“ဒီနှစ်တွေအတွင်း ကျင်းကျုံးယွဲ့အနား ကပ်ဖို့ကြိုးစားတဲ့သူ ဘယ်လောက်တောင် ရှိခဲ့သလဲ။” ယွင်ကျုံးဟဲ့ သိလျက်သားနှင့် မေးလိုက်သည်။
“ရေတွက်လို့ မကုန်နိုင်ဘူး။” ရွှီအန်းထင်က ပြန်ဖြေလိုက်၏။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အဲဒီလူတွေက တောင်ပိုင်းကျိုးအင်ပါယာ သို့မဟုတ် တာယင်အင်ပါယာရဲ့ သူလျှိုတွေချည်းပဲလား။”
ရွှီအန်းထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ အများစုက ကျင်းကျုံးယွဲ့ရဲ့ အာဏာနဲ့ စည်းစိမ်ကို မက်မောပြီး လာကပ်ကြတာ။ ဘဝ တစ်သက်တာလုံး စည်းစိမ်ခံရဖို့ မျှော်လင့်ချက်နဲ့ လာကြတာ။”
ဤအရာက ပုံမှန်ဖြစ်သည်။ ကျင်းကျုံးယွဲ့သည် ပိုင်ရှင်မဲ့နယ်မြေတွင် တစ်ဦးတည်းသော အမျိုးသမီး မြို့စားဖြစ်ပြီး အိမ်ထောင်မရှိသူ ဖြစ်၏။ လက်အောက်တွင် ပြည်သူ လေးသိန်းကျော်နှင့် စစ်သည် တစ်သောင်းကျော် ရှိသည်။
ကြွယ်ဝမှုတွင် ပြိုင်ဘက်ကင်းပြီး ပိုင်ရှင်မဲ့နယ်မြေ၏ နံပါတ်တစ် အလှမယ်လည်း ဖြစ်၏။ သူမနှင့် လက်ထပ်ရလျှင် ဘဝတစ်ခုလုံး ဇိမ်ကျသွားမည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့က အတည်ပြုလိုက်သည်။ “ဆိုလိုတာက သူမနား ကပ်လာတဲ့သူ မှန်သမျှကို မရိုးသားတဲ့သူတွေလို့ သတ်မှတ်ထားတာပေါ့။”
ရွှီအန်းထင်က ပြောလိုက်၏။ “ဟုတ်တယ်။ သူမနားကို ကပ်ဖို့ ကြိုးစားရင်း သေသွားတဲ့သူတွေ အများကြီးပဲ။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါကြောင့် ပုံမှန်လမ်းကြောင်းအတိုင်း သွားလို့ မရတော့ဘူး။ လမ်းသစ်ထွင်မှ ဖြစ်မယ်။ မိန်းမ တစ်ယောက်က ကိုယ့်ကို အမြဲ သတိရနေအောင် လုပ်နိုင်တဲ့ အမြန်ဆုံး နည်းလမ်းကို သိလား။”
ရွှီအန်းထင်က မေးလိုက်၏။ “ပြောပါအုံး။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သူ့ရဲ့ ရန်သူ ဖြစ်အောင် လုပ်ရမယ်။”
ဤအရာမှာ ယွင်ကျုံးဟဲ့၏ အတွေ့အကြုံအရ ပြောခြင်း ဖြစ်သည်။ ထက်မြက်ပြီး မာနကြီးသော အမျိုးသမီးများသည် သူမကို အလိုလိုက်သူများကို အထင်သေးတတ်သည်။ သူမကို ဆန့်ကျင်သူများကိုသာ မှတ်မိနေတတ်၏။
လူ့သဘာဝက ဤကဲ့သို့ပင်။ နားထောင်ရသည်မှာ ကြမ်းတမ်းသော်လည်း အမှန်တရား တစ်ခု ဖြစ်သည်။ သို့သော်ငြား ကိုယ်တိုင်ကလည်း အရည်အချင်းရှိမှ ဖြစ်မည်။ အမှိုက်ကောင်က သွားပြီး ဆန့်ကျင်လျှင် အသတ်ခံလိုက်ရရုံသာ ရှိမည် မဟုတ်ပါလား။
.................
X စိတ်ကျန်းမာရေးဆေးရုံတွင် တာဝန်ထမ်းဆောင်စဉ်က ကြေးစားစစ်သည် ခေါင်းဆောင် ဗိုလ်မှူးကြီးလီသည် အလွန် မာနကြီးပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ အိမ်ထောင်သည် ဖြစ်ပြီး သစ္စာရှိသော ဇနီးသည် တစ်ဦးလည်း ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် သူမနှင့် အမြဲတမ်း ပဋိပက္ခ ဖြစ်အောင် ဖန်တီးခဲ့၏။ သူမကို စိတ်ဒုက္ခရောက်အောင် လုပ်ခဲ့ပြီး သူမ၏ မုန်းတီးမှုကို ရယူခဲ့သည်။ ထို့နောက် အခြေအနေ တစ်ခုကို ဖန်တီးပြီး သူမကို ကယ်တင်လိုက်၏။
ဗိုလ်မှူးကြီးလီ၏ အမြင်တွင် ယွင်ကျုံးဟဲ့သည် မုန်းစရာကောင်းသော ရန်သူမှ အားကိုးရသော မိတ်ဆွေ ဖြစ်လာခဲ့သည်။ ထို့နောက် ယွင်ကျုံးဟဲ့သည် ရုတ်တရက် နူးညံ့သိမ်မွေ့သွားခဲ့၏။ ဗိုလ်မှူးကြီးလီ၏ အမုန်းသည် အချစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မာနကြီးသော အမျိုးသမီးများ၏ အမြင်တွင် အားနည်းသူ၏ နူးညံ့မှုသည် အသုံးမကျခြင်းဖြစ်ပြီး အားကြီးသူ၏ နူးညံ့မှုသည် တန်ဖိုးရှိသော အရာ ဖြစ်၏။ တစ်လအတွင်းမှာပင် ဗိုလ်မှူးကြီးလီသည် ယွင်ကျုံးဟဲ့၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။
သို့သော်ငြား ယွင်ကျုံးဟဲ့ တစ်ခု မှားယွင်းသွား၏။ ဗိုလ်မှူးကြီးလီသည် သူမ၏ ခင်ပွန်းနှင့် ကွာရှင်းပြီး ယွင်ကျုံးဟဲ့နှင့် လက်ထပ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ခင်ပွန်းသည်က ဗုံးခွဲလိုက်သောကြောင့် အားလုံး သေဆုံးကုန်ကြခြင်းပင်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ရွှီအန်းထင်... လေခွင်းချိုင့်ဝှမ်းမှာ ကျင်းကျုံးယွဲ့ မနိုင်တဲ့ ရန်သူ ရှိလား။ ကျုပ်က အတိုင်းအတာ တစ်ခုအထိ သူ့ကို ဒုက္ခပေးမယ်။ ဒါပေမဲ့ ကျုပ်ကို မသတ်နိုင်အောင် ထိန်းထားနိုင်ရမယ်။”
ရွှီအန်းထင်က ဖြေလိုက်၏။ “ရှိတယ်။ သူ့မောင်လေး ကျင်းဝူပြန်းတဲ့။”
ကျင်းဝူပြန်း... ယွင်ကျုံးဟဲ့ မှတ်တမ်းထဲတွင် ဖတ်ဖူးသည်။ လေခွင်းမြို့စားဟောင်း ကျင်းအဲ့ (ကျင်းကျုံးယွဲ့၏ ဖခင်) သည် သူရဲကောင်း တစ်ဦး ဖြစ်၏။ လွန်ခဲ့သော နှစ် (၄၀) က ကျင်းမိသားစုသည် လေခွင်းချိုင့်ဝှမ်းကို လက်လွှတ်လိုက်ရပြီး အန်းမိသားစု လက်ထဲ ရောက်သွားခဲ့သည်။
အန်းမိသားစုသည် ကျင်းမိသားစု၏ အစေခံမျိုးရိုးဖြစ်ပြီး သခင်ကို သတ်ကာ နေရာလုခဲ့ခြင်း ဖြစ်၏။ ကျင်းမိသားစု တစ်ခုလုံး အသတ်ခံလိုက်ရပြီး ကျင်းအဲ့နှင့် သူ့ညီမသာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်းပင်။
လွန်ခဲ့သော နှစ် (၃၀) က အသက် (၂၀) အရွယ် ကျင်းအဲ့သည် ရုပ်ဖျက်ပြီး လေခွင်းမြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။ မြို့စားအိမ်တော်တွင် အစေခံ ဝင်လုပ်ခဲ့သည်။
အစေခံ ဘဝမှ တဖြည်းဖြည်း ရာထူးတက်လာပြီး မြို့စား အန်းထောက်ထျန်း၏ သမီးနှင့် လက်ထပ်ခွင့် ရသည်အထိ ဖြစ်လာခဲ့သည်။ အန်းထောက်ထျန်းက သူ့ကို သားအဖြစ် မွေးစားပြီး ယုံကြည်ခဲ့၏။
ပုံမှန် ဇာတ်လမ်းအရဆိုလျှင် ကျင်းအဲ့သည် အန်းထောက်ထျန်း သေဆုံးချိန်အထိ စောင့်ပြီးမှ အာဏာသိမ်းရမည် ဖြစ်သည်။ သို့သော်ငြား ကျင်းအဲ့သည် မစောင့်နိုင်ခဲ့ပေ။
မင်္ဂလာဦးညမှာပင် ပုန်ကန်မှုကို စတင်ခဲ့ပြီး သူ့ဇနီးသည် အပါအဝင် အန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူသည် ကျင်းမိသားစုဝင် ဖြစ်ကြောင်း ကြေညာပြီး မြို့စားအဖြစ် ခံယူခဲ့၏။
သူ အုပ်စိုးစဉ် ကာလတွင် လေခွင်းချိုင့်ဝှမ်း၏ နယ်မြေကို နှစ်ဆ ချဲ့ထွင်နိုင်ခဲ့သည်။ ပြိုင်ဘက် အားလုံးကို ရှင်းလင်းပြီး ဆားလုပ်ငန်းကို လက်ဝါးကြီးအုပ်ကာ ကုန်သွယ်ရေး ဗဟိုချက် ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။
သို့သော်ငြား ကံတရားက မျှတသည်။ မင်္ဂလာဦးညတွင် ဇနီးသည်ကို သတ်ခဲ့သော အပြစ်ကြောင့် သူ နောက်ထပ် လက်ထပ်သော မိန်းမ (၃) ယောက်စလုံး ထူးဆန်းစွာ သေဆုံးခဲ့ရ၏။
ထို့ကြောင့် မည်သူမှ သမီး မပေးရဲတော့ပေ။ နောက်ဆုံးတွင် ဓလေ့ထုံးစံ သိပ်နားမလည်သော လူရိုင်း ခေါင်းဆောင် တစ်ဦးက သူ့သမီးနှင့် ပေးစားလိုက်သည်။ ထိုအမျိုးသမီးသည် ကျင်းကျုံးယွဲ့၏ မိခင် ဖြစ်လာ၏။ သူမသည် သမီး (၃) ယောက် ဆက်တိုက် မွေးဖွားခဲ့ပြီး သားယောကျ်ားလေး မရခဲ့ပေ။ သားယောကျ်ားလေး မရှိလျှင် အမွေဆက်ခံခွင့် မရှိပေ။
ကျင်းအဲ့သည် မယားငယ် အများအပြား ယူခဲ့ပြီး သား (၃) ယောက် ရခဲ့သော်လည်း အားလုံး ငယ်ငယ်နှင့် ဆုံးပါးသွားကြသည်။
ဗေဒင်ဆရာ တစ်ဦးက သူ့ကို ဟောခဲ့၏။ လူသတ်တာ များလွန်းသောကြောင့် ကံယတြာ ချေရမည် ဟူ၍ပင်။
ထို့ကြောင့် ကျင်းအဲ့သည် နယ်ချဲ့ခြင်းကို ရပ်တန့်လိုက်၏။ မကြာမီ ဇနီးသည်က သားတစ်ယောက် မွေးဖွားပေးခဲ့သည်။ ကျန်းမာသန်စွမ်းသော သားလေး ဖြစ်သည်။
အသက် (၃၀) ကျော်မှ သားရသောကြောင့် ကျင်းအဲ့ အလွန် ဝမ်းသာသွားပြီး (၁၅) ရက်တိုင်တိုင် ပွဲလမ်းသဘင်များ ကျင်းပပြီး ဆင်းရဲသားများကို အလှူအတန်း လုပ်ပေးခဲ့၏။ ထိုသားလေးမှာ ကျင်းဝူပြန်းပင်။
ရွှေဇွန်းကိုက်ပြီး မွေးလာသော ကလေးဖြစ်ပြီး လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို ပိုင်ဆိုင်မည့်သူ ဖြစ်၏။ သို့သော်ငြား ကျင်းဝူပြန်းသည် လူယုတ်မာ၊ အသုံးမကျသူ၊ ဖြုန်းတီးသူ၊ အမှိုက်ကောင် ဖြစ်လာခဲ့သည်။
ကျင်းအဲ့သည် သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သော်လည်း ကျင်းဝူပြန်း တတ်မြောက်သည်မှာ စားသောက်ပျော်ပါးခြင်းနှင့် မကောင်းမှု ဒုစရိုက် လုပ်ခြင်းသာ ဖြစ်၏။ သူများ သမီးပျို၊ မယားပျိုများကို ဖျက်ဆီးခြင်း၊ မုဆိုးမများ၏ အိမ်တံခါးကို ကန်ကျောက်၍ ဝင်ခြင်း၊ သူများ အုတ်ဂူဖောက်ခြင်း စသည့် မကောင်းမှု မှန်သမျှ လုပ်ဆောင်ခဲ့သည်။
လေခွင်းမြို့ တစ်မြို့လုံး သူ့ကို ကြောက်လန့်နေကြရသည်။ ကျင်းအဲ့သည် နည်းလမ်းပေါင်းစုံ သုံးပြီး ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် လက်လျှော့လိုက်ရ၏။
ကောင်းကင်ဘုံက တံခါးတစ်ချပ် ပိတ်လိုက်လျှင် ပြတင်းပေါက် တစ်ပေါက် ဖွင့်ပေးတတ်၏။ သားဖြစ်သူက အသုံးမကျသော်လည်း သမီးဖြစ်သူ ကျင်းကျုံးယွဲ့က ထူးချွန်ထက်မြက်နေသည်။ သိုင်းပညာရော ဉာဏ်ပညာပါ ပြိုင်ဘက်ကင်းသူဖြစ်၏။ ထို့ကြောင့် ကျင်းအဲ့သည် သမီးဖြစ်သူကို ဆက်ခံသူအဖြစ် သတ်မှတ်လိုက်သည်။
ယမန်နှစ်က ကျင်းအဲ့ လေဖြတ်ပြီး လဲကျသွားချိန်တွင် ကျင်းကျုံးယွဲ့သည် မြို့စား ဖြစ်လာခဲ့၏။ အမျိုးသမီး မြို့စား ဖြစ်သောကြောင့် အားလုံးက လေခွင်းမြို့ ပျက်စီးတော့မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော်ငြား ကျင်းကျုံးယွဲ့သည် ဖခင်ထက်ပင် ထက်မြက်ကြောင်း သက်သေပြခဲ့သည်။ (၆) လ အတွင်း အခြေအနေ အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေချဲ့ထွင်ခြင်းကိုပါ ပြန်လည် စတင်ခဲ့၏။
သူမ၏ အောင်မြင်မှုများက မောင်ဖြစ်သူ ကျင်းဝူပြန်းကို ပို၍ အသုံးမကျကြောင်း မီးမောင်းထိုးပြသလို ဖြစ်နေ၏။ ဖခင် လေဖြတ်သွားပြီးနောက် ကျင်းဝူပြန်းသည် ပို၍ ဆိုးသွမ်းလာသည်။ ကျင်းကျုံးယွဲ့သည် မည်သူ့ကိုမဆို ရက်စက်တတ်သော်လည်း မောင်ဖြစ်သူကိုတော့ သည်းခံနေရလေသည်။
ကျင်းဝူပြန်းကလည်း နေရာတိုင်းတွင် မြို့စားရာထူးကို ပြန်လုယူမည်၊ အစ်မဖြစ်သူကို ဖြုတ်ချမည်ဟု ကြွေးကြော်နေသည်။ မည်သူကမှ သူ့စကားကို အလေးအနက် မထားကြပေ။ ခွေးဟောင်သံဟုသာ သဘောထားကြ၏။
ဖီးနစ်ငှက်နှင့် ခွေးရူးကို ယှဉ်၍ မရနိုင်ပေ။ လူတွေ အကုန်သေသွားလျှင်တောင် ကျင်းဝူပြန်း မြို့စား ဖြစ်လာမှာ မဟုတ်ချေ။ သို့သော်ငြား တစ်နည်းအားဖြင့်ကြည့်လျှင် ကျင်းကျုံးယွဲ့၏ တစ်ဦးတည်းသော ရန်သူမှာ ကျင်းဝူပြန်း ဖြစ်နေ၏။ သူမ မနိုင်သော ရန်သူ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်ရဲ့အစီအစဉ်က ရိုးရှင်းတယ်။ ကျင်းဝူပြန်းဆီမှာ သွားကပ်မယ်။ ဒါဆို မြို့စားအိမ်တော်ထဲ ရောက်သွားပြီ။ ပြီးရင် ကျင်းဝူပြန်းရဲ့ အရှိန်အဝါကို သုံးပြီး ကျင်းကျုံးယွဲ့ကို ဒုက္ခပေးမယ်။ သူမကို နာကျင်အောင် လုပ်မယ်။ ပြီးရင် အမုန်းကနေ အချစ် ဖြစ်လာအောင် ပြောင်းလဲပစ်မယ်။”
ရွှီအန်းထင်က ကြောင်သွားသည်။ ဤကဲ့သို့သော နည်းလမ်းမျိုး ရှိသေးသည်လား။ သူက မေးလိုက်၏။ “ဒီအစီအစဉ်ကို အခုမှ စဉ်းစားမိတာလား။ ကြိုတွေးထားတာလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကြိုတွေးထားတာ။”
ရွှီအန်းထင်က ထပ်မေးလိုက်၏။ “ဒါဆို ဘာလို့ စောစောက မပြောတာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ အစီအစဉ်တွေကလည်း မဆိုးဘူးလေ။ အထူးသဖြင့် ကတိုးမွှေး သခင်မကို ဖြားယောင်းတဲ့ အစီအစဉ်ကို သဘောကျလို့။ ချောကလက်လား၊ ချေးလား ဆိုတာ မြည်းကြည့်မှ သိမှာကိုး။”
ရွှီအန်းထင်သည် ချောကလက် ဆိုတာ ဘာလဲ မသိချေ။ သို့သော်ငြား ကောင်းသော အရာများ မဟုတ်ကြောင်း ရိပ်မိသည်။
ရွှီအန်းထင်က အကြံပေးလိုက်၏။ “သခင်လေးယွင်... ကျင်းဝူပြန်းက စိတ်မမှန်ဘူး။ သူ့ဆီ သွားကပ်တာက အန္တရာယ်များတယ်။ သူက ဘယ်သူ့ကိုမှ လူလို့ မသတ်မှတ်ဘူး။ တပ်မှူးကြီးတွေကိုတောင် ခွေးလို ဆက်ဆံတာ။”
ယွင်ကျုံးဟဲ့ ရယ်မောလိုက်သည်။ “စိတ်မမှန်ဘူး ဟုတ်လား။ ဒါဆို ပိုကောင်းတာပေါ့။ ကျုပ်က အရူးတွေကို ထိန်းကျောင်းတဲ့နေရာမှာ ဆရာကြီးပဲ။”
ရွှီအန်းထင်က မေးလိုက်သည်။ “ဒါဆို ပထမ အဆင့် ဘာလုပ်မလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သူ့ဆီ သွားပြီး အကူအညီ တောင်းတာမျိုး မလုပ်ဘူး။ သုံးရက်အတွင်း သူ ကိုယ်တိုင်လာပြီး ကျုပ်ကို ဝေါယာဉ်နဲ့ ပင့်ဖိတ်သွားအောင် လုပ်မယ်။ ကျုပ်ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်လာအောင် လုပ်မယ်။ ဒါကြောင့် ပထမ အဆင့်ကတော့ ငါးမျှားသလို စောင့်နေဖို့ပဲ။”
(ယွင်ကျုံးဟဲ့ ဘယ်လို နည်းလမ်း သုံးပြီး မြို့စားအိမ်တော်ထဲ ဝင်မလဲ။ ခန့်မှန်းကြည့်ကြပါအုံး။)
…………
***