“ပြီးသွားပြီ မဟုတ်ဘူးလား...”
ကုအန်၏ စကားကို ကြားသောအခါ လီယမှာ တစ်ခဏမျှ မှင်သက်သွား၏။
ဤမျှ ကြွားဝါသော လေသံ....ဟန်ဆောင်ရာတွင် အလွန် ပိုင်နိုင်လွန်းလှပေသည်။
လီယက တိတ်တဆိတ် ရေရွတ်လိုက်ပြီး မေးလိုက်၏။ “မင်း ဘယ်တော့ စလုပ်မှာလဲ...”
ကမ္ဘာလောကကြီး ငြိမ်းချမ်းသွားမည် ဆိုလျှင်တော့ သဘာဝကျကျပင် ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
ကုအန်က လီယကို ကြည့်၍ မျက်တောင်တစ်ချက် ခတ်ကာ ပြောလိုက်၏။ “ငါ လုပ်ပြီးသွားပြီ မဟုတ်ဘူးလား...”
လီယ မျက်လုံးများ ပြူးကျယ်သွားပြီး အသံကို နှိမ့်၍ ပြောလိုက်သည်။ “ဂျူနီယာညီလေး ကု... ငါ့ကို နောက်မနေနဲ့လေ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းရဲ့ ခွက်က စားပွဲပေါ်ကို ကျသွားတာနဲ့တင် သက်ရှိအားလုံးကို လွှမ်းခြုံထားတဲ့ ထိုထူးဆန်းတဲ့ စွမ်းအားတွေ လွင့်စင်သွားတာလား...”
ကုအန်က သူ့ကို ကြည့်၍ ပြုံးနေသော်လည်း ဖြေကြားခြင်း မရှိချေ။
လီရွှမ်ယုသည် ကုအန်၏ စကားများကို ပထမဆုံး ယုံကြည်သူ ဖြစ်ပြီး ကုအန်ကို ကြည့်နေသည့် သူမ၏ အကြည့်များတွင် ဖော်ပြ၍ မရနိုင်သော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။
ကုအန်၏ အပြုံးကို ရင်ဆိုင်လိုက်ရသောအခါ လီယ၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားသည်။
ကုအန်က ကြွားဝါနေခြင်း မဟုတ်ဘဲ တကယ်ပဲ လုပ်လိုက်တာများလား...
ဒါပေမဲ့ ဘာလို့ သူ့အနေနဲ့ ဘာအရိပ်အယောင်မှ မခံစားရတာလဲ...
သူ မလာခင်ကတည်းက ကုအန်က ထိုထူးဆန်းတဲ့ စွမ်းအားတွေကို ဖြေရှင်းပြီးသွားတာများလား...
လီယ၏ ရင်ထဲတွင် ဝေခွဲမရမှုများ ပြည့်နှက်နေပြီး ဘာဆက်မေးရမှန်းပင် မသိတော့ချေ။
“ အနာဂတ်တွက် မင်းမှာ ဘာအစီအစဉ်တွေ ရှိလဲ... တာအိုခုံရုံးထဲ ဝင်ဖို့ လိုသေးလား...” ကုအန်က ထူးဆန်းသော စွမ်းအားအကြောင်းကို ဆက်မပြောတော့ဘဲ မေးလိုက်၏။ ဤတစ်ကြိမ် လမ်းခွဲပြီးနောက် လီယက ဤကိစ္စကို စုံစမ်းလိမ့်မည် ဖြစ်ပြီး ထိုအခါကျမှ သူ၏ စွမ်းအားကို လီယက ပို၍ အံ့အားသင့်သွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
တာအိုခုံရုံးထဲသို့ ဝင်ရောက်နိုင်ရန် စီစဉ်ပေးနိုင်သော ကုအန်၏ စွမ်းရည်ကို လီယ သံသယ မဝင်ခဲ့သော်လည်း သူက ခေါင်းခါလျက် ပြောလိုက်သည်။ “ငါ အချုပ်နှောင် မခံချင်ဘူး... အဲလိုမှ မဟုတ်ရင် ငါက အဓိပတိဂိုဏ်းမှာပဲ တစ်လျှောက်လုံး နေခဲ့မှာပေါ့... ဒီကမ္ဘာကြီးမှာ ငါ့ကို မငြီးငွေ့စေနိုင်သေးတဲ့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိသေးတဲ့အတွက် ငါ ဆက်ပြီး လှည့်လည်သွားလာဖို့ စီစဉ်ထားတယ်...”
မဟာကမ္ဘာကို ပြန်လည် ပုံဖော်ပြီးနောက် ဖြစ်ထွန်းလာသော အခွင့်အရေးများအပြင် ကုအန်က စစ်ခုံရုံးမှ ရတနာများကို ကမ္ဘာအနှံ့ ဖြန့်ကြဲထားခဲ့ဖူး၏။ ယနေ့တိုင် ထိုအရာများ၏ ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်မှာ ထွက်ပေါ်လာခြင်း မရှိသေးသည့် အမွေအနှစ် အမျိုးမျိုးလည်း ပါဝင်သည်။ အံ့ဖွယ်ဓမ္မအမတ တစ်ပါး ဖြစ်သည့် လီယသည် အမှန်တကယ်အားဖြင့် မူလဘူတအနှောင်ဖွဲ့ကင်းအမတ အဆင့်ရှိသူ တစ်ယောက်ပင်လျှင် သင့်လျော်သော နတ်ဘုရားကျင့်စဉ်များနှင့် လျှို့ဝှက်ကျင့်စဉ်များကို ကြုံတွေ့နိုင်သေး၏။
ထိုစကားကို ကြားပြီးနောက် ကုအန်က ဆက်၍ အတင်းအကျပ် မတိုက်တွန်းတော့ချေ။ သူက အတိတ်အကြောင်းများကို စတင် ပြန်လည် ပြောပြရာ လီရွှမ်ယုနှင့် လီယတို့ နှစ်ယောက်စလုံးမှာ ခံစားချက်များဖြင့် ပြည့်နှက်သွားကြသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခြောက်သောင်းခန့်က သူတို့ကို ရိုက်သတ်မည် ဆိုလျှင်တောင် ယနေ့ သူတို့ ရရှိခံစားနေရသည့် အောင်မြင်မှုများနှင့် အဆင့်အတန်းမျိုးကို ရရှိလိမ့်မည်ဟု တွေးတောမိခဲ့ကြမည် မဟုတ်ပေ။
မိတ်ဆွေဟောင်းများအကြောင်း ပြောဆိုလာကြသည်နှင့်အမျှ သူတို့ အချင်းချင်း ပိုမို ပြောဆိုဖြစ်လာကြပြီး လီရွှမ်ယုကလည်း တစ်ခါတစ်ရံ ဝင်ပြောလေ့ရှိရာ လေထုမှာ အလွန် သဟဇာတ ဖြစ်လှ၏။
တစ်နာရီခန့် ကြာပြီးနောက် ကုအန်သည် လီယအား ချမ့်ခွန်းဂိုဏ်းသို့ အလည်အပတ် လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်ပြီး လီရွှမ်ယုကမူ သူတို့ကို မနှောင့်ယှက်လိုသဖြင့် ဆင်ခြေတစ်ခု ပေးကာ ထွက်ခွာသွားခဲ့သည်။
သူတို့ နှစ်ယောက်တည်း ကျန်ခဲ့သောအခါ လီယမှာ ဆက်လက် ထိန်းချုပ်မထားတော့ဘဲ လွန်ခဲ့သော နှစ်များအတွင်း သူ ကြုံတွေ့ခဲ့ရသည့် အခက်အခဲ ပြဿနာများအကြောင်းကို စတင် ပြောပြလေသည်။
သူက မိသားစု၊ အချစ်ရေးနှင့် ရန်သူများအကြောင်းကို ခေါင်းထဲ ပေါ်လာသမျှ အကုန် ပြောပြနေ၏။
သူ၏ ဇနီးနှင့် ကလေးများကို ရင်ဆိုင်ရချိန်တွင်ပင် သူ၏ အားနည်းသော အခြမ်းကို ဘယ်သောအခါမျှ ထုတ်ဖော်ပြသလေ့ မရှိသော်လည်း ကုအန်နှင့် ရင်ဆိုင်ရသောအခါ ဤကိစ္စများကို မပြောဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။
ကုအန်က စိတ်ဝင်တစား နားထောင်ပေးပြီး တစ်ခါတစ်ရံ လီယကို စနောက်လေ့ရှိရာ လီယ၏ ခံစားချက်များမှာ အတက်အကျ ဖြစ်နေရ၏။
ချမ့်ခွန်းဂိုဏ်းတွင် နှစ်ရက်ခန့် နေထိုင်ပြီးနောက် ကုအန်က လီယအား သူ၏ နယ်မြေကို ပြသရန် သက်တမ်းတာအိုနယ်မြေ သို့ ခေါ်လာခဲ့သည်။
အသက်တမ်းတာအိုနယ်မြေ တွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လီယမှာ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်များကြောင့် အံ့အားသင့် မှင်သက်သွားခဲ့ရသည်။
ကုအန်သည် လီယနှင့်အတူ အသက်တမ်းတာအိုနယ်မြေ တွင်း လမ်းလျှောက်လိုက်ရာ ကျင့်ကြံနေကြသော တပည့်များနှင့် ကြုံတွေ့ခဲ့ရ၏။ စံကျောင်းမှာ အလွန် ကျယ်ဝန်းပြီး တပည့်များက နေရာအနှံ့တွင် တစ်ယောက်တည်း ကျင့်ကြံရသည်ကို ပို၍ နှစ်သက်ကြသည်။
ကုအန် ရောက်လာသည်ကို မြင်သောအခါ တပည့်များအားလုံးက အရိုအသေ ပေးကြပြီး ကုအန်က လီယကို သူတို့နှင့် မိတ်ဆက်ပေးလိုက်သည်။
လီယသည် ကုအန် အဂရုစိုက်ဆုံးသော သူ ဖြစ်ကြောင်း အန်ရှင်းထံမှ ကြားဖူးထားသဖြင့် တပည့်များက လီယကို မှတ်မိနေကြ၏။
ဝူရှီ တပည့်တစ်ယောက်ချင်းစီ၏ ကျင့်ကြံခြင်း အဆင့်မှာ သူ့ထက် မနိမ့်ကျကြောင်း လီယ ခံစားသိရှိနိုင်ပြီး အန်ရှင်းနှင့် သွေးကျဉ်းထောင် သူတော်စင်တို့က သူ့အား လွှမ်းမိုးနိုင်လောက်သည့် ဖိအားများကို ပေးစွမ်းနေကြသည်။
သို့သော်လည်း လီယမှာ စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ ကုအန်၏ ဘေးတွင် ကျင့်ကြံရခြင်းက သဘာဝကျသည်ဟုသာ ယုံကြည်ထား၏။
သက်တမ်းတာအိုနယ်မြေတွင် သုံးရက်ခန့် နေထိုင်ပြီးနောက် သူက ကုအန်ကို နှုတ်ဆက်လိုက်သည်။
“မင်း ဆက်နေပြီး ကျင့်ကြံချင်လား...” ကုအန်က ပြုံး၍ မေးလိုက်၏။
လီယက ခေါင်းခါလျက် ပြောလိုက်သည်။ “ငါ မင်းကို အများကြီး အားကိုးခဲ့ပြီးပြီ... အမှန်တိုင်း ပြောရရင် မင်းကို ကျော်တက်ချင်တဲ့ ရည်မှန်းချက် ငါ့ဆီမှာ အခုထိ ရှိနေတုန်းပဲ... မင်းဘေးမှာ ကျင့်ကြံတာက ပိုမြန်မယ် ဆိုပေမဲ့ မင်းကို ကျော်တက်ဖို့က မဖြစ်နိုင်ဘူးလေ... ဒါကြောင့် ငါ့ရဲ့ ကိုယ်ပိုင်လမ်းကို ငါဖောက်ဖို့ လိုတယ်... ပြီးတော့ ငါ့ရဲ့ သဘာဝက အချိန်ကြာရှည် တံခါးပိတ် ကျင့်ကြံဖို့ မသင့်တော်ဘူး...”
“ကမ္ဘာကြီးက ကျယ်ဝန်းလှတယ်... ငါ့မျက်လုံးတွေက အကုန်လုံးကို သေချာ မမြင်ရသေးဘူး... ဒီကမ္ဘာကြီး အနှံ့ လှည့်လည်သွားလာပြီးတဲ့အခါ မင်းနဲ့ အတိတ်အကြောင်းတွေ ပြောဖို့ ငါ ပြန်လာခဲ့ပါမယ်...”
ဤအချိန်တွင် လီယမှာ စိတ်ဓာတ် တက်ကြွနေတော့၏။
ကုအန်က သူ၏ ရည်မှန်းချက်ကို များစွာ သဘောကျသဖြင့် သူ့ကို တားဆီးခြင်း မပြုခဲ့ချေ။
“ နောက်ပြီး... မင်းက ကပ်ဘေးကို တကယ်ပဲ ဖြေရှင်းလိုက်ပြီလား ဆိုတာ ငါ ကြည့်ဖို့ လိုသေးတယ်လေ...” လီယက ကုအန်အား စိန်ခေါ်နေသကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။
ကုအန် ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ငါ တကယ် ဖြေရှင်းပြီးပြီလား ဆိုတာကို မင်းရဲ့ မျက်လုံးတွေနဲ့ မြင်နိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်...”
ဤစကားကို ကြားသောအခါ လီယမှာ ချက်ချင်းပင် စိတ်ပျက်သွား၏။
ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် ထွက်လာပြီး သနားစဖွယ် အသံဖြင့် ပြောလိုက်သည်။ “သခင်... ကျွန်တော် သခင်နဲ့ နေခဲ့ချင်ပါတယ်...”
လီယသည် ၎င်းကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး အနေရခက်သော အပြုံးဖြင့် ကုအန်ကို ပြောလိုက်၏။
“သူ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာပါ...”
ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အသည်းအသန် ရုန်းကန်နေတော့သည်။
“မင်းတို့ နှစ်ယောက်က တကယ် လိုက်ဖက်တာပဲ...” ကုအန်က ခေါင်းခါလျက် ရယ်မောလိုက်၏။
ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်၏ အတွေးများကို သူ ကြားနိုင်ပြီး ၎င်းက လီယကို ခွဲခွာရန် ဝန်လေးနေကြောင်းနှင့် လီယ၏ ဟန်ဆောင်မှုများကို သဘောမကျသဖြင့်သာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူ သိထားသည်။
“ငါတို့ သွားတော့မယ်...”
လီယသည် ထိုစကားတစ်ခွန်းကို ချန်ထားရစ်ကာ ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်ကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။
ကုအန်က သစ်တောအလယ်တွင် ရပ်လျက် သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူတို့၏ အပြန်အလှန် စနောက်မှုများကြောင့် အတော်လေး ရယ်ချင်နေမိ၏။
ဆန်းကြယ်မြို့တော်၏ စွမ်းအားမှာ တာအိုရတနာအောက် နိမ့်ကျပြီး ဆန်းကြယ်မြို့တော်ကို လီယအား ပေးလိုက်ရမည် ဆိုလျှင်တောင် သူက ဂရုစိုက်မည် မဟုတ်ပေ။ အဆက်အသွယ် တစ်ခုကို ထိန်းသိမ်းထားရသည့် အကြောင်းရင်းမှာ နောင်တစ်ချိန်တွင် လီယက သူ၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ကုအန်၏ ဘေးတွင် အန်ရှင်း ထွက်ပေါ်လာပြီး လီယ၏ ကျောပြင်ကို ကြည့်နေ၏။ သူမက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ဆရာ... အကြီးအကဲ လီရဲ့ အကြောင်းအကျိုး ပြောင်းလဲသွားတာက ဆရာ့လက်ချက်လား...”
လီယ၏ ကံကြမ္မာ အားလုံးကို သူမ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း လီယ၏ ကံကြမ္မာနှင့် အကြောင်းအကျိုး ပြောင်းလဲမှုများကို သူမ ခံစားသိရှိနိုင်ပြီး သူ၏ ကံကြမ္မာကို သက်ရောက်မှု ရှိစေ၏။
“မဟုတ်ပါဘူး... သူ့ရဲ့ ရွေးချယ်မှုတွေကပဲ သူ့ရဲ့ အကြောင်းအကျိုးကို ပြောင်းလဲသွားစေတာ” ကုအန်က တည်ငြိမ်စွာ ဖြေလိုက်သည်။
ထူးဆန်းသော စွမ်းအားကို ကုအန်က ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သော်လည်း ပြင်ပကောင်းကင်မှ စွမ်းအားများအပေါ် လီယ၏ စိတ်ဝင်စားမှုက နိုးကြွလာခဲ့ပြီး ပြင်ပကောင်းကင်နှင့် ပတ်သက်သည့် အရာအားလုံးကို သူ ပိုမို အာရုံစိုက်လာမည် ဖြစ်ကာ ထိုမှတစ်ဆင့် သူ၏ ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေလိမ့်မည်။
ကုအန်၏ လွှမ်းမိုးမှု တည်ရှိနေခြင်းနှင့်အတူ ဝင်စားသည့် ခန္ဓာကိုယ်၏ အနာဂတ်မှာ ပို၍ပို၍ မှုန်ဝါးလာပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဝင်စားသည့် ခန္ဓာကိုယ်ကို မူလ ခန္ဓာကိုယ်ကသာ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ကုအန်၏ လက်ရှိ စွမ်းအားက ကွဲပြားသော အနာဂတ်များကို ဖန်တီးနိုင်ပြီး ကွဲပြားသော အနာဂတ်များကို အမှန်တကယ် တည်ရှိလာစေရန်ပင် ပြုလုပ်နိုင်၏။ ခေတ်သစ် ကမ္ဘာမြေ၏ အသုံးအနှုန်းကို အသုံးပြုရလျှင် သူက အတွေးတစ်ချက်ဖြင့်ပြိုင်ကမ္ဘာများကို ဖန်တီးနိုင်စွမ်း ရှိလေသည်။
အန်ရှင်း၏ မျက်နှာပေါ်တွင် တွေးတောနေသည့် အမူအရာ ပေါ်လာပြီး လီယ၏ ရွေးချယ်မှုများ ပြောင်းလဲသွားခြင်းမှာ ဆရာသခင်နှင့် စကားပြောဆိုမှုကြောင့် ဖြစ်သည်ဟု သူမ ယုံကြည်ထား၏။
ကုအန်သည် နောက်သို့ လှည့်၍ ပြန်သွားရာ အန်ရှင်းကလည်း အနီးကပ် လိုက်ပါသွားပြီး သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ သံသယများကို စတင် မေးမြန်းလေသည်။
ထူးဆန်းသော စွမ်းအားကို ကုအန်က ဖြန့်ကြဲဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း လူသားများအကြား အမုန်းတရားများက ဖြစ်တည်နေနှင့်ပြီး ဖြစ်ရာ လူသားကမ္ဘာ၏ ဖရိုဖရဲ ဖြစ်မှုက အချိန်အတန်ကြာ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သော်လည်း ယခင်ကနှင့် ယှဉ်လျှင် ပို၍ အဖြစ်ဆိုးများ ကြုံတွေ့ရမည် မဟုတ်တော့ပေ။
တစ်ချိန်တည်းမှာပင် ထျန်းဟုန် ဧကရာဇ်က ကျောက်ရူရှန်းကို ပို၍ စောစီးစွာ ရင်ဆိုင်ရမည် ဖြစ်ပြီး ၎င်းက ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော သူရဲကောင်း နှစ်ဦးခေတ်၏ အစပြုခြင်းကို အမှတ်အသား ပြုနေပေလိမ့်မည်။
ဤအပြိုင်အဆိုင် ဖြစ်မှုက တာအိုခုံရုံး၏ အုတ်မြစ်များကို လှုပ်ခတ်သွားစေမည် ဖြစ်ပြီး လူသားကမ္ဘာ၏ ရွေ့လျားပြောင်းလဲမှုများထဲသို့ ကိန်းရှင်အသစ် တစ်ခု ယူဆောင်လာပေးမည် ဖြစ်၏။
...
အဆုံးမဲ့ တာအိုတောင်။
ဆံဖြူ ဘိုးဘေးက နှစ်တစ်ထောင် ကြာအောင် တရားဟောကြားခဲ့ပြီး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် တရားနာသူ အားလုံး နိုးထလာကြသည်။
“မင်းတို့ တစ်ယောက်ကို မေးခွန်းတစ်ခုစီ မေးဖို့ ငါ ခွင့်ပြုမယ်... အားလုံးရဲ့ သံသယတွေကို ငါ ဖြေရှင်းပေးပြီးတာနဲ့ ဒီတရားဟောကြားမှုက အဆုံးသတ်ပြီ... တရားဟောနေစဉ်အတွင်း နားမလည်တာတွေကို မေးနိုင်သလို ဒီတရားဟောကြားမှုနဲ့ မသက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မေးနိုင်တယ်...”
ဆံဖြူ ဘိုးဘေး၏ အသံ ထွက်ပေါ်လာသည်နှင့် စံကျောင်းအတွင်း၌ တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားလေသည်။
ကုအန်ကလည်း ဆံဖြူ ဘိုးဘေးအား မည်သို့သော မေးခွန်းမျိုး မေးရမည်ကို စတင် စဉ်းစား တွေးတောနေတော့၏။
***