ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ လေခွင်းမြို့ကဲ့သို့ ရှုပ်ထွေးသော နေရာမျိုးတွင် ပြည့်တန်ဆာ နှိမ်နင်းရေး လုပ်နေသည်လား၊ သူလျှိုဖမ်းနေသည်လား။
‘နှိမ်နင်းမယ် ဆိုရင်လည်း နွေဦးအိပ်မက်လောက်ကို နှိမ်နင်းပါလား။ ကောင်းကင်အမွေးအတောင် နန်းဆောင်က ထိပ်တန်း အဆင့်မြင့် နေရာလေ။ ဘာလို့ လာနှိမ်နင်းရတာလဲ။ ကျုပ် ပြင်ဆင်ထားတဲ့ သဲသောင်ပြင်ပေါ်က ငန်းရိုင်းများ သီချင်းက ဘယ်လိုလုပ်ရမလဲ။’
“ကျုပ်ရဲ့ စောင်းပညာကို ပြသပြီး တစ်မြို့လုံးကို အံ့သြသွားအောင် လုပ်မလို့လေ။ ကျုပ် ယွင်ကျုံးဟဲ့က လေခွင်းမြို့ရဲ့ နံပါတ်တစ် ဂီတပညာရှင် ဖြစ်ချင်တာလေ။ အနုပညာရှင် တစ်ယောက်ရဲ့ အိပ်မက်လေး အစပျိုးကာစမှာတင် ရိုက်ချိုးခံလိုက်ရပြီလား။’
ယွင်ကျုံးဟဲ့၏ ချောမောသော ရုပ်ရည်ကို မြင်လိုက်ရချိန်မှာတော့ အဖမ်းခံရသည့် မိန်းမလှလေးများသည် မျက်လုံးများ အရောင်တောက်သွားပြီး မျက်စိတစ်ဖက် မှိတ်ပြကြ၏။ အထူးသဖြင့် အလှဆုံး မိန်းကလေးက မျက်လုံးဝိုင်းကြီးများဖြင့် စကားပြောသကဲ့သို့ ကြည့်နေသည်။
ယွင်ကျုံးဟဲ့သည် လေထုထဲမှတစ်ဆင့် သူမနှင့် မျက်လုံးချင်း စကားပြောလိုက်၏။
“မောင်လေး... ပထမဆုံး လာတာလား။”
“ဟုတ်တယ် အစ်မ။”
“ဒီနေ့တော့ ကံမကောင်းဘူးကွယ်။ ဆိုင်ပိတ်ခံရလို့။ နောက်နှစ်ရက်နေရင် ပြန်လာခဲ့နော်။ အစ်မ ကိုယ်တိုင် ပြုစုပေးမယ်။ ပိုက်ဆံ မယူပါဘူး။”
“တကယ်တော့ ကျုပ်က အစ်မနဲ့ လုပ်ဖော်ကိုင်ဖက် လုပ်မလို့ လာတာ။ ဒီမှာ အလုပ်လာလျှောက်တာလေ။”
“ဒါဆို ပိုကောင်းတာပေါ့။ နေ့တိုင်း အတူတူ ဆော့ကြတာပေါ့။”
နှစ်ယောက်စလုံး ပါးစပ်မဖွင့်ဘဲ မျက်လုံးချင်း စကားပြောနေကြခြင်းပင်။
ဤအခြေအနေမျိုးတွင် ကဗျာတစ်ပုဒ် ရွတ်မှ ဖြစ်မည်။ “ခန္ဓာကိုယ်မှာ အတောင်ပံ မပါပေမယ့်.... စိတ်ချင်း ဆက်နွယ်နေတယ်။”
မိတ်ဆွေစစ် ရှာရခက်သည် ဆိုသော်လည်း ဤနေရာ ရောက်မှ ယွင်ကျုံးဟဲ့အတွက် မိတ်ဆွေတွေ ပေါများနေသည်။
‘မိတ်ဆွေစစ် ဆိုတာ သိပ်မလိုပါဘူး။ လှပပြီး ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိရင် ရပြီ။ ရုပ်ရည်က အဆင့်အတန်းတစ်ခု ရောက်သွားရင် ယောကျ်ားနဲ့ မိန်းမ မျက်နှာချင်းဆိုင်လိုက်တာနဲ့ အလိုလို နားလည်သွားကြတာပဲ။ ရုပ်ရည်က အတားအဆီး အားလုံးကို ဖယ်ရှားပေးနိုင်တယ်။ ရုပ်မချောတဲ့သူတွေမှ စိတ်ချင်း ဆက်နွယ်ဖို့ လိုတာ။ စကားပုံတောင် ရှိသေးတယ်လေ။ ရုပ်ချောရင် ရေသောက်ပြီး ဗိုက်ဝတယ်တဲ့။’
ယွင်ကျုံးဟဲ့သည် မိန်းမလှလေးများ အဖမ်းခံရသည်ကို ဤအတိုင်းပင် မတ်မတ်ရပ်ကာ ကြည့်နေလိုက် ရသည်။ အထူးသဖြင့် စိတ်ချင်း ဆက်နွယ်နေသော အလှပဆုံးသော မိန်းကလေး ပါသွားသည်ကို နှမြောတသ ဖြစ်နေမိ၏။
ကောင်းကင် အမွေးအတောင် နန်းဆောင် တစ်ခုလုံး ပိတ်သိမ်းခံလိုက်ရပြီဖြစ်သည်။
“ပြန်မယ်။” ရွှီအန်းထင် (ညီမ) က အေးစက်စွာ ပြောလိုက်၏။
သူမက ချက်ချင်း ထွက်မသွားဘဲ ခဏစောင့်ပြီးမှ ထွက်ခွာခြင်း ဖြစ်သည်။ ထိုမှသာ သံသယအဖြစ် မခံရမည် မဟုတ်ပါလား။
…………
“ကောင်းကင် အမွေးအတောင် နန်းဆောင် ပိတ်သိမ်းခံရတာ အရမ်း ရုတ်တရက် ဆန်တယ်။ အကြောင်းရင်းက ရိုးရှင်းမှာ မဟုတ်ဘူး။”
ရွှီအန်းထင် (အစ်ကို) က ပြောလိုက်သည်။ “မြို့စောင့်တပ် အတွင်းမှာ ဘာသတင်းမှ မကြားရဘူး။”
ညီမဖြစ်သူက မေးလိုက်၏။ “မြို့စားအိမ်တော်နဲ့ မြို့စောင့်တပ်ထဲက ကျွန်မတို့ သူလျှိုတွေ ဘာသတင်းပို့လဲ။”
ရွှီအန်းထင် (အစ်ကို) က ပြောလိုက်သည်။ “ကျုပ် ဆက်သွယ်ပြီးပြီ။ ဘယ်သူမှ အကြောင်းရင်းကို မသိကြဘူး။ ‘၃-၃ အရေးအခင်း’ ပြီးတည်းက လေခွင်းမြို့ အထက်ပိုင်းက ကျုပ်တို့လူတွေ အကုန် ရှင်းလင်းခံလိုက်ရတာလေ။ အခု ဟေးလုံထိုင်က မျက်ကန်းလို၊ နားပင်းလို ဖြစ်နေပြီ။ ဘာလျှို့ဝှက်ချက်မှ မသိရတော့ဘူး။ ဒီအခြေအနေကို အမြန် ပြောင်းလဲမှ ဖြစ်မယ်။”
ထို့နောက် သူက ယွင်ကျုံးဟဲ့ကို ကြည့်လိုက်၏။ “သခင်လေးယွင်... ခင်ဗျားအပေါ်မှာပဲ မူတည်တော့တယ်။ အမြန်ဆုံး အချိန်အတွင်း လေခွင်းမြို့ အထက်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်မှ ဖြစ်မယ်။ ကျင်းကျုံးယွဲ့ကို သိမ်းပိုက်ဖို့က တစ်ပိုင်း၊ အထက်ပိုင်း သတင်းတွေကို ရယူဖို့က တစ်ပိုင်းပဲ။ လေခွင်းမြို့က တောင်ပိုင်းကျိုး အင်ပါယာလက်အောက် ရောက်သွားမှ ကျုပ်တို့ သိလိုက်ရတာမျိုး မဖြစ်စေနဲ့။”
တာယင်အင်ပါယာ၊ တောင်ပိုင်းကျိုးအင်ပါယာ၊ တာ့လျန်နိုင်ငံ သုံးနိုင်ငံစလုံးက ပိုင်ရှင်မဲ့နယ်မြေကို လိုချင်နေကြသည်။ လေခွင်းမြို့က ပိုအရေးကြီး၏။
တောင်ပိုင်းကျိုးအင်ပါယာ လက်ထဲ ရောက်သွားလျှင် တာယင်အင်ပါယာအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာလိမ့်မည်။ အနာဂတ်တွင် ဤဆုံးရှုံးမှုကို ပြန်ကုစားဖို့ လူပေါင်း သိန်းချီ အသက်ပေးရနိုင်ပေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လေခွင်းမြို့မှာ အဆင့်မြင့် ပြည့်တန်ဆာရုံက ကောင်းကင် အမွေးအတောင် နန်းဆောင် တစ်ခုတည်းမှ မဟုတ်တာ။ တခြားနေရာတွေ သွားလို့ ရတာပဲ။”
ရွှီအန်းထင် (ညီမ) က ဒေါသတကြီးဖြင့် မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင်က အဲဒီလို နေရာမျိုးမှာ အလုပ် လုပ်ချင်လွန်းနေတာလား။”
ယွင်ကျုံးဟဲ့ တည်ကြည်စွာ ပြန်ပြောလိုက်၏။ “အစ်မကြီး... ခင်ဗျားကို ဝေဖန်ရလိမ့်မယ်။ အလုပ် လုပ်တယ်ဆိုတာ အနိမ့်အမြင့် မရှိပါဘူး။ ခင်ဗျားက ဘာလို့ လူတွေကို အဆင့်အတန်း ခွဲခြားပြီး ကြည့်ရတာလဲ။ ကျုပ်က အင်ပါယာရဲ့ အကျိုးစီးပွားအတွက် လုပ်နေတာ။ ရှင်းပြီလား။”
ရွှီအန်းထင် (အစ်ကို) က ဝင်ပြောသည်။ “တခြားနေရာတွေက မဖြစ်ဘူး။ ကျုပ်တို့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ လျှို့ဝှက်လုပ်ငန်းတွေ ဖြစ်နေရင် ခင်ဗျား ကျားပါးစပ်ထဲ ရောက်သွားလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ပထမ လမ်းကြောင်း ပျက်သွားပြီပေါ့။”
ရွှီအန်းထင် (အစ်ကို) က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ပျက်သွားပြီ။”
ထိုအချိန်တွင် လူတစ်ယောက် ပြေးဝင်လာပြီး စာရွက်တစ်ရွက် ပေးကာ ပြန်ထွက်သွား၏။
ရွှီအန်းထင် (အစ်ကို) စာရွက်ကို ဖတ်ကြည့်ပြီး ပြောလိုက်၏။ “ပထမ လမ်းကြောင်းက လုံးဝ ပျက်စီးသွားပြီ။ ကတိုးမွှေးသခင်မက လေခွင်းမြို့ကနေ ထွက်ခွာသွားပြီတဲ့။ မြို့စားမင်း ကျင်းကျုံးယွဲ့ ကိုယ်စား ကောင်းကင်လေ မြို့တော် မြို့စားမင်းရဲ့ အသက် (၅၀) ပြည့် မွေးနေ့ပွဲ တက်ဖို့ သွားတာတဲ့။”
ယွင်ကျုံးဟဲ့ ရင်ထဲတွင် နှမြောတသ ဖြစ်သွားသည်။ တကယ်တမ်းတွင် သူသည် ကတိုးမွှေးသခင်မကို သိပ်စိတ်မဝင်စားခဲ့ပေ။ သို့သော်ငြား ယခုလို လွဲချော်သွားချိန်မှာတော့ တောင့်တစိတ် ဖြစ်ပေါ်လာသည်။ သူမနှင့် ဇာတ်လမ်း တစ်ပုဒ်လောက် မဖန်တီးလိုက်ရသည်မှာ တစ်ခုခု လိုနေသလိုပင်။
ရွှီအန်းထင် (အစ်ကို) က ပြောလိုက်၏။ “အချိန်တွေ ကုန်လေလေ လေခွင်းမြို့ အခြေအနေက ထိန်းချုပ်ရ ခက်လေလေပဲ။ တောင်ပိုင်းကျိုးအင်ပါယာဘက်ကို ယိမ်းယိုင်သွားနိုင်တယ်။ ကျုပ်တို့ အမြန်ဆုံး မြို့စား အိမ်တော်ထဲ ဝင်ရောက်ပြီး သတင်းလမ်းကြောင်း ပြန်ဖွင့်မှ ရမယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တာယင်အင်ပါယာဘက်က စစ်ပြင်နေပြီလား။”
ရွှီအန်းထင် (အစ်ကို) က ဖြေလိုက်၏။ “ကျုပ်ရဲ့ ရာထူးက နိမ့်လို့ လျှို့ဝှက်ချက်တွေကို မသိရဘူး။ ဒါပေမဲ့ အင်ပါယာက နေ့တိုင်း စစ်ပြင်ဆင်မှုတွေ လုပ်နေတာ သေချာတယ်။ ကျုပ်တို့ တာဝန် စောစော အောင်မြင်လေ အနာဂတ်စစ်ပွဲမှာ လူအသေအပျောက် နည်းလေပဲ။
သခင်လေးယွင်... ဒုတိယ လမ်းကြောင်းအတွက် ပြင်ဆင်လိုက်ပါ။ အစေခံ လမ်းကြောင်းပေါ့။ မနက်ဖြန် မြို့စားအိမ်တော်က အိမ်တော်ထိန်း လီထန်နဲ့ သွားတွေ့မယ်။ သူက မြို့စားဟောင်း ကတော်ရဲ့ လူယုံပဲ။ ကျင်းကျုံးယွဲ့ကို ငယ်ငယ်တည်းက ထိန်းကျောင်းလာတဲ့သူ။ အိမ်တော်ထဲမှာ အာဏာရှိတယ်။ ဒီလမ်းကြောင်းက စိတ်ချရတယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ပြဿနာ မရှိဘူး။ ကျုပ် အဆင်သင့်ပဲ။”
ရွှီအန်းထင် (အစ်ကို) က မေးလိုက်၏။ “မနက်ဖြန် လီထန်နဲ့ တွေ့ရင် ဘယ်လို ပြောရမလဲ သိလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “များများ ကြည့်၊ နည်းနည်း ပြော။ ပြောမယ့် စကားတိုင်းက မြှောက်ပင့်စကား ဖြစ်ရမယ်။ ပြီးတော့ ပညာသား ပါရမယ်။ ပထမ... သစ္စာရှိကြောင်း ပြမယ်။ အိမ်တော်ထဲ ရောက်ရင် လီထန် ခိုင်းတာ အကုန်လုပ်မယ်။ လီထန် ညွှန်တဲ့ လမ်းကိုပဲ လျှောက်မယ်။ ဒုတိယ... ကိုယ့်အရည်အချင်းကို ပြမယ်။ စာပေရော သိုင်းပညာပါ ကျွမ်းကျင်ကြောင်း ပြမယ်။ လီထန် အတွက် အသုံးဝင်တဲ့ လက်နက်ကောင်း ဖြစ်ကြောင်း ပြမယ်။ အိမ်တော်ထဲက သူ့ရန်သူတွေကို ရှင်းလင်းပေးမယ်။”
ရွှီအန်းထင် (အစ်ကို) က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အဲဒါ အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျားက အရမ်း ချောလွန်းတယ်။ အစေခံ ဆိုတာ ဒီလောက် မချောသင့်ဘူး။ နည်းနည်း ရုပ်ဖျက်လိုက်အုံး။”
ယွင်ကျုံးဟဲ့ မှန်ကို ထုတ်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “လူချောလေး... နောက်ဆို ကျုပ်တို့ ခဏ ခွဲရတော့မယ်။ ဒါပေမဲ့ စိတ်မပျက်နဲ့။ ဒီနေ့ ခွဲခွာခြင်းဟာ နောင်တစ်နေ့ ပြန်ဆုံတွေ့ဖို့အတွက်ပဲ။ တစ်နေ့ကျရင် မင်းရဲ့ အလှတရားကို လူတိုင်းရှေ့မှာ ထုတ်ပြခွင့် ရစေရမယ်။”
မောင်နှမ နှစ်ယောက် ကြက်သီးထသွားကြသည်။ ‘ဒါက ကိုယ့်ကိုယ်ကိုယ် ချစ်တာ မဟုတ်တော့ဘူး။ ရူးနေတာပဲ။’
ရွှီအန်းထင် (အစ်ကို) က ဆက်ပြောလိုက်၏။ “အိမ်တော်ထဲက ကျုပ်တို့ သူလျှိုတွေ အဆင်သင့် ဖြစ်နေပြီ။ ခင်ဗျား ရောက်သွားတာနဲ့ ကူညီပေးကြလိမ့်မယ်။ အချိန်တိုအတွင်း နာမည်ရလာပြီး ကျင်းကျုံးယွဲ့ သတိထားမိလာအောင် လုပ်ပေးလိမ့်မယ်။”
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့ ရုပ်ဖျက်လိုက်သည်။ အမှတ် (၁၂၀) ရှိသော ရုပ်ရည်မှ အမှတ် (၇၀) သာ ရှိသော ရုပ်ရည်အဖြစ် ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းပင်။
‘(၆၀) ရာခိုင်နှုန်း လျှော့ချလိုက်တာတောင် လူချော ဖြစ်နေသေးတယ်။ မူရင်း ရုပ်ရည်က ဘယ်လောက်တောင် ချောမောလိုက်သလဲ။’
ထို့နောက် ရွှီအန်းထင် (အစ်ကို)က သူ့ကို ခေါ်ပြီး မြို့စားအိမ်တော် ဘေးနားရှိ စားသောက်ဆိုင်သို့ သွားရောက်ကာ အိမ်တော်ထိန်း လီထန်ကို စောင့်ဆိုင်းကြသည်။ လက်ဆောင်များလည်း အသင့်ပြင်ထား၏။
ဟေးလုံထိုင်က ဂရုတစိုက် ပြင်ဆင်ထားသော လက်ဆောင်များ ဖြစ်သည်။ တန်ဖိုး သိပ်မကြီးသော်လည်း ရှာရခက်ပြီး လီထန် အကြိုက်ဆုံး ပစ္စည်းများပင်။
ယွင်ကျုံးဟဲ့လည်း အဆင်သင့် ဖြစ်နေ၏။ လီထန်ကို မြှောက်ပင့်ပြီး ယွင်ကျုံးဟဲ့အား မိတ်ဆွေရင်းချာ ဖြစ်လာအောင် လုပ်ဆောင်ရပေမည်။ လီထန်သည် ငွေမက်သော်လည်း အနုပညာကို မြတ်နိုးသူ ဖြစ်သည်။ ပန်းချီနှင့် လက်ရေးလှကို သဘောကျ၏။
လီထန်၏ လက်ရေးကို ယွင်ကျုံးဟဲ့ လေ့လာထားပြီး ဖြစ်သည်။ လီထန် ပျော်ရွှင်သွားအောင် မြှောက်ပင့် ပြောဆိုမည်။ မြှောက်ပင့်ခြင်းသည် လွယ်ကူသည် မဟုတ်ပေ။
လက်ရေးလှနှင့် ပန်းချီအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်မှသာ ထိထိမိမိ မြှောက်ပင့်နိုင်ပြီး တစ်ဖက်လူ ယုံကြည်အောင် လုပ်ဆောင်နိုင်ပေမည်။ (၁၀) ရက်အတွင်း လီထန်၏ လူယုံ ဖြစ်လာအောင် ပြုလုပ်နိုင်ရမည်။
ထို့နောက် သူသည် လီထန်၏ ပန်းချီများကို တူအောင် ဆွဲပြပြီး ပို၍ ကောင်းမွန်အောင် ပြင်ဆင်ပြမည်။ ပြီးလျှင် ဆရာတင်ပြီး တပည့်ခံမည်။ ဆရာထက် တပည့်လက်စောင်းထက်ကြောင်း သက်သေပြမည်။ လီထန်အနေဖြင့် ယွင်ကျုံးဟဲ့အပေါ် အချိန်ကုန်ခံ သင်ကြားပေးလိုက်ရသည်ဟု ထင်မြင်စေလျှင် အကောင်းဆုံးပင်။
လူတစ်ယောက်အပေါ် ရင်းနှီးမြှုပ်နှံထားမှသာ ထိုလူကို တန်ဖိုးထားတတ်ကြသည်။ လူတွေက ကိုယ့်ရဲ့ ပေးဆပ်မှုကို တန်ဖိုးထားတတ်ကြသည် မဟုတ်ပါလား။
………………
ရွှီအန်းထင်နှင့် ယွင်ကျုံးဟဲ့သည် သီးသန့်အခန်းထဲတွင်ထိုင်ကာ လီထန်ကို စောင့်နေကြသည်။ အားလုံး အဆင်သင့် ဖြစ်နေ၏။ ယွင်ကျုံးဟဲ့၏ စွမ်းရည်ပြသချိန် ရောက်လာတော့မည်။ ယနေ့ကစပြီး သူသည် မြို့စားအိမ်တော်၏ အစေခံ ဖြစ်လာရတော့မည်။
သို့သော်ငြား (၁၅) မိနစ် ကြာသွားသည်။ နာရီဝက်၊ တစ်နာရီ ကြာသွားသည်။ လီထန် ရောက်မလာသေးပေ။
နှစ်နာရီ ကြာပြီးနောက် လူတစ်ယောက် ရောက်လာသည်။ “ဆိုင်ရှင်ရွှီ... မစောင့်နဲ့တော့။ ပြန်တော့။”
ဆိုင်ရှင်ရွှီက မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”
ထိုလူက ပြောလိုက်သည်။ “အိမ်တော်ထိန်း လီထန် အဖမ်းခံလိုက်ရပြီ။ စစ်ဆေးခံနေရတယ်။”
ဆိုင်ရှင်ရွှီက အံ့အားသင့်သွား၏။ “ဘာ... ဘာဖြစ်လို့လဲ။”
ထိုလူက ဖြေလိုက်သည်။ “ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်ဆိုပြီး တိုင်တဲ့သူရှိလို့ လွန်ခဲ့တဲ့ တစ်နာရီက အဖမ်းခံလိုက်ရတာ။”
ယွင်ကျုံးဟဲ့နှင့် ရွှီအန်းထင် ကြောင်အသွားကြ၏။
‘သောက်ကျိုးနည်း... ကျုပ် နန်းဆောင်မှာ အလုပ်ဝင်မလို့ လုပ်တော့ နန်းဆောင် ပိတ်သိမ်းခံရတယ်။ လီထန်ကို လာဘ်ထိုးပြီး အိမ်တော်ထဲ ဝင်မလို့ လုပ်တော့ လီထန် အဖမ်းခံရတယ်။ ကျုပ် ယွင်ကျုံးဟဲ့က ဂြိုဟ်ဆိုးလား။ ကောင်းကင်ဘုံ... ကျုပ်ရုပ်က အရမ်း ချောလွန်းလို့ မနာလို ဖြစ်နေတာလား။’
ရွှီအန်းထင်လည်း ထိုနည်းတူ တွေးနေပုံရသည်။
“ဆိုင်ရှင်ရွှီ... မြို့စားမင်းက အိမ်တော်ကို သန့်ရှင်းရေး လုပ်နေတာ။ နောက်ပိုင်း ဘယ်သူ့ကိုမှ အိမ်တော်ထဲ ပေးမဝင်တော့ဘူးတဲ့။ အစေခံ ဖြစ်ဖြစ်၊ ဆရာဝန် ဖြစ်ဖြစ်၊ စာသင်ဆရာ ဖြစ်ဖြစ် တစ်ယောက်မှ လက်မခံတော့ဘူးတဲ့။” ပြောပြီးသည်နှင့် ထိုသူ ထွက်ခွာသွားလေသည်။
‘ဘယ်လို လုပ်ကြမလဲ။ ပထမ လမ်းကြောင်းရော ဒုတိယ လမ်းကြောင်းပါ ပိတ်သွားပြီ။ အိမ်တော်ထဲ ဝင်မရတော့ဘူး။ အိမ်တော်ထဲ မဝင်ရရင် ကျင်းကျုံးယွဲ့နဲ့ ဘယ်လို နီးစပ်မလဲ။ လေခွင်းမြို့ အထက်ပိုင်းကို ဘယ်လို ထိုးဖောက်မလဲ။ ကျင်းကျုံးယွဲ့ကို ဘယ်လို သိမ်းပိုက်မလဲ။ လေခွင်းမြို့ကို ဘယ်လို ရယူမလဲ။’
ယွင်ကျုံးဟဲ့ သက်ပြင်းချကာ ပြောလိုက်သည်။ “ဆိုင်ရှင်ရွှီ... ခင်ဗျားရဲ့ လမ်းကြောင်းတွေ အကုန် ပိတ်သွားပြီ။ အိမ်တော်ထဲ ဝင်လို့ မရတော့ဘူး။ နောက်ဆုံးတော့ ကျုပ်ရဲ့ လမ်းကြောင်းကိုပဲ သုံးရတော့မယ်။”
ဆိုင်ရှင်ရွှီက မေးလိုက်၏။ “သခင်လေးယွင်... ခင်ဗျားမှာ အိမ်တော်ထဲ ဝင်ပြီး ကျင်းကျုံးယွဲ့နဲ့ နီးစပ်နိုင်မယ့် အစီအစဉ် ရှိသလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ရှိတာပေါ့။ အရမ်း ကောင်းမွန်တဲ့ အစီအစဉ်ပဲ။ ခင်ဗျားရဲ့ အစီအစဉ် နှစ်ခုစလုံးထက် သာတယ်။ သူလျှိုလုပ်ငန်းမှာ ခင်ဗျားတို့က ကျွမ်းကျင်ပေမယ့် မိန်းမဖြားယောင်းတဲ့ နေရာမှာတော့ ကျုပ်က ဆရာတစ်ဆူပဲ။”
........
***