ဤခံစားချက်က အလွန်ထူးဆန်းနေ၏။ အမှတ် (၈) လူနာ ဘီသိုဗင် အဘယ့်ကြောင့် ထိုကဲ့သို့ လုပ်ခဲ့သနည်း ဆိုသည်ကို ယွင်ကျုံးဟဲ့ နားလည်သွားပြီ ဖြစ်သည်။ လူသားတို့၏ ကမ္ဘာကြီးကို အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့တို့ဖြင့် တည်ဆောက်ထား၏။
သို့ပေမည့် ဘီသိုဗင်က ပြင်ပလောက၏ နှောင့်ယှက်မှုများကို မလိုလားပေ။ မိမိ၏ စိတ်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ရန်အတွက် သူ၏ မျက်စိများကို ဖောက်ထုတ်ခဲ့ပြီး နားများကိုလည်း ထိုးဖောက်ခဲ့သည်။ ပြင်ပ လောကနှင့် အဆက်အသွယ် ဖြတ်တောက်ပြီးနောက် သူသည် ပိုင်နီရယ်ဂလင်းကို အသုံးပြု၍ အာရုံခံခဲ့ခြင်း ဖြစ်သည်။
ဒါဗင်ချီက ဤသီအိုရီကို ပြောခဲ့ဖူးသည်။ ကိုယ်ခန္ဓာ၏ အခြားအာရုံခံစားမှုများကို လျှော့ချလိုက်ပါက ပိုင်နီရယ်ဂလင်း ပိုမိုအားကောင်းလာပြီး စိတ်စွမ်းအင်ကို ကျင့်ကြံနိုင်သည်ဟု ဆိုခဲ့၏။ သို့သော်ငြား ရူးသွပ်သူတစ်ဦး၏ စကားကို မည်သူမှ အလေးအနက် မထားခဲ့ပေ။
ယခုမူ ယွင်ကျုံးဟဲ့၏ နဖူးအလယ်ရှိ ပိုင်နီရယ်ဂလင်း နေရာတွင် ပူနွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေသည်။ သို့ပေမည့် မည်သည့်အရာကိုမှ ရှင်းလင်းစွာ မခံစားရပေ။
လောလောဆယ်တွင် ထိုအရာများကို ဘေးဖယ်ထားရန် သူ ဆုံးဖြတ်လိုက်သည်။ စိတ်ဝေဒနာရှင်များ၏ ရည်မှန်းချက်များက မြင့်မားလွန်းလှ၏။ သူကဲ့သို့ သာမန်လူသားကမူ ငွေကြေး၊ အာဏာနှင့် မိန်းမလှများကိုသာ မက်မောသည်။
မည်သည့်သီချင်းကို တီးခတ်ရမည်နည်း။ စာကြောင်း နှစ်ကြောင်းတည်းဖြင့် လူတိုင်းကို အံ့အားသင့်စေမည့် သီချင်းမျိုး လိုအပ်သည်။ ဘီသိုဗင်အတွက်မူ ဤကိစ္စက လွယ်ကူလှ၏။ သူ၏ ခေါင်းထဲတွင် သီချင်းပေါင်း မြောက်မြားစွာ ရှိနေ၏။
ကပ်ဘေးဆယ်ပါး သို့မဟုတ် နွေဦးမြစ်ပြင် လရောင်ည ကဲ့သို့သော သီချင်းများသည် အစအဆုံး အံ့မခန်း ဖြစ်စေသည့် သီချင်းများပင်။
သို့သော်ငြား ယွင်ကျုံးဟဲ့က ထိုသီချင်းများကို မရွေးချယ်ခဲ့ပေ။ ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံးနှင့် အရူးသွပ်ဆုံးဟု တင်စားရမည့် ‘ပျားရိုင်းများ ပျံသန်းခြင်း’ အမည်ရ သီချင်းကို တီးခတ်ရန် သူ ဆုံးဖြတ်လိုက်သည်။
စောင်းဖြင့် ဤသီချင်းကို တီးခတ်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှ၏။ သို့ပေမည့် အမှတ် (၈) လူနာသည် ဂီတလောက၏ နတ်ဆိုးတစ်ပါး ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက ဤသီချင်းကို အထွတ်အထိပ်ရောက်အောင် သူ တီးခတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးခတ်ရန် ပြင်ဆင်လိုက်၏။
ရွှီအန်းထင် (အစ်ကို) က မျက်လုံးများကို ပြူးကျယ်ထားပြီး စောင်းသံကို စောင့်မျှော်နေသည်။
ညီမဖြစ်သူ ရွှီအန်းထင်ကမူ စောင်းကို မြင်သည်နှင့် သူမ၏ ပျက်စီးသွားသော မျက်နှာကို သတိရကာ နာကျင်စွာဖြင့် မျက်လုံးကို မှိတ်ထားလိုက်မိလေတော့သည်။
ထိုအချိန်၌ ယွင်ကျုံးဟဲ့ စတင်တီးခတ်လိုက်သည်။ ပျားရိုင်းများ ပျံသန်းခြင်း သီချင်း၏ ရူးသွပ်မြန်ဆန်လှသော တေးသွားများက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ အလွန်မြန်ဆန်လွန်းလှသည်။
အခြားသူ တစ်ယောက်သာ တီးခတ်ပါက ဆူညံသံ သက်သက်သာ ဖြစ်နေပေမည်။ ယခုမူ အမှတ် (၈) လူနာ ဘီသိုဗင် ကိုယ်တိုင် တီးခတ်နေခြင်း ဖြစ်၏။ သူ၏ ဂီတက လူများကို နံရံနှင့် ခေါင်းဆောင့်သေစေနိုင်စွမ်း ရှိ၏။
ထိုစက္ကန့်ပိုင်းအတွင်း ရိုက်ခတ်သွားသော အရှိန်အဝါကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှ၏။ နားထောင်၍ ကောင်းခြင်း မကောင်းခြင်းထက် ရိုက်ခတ်မှုက ပြင်းထန်လွန်းလှသည်။ တေးသွားများက ကျည်ဆန်များအလား အဆက်မပြတ် ပစ်ခတ်နေသကဲ့သို့ ဖြစ်နေသည်။
အခန်းထဲရှိ လူအားလုံး မင်သက်သွားကြသည်။ စာကြောင်း နှစ်ကြောင်းတည်းဖြင့်ပဲ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သေနတ်ဖြင့် အပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
တေးသွားများက နားထဲသို့ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ဦးနှောက်နှင့် နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွား၏။
ယွင်ကျုံးဟဲ့က ပိုမိုမြန်ဆန်စွာ တီးခတ်လာသည်။ စောင်းသံက မုန်တိုင်းတစ်ခုအလား ပြင်းထန်လာသည်။ နားထောင်နေသူများ၏ နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာပြီး အသက်ရှူရ ကြပ်လာသလိုပင်။
စစ်သည်တစ်ဦးက နားနှစ်ဖက်ကို အတင်းပိတ်ထားသော်လည်း အသံများ ဝင်ရောက်လာခြင်းကို မတားဆီးနိုင်ပေ။ နာကျင်လွန်းသောကြောင့် နံရံကို ခေါင်းဖြင့် ပြေးဆောင့်ရန်ပဲ သူ ကြံရွယ်လိုက်မိ၏။
ယွင်ကျုံးဟဲ့၏ လက်များက ပိုမိုမြန်ဆန်လာသည်။ ရုတ်တရက် အသံအားလုံး ရပ်တန့်သွားပြီး “ဒန်...” ဟူသော အသံနှင့်အတူ စောင်းကြိုးတစ်ချောင်း ပြတ်တောက်သွားသည်။ ရူးသွပ်ဖွယ်ရာ တီးခတ်မှု ပြီးဆုံးသွားပြီ ဖြစ်၏။ အခန်းတစ်ခန်းလုံး သေမင်းတမန် တိတ်ဆိတ်မှုမျိုး လွှမ်းမိုးသွားသည်။
ယွင်ကျုံးဟဲ့က အသက်ကို ပြင်းပြင်းရှူနေရ၏။ အမှတ် (၈) လူနာ၏ ကိုယ်ရည်ကိုယ်သွေးက လျှော့ကျ သွားသည်။ မိနစ်သုံးဆယ်အတွင်း စိတ်ဝေဒနာရှင် သုံးဦးကို ဆင့်ခေါ်ခဲ့ရသောကြောင့် သူ၏ ခွန်အားများ လုံးဝ ကုန်ခမ်းသွားပြီဖြစ်၏။
ယွင်ကျုံးဟဲ့က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မေးလိုက်သည်။ “ဘယ်လိုနေလဲ”
ရွှီအန်းထင် (အစ်ကို) ကပြောလိုက်၏။ “နားထောင်လို့ အတော်ဆိုးဝါးတယ်။ ခေါင်းကိုတောင် နံရံနဲ့ ဆောင့်ပစ်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ မမြင်ဖူး၊ မကြားဖူးလောက်အောင် အစွမ်းထက်တယ်လို့ ခံစားရတယ်။”
ယွင်ကျုံးဟဲ့က ရွှီအန်းထင် (ညီမ) ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ “ကျုပ် အောင်မြင်ရဲ့လား။”
ရွှီအန်းထင် (ညီမ)က အံ့အားသင့်နေဆဲ ဖြစ်၏။ အတန်ကြာမှသာ ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။
သူမက ပြောလိုက်၏။ “အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ပုံစံပဲ။ လုံးဝကို လက်ခံနိုင်စရာ မရှိတဲ့ ဂီတမျိုး။ ဒါပေမဲ့ အဆင့်အတန်းကို ပြောရရင် ရှင်က ကျွန်မထက် အများကြီး သာလွန်တယ်။ ကျွန်မ နားလည်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပြီ။ ဒီသီချင်းကို တီးခတ်နိုင်တဲ့သူက ပါရမီရှင် ဖြစ်ရုံသာမကဘူး၊ ရူးသွပ်နေတဲ့သူလည်း ဖြစ်ရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အမှတ်တစ်ရာဖိုးထားရင် ကျုပ် ဘယ်နှစ်မှတ် ရနိုင်မလဲ။”
ရွှီအန်းထင် (ညီမ)က ဖြေလိုက်၏။ “ရှင့်ကို အမှတ်ပေးဖို့ ကျွန်မမှာ အရည်အချင်း မရှိဘူး။ အတင်းပေးရမယ် ဆိုရင်တော့ အမှတ် နှစ်ရာ့ငါးဆယ် ပေးမယ်။”
သူမက ဟေးလုံထိုင်၏ မှတ်တမ်းများကို သံသယဝင်သွား၏။ ဤမျှ ပါရမီပါသောသူကို အဆင့်နိမ့်ဟု သတ်မှတ်ထားခြင်းက အဓိပ္ပာယ် မရှိပေ။
ရွှီအန်းထင် (ညီမ)က ပြောလိုက်သည်။ “ရူးသွပ်တဲ့ သီချင်းကိုတောင် တီးခတ်နိုင်မှတော့ သာမန်သီချင်းတွေကို အလွယ်တကူ တီးခတ်နိုင်မှာ သေချာတယ်။ ကောင်းကင်အမွေးအတောင် နန်းဆောင်က မိန်းမလှတွေကို အေးအေးဆေးဆေး အနိုင်ယူနိုင်လိမ့်မယ်။ ကတိုးမွှေးသခင်မရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့ လုံလောက်တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကတိုးမွှေးသခင်မကို ဆွဲဆောင်ဖို့ ကောင်းကင်အမွေးအတောင် နန်းဆောင်ကို ဘယ်တော့ သွားရမလဲ။ မြို့စားအိမ်တော်ထဲ စောစောရောက်လေ တာဝန်ကို စောစော ပြီးမြောက်လေပဲ။”
ရွှီအန်းထင် (ညီမ)က ပြောလိုက်သည်။ “မနက်ဖြန်သွားမယ်။ သာမန် နားထောင်လို့ကောင်းမယ့် သီချင်း တစ်ပုဒ်ကို ပြင်ဆင်ထားလိုက်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပြဿနာ မရှိဘူး။”
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့က ရထားလုံးတစ်စီးဖြင့် ကောင်းကင်အမွေးအတောင် နန်းဆောင်သို့ ထွက်ခွာ လာခဲ့သည်။ ယခုအချိန်တွင် သူသည် အလွန်ချောမောပြီး မြင့်မြတ်သော သခင်လေးတစ်ပါးအသွင် ပြောင်းလဲသွားပြီ ဖြစ်၏။
.....................
ရထားလုံးထဲတွင် မျက်နှာဖုံးတပ်ထားသော ရွှီအန်းထင် (ညီမ) က တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ရထားလုံးက အတန်ကြာ မောင်းနှင်ပြီးနောက် အရှိန်လျော့ကျသွား၏။
ရွှီအန်းထင် (ညီမ)က မေးလိုက်၏။ “ကောင်းကင်အမွေးအတောင် နန်းဆောင်ကို ရောက်တော့မယ်။ တီးခတ်မယ့် သီချင်းကို စဉ်းစားပြီးပြီလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ပြီးပြီ။”
သူ သေချာပေါက် ပြင်ဆင်ပြီးပြီ ဖြစ်သည်။ အမှတ် (၈) လူနာ၏ ကိုယ်ရည်ကိုယ်သွေးဖြင့် သဲသောင်ပြင်ပေါ်က ငန်းရိုင်းများ သီချင်းကို တီးခတ်ရန် ရည်ရွယ်ထား၏။ ဆယ်ရက်အတွင်း ကောင်းကင်အမွေးအတောင် နန်းဆောင်၏ အကောင်းဆုံး စောင်းပညာရှင် ဖြစ်လာမည်ဟု သူ ယုံကြည်ချက် အပြည့်ရှိ၏။
ထိုအချိန်ရောက်လျှင် ဂီတကို အသက်တမျှ ရူးသွပ်သော ကတိုးမွှေးသခင်မ ရောက်ရှိလာကာ စိတ်ဝင်စားမှု ဖြစ်ပေါ်လာပေလိမ့်မည်။ သူ၏ ဂီတစွမ်းရည်နှင့် ချောမောသော ရုပ်ရည်ကို မြင်တွေ့ပါက သေချာပေါက် သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားမည်။ ဤနည်းဖြင့် မြို့စားအိမ်တော်သို့ ဝင်ရောက်မည့် အစီအစဉ် ပထမအဆင့် အောင်မြင်သွားရမည် ဖြစ်သည်။
...........
ရထားလုံး ရပ်တန့်သွားသည်။ ယွင်ကျုံးဟဲ့က မျက်လုံးများကို ဖွင့်လိုက်၏။ အားလုံးကို အံ့အားသင့်စေရန် သူ အသင့်ဖြစ်နေပြီ ဖြစ်၏။ ကောင်းကင်အမွေးအတောင် နန်းဆောင်ရှိ မိန်းမလှများအားလုံး သူ့ကို စွဲလမ်းကာ ရူးသွပ်သွားစေရပေမည်။
သူက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလိုက်၏။ ဆွတ်ဆွတ်ဖြူနေသော ဝတ်ရုံဖြင့် သူ၏ ဟန်ပန်က နတ်သားတစ်ပါးအလား ကျက်သရေရှိလှသည်။
သူ ကောင်းကင်အမွေးအတောင် နန်းဆောင်သို့ ရောက်ရှိလာပြီး ထိုနေရာကို ဝင်ရောက်နိုင်တော့ပေမည်။ ကတိုးမွှေး သခင်မလည်း သူ့ကို မြင်တွေ့ကာ သိမ်းပိုက်တော့မည်ဟု ယုံကြည်ထား၏။
သူက မာနအပြည့်၊ ယုံကြည်ချက်အပြည့်ရှိနေသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်။ ကောင်းကင် အမွေးအတောင် နန်းဆောင်သည် လေခွင်းမြို့၏ အကြီးဆုံးနှင့် အခမ်းနားဆုံး ပြည့်တန်ဆာရုံ ဖြစ်၏။ အလွန် ခမ်းနားထည်ဝါလှသည်။ သို့ပေမည့် အခြေအနေများက တစ်စုံတစ်ရာ မှားယွင်းနေသလိုပင်။
စစ်သည် ထောင်ပေါင်းများစွာက ကောင်းကင်အမွေးအတောင် နန်းဆောင်ကို ဝန်းရံထားပြီး ချိတ်ပိတ် စာရွက်များ ကပ်နေကြသည်။ လှပသော မိန်းမငယ်လေးများနှင့် အလုပ်သမားများအားလုံး ခေါင်းပေါ် လက်တင်ကာ စစ်သည်များ၏ အစောင့်အကြပ်ဖြင့် တန်းစီထွက်ခွာလာကြ၏။
ဤမြင်ကွင်းက အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိသည်။ ယွင်ကျုံးဟဲ့ ဆွံ့အသွား၏။ ဤအရာက မည်သို့သော အဓိပ္ပာယ်နည်း။
သူ ကောင်းကင်အမွေးအတောင် နန်းဆောင်တွင် အစီအစဉ် စတင်ရန် ခြေချလိုက်သည်နှင့် တပြိုင်နက် နန်းဆောင်ကြီး တစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရခြင်း ဖြစ်သည်။ လေခွင်းမြို့က ပြည့်တန်ဆာလုပ်ငန်းများကို နှိမ်နင်းနေခြင်းလား။ သူ့ကို ဖိနှိပ်နေခြင်းလား မသဲကွဲတော့ချေ။
..........
***