လူယုတ်မာ ကျင်းဝူပြန်းသည် နေ့စဉ်နှင့်အမျှ မြို့စားအာဏာ ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်နေပြီး သူ၏အင်အားကို တိုးချဲ့ရန် ကြိုးစားနေ၏။ လူတော်လူကောင်းများကို ဖိတ်ခေါ်ပါသည်ဆိုသော စာကို ကြေညာထားဆဲ ဖြစ်သည်။
သို့သော်ငြား သူကိုယ်တိုင်က အသုံးမကျသော လူယုတ်မာတစ်ယောက် ဖြစ်သောကြောင့် သူ့ထံသို့ လာရောက်သူများသည် စားချင်သောက်ချင်သူများ၊ သူ့အရှိန်အဝါကို အသုံးချပြီး ဗိုလ်ကျချင်သူများသာ ဖြစ်၏။
ကျင်းဝူပြန်း အနှစ်သက်ဆုံး လူစားမျိုးမှာ ထူးဆန်းအံ့ဖွယ် စွမ်းရည်ရှိသူများ ဖြစ်သည်။ ရင်ဘတ်ဖြင့် ကျောက်တုံး ခွဲပြခြင်း၊ ဆီပူအိုးထဲ လက်နှိုက်ပြခြင်း စသည်တို့ကို ပြသနိုင်လျှင် သူ့အနား၌ နေရာတစ်နေရာ ရရှိမည်မှာ သေချာသည်။
ထိုအထဲတွင် အအောင်မြင်ဆုံး လူများမှာ ဗေဒင်ဆရာ၊ မျက်လှည့်ဆရာများ ဖြစ်သည်။ ရှေ့ဖြစ်နောက်ဖြစ် ဟောပြောနိုင်သူများကို သူက အထူးဧည့်သည်အဖြစ် ဆက်ဆံလေ့ရှိ၏။
ထို့ကြောင့် ကျင်းဝူပြန်း၏ အနားတွင် လိမ်လည်လှည့်ဖြားတတ်သော ဗေဒင်ဆရာများ ဝိုင်းဝိုင်းလည်နေပြီး နေ့တိုင်း ယတြာချေခြင်း၊ စုန်းပြုစားခြင်းများ လုပ်ဆောင်နေကြသည်။
သို့သော်ငြား ကျင်းဝူပြန်းသည် စိတ်မမှန်သူ ဖြစ်သည်။ ယနေ့တွင် သင့်ကို နတ်ဘုရားလို ကိုးကွယ်သော်လည်း မနက်ဖြန်တွင် ခွေးစာကျွေးပစ်နိုင်၏။ ငယ်စဉ်က ဦးနှောက် ထိခိုက်ခဲ့ဖူးသလား မသိပေ။ တကယ် စိတ်မမှန်သူ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် ရိုးရိုးတန်းတန်း သွားရောက်ပြီး အလုပ်လျှောက်၍ မဖြစ်ပေ။ ထိုသို့လုပ်လျှင် တန်ဖိုးကျသွားမည်။ ကျူးကော့လျန်ကို လျူပေ့က သုံးကြိမ်တိုင်တိုင် သွားရောက် ဖိတ်ခေါ်ခဲ့ရသည် မဟုတ်လား။
(ကျူးကော့လျန် - ပညာရှိ၊ လျူပေ့ - သုံးပြည်ထောင်ဘုရင်မင်းမြတ်)
ယွင်ကျုံးဟဲ့သည် အချိန်တိုအတွင်း နာမည်ကြီးအောင် လုပ်ဆောင်ရမည်။ နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းဆောင်ရည် ပြသရမည်။ ထို့နောက် ကျင်းဝူပြန်းက ဝေါယာဉ်ဖြင့် လာရောက် ပင့်ဆောင်သွားအောင် ဖန်တီးရမည်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆိုင်ရှင်ရွှီ... ကျုပ်ရဲ့ ပထမ အဆင့်ကို ခင်ဗျား ကူညီပေးရမယ်။”
ရွှီအန်းထင်က ခေါင်းညိတ်လိုက်၏။ “ပုံမှန်ဆိုရင် အထက်ကို တင်ပြပြီး ခွင့်ပြုချက် တောင်းရမှာ။ ဒါပေမဲ့ အခြေအနေက အရေးကြီးနေတော့ ခွင့်ပြုလိုက်ပါပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နောက်ရက်တွေမှာ ကျုပ် အစီအစဉ် စတင်တဲ့အခါ ခင်ဗျားတို့ ကျုပ်နဲ့ လုံးဝ အဆက်အသွယ် မလုပ်ရဘူး။ လုံးဝ ရှောင်နေရမယ်။ ကျုပ် တစ်ကောင်ကြွက် ဖြစ်နေမှ ရမယ်။ ခင်ဗျားတို့ အန်းထင် တည်းခိုခန်းနဲ့လည်း မပတ်သက်စေရဘူး။”
ရွှီအန်းထင်က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။”
ယွင်ကျုံးဟဲ့က ထပ်ကာ မှာလိုက်သည်။ “မှတ်ထားနော်... ကျုပ် ဗိုက်ဆာလို့ သေတော့မလို ဖြစ်နေရင်တောင်၊ အအေးမိပြီး သေတော့မလို ဖြစ်နေရင်တောင်၊ သူများ ဝိုင်းရိုက်လို့ သေလုမျောပါး ဖြစ်နေရင်တောင် ထွက်မလာခဲ့နဲ့။ မကူညီနဲ့။”
ရွှီအန်းထင်က ခေါင်းညိတ်လိုက်၏။ “ထူးဆန်းတဲ့ တောင်းဆိုမှု ဆိုပေမဲ့ လိုက်လျောပါ့မယ်။”
………………
နောက်တစ်နေ့တွင် ယွင်ကျုံးဟဲ့၏ ကျားကြီး ငါးမျှားသလို စိတ်လိုသူမှ လာဟေ့ စီမံကိန်း စတင်လေသည်။ လေခွင်းမြို့၏ လူသူအရောက်အပေါက် နည်းပါးသော လမ်းကြားလေး တစ်ခုတွင် ဗေဒင်ဟောခန်း တစ်ခု ဖွင့်လှစ်လိုက်သည်။
ဆိုင်ခင်းကျင်းပုံက ရိုးရှင်းလှသည်။ ဖျာကြမ်းတစ်ချပ်နှင့် အဝတ်ဖြူ ဆိုင်းဘုတ် တစ်ခုသာ ပါရှိ၏။ ဆိုင်းဘုတ်ပေါ်တွင် ‘ကမ္ဘာ့နံပါတ်တစ် နတ်ဘုရား ဗေဒင်ဆရာ၊ တစ်နေ့လျှင် တစ်ကြိမ်သာ ဟောမည်၊ တစ်ကြိမ်လျှင် ငွေ (၁၀) ပြား၊ မမှန်လျှင် (၁၀) ပြား ပြန်လျော်မည်’ ဟု ရေးသားထား၏။
ယွင်ကျုံးဟဲ့သည် ဗေဒင်ဆရာ ဝတ်စုံ ဝတ်ဆင်ကာ ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်ပြီး မျက်လုံးမှိတ်ထားသည်။ လူစည်ကားသော နေရာကို မရွေးချယ်ဘဲ လူသူကင်းမဲ့သော နေရာကို ရွေးချယ်ထားခြင်း ဖြစ်သည်။ နေ့တစ်ဝက် ကုန်လွန်သွားသော်လည်း လူအနည်းငယ်သာ ဖြတ်သွားဖြတ်လာ ရှိသည်။
သူ၏ ဝတ်စားဆင်ယင်မှုကလည်း မကောင်းလှပေ။ ပုံမှန် ဗေဒင်ဆရာများကဲ့သို့ ခန့်ညားထည်ဝါမှု မရှိဘဲ သူတောင်းစား ကဲ့သို့ ဖြစ်နေသည်။ ဆံပင်ဖွာဖွာ၊ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဖြင့် သူ၏ ချောမောသော ရုပ်ရည်ကို ဖုံးကွယ်ထား၏။
(၄) နာရီကြာသွားသည်။ စုစုပေါင်း လူ (၅) ယောက်သာ ဖြတ်သွားသည်။ ဖြတ်သွားသူများက တီးတိုး ရေရွတ်သွားကြသည်။
“ဒီသူတောင်းစား ရူးနေလားမသိဘူး။ တစ်ခါဟောရင် ငွေ (၁၀) ပြား တဲ့။ မကြာခင် ငတ်သေတော့မှာပဲ။”
“လူသူမရှိတဲ့ နေရာမှာ လာဟောနေတယ်။ စိတ်မမှန်ဘူးထင်တယ်။”
“လောင်းရဲတယ်။ (၁၀) ရက် မကြာခင် ဒီကောင် ငတ်သေလိမ့်မယ်။”
....................
တစ်နေ့လုံး ကုန်ဆုံးသွားသည်။ ယွင်ကျုံးဟဲ့၏ ဗေဒင်ဆိုင်တွင် စီးပွားရေး လုံးဝ မဖြစ်ပေ။
ရွှီအန်းထင် တစ်ကြိမ် လာရောက် ကြည့်ရှုပြီး တိတ်တဆိတ် ပြန်ထွက်သွား၏။ ယွင်ကျုံးဟဲ့က မှာထားသည် မဟုတ်ပါလား။ သူ လာရှာမှ တွေ့ရမည်။ ရွှီအန်းထင်က သွားမတွေ့ရ။ သူ ငတ်သေလုနီးပါး ဖြစ်နေလျှင်တောင် လုံးဝ ဂရုမစိုက်ရ။
…………
ပထမနေ့ ကုန်ဆုံးသွားသည်။ လူ (၁၀) ယောက်လောက်သာ ဖြတ်သွားပြီး အားလုံးက သူ့ကို အရူးဟု သတ်မှတ်သွားကြသည်။
နေဝင်ရီတရော အချိန်တွင် လူတစ်ယောက် ရောက်လာပြီး ပေါက်စီတစ်လုံး ပေးသည်။
လူဆိုတာ သိက္ခာ ရှိဖို့ လို၏။ သူများ ပေးတာ မစားရဘူး ဆိုသော်ငြား ယွင်ကျုံးဟဲ့ ချက်ချင်း ယူစားလိုက်သည်။ ဟန်ဆောင်နေခြင်း မဟုတ်ချေ။ သူ တကယ် ဗိုက်ဆာနေပြီဖြစ်၏။ ‘ဒီနေ့ တစ်ပြားမှ မရတော့ ငတ်နေရတာပေါ့။’
“ညီလေး... ဒီလို လုပ်လို့ မရဘူးကွ။”
ပေါက်စီ ပေးသော သူတောင်းစားက ပြော၏။ “ဗေဒင်ဟောမယ် ဆိုရင် လူစည်ကားတဲ့ နေရာမှာ ဟောရတယ်။ ပြီးတော့ တစ်ခါဟောရင် ကြေးပြား (၁၀) ပြားလောက်ပဲ ယူရတယ်။ မင်းက ငွေ (၁၀) ပြား တောင်းနေတော့ ဘယ်သူက လာမလဲ။”
ယွင်ကျုံးဟဲ့ ပေါက်စီကို ကုန်အောင် စားပြီး မျက်လုံးမှိတ်ကာ ငြိမ်သက်နေလိုက်သည်။ နတ်ဘုရားတစ်ပါးအသွင် ဖမ်းနေခြင်းပင်။
သူတောင်းစားက ဆက်ပြောသည်။ “ဗေဒင်ပညာ ဆိုတာ ဘယ်လို လုပ်ရသလဲ သိလား။ အရင်ဆုံး အလကား ကြည့်ပေးရတယ်။ ပြီးရင် မကြာခင် ဘေးဒုက္ခ ရောက်တော့မယ်လို့ ဟောရတယ်။ အဲဒီအခါ သူတို့က ယတြာချေနည်း မေးလာလိမ့်မယ်။ အဲဒီကျမှ ပိုက်ဆံတောင်းရတာ။”
ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်သည်။ တကယ့် ဆရာကြီးဖြစ်နေ၏။ ခေတ်သစ် စီးပွားရေး နည်းဗျူဟာကို သူတောင်းစား ပါးစပ်က ကြားနေရခြင်းပင်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားက ဒီလောက် တတ်ကျွမ်းနေတာ ဘာလို့ ဗေဒင်မဟောဘဲ တောင်းစားနေတာလဲ။”
သူတောင်းစားက ပြောလိုက်သည်။ “သောက်ကျိုးနည်း... တံတားအောက်မှာ ဗေဒင်ဆရာတွေ ရာချီ ရှိနေတာ။ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တယ်။ ပြီးတော့ ဗေဒင်ဆရာ ဆိုတာ ဟန်လုပ်နေရတာ ပင်ပန်းတယ်။ သူတောင်းစား လုပ်ရတာက ပိုလွတ်လပ်တယ်။”
ယွင်ကျုံးဟဲ့ ကြည့်လိုက်ရာ သူတောင်းစား၏ မျက်နှာမှာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် အဆီများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ အစားအသောက် အဆင်ပြေနေပုံ ရ၏။
သူတောင်းစားက ပြောလိုက်သည်။ “ခေတ်ပျက်ကြီး ရောက်လာတော့မယ်။ တောင်ပိုင်းကျိုးအင်ပါယာနဲ့ တာယင်အင်ပါယာ စစ်ဖြစ်တော့မယ်။ ဒီလို ခေတ်ပျက်ကြီးမှာ ငါတို့ သူတောင်းစားတွေ အလုပ်ဖြစ်မယ့် အချိန် ရောက်လာပြီ။”
ယွင်ကျုံးဟဲ့ အံ့သြသွားသည်။ ‘သူတောင်းစားက နိုင်ငံရေး အမြော်အမြင် ရှိလှချည်လား။’
ယွင်ကျုံးဟဲ့က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဘယ်လို အလုပ်ဖြစ်မှာလဲ”
သူတောင်းစားက ပြောလိုက်သည်။ “ကမ္ဘာကြီး ရှုပ်ထွေးလေ မင်္ဂလာကိစ္စနဲ့ အသုဘကိစ္စတွေ များလေပဲ။ မင်္ဂလာဆောင်ရင် သွားတောင်းမယ်။ အသုဘ ရှိရင် သွားငိုပေးမယ်။ နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ စားရမှာပဲ။ ညီလေး... ဗေဒင်မဟောပါနဲ့တော့။ အနာဂတ် မရှိပါဘူး။ ငါနဲ့လိုက်ခဲ့... သူတောင်းစား လုပ်ရတာ ပျော်စရာ ကောင်းတယ်ကွ။”
‘ဟမ်... ဒါကိုများ အနာဂတ် ရှိတယ်လို့ ခေါ်တာလား။’
“မလိုက်ဘူး။”
ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် ငြင်းလိုက်သည်။ “စာကလေးက ဘယ်လိုလုပ် ဟင်္သာကိုးသောင်းရဲ့ ရည်မှန်းချက်ကို နားလည်နိုင်မှာလဲ။”
သူတောင်းစားက ပြောလိုက်၏။ “အေးပါကွာ... နောက်မှ ငတ်သေရင် ငါ့ကို အပြစ်မတင်နဲ့။”
ထိုနေ့ညတွင် ယွင်ကျုံးဟဲ့သည် ဖျာပေါ်တွင်ပင် အိပ်လိုက်သည်။ လမ်းဘေး အိပ်ရသည်မှာ မလွယ်ကူလှ။ ကံကောင်းသည်မှာ ရာသီဥတု သိပ်မအေးလှခြင်းပင်။
ဒုတိယနေ့...
ယွင်ကျုံးဟဲ့၏ ဆိုင်တွင် ယင်ကောင်တစ်ကောင်မှ မနားပေ။ ဖြတ်သွားသူ (၁၀) ယောက်ပင် မပြည့်ချေ။ တိတ်ဆိတ်ခြောက်ကပ်နေသည်။ နောက်ထပ် တစ်ရက် ငတ်ပြန်ပြီ ဖြစ်သည်။
ညနေစောင်းတွင် သူတောင်းစား ရောက်လာပြီး ပေါက်စီ တစ်လုံး ပေးပြန်၏။
သူက ပြောလိုက်သည်။ “ညီလေး... ဗေဒင်ဟောတာ အလုပ်မဖြစ်ပါဘူး။ ငါနဲ့ လိုက်ခဲ့ပါဆို။”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး လျစ်လျူရှုလိုက်၏။
သူတောင်းစားက ပြောလိုက်သည်။ “ဒါဆိုရင်တော့ ငတ်သေလိုက်တော့။ ငါ ဒီနေ့ ငွေတစ်မတ်ရလို့ အပျော်အိမ် သွားမယ်။”
သူတောင်းစားသည် ငွေစ တစ်ခုကို မြှောက်လိုက် ဖမ်းလိုက် လုပ်ရင်း ပျော်ရွှင်စွာ ထွက်ခွာသွားလေ၏။
..................
ညဘက်တွင် ယွင်ကျုံးဟဲ့ လမ်းဘေး ထပ်အိပ်ရသည်။ ‘သောက်ကျိုးနည်း... ရာသီဥတုက အေးလာသလိုပဲ။ ဖျာပေါ် အိပ်ရတာ ချမ်းလိုက်တာ။ ပထမ အဆင့် စီမံကိန်းက အဆင်မပြေဘူး။ ပျက်စီးမယ့် အလားအလာ ရှိနေပြီ။ ရွှီအန်းထင်ကလည်း တကယ် လာမကြည့်တော့ဘူး။ ထမင်းလည်း လာမပို့ဘူး။ ငါ့ကို ငတ်သေစေချင်နေတာလားပဲ။’
......
တတိယနေ့...
ယွင်ကျုံးဟဲ့၏ ဆိုင်တွင် လူအရိပ်အယောင် မရှိပေ။ ဆာလွန်းသောကြောင့် မျက်စိများပြာနေ၏။ ‘ဒီနေ့ ဟိုသူတောင်းစားလည်း ရောက်မလာတော့ဘူး။ ပေါက်ဆီ လာပို့မယ့်သူ မရှိတော့ဘူးပေါ့။ ငါ့ရဲ့ နတ်ဘုရား ပုံစံကို ကြာရှည် ဟန်မဆောင်နိုင်တော့ဘူး။ ငါးမျှားချိတ်က ဖြောင့်လွန်းနေတာလား။’
ယွင်ကျုံးဟဲ့သည် စိတ်ဖတ်ခြင်း ပညာကို တတ်ကျွမ်းသည်။ ဧည့်သည် တစ်ယောက် လာလိုက်သည်နှင့် အံ့ဖွယ်အမှုများ ပြသပြီး တစ်မြို့လုံး ဟိုးလေးတကျော် ဖြစ်အောင် လုပ်နိုင်သည်။
တစ်ဆင့်စကား တစ်ဆင့်နားနှင့် တစ်မြို့လုံး ပျံ့နှံ့သွားလျှင် ကျင်းဝူပြန်း ကြားသွားလိမ့်မည်။ ထိုအခါ ဝေါယာဉ်နှင့် လာပင့်လိမ့်မည်။
သို့သော်ငြား ဧည့်သည် တစ်ယောက်မှ မလာလျှင် ဘာလုပ်ရမည်နည်း။ လမ်းသွားလမ်းလာကို အတင်းဆွဲခေါ်ပြီး ဟောရမည်လား။ သိက္ခာကျစရာ ကောင်းလှသည်။
နေဝင်တော့မည်။ နောက်ထပ် တစ်ရက် ကုန်ဆုံးတော့မည်။ ညဘက် ပိုအေးလာပြီဖြစ်၏။ “ကောင်းကင်ဘုံ... ဧည့်သည် တစ်ယောက်လောက် ပို့ပေးပါဗျာ။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။”
သူ့ဆုတောင်းသံကို ကြားသွားသလား မသိချေ။ နေဝင်ချိန်တွင် ဧည့်သည်တစ်ဖွဲ့ ရောက်လာသည်။ မျက်နှာတွင် အမာရွတ်များနှင့် လူမိုက်ခေါင်းဆောင် တစ်ယောက်နှင့် သူ၏နောက်တွင် ဓားကိုင်ထားသော လူ (၈) ယောက် ပါလာသည်။
ထိုလူမိုက်ခေါင်းဆောင်က ဆိုင်းဘုတ်ကို ကြည့်ပြီး လှောင်ရယ်လိုက်၏။ “တစ်ကြိမ်ဟောရင် ငွေ (၁၀) ပြား တဲ့လား။ မင်း ပိုက်ဆံမက်ပြီး ရူးနေတာလား။”
ယွင်ကျုံးဟဲ့ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ကျုပ်က နတ်မျက်စိ ရထားတဲ့သူ။ ကျုပ်ရဲ့ ဟောပြောချက်တွေက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေပဲ။ တစ်နေ့ တစ်ကြိမ်ပဲ ဟောတာမို့ ဈေးကြီးတာ မဆန်းပါဘူး။”
ထိုလူမိုက်ခေါင်းဆောင်က ပြောလိုက်၏။ “ဒီလမ်းက ငါပိုင်တာ။ မင်း ဆိုင်ဖွင့်ချင်ရင် ဆက်ကြေး ပေးရမယ်။ ပေးပြီးပြီလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မပေးရသေးဘူး။ ပေးဖို့လည်း စိတ်ကူးမရှိဘူး။”
ထိုလူမိုက်ခေါင်းဆောင်က မေးလိုက်၏။ “ဆက်ကြေးမပေးရင် ဘာဖြစ်မလဲ သိလား။”
ယွင်ကျုံးဟဲ့ ခေါင်းခါယမ်းလိုက်သည်။ “မသိဘူး။”
ထိုလူမိုက်ခေါင်းဆောင်က ပြောလိုက်၏။ “ခြေထောက်နှစ်ဖက် ရိုက်ချိုးခံရမယ်။ ပြီးရင် အမှိုက်ပုံထဲ လွှင့်ပစ်ခံရမယ်။ ကြည့်ရတာ မင်းဆီမှာ ပိုက်ဆံ ရှိမယ့်ပုံ မပေါ်ဘူး။ ဒါပေမဲ့ စည်းကမ်းတော့ ဖောက်လို့ မရဘူး။ ဟေ့ကောင်တွေ... ဆိုင်ကို ရိုက်ခွဲလိုက်။ သူ့ခြေထောက်ကို ရိုက်ချိုးလိုက်။”
လူမိုက်များ ပြေးဝင်လာပြီး ရိုက်နှက်ရန် ပြင်လိုက်ကြသည်။
ယွင်ကျုံးဟဲ့က တားလိုက်၏။ “နေပါအုံး... သူရဲကောင်းကြီး... ဆက်ကြေးက ဘယ်လောက်လဲ။”
ထိုလူမိုက်ခေါင်းဆောင်က ပြောလိုက်သည်။ “တစ်လ ငွေ (၁၀) ပြား။”
‘တကယ့် ဓားပြတွေပဲ။ အသေးစား လုပ်ငန်းလေးက တစ်လ (၁၀) ပြား ဘယ်လို မြတ်မှာလဲ။’
ယွင်ကျုံးဟဲ့က ညှိနှိုင်းလိုက်၏။ “ဒီလို လုပ်ပါလား။ ကျုပ် ခင်ဗျားကို ဗေဒင်ဟောပေးမယ်။ ဟောခက (၁၀) ပြား ဆိုတော့ ဆက်ကြေးနဲ့ ကြေသွားပြီပေါ့။”
“ဟက် ဟက် ဟက်...” လူမိုက်ခေါင်းဆောင်က အော်ဟစ်ရယ်မောလိုက်သည်။
သူက ပြောလိုက်၏။ “မင်းလို လူလိမ်မျိုး ငါ အများကြီး တွေ့ဖူးတယ်။ ခြေထောက် ရိုက်ချိုးခဲ့တာလည်း မနည်းတော့ဘူး။ ငါ့ကို လာလိမ်ချင်တာလား။ မင်း မျက်လုံး ကန်းနေတာလား။”
ယွင်ကျုံးဟဲ့ ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ဧည့်သည် ရောက်လာပြီဖြစ်၏။ ဤလူမိုက်ခေါင်းဆောင်က အကောင်းဆုံး ဧည့်သည်ပင်။ သူ့ကို ဟောပေးလိုက်သည်နှင့် လေခွင်းမြို့က လူမိုက်လောက တစ်ခုလုံး ပျံ့နှံ့သွားလိမ့်မည်။ လူမိုက်တွေ ဆိုတာ ကျင်းဝူပြန်းရဲ့ လက်ပါးစေများ ဖြစ်သည် မဟုတ်ပါလား။
‘အခု အချိန်ကစပြီး နတ်ဘုရား ယွင်ကျုံးဟဲ့ရဲ့ စွမ်းရည်ပြသချိန် ရောက်ပြီ။ ဒီလူမိုက်တွေ ဒူးထောက် ရှိခိုးပြီး ငါ့နာမည်ကို မှတ်မိအောင် လုပ်ရမယ်။’
ယွင်ကျုံးဟဲ့ မုတ်ဆိတ်ကို သပ်ပြီး ပြောလိုက်သည်။ “ကျုပ်ဟောပြောချက် မှန်တယ် ဆိုရင် ခင်ဗျား ကျုပ်ကို ဒူးထောက် ဦးခိုက်ပြီး ဆရာကြီး ကျုပ် မှားသွားပါတယ်လို့ တောင်းပန်ရမယ်။ တကယ်လို့ နည်းနည်းလေး လွဲသွားတာနဲ့ ကျုပ်ခြေထောက်တင် မကဘူး လက်ပါ ရိုက်ချိုးသွားလိုက်... ဘယ်လိုလဲ။”
လူမိုက်ခေါင်းဆောင် မျက်လုံးကျဉ်းမြောင်းသွား၏။ “စိတ်ဝင်စားစရာပဲ။ မင်းလို လူလိမ်က ဘာတွေ တတ်စွမ်းသလဲ ကြည့်ရသေးတာပေါ့။ ဟေ့ကောင်တွေ... သူ့ကို မြေကြီးပေါ် ဖိထားလိုက်။ ခြေလက်တွေ ရိုက်ချိုးဖို့ ပြင်ထား။”
လူမိုက်များက ယွင်ကျုံးဟဲ့ကို မြေကြီးပေါ် ဖိချလိုက်သည်။ အမိန့်ပေးသည်နှင့် ရိုက်ချိုးရန် အသင့် ပြင်ထားကြခြင်းပင်။
***