"သခင် မသေမျိုးတစ်ပါးနဲ့ ကံကြမ္မာဆုံသွားတဲ့အတွက် ဂုဏ်ယူပါတယ်။"
ယွဲ့ထျန်းကျီ၏ ရိုးသားလှသော ဂုဏ်ပြုစကားများကို နားထောင်ရင်း၊ ရှန်းယီက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ဤကျင့်စဉ်ကို ဤကဲ့သို့သောစိတ်အခြေအနေမျိုးဖြင့် ဖန်တီးခဲ့သည့် မသေမျိုးသည် အန္တရာယ်များသော စိတ်နေသဘောထားရှိခဲ့မည်မှာ သေချာလှပေသည်။
ယနေ့ထက်တိုင် သူ အသက်ရှင်နေနိုင်သေးသည်လော ဆိုသည်မှာမူ ငြင်းခုံစရာပင်။
သူသည် ကိုယ်တွင်းသို့အာရုံစိုက်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းပေါ်လာခဲ့သော ရတနာတောင်ကြီးကို စစ်ဆေးကြည့်လိုက်လေသည်။
၎င်းသည် မှော်ရတနာတစ်ခုထက်၊ ဤမသေမျိုးနိယာမကို ကျင့်ကြံရာတွင် အထောက်အကူပြုသော မိုးမြေရတနာတစ်ခုနှင့် ပိုတူပေသည်။
ရှန်းယွဲ့ကျန်းချင်ထျန်းကို နားလည်သဘောပေါက်နိုင်သော ကျင့်ကြံသူများသည် အလွန်တရာခက်ခဲကျပ်တည်းသောအခြေအနေများတွင် ရှိနေနိုင်ကြောင်း ထိုမသေမျိုးက ကြိုတင်ခန့်မှန်းထားခဲ့ပုံ ရပေသည်။
ယွဲ့ထျန်းကျီကဲ့သို့ ဘဝကို ချောမွေ့စွာဖြတ်သန်းလာသူများအနေဖြင့်၊ သာမန် ကျောက်စရစ်ခဲလေးများဖြင့် မိုးပြာရောင်ကောင်းကင်ကြီးကို ဖိနှိပ်နိုင်သည်ဟူသော အဓိပ္ပာယ်မရှိသည့် စကားများကို ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်ချေ။
ဖုန်မှုန့်သည် ဖုန်မှုန့်သာဖြစ်ပြီး၊ မိုးမြေသည် မိုးမြေးသာ ဖြစ်ပေသည်။
ကျန်ရှိနေသော ဟုန်သုံးခုသည် မြောက်ပိုင်းဟုန်ကို နာခံသည်မှာ ပုံမှန်ဖြစ်စဥ်ကဲ့သို့ပင်၊ ပထမသည် ဒုတိယ၏ ဖြစ်တည်မှုကိုဖိနှိပ်ရန်သတ်မှတ်ထားခြင်း ဖြစ်လေသည်။
ကျင့်စဉ်များသည်လည်း ၎င်းတို့ကို အသုံးပြုမည့်သူကို ရွေးချယ်တတ်ကြ၏။
ထို့ကြောင့် ထိုမသေမျိုးသည် ဤတောင်ကြီးကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တာအိုအလင်းပွင့်ရန်ရှာဖွေနေသော ကျင့်ကြံသူများ လုံးဝ အကူအညီမဲ့မဖြစ်သွားစေရန်အတွက်၊ နောက်ဆုံးအကူအညီတစ်ခုအဖြစ် ယူဆနိုင်ပေသည်။
အနည်းဆုံးတော့ ယခုလောလောဆယ်တွင်၊ ရှန်းယီ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်၊ ဤရတနာတောင်ကြီးကို အပြည့်အဝအသုံးမချနိုင်သေးဘဲ ၎င်း၏ အကာအကွယ်ကိုသာ ခံယူနေရပေသည်။
"တစ်လှမ်းချင်းစီ သွားရမှာပေါ့။"
ရှန်းယီသည် မတ်တတ်ရပ်လိုက်ပြီး၊ တိတ်ဆိတ်ငြိမ်သက်နေသော လိုဏ်ဂူအိမ်တော်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
လင်းလက်နေသော လရောင်အောက်တွင်၊ နှင်းကျား မျိုးနွယ်စု၏ ခေါင်းဆောင် မည်သည့်နေရာတွင် ရှိနေသနည်း၊ထို့ပြင် အစိမ်းရောင်ဖီးနစ် မျိုးနွယ်စုကရော ဘာတွေ လုပ်နေသနည်း ဆိုသည်ကို ယခုအချိန်တွင် သူ အလွန် သိချင်နေမိလေသည်။
ထိုအချိန်မှာပင်၊ ရှန်းယီ၏ တာအိုချပ်ပြားအတွင်းမှ နူးညံ့သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့လေ၏။
"ဂိုဏ်းချုပ်ရှန်း ဒီနားမှာ ရှိနေတာလား။"
ရှန်းယီက ခဏမျှစဉ်းစားလိုက်ပြီးမှ ထိုအသံပိုင်ရှင်ကို မှတ်မိသွားလေ၏။
၎င်းမှာ ချင်းယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိကျင့်ရှီး ဖြစ်လေသည်။
သူမသည် ကျားနတ်ဆိုး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရစဉ်က သူ အဆက်အသွယ် အလုပ်ချင်ဆုံး ပုဂ္ဂိုလ်ပင်။
အနောက်ပိုင်းဟုန်၊ ဟန်ယွဲ့တောင်
အဆောင်သင်္ကေတများ ဖုံးလွှမ်းနေသော အမျိုးသားတစ်ဦးသည် တောင်ထိပ်ဆီသို့ ထော့နင်းထော့နင်းဖြင့် လျှောက်လာလေ၏။
သူ၏ အမည်းနှင့် အဖြူရောင် ဝတ်ရုံကြီးမှာ စုတ်ပြဲနေပြီဖြစ်ပြီး၊အနီရင့်ရောင် သွေးကွက်များ စွန်းထင်းနေကာ၊ လုံးဝ စုတ်ပြတ်သတ်နေသည့် ပုံစံ ပေါက်နေလေသည်။
"ဟက်..."
အန်းထင်ဖုန်းသည် အသက်ပြင်းပြင်းရှူရင်း၊ ယခင်က မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်နိုင်ခဲ့သော တောင်တန်းကြီးများကို ကြည့်လိုက်၏။ ယခုအခါ ထိုတောင်တန်းများမှာ မိုးထိမတတ်မြင့်မားနေပြီး ဖြတ်ကျော်ရန် မဖြစ်နိုင်လုနီးပါး ထင်မှတ်ရလေသည်။
သူသည် အနားယူရန် ခဏရပ်လိုက်ပြီးနောက်၊ တောင်ပေါ်သို့ ဆက်လက်တက်လှမ်းသွားလေသည်။
မြေကမ္ဘာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ တစ်ချိန်က ပြိုင်ဘက်ကင်းသော မဟာနတ်ဆိုးကြီးသည်၊ နဂါးကြင်ယာတော် ကျစ်ရှန်း၏ ပြင်းထန်စွာ ဒဏ်ရာရစေခြင်းကို ခံခဲ့ရပြီးနောက်၊ သူ၏ နတ်ဆိုးခန္ဓာကိုယ်ကို စစ်ထူကျွင်းလွေ့က ချိတ်ပိတ်ထားသဖြင့်၊ ယခုအခါ သာမန်လူတစ်ယောက်ကဲ့သို့ အားနည်းနေပုံ ပေါ်လေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရပေ။
အန်းထင်ဖုန်းသည် နောက်ဆုံးတွင် တောင်တန်းများကိုဖြတ်ကျော်ကာ ဘိုးဘေးများ၏ နယ်မြေသို့ ရောက်ရှိလာခဲ့၏။
ဤနေရာသည် နှင်းကျားမျိုးနွယ်စု၏ ဘိုးဘေးများအားလုံး အနားယူရာနေရာဖြစ်သင့်သော်လည်း၊ ယခုအချိန်တွင် ၎င်းတို့၏ အရိုးများမှာ တူးဖော်ခံထားရပြီး၊ မြေပြင်ပေါ်တွင် တောင့်တင်းစွာပြန့်ကျဲနေကာ၊ ၎င်းတို့အတွင်း ကျန်ရှိနေသမျှသောအဆီအနှစ်များအားလုံးမှာ စုပ်ယူခံထားရသဖြင့် ယိုယွင်းပျက်စီးနေလေပြီ။
အန်းထင်ဖုန်းသည် ဘေးမှ ဖြတ်လျှောက်သွားရုံမျှဖြင့် အရိုးစုအတော်များများကို ကျိုးကြေသွားစေပြီး၊ လေထဲတွင် လွင့်စင်သွားသော ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့လေ၏။
နောက်ဆုံးတွင်၊ ထိုကဲ့သို့ သေဆုံးခြင်းနယ်မြေသဖွယ်တိတ်ဆိတ်မှုများကြားတွင်၊ ဘိုးဘေးနယ်မြေ၏ အဆုံး၌ တက်ကြွလှုပ်ရှားနေသော အသက်ဝင်မှု လက္ခဏာတစ်ခု တောက်ပလာခဲ့လေသည်။
၎င်းမှာ လေထဲတွင် အနည်းငယ် ယိမ်းနွဲ့နေသော ပန်းဖြူလေးတစ်ပွင့် ဖြစ်လေ၏။
အန်းထင်ဖုန်းသည် ထိုပန်းလေးကို စိုက်ကြည့်ရင်း ရုတ်တရက် စိတ်သက်သာရာ ရသွားကာ၊ ရှုံးနိမ့်သွားသည့် ခံစားချက်ဖြင့် ၎င်း၏ဘေးတွင် ထိုင်ချလိုက်လေသည်။
သူသည် သွေးများ စွန်းထင်းနေသော လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး၊ ပန်းလေးကို တောင်လေဒဏ်မှ ကာကွယ်ရန် သူ၏ လက်ချောင်းများကို အနည်းငယ် ကွေးလိုက်လေသည်။
"ရှင်မ... ကိုယ် ပြန်ရောက်ပြီ။"
သူ၏ အသံမှာ အားနည်းနေပြီး၊ သူ၏ မျက်ဝန်းများမှာစိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေလေသည်။
"ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ်က မသေမျိုးဂိုဏ်းတွေနဲ့ နတ်ဆိုးမျိုးနွယ်စုတွေဆီကနေ နည်းလမ်းရှာဖွေခဲ့တယ်။ အန်းယီ ပြန်လည်အသက်ရှင်လာဖို့နဲ့ ကျန်းကျန်းမာမာကြီးပြင်းလာဖို့ နည်းလမ်းတစ်ခု ရှာတွေ့ဖို့ နီးစပ်နေပြီဖြစ်ပေမဲ့၊ ရုတ်တရက် အရာအားလုံးက ဒီလိုဖြစ်သွားခဲ့တယ်။"
အန်းထင်ဖုန်းသည် သူ၏ လက်ချောင်းထိပ်များဖြင့် ပန်းပွင့်ဖတ်များကို ညင်သာစွာထိတွေ့လိုက်ပြီး၊ ရောထွေးနေသော ခံစားချက်များဖြင့် သူ၏ ထက်ရှသောသွားများကို ဖော်ပြလိုက်လေ၏။
"သူ တကယ်ပဲ ပြန်အသက်ရှင်လာခဲ့တယ်။ ဒါပေမဲ့ သူက... သူက ပြန်လာဖို့ ငြင်းဆန်နေတယ်"
သူ၏ စကားစု၏ နောက်ဆုံးပိုင်းတွင်၊ ကျားနတ်ဆိုး၏အသံမှာ ဒေါသကြောင့် တုန်ယင်သွားလေသည်။
"ခန္ဓာကိုယ်ဆိုတာ မိဘတွေက ပေးထားတာ။"
"သူက ဘယ်လိုလုပ်ပြီး၊ အဲ့ဒီခန္ဓာကိုယ်ကို မင်းဆီ ပြန်ပေးဖို့ ဘယ်လိုများ ငြင်းဆန်ရဲရတာလဲ"
"ရှင်မရဲ့ ဝိညာဉ်နဲ့ သူ့ရဲ့ ခန္ဓာကိုယ်သာ ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ကိုယ်တို့ မိသားစုလေး ပြန်ဆုံစည်းရမှာ၊ ပျော်ရွှင်မှုတွေနဲ့ နွေးထွေးမှုတွေ ပြည့်နှက်နေမှာ..."
အန်းထင်ဖုန်း၏ အသက်ရှူသံမှာ ပိုမို ပြင်းထန်လာခဲ့လေသည်၊ ထိုကြည်နူးဖွယ်ကောင်းသော အတွေးစိတ်ကူးယဉ်မှုထဲသို့ နစ်မြုပ်သွားသကဲ့သို့ပင်။
သူသည် မျိုးဆက်ဟောင်း နတ်ဆိုးများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေခဲ့သော ကြမ်းကြုတ်သည့် ကျားကြီးဖြစ်သော်လည်း၊ မြေကမ္ဘာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ဆက်လက် တိုးတက်မှု မရှိတော့ချေ။
အခြားသူများကမူ ထိုနှစ်များအတွင်းက သူ၏ မျိုးနွယ်တူများကြားဖြစ်ပွားခဲ့သော အချင်းချင်း သတ်ဖြတ်သည့် ပဋိပက္ခအတွင်း၊ သူသည် ကုစား၍မရနိုင်သော ဆုံးရှုံးမှုကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ထင်မှတ်ခဲ့ကြလေသည်။
အမှန်တကယ်တွင်မူ၊ အန်းထင်ဖုန်းသည် သူ၏ ဇနီးဖြစ်သူ၏ အရိုးစုမှ အသွင်ပြောင်းလာသော ဤပန်းဖြူလေးကို ပြုစုပျိုးထောင်ရန် သူ၏ အရေးပါသော အဆီအနှစ်တစ်စိတ်တစ်ပိုင်းကို အမြဲတမ်း ပေးဆပ်နေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အန်းယီကြီးပြင်းလာသည်အထိ သူမ၏ ဝိညာဉ်ကို ချည်နှောင်ထားရန်နှင့်၊ ထို့နောက် ထိုပန်းလေးကို သူ၏ သမီးဖြစ်သူ၏ ခန္ဓာကိုယ်အတွင်းသို့ အစားထိုးထည့်သွင်းရန် ဖြစ်လေသည်။
"ကိုယ် လိုချင်ခဲ့တာ ကိုယ်တို့ ပြန်လည်ဆုံစည်းဖို့ပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ်က သူ့ရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတယ်။"
"ရှင်မ... ကိုယ်တို့က ဒီလောက် ကျေးဇူးကန်းတဲ့ ကောင်မစုတ်လေးကို မွေးဖွားမိလိမ့်မယ်လို့ မင်း တစ်ခါဖူးများ စိတ်ကူးကြည့်ဖူးလား။"
အန်းထင်ဖုန်း၏ အမူအရာမှာ ငိုခြင်းနှင့် ရယ်ခြင်းကြား လူးလာခေါက်တုံ့ဖြစ်နေပြီး၊ သူ၏ မျက်နှာမှာနတ်ဆိုးတစ်ကောင်ကဲ့သို့ ရုပ်ဆိုးအကျဉ်းတန်သွားကာ၊ သူ၏ ဘယ်ဘက်လက်က အနာဖေးတက်နေပြီဖြစ်သော နှလုံးသားနေရာကို အုပ်ကိုင်ထားလေသည်။
ဤသည်တို့မှာ ဖခင်တစ်ဦးအနေဖြင့် သူ၏ နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုအတွက်၊ အန်းယီ နောက်ဆုံးတွင် အသက်ပြန်ရှင်လာနိုင်ခဲ့ပြီးနောက် သူရရှိခဲ့သော ဆုလာဘ်များပင်။
သူ၏ ညာဘက်လက်ဖဝါးထဲတွင်၊ ပန်းဖြူလေးသည် ရူးသွပ်စွာ တုန်ယင်နေလေ၏။
"ရှင်မလည်း ဒေါသထွက်နေတာလား။"
အန်းထင်ဖုန်းသည် သူ၏ အပြုံးကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"ခုတော့ ကိုယ် နားလည်သွားပြီ။"
သူ၏ စကားများ ဆုံးသွားသည်နှင့်၊ သူသည် ပန်းဖြူလေး၏အမြစ်ရိုးတံကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ အသံမှာ တည်ငြိမ်နေလေသည်။
"ပြန်လည်ဆုံစည်းဖို့ နည်းလမ်း တစ်ခုထက်မက ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ မိသားစုက အတူတူရှိနေဖို့ ဖန်တီးထားတာပဲလေ။ ဥပမာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာပေါ့။"
"သူ့ကို ရှာဖို့ အခု ရှင်မကို ကိုယ် ခေါ်သွားမယ်။ ရှေးစကားရှိသလိုပေါ့... သားသမီး မကောင်းက မိဘခေါင်းတဲ့။ အဲ့ဒီလို ကောင်မစုတ်လေးမျိုးက ကိုယ့်ဗိုက်ထဲမှာပဲ နောင်တရပြီး အပြစ်ပေးခံရသင့်တယ်။"
စကားပြောနေရင်းဖြင့်၊ သူသည် ဘိုးဘေးမြေမှ ပန်းဖြူလေးကို ဖြည်းညှင်းစွာ ဆွဲနုတ်လိုက်လေ၏။
ပန်းလေး၏ အကိုင်းအခက်များနှင့် အရွက်များသည် လူသားလက်များကဲ့သို့ပင်၊ အန်းထင်ဖုန်း၏ ညာဘက်လက်ဖဝါးပေါ်ရှိ လက်မနှင့် လက်ညှိုးကြားနေရာကို ရူးသွပ်စွာ ရိုက်ပုတ်နေသော်လည်း၊ ၎င်းကို သူ၏ ပါးစပ်ဆီသို့ ယူဆောင်သွားခြင်းကိုမူ မတားဆီးနိုင်ခဲ့ချေ။
"မင်းက တကယ်ကို... စိတ်ထား အရမ်းနုတာပဲ... လွန်ခဲ့တဲ့ နှစ်တွေကလိုပဲ... အရမ်း ကြင်နာလွန်းတယ်။"
"ဒီလိုဆိုရင်တော့... မင်း သူ့ကို အလိုလိုက်ရာ ကျသွားလိမ့်မယ်။"
အန်းထင်ဖုန်းသည် ခုခံနေသော အကိုင်းအခက်များနှင့် အရွက်များကို ဆုပ်ကိုင်လိုက်ပြီး၊ ပန်းတစ်ပွင့်လုံးကို သူ၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ ဖြည်းညှင်းစွာ ဝါးစားလိုက်၏။ သူသည် ပန်းဖြူလေး တစ်ပွင့်တည်းကိုသာ ဝါးစားနေသော်လည်း၊ သူ၏သွားများကြားမှ နီရဲသော သွေးရည်ကြည်များ စိမ့်ထွက်လာကာ၊ သူ၏ ပုလဲရောင် သွားများကိုစွန်းထင်းသွားစေပြီး ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်တစ်ခုကို ထပ်ပေါင်းထည့်ပေးလိုက်လေသည်။
***