွဲစဉ်က တော်တော် ရက်စက်တာပဲ။ ဟေးလုံထိုင်နဲ့ တကယ် လိုက်ဖက်တယ်။ ပုလင်း (၅) လုံးမှာ (၁) လုံးပဲ အဆိပ်ကင်းတယ်။ ဒါဆို အရှုံးအနိုင် သေချာပေါက် ပေါ်တော့မယ်။’
ရွှီအန်းထင်က ဆက်ပြောလိုက်သည်။ “ဒီပွဲစဉ်က မမျှတဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ အလုပ်က ဘယ်တုန်းက မျှတဖူးလို့လဲ။ အချိန်တိုင်း သေမင်းနဲ့ ရင်ဆိုင်နေရတာပဲ။
မြို့စားအိမ်တော်ထဲ ရောက်သွားရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲဖို့က လက်တစ်ကမ်းပဲလေ။ ဒီထက် အဆပေါင်းများစွာ ပိုအန္တရာယ်များတဲ့ အခြေအနေတွေ ကြုံရမှာ။ ဒါကို လေ့ကျင့်ခန်း တစ်ခုလို့ သဘောထားလိုက်ပါ။
ကဲ... စရေမယ်။ ပုလင်းတွေကို ကြည့်ပါ။ (၁) လုံးပဲ အဆိပ်ကင်းတယ်။ ကျန်တာ အကုန် အဆိပ်ပါတယ်။ အဆိပ်ကင်းတဲ့ ပုလင်းကို ရွေးပြီး သောက်လိုက်ရင် အနိုင်ရမယ်။ ကိုး... ရှစ်... ခုနစ်...”
ရွှီအန်းထင်က တစ်စက္ကန့်လျှင် ဂဏန်းတစ်လုံးနှုန်း ရေတွက်နေသည်။ ယွင်ကျုံးဟဲ့အတွက် (၉) စက္ကန့်သာ အချိန်ရ၏။ ပုလင်း (၅) လုံးက တူညီလွန်းနေသည်။ အနံ့လည်း မရှိသလောက်ပင်။ ကံတရားကိုသာ ပုံအပ်ရတော့မည့် အခြေအနေ ဖြစ်သည်။
မြွေပွေးက ပုလင်းများကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတွင် ခံစားချက်မရှိဘဲ တည်ငြိမ်နေ၏။
ယွင်ကျုံးဟဲ့ မှာမူ မျက်လုံးပြူးကာ ပုလင်းများနား ကပ်ကြည့်နေသည်။
ရွှီအန်းထင်က ပြောလိုက်၏။ “သုံး... နှစ်... တစ်... ပြီးပြီ။”
ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ တပြိုင်နက် လက်လှမ်းလိုက်ကြသည်။
သို့သော်ငြား မြွေပွေး၏ သိုင်းပညာက ယွင်ကျုံးဟဲ့ထက် အဆတစ်ထောင်မက သာလွန်၏။ သူက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ စတုတ္ထမြောက် ပုလင်းကို လှမ်းယူပြီး မော့သောက်လိုက်သည်။
ယွင်ကျုံးဟဲ့ အမြန်ဆုံး လှမ်းယူသော်လည်း (၀.၁) စက္ကန့် နောက်ကျသွားပြီး လက်ထဲတွင် လေသာ ဖမ်းမိလိုက်သည်။ သူ ရွှီအန်းထင်ကို လှမ်းကြည့်လိုက်၏။
အားလုံးက ရွှီအန်းထင်ကို ကြည့်နေကြသည်။ အဖြေကို စောင့်မျှော်နေကြသည်။ ဘယ်ပုလင်းက အဆိပ်ကင်းသနည်း။
ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား ရှုံးသွားပြီ။ ဆရာမြွေပွေးက တစ်လုံးတည်းသော အဆိပ်ကင်း ပုလင်းကို ယူသောက်သွားပြီ။”
ရွှီအန်းထင်က ဆက်ပြော၏။ “မမျှတဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလောကကြီးမှာ မျှတမှု ဆိုတာ မရှိပါဘူး။
သခင်လေးယွင်ကျုံးဟဲ့... လျှို့ဝှက်ချက် မပေါက်ကြားစေဖို့ ခင်ဗျားကို ဖမ်းဆီးပြီး အင်ပါယာ နယ်မြေထဲက ဟေးလုံထိုင် ထောင်ကို ပို့ရပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမှာ ပါရမီရှိကြောင်း ကျုပ် အထက်ကို တင်ပြပေးပါ့မယ်။
လာကြ... သခင်လေးယွင်ကျုံးဟဲ့ကို ဖမ်းလိုက်။”
ရွှီအန်းထင်၏ အမိန့်ပေးသံနှင့်အတူ ညီမဖြစ်သူက ကြိုးနှင့် လက်ထိပ်များကို ကိုင်ကာ ရှေ့တိုးလာသည်။ “စိတ်မရှိပါနဲ့။”
“နေပါအုံး...”
ယွင်ကျုံးဟဲ့ အော်ပြောလိုက်၏။ “နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ (နာရီဝက်)လောက် အချိန်ပေးပါ။”
ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား မကျေနပ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရှုံးသွားပါပြီ။ ပြင်လို့ မရတော့ပါဘူး။”
အခြေအနေကို ကြည့်ရသည်မှာ ထိုအတိုင်းပင်။ ပုလင်း (၅) လုံးအနက် အဆိပ်ကင်း ပုလင်းကို မြွေပွေး သောက်လိုက်ပြီဖြစ်သည်။ ကျန် (၄) လုံးစလုံး အဆိပ်သင့် ပုလင်းများ ဖြစ်နေ၏။ ဘယ်ပုလင်းကို သောက်သောက် ရှုံးမှာပင်။ မသောက်လျှင်လည်း ရှုံးမှာပင်။
ယွင်ကျုံးဟဲ့ ဘာလုပ်လုပ် အလကား ဖြစ်နေ၏။ သူ ရှုံးနိမ့်သွားသည်။ လေခွင်းမြို့ တာဝန်ကို လုပ်ဆောင်ခွင့် ဆုံးရှုံးသွားပြီဖြစ်၏။
သို့သော်ငြား သူ မကျေနပ်နိုင်ပေ။ လမ်းဆုံးနေသော ဤအခြေအနေတွင် ထွက်ပေါက်တစ်ခု ရှိကို ရှိရမည်။ သေချာပေါက် ရှိရမည်။ သူ ဤအတိုင်း အရှုံးပေးလိုက်၍ မဖြစ်ချေ။ သို့သော်ငြား ထွက်ပေါက်က မည်သည့်အရာနည်း။
‘ကျန်တဲ့ ပုလင်း (၄) လုံးစလုံး အဆိပ်တွေ။ (၂) လုံးက သေစေနိုင်လောက်အောင် ပြင်းထန်တယ်။ (၂) လုံးက သေလုမတတ် ခံစားရစေတယ်။’
အချိန်က ကုန်ဆုံးနေသော်လည်း ယွင်ကျုံးဟဲ့ ထွက်ပေါက် မတွေ့သေးပေ။ သူ မျက်လုံးမှိတ်ထားပြီး မလှုပ်မယှက် ရပ်နေသည်။
“စိတ်မရှိပါနဲ့ သခင်လေးယွင်ကျုံးဟဲ့... ကျွန်မ ရှင်ကို ဖမ်းရတော့မယ်။” ရွှီအန်းထင် (အမျိုးသမီး) က ထပ်ပြောလိုက်၏။
ရုတ်တရက် ယွင်ကျုံးဟဲ့ မျက်လုံးပွင့်လာပြီး အရောင်များ တောက်ပလာ၏။ သူ ပြုံးလိုက်သည်။ “ကျုပ်... တစ်ခုတည်းသော ထွက်ပေါက်ကို ရှာတွေ့ပြီ။ ကျုပ် နိုင်တော့မယ်။”
***