ဆယ့်ခြောက်နှစ် ကြာပြီးနောက် ချမ့်ခွန်းဂိုဏ်းတွင် အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ဆယ့်ခြောက်နှစ် အရွယ်ရှိ အမျိုးသား တပည့်တစ်ဦးကို ဂိုဏ်းချုပ်က သူ၏ နောက်ဆက်ခံမည့် ဂိုဏ်းချုပ်အဖြစ် ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်ဖြင့် တပည့်အဖြစ် လက်ခံလိုက်ခြင်း ဖြစ်၏။
ဤကိစ္စကို အကြီးအကဲချုပ် လေးဦးကလည်း သဘောတူ ခွင့်ပြုထားပြီး ဂိုဏ်းအတွင်း၌သာမက ကမ္ဘာအနှံ့သို့ပါ ကောလာဟလ အမျိုးမျိုး ပျံ့နှံ့သွားလေသည်။
ထိုကောင်လေး၏ အမည်မှာ ယွမ်လော့ ဖြစ်၏။ မူလက သူ၌ ဤအမည် မရှိခဲ့သော်လည်း ပထမဆုံးအကြိမ် ချီစုပ်ယူခြင်း ကျင့်စဉ်ကို စတင် ကျင့်ကြံပြီးနောက် ဤအမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
သူ၏ ပထမဆုံး ချီစုပ်ယူခြင်းတွင်ပင် ခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သဖြင့် သူ့ကို လမ်းညွှန် သင်ကြားပေးနေသောဆရာကို မှင်သက်သွားစေခဲ့ပြီး ထိုသတင်းက ချမ့်ခွန်းဂိုဏ်း၏ အထက်လူကြီးများထံသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။
ထို့နောက် ယွမ်လော့က ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် တစ်နှစ်သာ အချိန်ယူခဲ့ရပြီး အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် ခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလွန် အံ့မခန်း မြန်ဆန်လှပေသည်။
“ရီချင်းရှန်က ရက်အတော်ကြာအောင် တိုင်ပင် ဆွေးနွေးပြီးတော့ တာအိုခုံရုံးက ပါရမီရှင်တွေကို လေ့ကျင့်ပေးတဲ့ ပုံစံအတိုင်း ယွမ်လော့ကို ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်တယ်... သူတို့က ယွမ်လော့ကို ကျောက်ရူရှန် ဒါမှမဟုတ် ထျန်းဟုန် ဧကရာဇ်တို့နဲ့ ယှဉ်နိုင်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်... ဒါပေမဲ့ ငါ့အမြင်မှာတော့ သူတို့က ဝူရှီရဲ့ ကာကွယ်မှုအပေါ် အားကိုးနေကြတာပဲ... ဝူရှီသာ မရှိရင် ဒီလို တပည့်မျိုးကို ပြုစုပျိုးထောင်တာက စောစီးသေဆုံးရတဲ့ လမ်းကိုပဲ ဦးတည်သွားလိမ့်မယ်...”
ဖူယိုသရဲမယ်တော် ဖန်တီးထားသော ကန်စပ်တွင် ငါးဖမ်းနေသည့် ကုအန်၏ ဘေး၌ ရပ်ရင်း အန်ရှင်းက ပြောလိုက်သည်။ ထိုကန်ထဲတွင် ကုအန်၏ ဖျော်ဖြေရေးအတွက် လျင်မြန် ဖျတ်လတ်သော ငါးများစွာ ထည့်သွင်းထား၏။
“ကိစ္စမရှိပါဘူး... ငါတို့ ဝန်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အပြင်လောကကတော့ ဝူရှီကို ချမ့်ခွန်းဂိုဏ်းရဲ့ ထောက်တိုင်ကြီးတစ်ခု အဖြစ် မြင်နေကြတာပဲ... ပြီးတော့ တကယ်လည်း ငါတို့ အများကြီး လုပ်ပေးခဲ့တာပဲလေ...” ကုအန်က ကန်ရေပြင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာပြီး ဖြတ်သန်းခဲ့ရသော နှစ်ကာလများ များပြားလာသည်နှင့်အမျှ ကုအန်၏ စိတ်နေစိတ်ထားကလည်း ပြောင်းလဲလာခဲ့၏။
သူက သူ၏ ကိုယ်ပိုင် ခံစားချက်များကို ပို၍ အာရုံစိုက်လာခဲ့သည်။
အန်ရှင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “ဆရာ... အဲဒီလောက် အံ့မခန်း ပါရမီပါတဲ့ ယွမ်လော့ရဲ့ ဇာစ်မြစ်က ဘာလဲဟင်... သူက အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဝင်စားတာ ဖြစ်ရမယ် မဟုတ်လား...”
“အင်း... သူရဲ့ အတိတ်ဘဝတုန်းက သူ့ကို ဖရိုဖရဲ နာကြည်းချက် လော့ လို့ ခေါ်တယ်... မဟာကမ္ဘာပေါင်းများစွာမှာ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာလေ... လူသားကမ္ဘာမှာ ဖြစ်ခဲ့တဲ့ အရင်ကပ်ဘေးကလည်း သူ့ရဲ့ စွမ်းအားတွေကြောင့် ဖြစ်လာတာပဲ... သူက အမတနတ်ဘုရားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ဝင်စားခြင်း သံသရာထဲကို ပစ်ချခံလိုက်ရတာ ဖြစ်နိုင်တယ်... အဲဒါကြောင့် ဒီလို အခြေအနေမျိုး ရောက်သွားတာပေါ့...” ကုအန်က ဘာကိုမှ ဖုံးကွယ်မထားဘဲ ယွမ်လော့၏ နောက်ခံအကြောင်းကို အတိုချုံး ရှင်းပြလိုက်သည်။
အန်ရှင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ “အမတနတ်ဘုရားတွေရဲ့ လုပ်ရပ်လား... ဒီလောက် ဆိုးယုတ်တဲ့ သတ္တဝါက ချမ့်ခွန်းဂိုဏ်းထဲမှာ ဝင်စားလာတယ်ဆိုတော့ အဲဒီနောက်ကွယ်မှာ အကြံအစည် တစ်ခုခု ရှိနေမှာ မဟုတ်ဘူးလား...”
ကုအန်က သူမကို တစ်ချက် ကြည့်၍ ပြုံးလိုက်သည်။ “တကယ်ပဲ ဖုံးကွယ်ထားတဲ့ အကြံအစည် တစ်ခုခု ရှိနေနိုင်တာပေါ့... ဒါပေမဲ့ အဲဒီလို အကြံအစည်တွေဆိုတာ ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး... ကိုယ်တိုင် သေချာ မမြင်နိုင်သေးဘူးဆိုရင် ဒါက ကိုယ်တိုင်က လုံလောက်အောင် အစွမ်းမထက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...”
သူ ပြုံးနိုင်သေးသည်ကို မြင်သောအခါ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း အန်ရှင်း သိလိုက်၏။ ထို့ကြောင့် သူမက မေးလိုက်သည်။
“ဆရာ... ကျွန်မကို တစ်ခုခု လုပ်ခိုင်းစရာ ရှိသေးလား...”
“ဟင်အင်...သဘာဝအတိုင်းပဲ ဖြစ်ပါစေ...”
ကုအန် အများကြီး ဆက်မပြောတော့ချေ။ အန်ရှင်း အနေဖြင့် သူ၏ ဆိုလိုရင်းကို နားလည်လိမ့်မည်ဟု သူ ယုံကြည်ထား၏။
နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပြီးနောက် သူတို့ နှစ်ယောက်ကြားတွင် မြင့်မားသော နားလည်မှု တစ်ခု ဖြစ်တည်လာခဲ့ပြီး အချို့သော ကိစ္စများကို ထပ်ခါတလဲလဲ ရှင်းပြနေရန် မလိုအပ်တော့ပေ။
အန်ရှင်းသည် ယွမ်လော့အကြောင်းကို ဆက်မပြောတော့ဘဲ ထျန်းဟုန် ဧကရာဇ်နှင့် ကျောက်ရူရှန်တို့ဘက်သို့ အကြောင်းအရာ ပြောင်းလိုက်သည်။
“တာအိုခုံရုံးက ကျောက်ရူရှန်ကို တာအိုဧကရာဇ် တစ်ပါး ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်... တာအိုဧကရာဇ် တစ်ပါး ဖြစ်လာဖို့အတွက် မဟာတာအိုရဲ့ လမ်းစဉ်မှာ ကိုယ်တိုင် သက်သေပြရမယ်လို့ ဆရာ ပြောခဲ့တယ် မဟုတ်လား... ကျောက်ရူရှန်က မဟာတာအိုရဲ့ လမ်းစဉ်ဆီကို ဆက်သွားတော့မှာလား...”
အန်ရှင်းမှာ တာအိုဧကရာဇ်များကို အလွန် စိတ်ဝင်စားပြီး အဆင့်တူ တာအိုဧကရာဇ် တစ်ပါးက သူမ၏ အမတဧကရာဇ် မျက်လုံးကို ယှဉ်နိုင်စွမ်း ရှိမရှိ သိချင်နေ၏။
“သူက သွားရမယ့် ကံကြမ္မာ ပါလာပြီးသားပါပဲ....သူကတာအိုဧကရာဇ် တစ်ပါး ဖြစ်လာဖို့လည်း ဖန်တီးခံထားရတယ်လေ...” ကုအန်က ပြန်ဖြေလိုက်သည်။
တာအိုဧကရာဇ်များအကြောင်း ပြောလာသောအခါ သူ၏ အာရုံက မဟာတာအို၏ လမ်းစဉ်ထံသို့ အလိုအလျောက် ရောက်သွားပြီး ကျိရှောင်ယုနှင့် ရှောင်လန်တို့ကို စောင့်ကြည့်လိုက်မိ၏။
ကျိရှောင်ယုသည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ပြီး သူမ၏ ကံကြမ္မာများ ဖြစ်တည်လာသည်နှင့်အမျှ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ရှောင်လန်သည်လည်း ဧကရာဇ် လမ်းစဉ်သို့ စတင် လျှောက်လှမ်းနေပြီ ဖြစ်၏။
တာအိုဧကရာဇ် ပြိုင်ပွဲတွင် ပါဝင်ပြီးနောက် သူတို့၏ ကျင့်ကြံခြင်းများက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး တိုက်ပွဲများမှတစ်ဆင့် ပိုမို အစွမ်းထက်လာခဲ့ကြသည်။
ရှောင်လန်သည် နတ်တွေးစစ်မှန်အမတအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အဝေးရှိ မြူခိုး အမတနန်းတော်မှ ထျန်ဟောင်ကိုပင် မှီလာခဲ့ပြီ ဖြစ်၏။
ကျိရှောင်ယုသည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ အဆင့်ကိုပင် ထိုးဖောက် ဝင်ရောက်နေပြီး စွမ်းအားအရ ယခုအခါ သူမက ယွမ်စုန်ကျီထက်ပင် ပို၍ အစွမ်းထက်နေပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တိုက်ပွဲဝင်ခဲ့ပြီးနောက် ယွမ်စုန်ကျီသည် ကျိရှောင်ယုအား တာအိုခုံရုံးသို့ ဝင်ရောက်ရန် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ အကယ်၍ သူမနှင့် ရှောင်လန်တို့သာ အောင်မြင်သွားပါက တာအိုခုံရုံးတွင် တာအိုဧကရာဇ် နှစ်ပါး ရှိလာမည် ဖြစ်ပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပြင်ဘက်ရှိ မဟာကမ္ဘာသုံးထောင်ကို ရင်ဆိုင်ရန် ယုံကြည်မှု ရရှိလာပေလိမ့်မည်။
ယွမ်စုန်ကျီ၏ ရင်ထဲမှ အသံကို ကုအန် ကြားနိုင်ပြီး သူ၏ စိတ်အခြေအနေမှာ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်ထက် များစွာ ပိုမို စိတ်လှုပ်ရှားနေကြောင်း ခံစားမိ၏။
ကျိရှောင်ယုသည် ကျင့်ကြံနေပြီး တိုက်ပွဲအတွက် ပြင်ဆင်နေသည်။ သူမ၏ နောက်ထပ် ပြိုင်ဘက်မှာ မဟာတာအို၏ လမ်းစဉ်ပေါ်တွင် အဆင့်တူ ပြိုင်ဘက်များကို အနိုင်ယူ၍ အကြိမ်တစ်ထောင် အနိုင်ရရှိထားသော ယှဉ်ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်သည့် မူလဧကရာဇ် နယ်မြေမှ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဖြစ်၏။
ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်သည် မူလဧကရာဇ် နယ်မြေရှိ ထင်ရှားကျော်ကြားသော ပါရမီရှင် ထိပ်တန်း ငါးဦးစာရင်းဝင် ဖြစ်ပြီး သူ၏ အရှိန်အဟုန်မှာ အလွန် အားကောင်းလှပေသည်။
ဤတိုက်ပွဲ၏ ရလဒ်ကို ကုအန် ကြိုတင် တွက်ချက်ထားပြီး ဖြစ်ရာ သူ အံ့အားသင့်သွားခြင်း မရှိချေ။
အမတဧကရာဇ် မျက်လုံး၏ မူလပိုင်ရှင်ဟောင်း ဖြစ်သော ကောင်းကင်ခိုးယူသူ ဧကရာဇ် သည်လည်း မူလဧကရာဇ် နယ်မြေမှ လာခြင်း ဖြစ်သည်။ ထိုသူသည် ကောင်းကင်ခိုးယူသော အမတဂိုဏ်းကို တည်ထောင်ခဲ့ပြီး ကောင်းကင်နန်းတော်၏ လိုက်လံ ဖမ်းဆီးမှုကိုပင် ခံရခဲ့ရာ သူ၏ တာအိုကျင့်ကြံမှုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြနေ၏။
မူလဧကရာဇ် နယ်မြေ၏ နက်ရှိုင်းသော အုတ်မြစ်မှာ မဟာကမ္ဘာများ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
“ဆရာ... ကျွန်မတို့ ဝူရှီမှာရော တာအိုဧကရာဇ် တစ်ပါး ပြုစုပျိုးထောင်ဖို့ လိုမယ်လို့ ထင်လား...” အန်ရှင်းက မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
ဝူရှီသည် သာမန်အားဖြင့် ဂိုဏ်းတစ်ခု မဟုတ်သော်လည်း အကြီးအကဲ တပည့်တစ်ဦး အနေဖြင့် ဝူရှီကို ပို၍ အစွမ်းထက်လာစေရန် အန်ရှင်းက မျှော်လင့်နေ၏။
“အဲဒါက ကိုယ်ပိုင် ရည်မှန်းချက်တွေအပေါ်မှာပဲ မူတည်တယ်... ငါက အဲဒါကို မတောင်းဆိုပါဘူး... တာအိုဧကရာဇ် တစ်ပါးက အစွမ်းထက်တယ် ဆိုပေမဲ့ အဲဒီလမ်းက အရမ်း ခက်ခဲတယ်လေ...”
ကုအန်က ခပ်ဖွဖွ ပြောလိုက်၏။ သူ၏ အတွင်း၌ ယုံရှန်းဧကရာဇ်၏ မှတ်ဉာဏ်များ ရှိနေသဖြင့် တာအိုဧကရာဇ် တစ်ပါး ဖြစ်လာရန် လမ်းကြောင်းမှာ မည်မျှ ခက်ခဲကြမ်းတမ်းကြောင်း သူ သိထားသည်။
နယ်မြေအတွင်းရှိ တပည့်များကို ကြည့်ရလျှင် အမှန်တိုင်း ပြောရပါက တာအိုဧကရာဇ် တစ်ပါး ဖြစ်လာရန် အလားအလာ ရှိသူ မည်သူ့ကိုမျှ သူ မတွေ့ရသေးချေ။ အပြင်ထွက်ချိန်တွင် သူ၏ လျှို့ဝှက် ကာကွယ်မှုအပေါ် အားကိုးနေရသည့် ရှောင်လန်ပင်လျှင် မဖြစ်နိုင်ပေ။
အကယ်၍ ရှောင်လန်သာ တစ်ယောက်တည်း ထွက်သွားမည် ဆိုလျှင် သူမ သေဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
ထို့ပြင် သူသည် ရှောင်လန်ကို ဆက်လက် ကူညီနေမည် ဆိုပါက သူမ ဘယ်နှစ်ကြိမ်ပဲ အနိုင်ရပါစေ ဘယ်သောအခါမျှ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ကြောင်းကို သူ ခံစားသိရှိနိုင်၏။
မဟာတာအို၏ လမ်းစဉ်ပေါ်ရှိ မဟာတာအို၏ ဆန္ဒမှာ တွေးတော၍ပင် မရနိုင်လောက်အောင် နက်နဲလှပေသည်။
နားထောင်ပြီးနောက် အန်ရှင်းမှာ တွေးတော ဆင်ခြင်မိသွားပြီး ကုအန် စကား၏ ဆိုလိုရင်းကို ဝိုးတဝါး နားလည်သွား၏။
ဤအချိန်တွင် ကုအန်၏ ငါးဖမ်းတံက လှုပ်ရှားသွားပြီး သူက အားစိုက်၍ ပြန်ရစ်ယူလိုက်ရာ သူ၏ လက်မောင်းများပင် တုန်ယင်နေ၏။
ကုအန်သည် သာမန် လူတစ်ယောက်လို အသည်းအသန် ရုန်းကန်နေရသည်ကို မြင်သောအခါ အန်ရှင်းက ပါးစပ်ကို အုပ်၍ ရယ်မောလိုက်ပြီး သူမ၏ ဆရာမှာ ဟန်ဆောင်ရသည်ကို အမှန်တကယ် နှစ်သက်ကြောင်း တွေးလိုက်မိသည်။
...
တောက်ပသော နန်းတော်တစ်ခု အတွင်း၌ ကျိရှောင်ယုသည် အပြာရောင် သလင်းကျောက် တစ်ခုရှေ့တွင် တရားထိုင်နေပြီး သလင်းကျောက်ပေါ်တွင် သူမ၏ ပုံရိပ်က ထင်ဟပ်နေ၏။
ယွမ်စုန်ကျီက အနားသို့ ချဉ်းကပ်လာပြီး ကျိရှောင်ယု၏ ရှေ့တွင် ရပ်ကာ စကားပြောရန် တုံ့ဆိုင်းနေသည်။
ကျိရှောင်ယုက မျက်လုံးများကို မှိတ်ထားရင်း မေးလိုက်၏။ “ပြောစရာရှိတာ ပြောပါ... ခုံရုံးအရှင်...”
ယွမ်စုန်ကျီက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။ “လက်လျှော့မယ်ဆိုလဲ လက်လျှော့လိုက်ပါ.. မင်းရဲ့ နောက်ထပ်ပြိုင်ဘက်က အနိုင်ယူဖို့ မဖြစ်နိုင်ဘူး...”
ထိုစကားကို ကြားသောအခါ ကျိရှောင်ယုက မျက်လုံးများကို ဖွင့်၍ သူ့ကို စိုက်ကြည့်လိုက်၏။
ယွမ်စုန်ကျီက ဆက်ပြောသည်။ “ငါ စုံစမ်းပြီးသွားပြီ... ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်က အကြိမ်တစ်ထောင် အနိုင်ရထားရုံသာမကဘဲ မူဧကရာဇ် နယ်မြေက အဆင့်တူ ပြိုင်ဘက်တွေကိုပါ အကုန်လုံး ဖိနှိပ်ခဲ့တာ... တစ်ခါက တာအိုဧကရာဇ် တစ်ပါးက အဆင့်တူ ဖိနှိပ်ပြီး သူ့ကို တိုက်ခိုက်ခဲ့တာတောင် ရှုံးနိမ့်သွားခဲ့တယ်တဲ့”
ဧကရာဇ် လမ်းစဉ်ပေါ်သို့ မလျှောက်လှမ်းမီ တာအိုဧကရာဇ် တစ်ပါးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ထိုတာအိုဧကရာဇ်က သူ၏ အဆင့်ကို ဖိနှိပ်ထားသည် ဆိုလျှင်တောင် အလွန် ယုံကြည်နိုင်စရာ မရှိပေ။
ထိုအကြောင်းကို တွေးမိရုံဖြင့် ယွမ်စုန်ကျီ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။ ကျိရှောင်ယု ယုံကြည်မည် မဟုတ်ဟု သူ စိုးရိမ်သဖြင့် ထပ်လောင်း ပြောလိုက်သည်။
“မဟာတာအိုရဲ့ လမ်းစဉ်ပေါ်မှာ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်က တာအိုဧကရာဇ် တစ်ပါး ဖြစ်လာဖို့ ဖန်တီးခံထားရသူလို့ လူတိုင်းက ယုံကြည်ကြတယ်... တာအိုရဲ့ ဆန္ဒအရ မင်းနဲ့ သူ ယှဉ်ပြိုင်ရတာက ကံဆိုးမှု တစ်ခုပဲ... တိုက်ပွဲကို ရှောင်လွှဲလိုက်ရင် ကြိုးစားအားထုတ်ခဲ့သမျှတွေ အလဟဿ ဖြစ်သွားနိုင်ပေမဲ့ အနည်းဆုံးတော့ မင်း အသက်ရှင်ခွင့် ရလိမ့်မယ်...”
တာအိုဧကရာဇ် အတွက် ယှဉ်ပြိုင်ရခြင်းမှာ ကလေးကစားစရာ မဟုတ်ပေ။ ရှုံးနိမ့်သူ ဆယ်ယောက်တွင် ကိုးယောက်မှာ သေဆုံးကြရ၏။
နှစ်များတစ်လျှောက်လုံး ပါရမီရှင်များစွာက ကျိရှောင်ယု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
ကျိရှောင်ယုက မတုန်မလှုပ်ဘဲ မေးလိုက်၏။ “ခုံရုံးအရှင်... တာအိုဧကရာဇ် တစ်ပါး ဖြစ်လာဖို့ လမ်းကြောင်းက ကြောက်ရွံ့မူကင်းမဲ့ပြီး အားနည်းတဲ့သူတွေနဲ့ ပြည့်နေလို့ မရဘူးဆိုတာကို ရှင် တစ်ခါမှ မတွေးဖူးဘူးလား... အကယ်လို ဒီတစ်ကြိမ် ကျွန်မ လက်လျှော့လိုက်ရင် နောက်တစ်ကြိမ် ဒီနေရာကို ရောက်လာတဲ့အခါ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်လိုပဲ အစွမ်းထက်တဲ့ အခြား ပါရမီရှင် တစ်ယောက်နဲ့ ကျွန်မ ရင်ဆိုင်ရဦးမှာပဲ... အမြဲတမ်း လက်လျှော့နေမယ် ဆိုရင် မဟာတာအိုရဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေရတဲ့ အဓိပ္ပာယ်က ဘာလဲ...”
“တာအိုရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက် တာအိုက ရွေးချယ်ပေးတဲ့ ပြိုင်ဘက်တွေကို အနိုင်ယူရမှာပဲ...”
ဤစကားများကြောင့် ယွမ်စုန်ကျီ မျက်မှောင်ကြုတ်သွား၏။ ယင်းက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် တာအိုဧကရာဇ် တစ်ပါး ဖြစ်လာရန် အခက်အခဲကို အထင်သေးခဲ့မိခြင်း ဖြစ်နိုင်ပေသည်။
ရှောင်လန်လည်း ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်ဟု တွေးမိသောအခါ သူ ရုတ်တရက် လမ်းပျောက်သွားသလို ခံစားလိုက်ရ၏။
သူသည် အလွန် အလောတကြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ လက်ရှိအချိန်တွင် တာအိုခုံရုံးအနေဖြင့် တာအိုဧကရာဇ် တစ်ပါးကို ပြုစုပျိုးထောင်ပေးနိုင်စွမ်း မရှိသေးချေ။
ကျိရှောင်ယုသည် ယွမ်စုန်ကျီကို ကြည့်၍ စိတ်ဓာတ် တက်ကြွစွာဖြင့် ပြုံးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ “နောက်ပြီး... ခုံရုံးအရှင်... ကျွန်မ သေချာပေါက် ရှုံးမယ်လို့ ရှင်က ဘယ်လိုလုပ် ရဲရဲဝံ့ဝံ့ ပြောရဲရတာလဲ...”
***