ယွင်ကျုံးဟဲ့သည် အခြားတစ်ဖက်သို့ ကြည့်ကာ ဟန်မပျက် မေးလိုက်သည်။ “ပထမ နည်းလမ်းက စိတ်ချရရဲ့လား။ တခြားအဓိပ္ပာယ် မရှိပါဘူး။ ရိုးရိုး မေးကြည့်တာပါ။”
ထိုစကားကြောင့် ဘေးနားမှ အမျိုးသမီး၏ စက်ဆုပ်ရွံရှာသော အကြည့်ကို ခံလိုက်ရ၏။
ယွင်ကျုံးဟဲ့က ကြောင်အသွားသည်။ ‘ဘာအဓိပ္ပာယ်လဲ။ ရိုးရိုး မေးကြည့်တာလေ။ သိချင်လို့ မေးတာလေ။ လောကမှာ ရုပ်ချောတဲ့ ယောကျ်ားတိုင်းကို မေးကြည့်စမ်းပါ။ အိပ်နေရင်းနဲ့ ပိုက်ဆံရမယ့်၊ နှစ် (၃၀) လောက် အလုပ်မလုပ်ဘဲ နေနိုင်မယ့် အခွင့်အရေးမျိုးကို စိတ်မဝင်စားဘူးလား။’
သို့သော်ငြား ထိုအရာက စိတ်ကူးယဉ် အိပ်မက်လေးသာဖြစ်သည်။ လူဆိုသည်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမှ ပျော်ရွှင်ရပေမည်။
ရွှီအန်းထင်က သတိထားပြီး မေးလိုက်သည်။ “သခင်လေး ယွင်ကျုံးဟဲ့... စိတ်ချရရဲ့လားဆိုတာ ဘာကို ပြောတာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဘယ်လို လုပ်ရမှာလဲ ဆိုတာကို ပြောတာ။”
ရွှီအန်းထင်က ပြောလိုက်သည်။ “ကျုပ်တို့ ထိန်းချုပ်ထားတဲ့ ထိပ်တန်း အဆင့်မြင့် ပြည့်တန်ဆာရုံ တစ်ခု ရှိတယ်။ ကောင်းကင်အမွေးအတောင် နန်းဆောင်လို့ခေါ်တယ်။ ကတိုးမွှေးသခင်မက အဲဒီကို မကြာခဏ လာတတ်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဆိုလိုတာက... ကျုပ်ကို အဲဒီနန်းဆောင်မှာ အလုပ်ဝင်ခိုင်းမယ်။ ပြီးရင် ကတိုးမွှေး သခင်မရဲ့ သဘောကျမှုကို ရအောင်ယူပြီး မြို့စားအိမ်တော်ထဲ ခေါ်သွားခိုင်းမယ်ပေါ့။”
ရွှီအန်းထင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့ အလုပ်ဝင်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲတော့ မသိဘူး။”
ယွင်ကျုံးဟဲ့ မေးလိုက်၏။ “ကတိုးမွှေးသခင်မ သဘောမကျခင် ကြားကာလမှာ ရုပ်ဆိုးတဲ့ မိန်းမကြီးတွေကို ပြုစုပေးရတာမျိုး၊ ထူးထူးဆန်းဆန်း ကိစ္စတွေ လုပ်ပေးရတာမျိုး ရှိမလား။”
ရွှီအန်းထင်က ပြောလိုက်သည်။ “စိတ်ချပါ။ ခင်ဗျားကို စောင်းသမား အနေနဲ့ပဲ ထားမှာပါ။ မှတ်တမ်းတွေအရ ခင်ဗျား စောင်းတီးတတ်တယ်လို့ သိရတယ်။ အရမ်း မတော်ပေမယ့် ခင်ဗျားရဲ့ ရုပ်ရည်နဲ့ ပေါင်းစပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ ကတိုးမွှေး သခင်မက အနုပညာ လိုက်စားတဲ့ လူချောလေးတွေကို သဘောကျတတ်တယ်။ ဒါကြောင့် ပထမ လမ်းကြောင်းကိုရွေးရင် ဧည့်သည် လက်ခံစရာ မလိုပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီနန်းဆောင်က ဟေးလုံထိုင် ပိုင်တာလား။”
ရွှီအန်းထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ ကျုပ်တို့လူ ရှိတယ်။ ရာထူးကြီးတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ဒုတိယလမ်းကြောင်း... မြို့စားအိမ်တော်ထဲ အစေခံ ဝင်လုပ်မယ်ဆိုရင် ဘယ်သူ့အကူအညီနဲ့ ဝင်ရမှာလဲ။”
ရွှီအန်းထင်က ရှင်းပြလိုက်သည်။ “မြို့စားအိမ်တော်က အိမ်တော်ထိန်း တစ်ယောက် ရှိတယ်။ ကျင်းကျုံးယွဲ့ အမေရဲ့ လူယုံပဲ။ လီထန် လို့ခေါ်တယ်။ အိမ်တော်ထဲမှာ နေရာရတဲ့ လူတစ်ဦးပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူကလည်း ဟေးလုံထိုင် သူလျှိုလား။”
ရွှီအန်းထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ သူက ပိုက်ဆံမက်တဲ့သူပဲ။ ပြီးတော့ သူ့ရဲ့ အားနည်းချက် တစ်ခုကို ကျုပ်တို့ ကိုင်ထားတယ်။ မြို့စားအိမ်တော်ထဲမှာ ဟေးလုံထိုင် သူလျှိုတွေ ရှိတယ်။ ခင်ဗျား ရောက်သွားတာနဲ့ သူတို့ကို အသက်သွင်းပြီး ကူညီခိုင်းလို့ ရတယ်။ ဒါပေမဲ့ ခင်ဗျား အိမ်တော်ထဲဝင်တဲ့ ကိစ္စကတော့ ဟေးလုံထိုင်နဲ့ မပတ်သက်ရင် ပိုကောင်းတယ်။ ဒါမှ အဖမ်းခံရနိုင်ခြေ နည်းမှာ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အဲဒါ ပိုကောင်းတယ်။”
ရွှီအန်းထင်က မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်လမ်းကို ရွေးမလဲ။ ကျုပ် အမြင်အရတော့ ဒုတိယ လမ်းကြောင်းက ပိုကောင်းတယ်။ အစေခံ ဆိုတာ နိမ့်ကျပေမယ့် လုပ်ပိုင်ခွင့် ပိုရှိတယ်။ ပထမလမ်းကြောင်းက အစပျိုး ကောင်းပေမယ့် အပျော်လင်ဆိုတာ သိက္ခာမရှိဘူး။ လူတွေရဲ့ အထင်သေးတာ ခံရမယ်။ ကျင်းကျုံးယွဲ့နဲ့ နီးစပ်ဖို့ ပိုခက်ခဲလိမ့်မယ်။ အဲဒီ နာမည်ဆိုး တွင်သွားရင် ပြန်လည် ဦးမော့ဖို့ ခက်ခဲလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ပြောတာ မှန်တယ်။ အစေခံ လုပ်တာက ပိုပြီး သိက္ခာရှိတယ်။”
ရွှီအန်းထင်က မေးလိုက်၏။ “ဒါဆို ဒုတိယလမ်းကြောင်း ရွေးမလား။ ကျုပ် ချက်ချင်း စီစဉ်ပေးမယ်။ သုံးရက်အတွင်း အိမ်တော်ထဲ ရောက်စေရမယ်။”
ယွင်ကျုံးဟဲ့က ငြင်းလိုက်သည်။ “မလုပ်ဘူး။ ပထမ လမ်းကြောင်းပဲ ရွေးမယ်။ တခြားကြောင့် မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေကို ကျုပ်က သဘောကျတာ မလို့ပါ။”
ရွှီအန်းထင် “ဟမ်…”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အဲဒီ ကတိုးမွှေးသခင်မက တကယ် လှလား။”
ရွှီအန်းထင်က ချီးကျူးလိုက်၏။ “တကယ် လှတယ်။ ပြီးတော့ ကျက်သရေ ရှိတယ်။”
ယွင်ကျုံးဟဲ့က စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ “ဆိုင်ရှင်ရွှီ... တခြားသဘော မရှိပါဘူး။ ဝန်ဆောင်မှု ပေးရမယ့်သူ ဆိုတော့ ဖောက်သည်ကို ရွေးလို့ မရဘူးလေ။ ကတိုးမွှေးသခင်မက အသက် ဘယ်လောက် ရှိပြီလဲ။ အရေပြားတွေ တွဲကျနေပြီလား။”
ရွှီအန်းထင်က ပြောလိုက်သည်။ “အသက် (၃၀) ကျော်ပြီ။ ဒါပေမဲ့ အရမ်း နုတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ကောင်းတာပေါ့။ တခြားသဘော မရှိပါဘူး။ ဝန်ဆောင်မှု လုပ်ငန်း လုပ်တဲ့သူတွေက ဖောက်သည်ကို နတ်ဘုရားလို သဘောထားရတယ် မဟုတ်လား။”
ရွှီအန်းထင်က မေးလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... တကယ် စဉ်းစားပြီးပြီလား။ ဒီလမ်းက ပိုခက်ခဲတယ်နော်။ အပျော်လင် ဖြစ်သွားရင် ကျင်းကျုံးယွဲ့က ခင်ဗျားကို သေလောက်အောင် မုန်းသွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “အန်းထင်ရေ... ခင်ဗျားက ခေတ်နောက်ကျနေပြီ။ ဒီလို ပြောင်းပြောလို့ ရတာပဲ။ ပါရမီရှင်၊ ရုပ်ချော၊ ဖြူစင်တဲ့ လူငယ်လေး တစ်ယောက်က မိသားစု အခက်အခဲကြောင့် ပိုင်ရှင်မဲ့နယ်မြေကို ထွက်ပြေးလာရတယ်။ ပြည့်တန်ဆာရုံ ရောက်သွားပေမယ့် ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းတယ်။ အနုပညာပဲ ရောင်းတယ်၊ ကိုယ်ခန္ဓာ မရောင်းဘူး။
ဒါပေမဲ့ အရမ်း ချောမောပြီး ထူးချွန်လွန်းတော့ ကတိုးမွှေးသခင်မ ဆိုတဲ့ ဗိုလ်ကျတဲ့ မိန်းမကြီးက အတင်းအဓမ္မ လုယူသွားတယ်။ နေ့တိုင်း အဲဒီ မိန်းမကြီးရဲ့ နှိပ်စက်မှုကို ခံရပြီး မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရတယ်။ အဲဒီလို အမှောင်ကျနေတဲ့ ဘဝထဲမှာတောင် သူက ဖြူစင်နေဆဲ၊ ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေဆဲပဲ။ ဒီလို မြင့်မြတ်တဲ့ လူငယ်လေးကို ဘယ်သူက အပြစ်တင်ရက်မှာလဲ။ ဘယ်သူက ညစ်ညမ်းတယ်လို့ ပြောရက်မှာလဲ။”
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ရွှီအန်းထင် (ညီမ)သည် တစ်သက်လုံး အိမ်ထောင်မပြုတော့ဟု ဆုံးဖြတ်လိုက်၏။ ‘ယောကျ်ားတွေက မယုံရဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်လိုလဲ။ ကျုပ် ပြောတာ အဓိပ္ပာယ် မရှိဘူးလား။”
ရွှီအန်းထင်က ပြောလိုက်၏။ “ကတိုးမွှေးသခင်မက အကဲခတ် အရမ်းတော်တယ်။ ရုပ်ချောရုံနဲ့ မရဘူး၊ အရည်အချင်းရှိမှ ကြိုက်တာ။ အထူးသဖြင့် ဂီတပညာကို သဘောကျတယ်။ ခင်ဗျားရဲ့ မှတ်တမ်းအရ ခင်ဗျားရဲ့ စောင်းပညာက မိန်းကလေးတွေကို လိမ်ညာဖို့လောက်ပဲ ကောင်းတာ။ သာမန် အဆင့်ပဲ ရှိတယ်။ ဒါကြောင့် ပညာရှင် တစ်ယောက် ခေါ်ပြီး သင်ပေးရလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ငြင်းလိုက်သည်။ “မလိုဘူး။ ကျုပ်ရဲ့ စောင်းပညာက တစ်မိုးအောက်မှာ ပြိုင်ဘက်ကင်းတယ်။”
ရွှီအန်းထင်က ပြောလိုက်၏။ “ခင်ဗျား ပြောရုံနဲ့ မရဘူးလေ။ ပညာရှင် တစ်ယောက်က အကဲဖြတ်ပေးမှ ရမယ်။ တကယ်လို့ ပထမ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် ခင်ဗျားရဲ့ စောင်းပညာကို အရင် စစ်ဆေးရမယ်။”
ရွှီအန်းထင် ရရှိထားသော မှတ်တမ်းတွင် ယွင်ကျုံးဟဲ့၏ စောင်းပညာသည် သာမန်သာဖြစ်ပြီး မိန်းကလေးငယ်များကို လှည့်စားရန်လောက်သာ အသုံးဝင်သည်ဟု ပါရှိ၏။
ကတိုးမွှေးသခင်မကမူ အနုပညာ ခံစားမှု အလွန် မြင့်မားသူ ဖြစ်၏။ ကိုယ်တိုင် မတီးတတ်သော်လည်း နားထောင်လျှင် အကောင်းအဆိုး ခွဲခြားတတ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့ကို လေ့ကျင့်ပေးရန် လိုအပ်သည်။ ဟေးလုံထိုင် ဂီတပညာရှင် ရေးစပ်ထားသော သီချင်းသစ် တစ်ပုဒ်ကို တီးခတ်စေမည်။ သီချင်းကောင်းလျှင် တီးခတ်မှု ညံ့သော်လည်း အဆင်ပြေနိုင်၏။
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “အဲဒါဆို စီစဉ်လိုက်တော့။ အခုချက်ချင်း စစ်ဆေးကြည့်လို့ရတယ်။”
ရွှီအန်းထင်က မေးလိုက်၏။ “သေချာလား။”
ယွင်ကျုံးဟဲ့က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ “သေချာတယ်။”
ရွှီအန်းထင်က အမိန့်ပေးလိုက်၏။ “စောင်းတစ်လက် သွားယူခဲ့။”
မကြာမီ စောင်းတစ်လက် ရောက်ရှိလာ၏။ နှစ်ပေါင်းရာချီ သက်တမ်းရှိသော ရှေးဟောင်း စောင်းကောင်း တစ်လက် ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်သည်။ ‘ဟေးလုံထိုင်က တကယ် တော်တာပဲ။ ပစ္စည်းကောင်းတွေ အများကြီး စုဆောင်းထားနိုင်တယ်။’
ထို့နောက် ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... စလို့ ရပြီ။”
ယွင်ကျုံးဟဲ့က စောင်းကိုယူပြီး မေးလိုက်၏။ “စစ်ဆေးမယ့် ပညာရှင်က ဘယ်သူလဲ။”
ရွှီအန်းထင်က ဘေးနားရှိ ညီမဖြစ်သူကို ကြည့်လိုက်သည်။
ယွင်ကျုံးဟဲ့က အံ့အားတသင့် ဖြစ်သွား၏။ “အစ်မကြီး... ခင်ဗျားက ဂီတပညာရှင်လား။”
ရွှီအန်းထင်က ရှင်းပြလိုက်သည်။ “ညီမလေးက (၅) နှစ်သမီး အရွယ်တည်းက ဂီတပါရမီရှင်လို့ အသိအမှတ်ပြု ခံထားရသူပါ။ နာမည်ကျော် ဂီတပညာရှင် တစ်ယောက် ဖြစ်လာမယ့်သူပေါ့။ ဒါပေမဲ့ မတော်တဆမှု တစ်ခုကြောင့် မျက်နှာ ပျက်စီးသွားပြီး အဲဒီလမ်းကြောင်း ပျောက်ဆုံးသွားခဲ့ရတယ်။
အခုတော့ လေခွင်းမြို့က အဆင့်မြင့် ပြည့်တန်ဆာရုံတွေမှာ ဂီတဆရာမ လုပ်နေတယ်။ နာမည်ကြီး အနုပညာဇိမ်ခံမယ် (၁၀) ယောက်မှာ (၇) ယောက်က သူ့တပည့်တွေပဲ။ ခင်ဗျားကို စစ်ဆေးဖို့ အရည်အချင်း မရှိဘူးလား။” ရွှီအန်းထင်၏ အသံတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။
ယွင်ကျုံးဟဲ့သည် ထိုအမျိုးသမီးကို ကြည့်လိုက်၏။ အဘယ့်ကြောင့် မျက်နှာ ပျက်စီးသွားသနည်းဟု မမေးတော့ပေ။ မျက်နှာသာ မပျက်စီးလျှင် သူမသည် အလွန် လှပသူ ဖြစ်မည်မှာ သေချာလုနီးပါးဖြစ်၏။
ခန္ဓာကိုယ် အချိုးအစားကလည်း အလွန်လှပပြီး ကမ္ဘာကျော် အလှမယ် ဖြစ်လာနိုင်သူ တစ်ဦးပင်။ သူမ၏ တီးခတ်မှုကို နားမထောင်ဖူးသော်လည်း အဆင့်အတန်း မြင့်မားမည်မှာ သေချာသည်။
ထိုအမျိုးသမီးက ပြောလိုက်၏။ “ကြိုပြောထားမယ်။ ရှင် တီးခတ်ခွင့် တစ်ကြိမ်ပဲ ရမယ်။ ကျွန်မ အကဲဖြတ်ပေးမယ်။ အရည်အချင်း မမီရင် အချိန်မရှိတော့တဲ့အတွက် ဒုတိယလမ်းကြောင်းကိုပဲ ရွေးရမယ်။ အိမ်တော်ထဲမှာ အစေခံ သွားလုပ်ရမယ်။ တကယ်လို့ အရည်အချင်း ပြည့်မီရင်တော့ ကျွန်မ ရှင့်ကို လဝက်လောက် သင်ပေးမယ်။ တကယ့်ကို တော်သွား၊ ကောင်းသွားမှ ကတိုးမွှေးသခင်မဆီ သွားရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်ဆေးမှု အောင်မြင်ရင် မနက်ဖြန် ကောင်းကင်အမွေးအတောင် နန်းဆောင်ကို သွားလို့ ရပြီလား။”
ထိုအမျိုးသမီးက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ရှင့်မှတ်တမ်းအရ ရှင့်ရဲ့ စောင်းပညာက အောက်ဆုံးမှာပဲ ရှိတယ်။ နည်းစနစ် မကျဘူး။ ဒါကြောင့် ကျွန်မ အမြင်မှာတော့ ရှင့်အတွက် ပထမလမ်းကြောင်းက မဖြစ်နိုင်ဘူး။ ကတိုးမွှေးသခင်မက အနုပညာ အကဲခတ် အရမ်းတော်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။”
ယွင်ကျုံးဟဲ့ ပြန်မပြောတော့ဘဲ စောင်းရှေ့တွင် ဝင်ထိုင်လိုက်သည်။ “ကျုပ် (၂) ကြောင်းပဲ တီးမယ်။ စုစုပေါင်း ဂီတသံစဉ် (၁၄) ခုပဲ တီးမယ်။”
အားလုံး ကြောင်သွားကြသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်... (၂) ကြောင်းပဲ တီးမယ်။ အဲဒီ (၁၄) ခု တီးလို့မှ အရည်အချင်း မမီဘူးဆိုရင်၊ ခင်ဗျားကို ကြက်သီးမထစေဘူး၊ ရင်မတုန်စေဘူးဆိုရင်... ကျုပ် ဒီလက်တွေကို ဖြတ်ပြီး ခင်ဗျားကို ပေးလိုက်မယ်။ ဒီတစ်သက် စောင်းကို ပြန်မကိုင်တော့ဘူး။”
ထိုစကားကို ကြားချိန်မှာတော့ သူမ အံ့သြသွားပြီး စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ သူမ စောင်းတီးလာတာ အနှစ် (၂၀) ကျော်ပြီဖြစ်သောကြောင့် စောင်းပညာ မည်မျှ ခက်ခဲသနည်း ဆိုသည်ကို သိ၏။ မကြားဖူးသော သီချင်းဆိုသည်မှာလည်း မရှိပေ။
အင်ပါယာ၏ နံပါတ်တစ် ဂီတပညာရှင်ဆီမှာ ပညာသင်ခဲ့ဖူးသူ ဖြစ်သည်။ သူမကို ကြက်သီးထအောင် လုပ်ဖို့ ဆိုသည်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။
ရွှီအန်းထင် (ညီမ)က ခေါင်းခါယမ်းလိုက်မိ၏။ “ဆရာတောင် မလုပ်နိုင်တဲ့ ကိစ္စကို ယွင်ကျုံးဟဲ့လို လမ်းဘေး စောင်းသမားက လုပ်နိုင်မတဲ့လား။ စောင်းပညာတင်မကဘူး။ သီချင်းကလည်း ကောင်းမှ ရမှာ။ နှစ်တစ်ရာမှာ တစ်ပုဒ် ပေါ်ခဲတဲ့ သီချင်းမျိုး ဖြစ်မှရမှာ။ ယွင်ကျုံးဟဲ့က အရည်အချင်း မီဖို့တောင် မလွယ်ဘူး။ (၂) ကြောင်းတီးရုံနဲ့ ကြက်သီးထအောင် လုပ်မယ်ဆိုတာ ယုန်က လိပ်ကို အပြေးပြိုင်မယ် ဆိုတာထက်တောင် ရယ်စရာ ကောင်းသေးတယ်။”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်လိုက်သည်။ “အမှတ် (၈) ဘီသိုဗင်... ဝင်ပူးစမ်း။ မြန်မြန် ဝင်ပူးစမ်း။”
အမှတ် (၈) လူနာ ဘီသိုဗင်သည် ကမ္ဘာကျော် ဂီတပညာရှင် ဖြစ်နိုင်သူ တစ်ဦးပင်။ သူ တီးခတ်လိုက်လျှင် နားထောင်သူများ ခေါင်းနှင့်နံရံ ဆောင့်မိမတတ် ဖြစ်သွားကြ၏။
ထို့ကြောင့် သူ့ကို ကုတင်နှင့် တုပ်နှောင် ထားရပြီး X စိတ်ကျန်းမာရေးဆေးရုံ၏ အန္တရာယ်အရှိဆုံး လူနာစာရင်း သွင်းထားရသည်။ မည်မျှကြမ်းတမ်းသနည်း ဆိုသည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေမည်။
ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြက်သီးများ ထသွားသည်။ သူ့ရှေ့တွင် အမှောင်ကျသွားပြီး ဘာကိုမှ မမြင်ရ၊ မကြားရတော့ပေ။ ‘သောက်ကျိုးနည်း... အမှတ် (၈) ဘီသိုဗင် ဝင်ပူးပြီကွ။’
..............
***