အချိန်အတော်ကြာ ညည်းတွား ငိုကြွေးပြီးနောက် ယွမ်စုန်ကျီက လူတိုင်းကို ဦးဆောင်၍ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်လာခဲ့သည်။ ရှေ့ဆက်ရမည့် ခရီးက ရှည်လျားလှပြီး သူတို့အနေဖြင့် သတိလက်လွတ် မနေရဲကြပေ။
မကြာမီမှာပင် လူတိုင်းက တိတ်ဆိတ်သွားကြပြီး ကိုယ်ပိုင် အတွေးများနှင့်ကိုယ် ဖြစ်နေကြ၏။ ထိုရွှေရောင် လက်ဝါးကြီး၏ ပုံရိပ်က သူတို့၏ စိတ်ထဲတွင် စွဲထင်နေပြီး လွင့်စင် မသွားနိုင်အောင် ဖြစ်နေကာ ရှောင်လန်ပင်လျှင် ပြန်လည် တွေးတောနေမိသည်။
ဤကဲ့သို့သော စွမ်းအားမျိုးက အလွန် ယုံကြည်နိုင်စရာ မရှိလှပေ။
အိမ်ပြန်ရောက်ရင် အစ်ကိုကုကို ဒီအကြောင်း သေချာပေါက် ပြောပြရမယ်...
ထိုသို့ တွေးမိသောအခါ ရှောင်လန်၏ စိတ်ထဲတွင် ကုအန်၏ အသံနှင့် ပုံရိပ်များ ပြည့်နှက်လာပြီး အိမ်သို့ အမြန်ဆုံး ပြန်ချင်နေတော့သည်။
အခြား တစ်ဘက်တွင်...
ကုအန်သည် ချမ့်ခွန်းဂိုဏ်းမှ ထွက်ခွာလာပြီး လူသူကင်းမဲ့သော တောတောင်တစ်ခုသို့ သွားရောက်ခဲ့သည်။ ဤအချိန်တွင် သူ၏ မျက်လုံးများရှေ့၌ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်၏။ အရေအတွက်မှာ တစ်သန်းကျော်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့မှာ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်၏ အကြောင်းအကျိုး ရန်သူများသာ မဟုတ်ဘဲ အခြားသော အကြောင်းအကျိုး အမျိုးအစားများလည်း ဖြစ်နိုင်သည်ဟု ကုအန် သံသယ ဝင်မိ၏။
သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
အသိပေးချက်များ အားလုံး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူက တစ်ကြိမ်တည်းဖြင့် အဆင့်ချိုးဖျက်ရန် နေရာတစ်ခု ရှာဖွေပြီး တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းတော့မည် ဖြစ်၏။
စောင့်ဆိုင်းနေစဉ်အတွင်း သူက တွက်ချက်မှုများကိုလည်း ပြုလုပ်နေခဲ့သည်။
သက်တမ်း ကြိုတင်ခန့်မှန်းခြင်း စွမ်းရည်က သူ့ထက် ပိုမို အစွမ်းထက်ကြောင်း သူ အတည်ပြုနိုင်သော်လည်း မည်မျှအထိ ပိုမို အစွမ်းထက်သနည်း ဆိုသည်ကိုမူ ဆုံးဖြတ်ရခက်နေသေး၏။
တိုက်ရိုက် အကြောင်းအကျိုး မရှိသောကြောင့် အသိပေးချက်များထဲရှိ အမည်များစွာကို ယာယီ ခြေရာခံ၍ မရနိုင်သေးပေ။ နာမည်နှင့် မျိုးရိုး တူညီသူ မည်မျှတောင် ရှိနေမည်နည်း။
သက်တမ်း ကြိုတင်ခန့်မှန်းခြင်း ရှိနေလျှင်တောင် ကုအန်က သူ၏ ရန်သူများကို ကြိုတင် အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်မထားချေ။ အကြောင်းမှာ ကံကြမ္မာ အကြောင်းအကျိုး ဆိုသည်က ပြောင်းလဲနိုင်သောကြောင့် ဖြစ်၏။
တစ်စုံတစ်ယောက်က ရန်သူ ဖြစ်လာရန် ဖန်တီးခံထားရရုံဖြင့် သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စတင်သင့်သည်ဟု မဆိုလိုပေ။
အသစ်ရရှိသော သက်တမ်း ကြိုတင်ခန့်မှန်းခြင်း က သတိပေးချက် တစ်ခုအဖြစ် ပို၍ အသုံးဝင်သည်။
ရန်သူ ပိုများလာလေ သူ ပို၍ သတိထားရလေ ဖြစ်၏။
ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေ မိမိ၏ စွမ်းအားထဲတွင် မိမိကိုယ်ကိုယ် လမ်းပျောက်ရန် ပိုလွယ်ကူလေ ဖြစ်ပြီး မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု ထင်မှတ်လာတတ်သည်။
ကုအန်က သက်ရှိများစွာကို သတိထားနေသော်လည်း သူ၏ လက်ရှိဘဝက အသက်ရှူကျပ်နေသည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ဘဝကို သူ ပျော်ရွှင်နေ၏။
တိုက်ခိုက်ရသည်ထက် သူ၏ ကိုယ်ပိုင် နယ်ပယ်ငယ်လေးအတွင်းရှိ လူသားကမ္ဘာတွင် ကစားရသည်ကို သူက ပို၍ နှစ်သက်လေသည်။
တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် မည်သည့် အသိပေးချက်မျှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ရာ ကုအန်မှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
သူ၏ အကြောင်းအကျိုး ရန်သူ အရေအတွက်မှာ သန်းဆယ်ဂဏန်းအထိ ရှိနေပြီး ၎င်းက အလွန် ယုတ္တိမတန်လှပေ။
သို့သော်လည်း သက်တမ်း ကုန်ဆုံးမှုများကို ကြည့်ရလျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသူ သိပ်မများလှချေ။
ကုအန်က သက်တမ်း အဆင့်ချိုးဖျက်ခြင်း ကို ချက်ချင်း လုပ်ဆောင်လိုက်သည်။
သူသည် အဆုံးမဲ့ တာအိုတောင်သို့ သွားရောက်နိုင်သော်လည်း ခြေရာများ ချန်ထားခဲ့မိပြီး အမည်မသိ တည်ရှိမှုများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံရမည် စိုးရိမ်သဖြင့် သက်တမ်း အဆင့်ချိုးဖျက်ခြင်း ကိုသာ သတိထား၍ အသုံးပြုလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အသွားအပြန် ခရီးစဉ်အတွက် သက်တမ်း ၂၀ နှစ်ဘီလီယံသာ ကုန်ကျမည် ဖြစ်ပြီး ၎င်းက ယခုအခါ သူ့အတွက် မိုးဖွဲလေး တစ်ခုသာ ဖြစ်၏။
လုံခြုံရေးက အရေးအကြီးဆုံးပဲ...
အသိပေးချက် ကိုးခုအနက် ကုအန်သည် အဆင့်ချိုးဖျက်ရန်အတွက် ဟုန်မုန့် မဟာကမ္ဘာကို ရွေးချယ်လိုက်ရာ သူ၏ ရိပ်သည် သစ်တောထဲမှ ပျောက်ကွယ်သွားလေသည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ နေမင်းကြီးက တဖြည်းဖြည်း ဝင်သွား၏။
ညဉ့်အချိန်...
သစ်တောကြီးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဖားအော်သံများသာ ပဲ့တင်ထပ်နေသည်။
ကုအန်သည် တစ်ဖန် ပြန်လည် ထွက်ပေါ်လာ၏။
သူသည် ယခုအခါ တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဤအဆင့်ချိုးဖျက်ခြင်းအတွက် သက်တမ်း ၄ ထရီလီယံတိတိကို အသုံးပြုခဲ့ရသည်။
ဧကရာဇ် မျိုးနွယ်စု၏ ကျေးဇူးကြောင့် ဤမျှ များပြားသော သက်တမ်းများ ဆုံးရှုံးသွားလျှင်တောင် ကုအန်၌ သက်တမ်း ၁၉ ထရီလီယံကျန်ရှိနေသေး၏။
ရှေ့ဆက်ပြီး သူက သက်တမ်း ၁၀၀ ထရီလီယံ ဆိုသည့် ကန့်သတ်ချက်ကို စတင် ခံနိုင်ရည် ရှိလာနိုင်တော့မည် ဖြစ်သည်။
ကုအန်သည် သက်တမ်းတာအိုနယ်မြေသို့ ပြန်သွားရန် ရည်ရွယ်မထားဘဲ လူသားကမ္ဘာ အနှံ့ ခရီးသွားရန်သာ ရည်ရွယ်ထား၏။
အဆင့်ချိုးဖျက်ခြင်းကို အခက်အခဲများစွာဖြင့် အောင်မြင်ခဲ့ပြီးနောက် သူသည် သဘာဝကျကျပင် အလိုလိုက် အကြိုက်ဆောင်ရပေမည်။
ညအချိန် သစ်တောကြီးက မှိုင်းညို့တိတ်ဆိတ်နေပြီး သစ်ရွက်များကြားမှ ဖြာကျနေသော လရောင်က ကုအန်၏ အရိပ်ကို ရှည်လျားသွားစေ၏။
သူက လမ်းလျှောက်ရင်း တွေးတောနေသည်။
တာအိုအထွတ်အထိပ် တာလော့အမတ အဆင့်ရဲ့ အထက်မှာ ဘယ်လို အဆင့်မျိုး ရှိနေဦးမလဲ...
.
တာအိုခုံရုံးနှင့် ဂိုဏ်းကြီးအသီးသီးသည် အတွင်းရေး ပုန်ကန်မှုများကို ဖိနှိပ်လိုက်ပြီးနောက် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး အရုဏ်ဦးက တဖန် ပေါ်လာခဲ့သည်။
နှစ်တစ်ထောင် ကြာပြီးနောက် လူသားကမ္ဘာက ငြိမ်းချမ်းသွားခဲ့၏။
ကမ္ဘာအနှံ့ ကျော်ကြားပြီး လူတိုင်း၏ ချီးကျူးမှုကို ခံရသော ထျန်းဟုန် ဧကရာဇ် သည် သက်တမ်းတာအိုနယ်မြေ အနီးသို့ပြန်လည် ရောက်ရှိလာခဲ့သည်။
တစ်ချိန်က သူ နှစ်သောင်းချီ၍ ဒူးထောက်ခဲ့ဖူးသော သစ်တောထဲတွင် ပြောင်းလဲခြင်း မရှိသော ပတ်ဝန်းကျင်ကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် တွေးတော ဆင်ခြင်နေသည့် အမူအရာများ ပေါ်လွင်နေ၏။
သေမျိုးကမ္ဘာတွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီးနောက် ယခု ပြန်လာသောအခါ ဆရာသခင်ဓားအရှင်၏ ဆိုလိုရင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ကြီးမားလှသော ဂုဏ်သတင်းကို ရရှိခဲ့ပြီး တာအိုခုံရုံးမှ ထွက်ခွာလာခဲ့လျှင်တောင် ဂိုဏ်းကြီးများစွာက သူ့ကို ခေါ်ယူရန် ကြိုးစားခဲ့ကြသည်။ သူသည် လူသားကမ္ဘာ၏ သာယာမှု အားလုံးကို အလွယ်တကူ ခံစားနိုင်ပြီး ပြန်မလာမီကလည်း ထိုအရာများနှင့် သူ အပြင်းအထန် ရုန်းကန်ခဲ့ရသည်။
သို့သော်လည်း ယာယီ သာယာမှုများထက် သူသည် မဟာတာအိုကိုသာ လိုက်လံ ရှာဖွေလိုခဲ့သည်။
သူသည် စမ်းချောင်းရှေ့တွင် ရပ်လျက် စောင့်ဆိုင်းနေရင်း ဤနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် တစ်ခါတစ်ရံ ပေါ်လာတတ်သော မှတ်ဉာဏ် အပိုင်းအစများကို ပြန်လည် တွေးတောနေမိသည်။
တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် တစ်ဘက်ကမ်းတွင် အန်ရှင်း ထွက်ပေါ်လာ၏။ ထျန်းဟုန် ဧကရာဇ်ကို လန့်သွားစေခဲ့ပြီး သူမကို ကမန်းကတန်း အရိုအသေ ပေးလိုက်သည်။
အန်ရှင်းက အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။ "ငါ့နောက်လိုက်ခဲ့... အခုမှစပြီး မင်းက ဝူရှီ တပည့်တစ်ယောက် ဖြစ်သွားပြီ... ပြီးတော့ ငါက မင်းရဲ့ စီနီယာအစ်မပဲ..."
"ကျေးဇူးတင်ပါတယ်... စီနီယာအစ်မ..."
ထျန်းဟုန် ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် ဆရာသခင်ဓားအရှင် ၏ တပည့်တစ်ယောက် အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်၏။
အန်ရှင်းက လှည့်၍ ထွက်သွားရာ ထျန်းဟုန် ဧကရာဇ်သည်လည်း အလောတကြီး လိုက်ပါသွားလိုက်သည်။
လမ်းတစ်လျှောက်တွင် အန်ရှင်းသည် ဝူရှီ အတွင်းရှိ အခြေအနေများကို စတင် မိတ်ဆက်ပေး၏။ မည်သည့် တပည့်များ ရှိနေကြောင်းနှင့် မည်သည့် စည်းမျဉ်းများကို ဂရုစိုက်ရမည်ကို သူမက ရှင်းပြရာ ထျန်းဟုန် ဧကရာဇ်ကလည်း ပေါ့ဆမှု မရှိရဲဘဲ အသေအချာ နားထောင်နေခဲ့သည်။
သက်တမ်းတာအိုနယ်မြေ အတွင်းသို့ ခြေချလိုက်သောအခါ ပတ်ဝန်းကျင်သည် သိပ်မပြောင်းလဲသော်လည်း သဘာဝ ဝိညာဉ်စွမ်းအင်များက ရုတ်တရက် ကွဲပြားသွားကြောင်းကို ထျန်းဟုန် ဧကရာဇ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သစ်တောထဲမှ ထွက်လာမှသာ ကမ္ဘာပေါ်တွင် တွေ့မြင်ရခဲသော အလွန် လှပသည့် တောတောင်တစ်ခုကို သူ တွေ့လိုက်ရသည်။
တောင်တောင်တိုင်းတွင် ဝိညာဉ်ပန်းများနှင့် ဝိညာဉ်မြက် အမျိုးမျိုးကို စိုက်ပျိုးထားပြီး မည်သည့် ပန်းချီကားကမျှ ဖမ်းယူ၍ မရနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းပြီး လှပသော ပြကွင်းပြကွက်တစ်ခုကို ဖန်တီးထား၏။
အန်ရှင်းက တောင်ပေါ်လမ်း တစ်လျှောက် ပျံသန်းခြင်း မပြုဘဲ ဖြည်းညင်းစွာ လျှောက်သွားရာ ထျန်းဟုန် ဧကရာဇ်မှာလည်း သူမ၏ ခြေလှမ်းများအတိုင်း လိုက်ပါရတော့သည်။
"စီနီယာအစ်မ... ဆရာက နယ်မြေထဲမှာ ရှိလားဟင်..." ထျန်းဟုန် ဧကရာဇ်က သတိထား၍ မေးလိုက်၏။
အန်ရှင်းက နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "သူ မရှိဘူး... ဒါပေမဲ့ နောက်အကျဆုံး သန်ဘက်ခါဆိုရင် မင်း သူ့ကို တွေ့ရပါလိမ့်မယ်..."
"အရေးတကြီး ကိစ္စ တစ်ခုခု ရှိနေလို့လား... ကျွန်တော်က သူ့ကို အချိန်နှောင့်နှေးစေမလား..." ထျန်းဟုန် ဧကရာဇ်က စိုးရိမ်တကြီး မေးလိုက်၏။
ဆရာသခင် ဓားအရှင်ကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့် စိတ်ကူး၍ပင် မရနိုင်လောက်အောင် အရေးကြီးသော ကိစ္စများနှင့် အလုပ်ရှုပ်နေရပေမည်။
ပြင်ပကောင်းကင်မှာ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေနဲ့ တာအိုအကြောင်း ဆွေးနွေးနေတာလား...
ဒါမှမဟုတ် မဟာတာအိုရဲ့ ဟင်းလင်းပြင်ကို စူးစမ်းရှာဖွေနေတာလား...
"သူ့မှာ ဘာအရေးကြီး ကိစ္စမှ မရှိပါဘူး... လူသားကမ္ဘာမှာ ကစားနေရုံပါပဲ... ပြီးခဲ့တဲ့နှစ်တွေတုန်းက မင်း သူ့ကို တွေ့ခဲ့ဖူးကောင်း တွေ့ခဲ့ဖူးပါလိမ့်မယ်... ဒါပေမဲ့ သူက သာမန် လူတစ်ယောက်အဖြစ် အသွင်ပြောင်းထားတော့ မင်း သူ့ကို မှတ်မိမှာ မဟုတ်ဘူးလေ..."
အန်ရှင်း၏ အဖြေကြောင့် ထျန်းဟုန် ဧကရာဇ်မှာ အလွန် အံ့အားသင့်သွားပြီး သူ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။
အခြားသူများရှေ့တွင် သူ တစ်ခုခု အမှား လုပ်မိခဲ့သလား ဆိုသည်ကို သူ ပြန်လည် စဉ်းစားရတော့မည် ဖြစ်သည်။
ထျန်းဟုန် ဧကရာဇ်က မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်နေစဉ် ကုအန်သည် လူသားကမ္ဘာတွင် လှည့်လည်သွားလာနေခြင်း မဟုတ်ချေ။ သူက ကမ္ဘာဂိတ်တံခါးတွင် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားနှင့်အတူ သောက်စားနေခြင်း ဖြစ်၏။
သူတို့ နှစ်ယောက်က စားပွဲငယ်လေး တစ်လုံးတွင် ထိုင်နေကြပြီး စားပွဲပေါ်တွင် ဝိညာဉ်အရက်များနှင့် လူသားကမ္ဘာမှ ဟင်းလျာအချို့ကို တည်ခင်းထားသည်။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သေမျိုးတို့၏ ဆန္ဒများကို စွန့်လွှတ်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ကုအန်သည် သူ့ကို ဖိတ်ခေါ်ထားသဖြင့် သူက ယဉ်ကျေးစွာပင် လက်ခံခဲ့၏။
အရက်တစ်ခွက်ကို သောက်ပြီးနောက် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက စတင် ပြောလိုက်သည်။ "ထျန်ဟောင်က အခုလောက်ဆိုရင် မြူခိုး အမတနန်းတော်မှာ အခြေချနေလောက်ပြီ... မကြာသေးခင်က သူ့ရဲ့ ကျင့်ကြံခြင်းက မြန်ဆန်ဆန် တိုးတက်လာတာကို ငါ ခံစားမိတယ်..."
ကုအန်က ပြုံးလိုက်၏။ "သူ တကယ်ပဲ အဆင်ပြေနေပါပြီ"
တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိပြီးနောက် ကုအန်သည် မြူခိုး အမတနန်းတော်၏ အကြောင်းအကျိုးများကို တိကျစွာ တွက်ချက်နိုင်စွမ်း ရှိလာခဲ့သည်။ နန်းတော်၏ ကံကြမ္မာက သူ၏ အကြည့်များကို မတားဆီးနိုင်တော့ချေ။ အတွင်းရှိ အရာအားလုံးကို သူ မြင်နိုင်ပြီး ထျန်ဟောင်သည် အမတစံအိမ် တစ်ခု၏ အသိအမှတ်ပြုမှုကို ရရှိကာ မြူခိုး အမတနန်းတော် အတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားပြီ ဖြစ်ကြောင်းကို သူ သိထား၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ "ထိုက်ရီ အမတအရှင်နဲ့ ရွှေဂူ အမတ ၇၂ ပါးတို့ကို ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ... အမတနတ်ဘုရားတွေကို လုံးဝ အမြစ်ပြတ် ဖယ်ရှားပစ်လို့ မရဘူးလေ... တစ်နေ့ကျရင် သူတို့က ကောင်းကင်နန်းတော်ဆီ ပြန်သွားကြလိမ့်မယ် ဒါမှမဟုတ် သူတို့ ပျောက်ဆုံးနေတာကို ကောင်းကင်နန်းတော်က သတိထားမိသွားလိမ့်မယ်..."
ကုအန်က သူ၏ ခါးမှ သစ်သားပြားကို ယူ၍ စားပွဲငယ်ပေါ်တွင် တင်ကာ နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။ "နှစ်ပေါင်းများစွာ ဝတ်ဆင်ထားပြီးမှ အခု တကယ်ပဲ အသားမကျသလို ဖြစ်နေပြီ... ထိုက်ရီ အမတအရှင် အတွက်တော့ ဝင်စားခြင်းရဲ့ ဆင်းရဲဒုက္ခတွေထဲမှာ ဆက်ပြီး နစ်မွန်းနေပါစေတော့... ကောင်းကင်နန်းတော်က သူတို့ကို ရှာမတွေ့ခင် ငါ သူတို့ကို သေချာပေါက် ချမ်းသာပေးမှာပါ... ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ သူတို့ကို နည်းနည်းလောက် ဒုက္ခခံခိုင်းရမယ်..."
ရွှေဂူ အမတ ၇၂ ပါး သစ်သားပြားများအဖြစ် ပြောင်းလဲခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားမှာ အံ့အားသင့်နေဆဲပင်။
အမတနတ်ဘုရားများမှာ ကုအန်၏ လက်ထဲတွင် အလွန် အားနည်းလွန်းလှပေသည်။
သူက ကုအန်အပေါ် သစ္စာခံထားသော်လည်း ကုအန်၏ ကျင့်ကြံခြင်းအဆင့်ကို သူ မသိသေးချေ။
"လူသားကမ္ဘာမှာ တခြား အမတနတ်ဘုရားတွေနဲ့ ဖရိုဖရဲ မိစ္ဆာဆိုးတွေ ထွက်ပေါ်လာတာကို တွေ့နေရပြီ... ဒီအတိုင်း ဆက်သွားရင် ကပ်ဘေးကြီး တစ်ခုဆီကို သေချာပေါက် ဦးတည်သွားလိမ့်မယ်... ကောင်းကင်နတ်ဘုရား တစ်ပါး အနေနဲ့ ငါ ဒီကပ်ဘေးကို ဘယ်လို ကျော်ဖြတ်သင့်တယ်လို့ မင်း ထင်လဲ..." ကုအန်က ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို မေးလိုက်၏။
ထင်ယောင်ထင်မှား ဖြစ်ခြင်းလည်း ဖြစ်နိုင်သော်လည်း ကုအန်သည် အကြံဉာဏ် တောင်းနေသော်လည်း သူသည် ကောင်းကင်နန်းတော်ကို ထိုမျှလောက် မကြောက်ရွံ့ကြောင်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား ခံစားလိုက်ရသည်။
***