လူအများကို ဦးဆောင်ကာ လီထျန်းရှေ့သို့ ရောက်လာပြီးနောက် လမင်းကိုယ်လုပ်တော်က ချက်ချင်း တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ သူမ၏ လှပသော မျက်နှာလေးက မက်မွန်ပန်းလေးတစ်ပွင့်နည်းတူ လန်းဆန်းနေပြီး တခစ်ခစ်ရယ်မောလျက် ပြောလာသည်။ "ကျွန်မတို့ မတွေ့ရတာ နှစ်ရာနဲ့ချီနေပြီပဲ။ ဂိုဏ်းသခင်ကြီးက ကျွန်မကို မှတ်မိနေတုန်းပဲလို့ မထင်ထားခဲ့ဘူး" လွန်ခဲ့သော နှစ်ရာပေါင်းများစွာက လီထျန်းက မြို့စောင့်အမတ်အဖြစ် စတင်တာဝန်ယူချိန်၌ နတ်ဆိုးဘုရားသခင်ဂိုဏ်း၏ လှုပ်ရှားမှု သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထပ်မံစုံစမ်းကြည့်သောအခါ လမင်းကိုယ်လုပ်တော်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က လမင်းကိုယ်လုပ်တော်မှာ အခြားတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ဦး၏ ရုပ်သွင်က လုံးဝကွဲပြားသော်လည်း သူတို့၏ အငွေ့အသက် အချက်အလက်များကမူ အတူတူပင်ဖြစ်သည်။ ကျင့်ကြံသူများက လူကိုမှတ်လေ့မရှိဘဲ အငွေ့အသက်ကိုသာ မှတ်သားလေ့ရှိကြသည်။ ရုပ်သွင်ကို သာမန်ပြောင်းလဲခြင်းက သိပ်အသုံးမဝင်လှပေ။ အကယ်၍ ရုပ်ဖျက်ချင်ပါက မိမိ၏ အငွေ့အသက်ကိုပါ အရင်ဆုံး ပြောင်းလဲပစ်ရမည်ဖြစ်သည်။ လမင်းကိုယ်လုပ်တော်က ရုပ်ဖျက်ထားခြင်းမဟုတ်ဘဲ နတ်ဆိုးဘုရားသခင်ဂိုဏ်းချုပ်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။ သူမကဲ့သို့သော ကိုယ်ပွားများစွာ ရှိသေးသည်။ လမင်းကိုယ်လုပ်တော်က တိုက်ခိုက်ရန် အလျင်မလိုနေသည်ကို မြင်သောအခါ လီထျန်းက ကျန်းယွီဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျန်းယွီဟယ်၏ လက်ထဲမှ အစီအရင်အလံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ ရည်ရွယ်ချက်ကို လီထျန်း အကြမ်းဖျင်း နားလည်သွားသည်။ ကျန်းယွီဟယ်က ကျင့်ကြံမှုအရှိန် မြန်ဆန်ရုံသာမက အစီအရင်တာအိုတွင်ပါ ကျွမ်းကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျန်းယွီဟယ်ထံတွင် အစီအရင်အလံ အမြောက်အမြား ပါလာသည်ကို မြင်လိုက်ရသဖြင့် လီထျန်း၏ တင်းမာနေသော အာရုံကြောများ အနည်းငယ် ပြေလျော့သွားတော့သည်။ အစီအရင်ကိုဖျက်ရန် အစီအရင်ကိုသာ ပြန်သုံးရမည်ဟူသော သဘောတရားကို လူတိုင်းနားလည်သော်လည်း နားလည်ရုံဖြင့် မလုံလောက်ပေ။ မည်သို့လုပ်ရမည်ကို သိရန်နှင့် လိုအပ်သော ကိရိယာများ ရှိရန်လည်း လိုအပ်သည်။ ယခုမှာ ကျန်းယွီဟယ်က အစီအရင်များကို ခင်းကျင်းတတ်ရုံသာမက လိုအပ်သော လက်နက်ကိရိယာများလည်း အပြည့်အစုံ ပါလာပုံရသည်။ ကျန်းယွီဟယ်အနေဖြင့် အစီအရင်ကို ချိုးဖျက်ရန် အာရုံစိုက်နိုင်စေရေးအတွက် လမင်းကိုယ်လုပ်တော်နှင့် အခြားသူများကို သူက အချိန်ဆွဲပေးထားရန်သာ လိုအပ်ကြောင်း လီထျန်း နားလည်လိုက်သည်။ ကြေးမုံဟင်းလင်းပြင်မြို့တော်၏ ကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် မြို့တွင်းရှိ ယဇ်ပလ္လင်များကို ဖျက်ဆီးရန် နည်းလမ်းပေါ်လာမည်သာ ဖြစ်သည်။ လမင်းကိုယ်လုပ်တော်၏ လှပသော အပြုံးကိုမြင်သော် လီထျန်းကလည်း သူမနှင့် စကားစမြည်ပြောရန် ဝမ်းသာအားရ ဖြစ်သွားသည်။ သူက မထီမဲ့မြင် အမူအရာဖြင့် လမင်းကိုယ်လုပ်တော်အား ပြောလိုက်သည်။ "ကျောက်မင်ယွဲ့... မင်းက အပြင်ဘက်ကို ကိုယ်ပွားလောက်ပဲ လွှတ်ရဲတာလား။ ကိုယ်အစစ် ထွက်လာဖို့ကျတော့ မရဲဘူးလား" "ဟီးဟီး... ကျွန်မ တကယ်ကို မရဲတာပါ။ ရှင်တို့ တာအိုသန့်စင်ဂိုဏ်းက သက်တမ်းရင့် မိစ္ဆာအိုကြီးတွေ ဖမ်းတာခံရရင် ဒုက္ခရောက်သွားမှာပေါ့။ ဘာလဲ... ဂိုဏ်းသခင်ကြီးက ကျွန်မရဲ့ ကိုယ်အစစ်ကို မြင်ချင်လို့လား။ ကျွန်မ မဟာယာန ကောင်းကင်တက်လှမ်းခြင်းအဆင့်ကို ရောက်သွားတဲ့အခါ တာအိုသန့်စင်ဂိုဏ်းဆီ လာခဲ့မယ်လေ... ကောင်းလား" "အိပ်မက်မက်နေလိုက်... မင်းရဲ့ ချို့ယွင်းချက်ရှိနေတဲ့ နတ်ဘုရားစွမ်းရည်နဲ့ဆို ဒီတစ်သက် မဟာယာနအဆင့်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး" လီထျန်း၏ စကားကို ကြားသောအခါ လမင်းကိုယ်လုပ်တော်၏ မျက်နှာက ချက်ချင်း မှုန်ကုပ်သွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားက သူမ၏ အနာကျင်ရဆုံးနေရာကို ထိရှသွားသောကြောင့်ပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ကျောက်မင်ယွဲ့သည် ထိုကိုယ်ပွားဖန်တီးခြင်း နတ်ဘုရားစွမ်းရည်ကို မမျှော်လင့်ဘဲ ရရှိခဲ့သည်။ ထိုစဉ်က ဤစွမ်းရည်မှာ သူမတို့အတွက် ရတနာတစ်ပါးကဲ့သို့ပင်။ နတ်ဘုရားစွမ်းရည်က အလွန်စွမ်းအားကြီးမားပြီး မရေမတွက်နိုင်သော ကိုယ်ပွားများကို ဖန်တီးနိုင်သည်။ ထို့အပြင် ဤကိုယ်ပွားများအားလုံးက အလွန်အစွမ်းထက်ပြီး ကိုယ်အစစ်၏ ကျင့်ကြံမှုထက် အဆင့်နှစ်ဆင့်သာ နိမ့်ကျသည်။ ထိုမျှစွမ်းအားကြီးမားသော နတ်ဘုရားစွမ်းရည်က ကျင့်ကြံခြင်းလောက၏ သာမန်ယုံကြည်လက်ခံထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ သို့သော် သူမ ထိုစဉ်က မသိခဲ့သောအရာမှာ ထိုပြင်ပကိုယ်ပွား နတ်ဘုရားစွမ်းရည်တွင် သေရေးရှင်ရေး ချို့ယွင်းချက်တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။ ဤနတ်ဘုရားစွမ်းရည်ကို ကျင့်ကြံရန် အချိန်များစွာ လိုအပ်သည်။ အရေးအကြီးဆုံးမှာ ကိုယ်ပွားတစ်ခုစီတိုင်းတွင် မိမိ၏ ဝိညာဉ်အပိုင်းအစတစ်ခုစီကို ထည့်သွင်းပေးရခြင်းဖြစ်သည်။ ကိုယ်ပွားတစ်ခု ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုဝိညာဉ်အပိုင်းအစကို ထာဝရ ဆုံးရှုံးသွားရမည်ဖြစ်သည်။ နတ်ဘုရားဝိညာဉ် မပြည့်စုံတော့ခြင်း၏ အကျိုးဆက်မှာ မည်သည့်အဆင့်ကိုမျှ ထပ်မံချိုးဖြတ် တက်လှမ်း၍မရတော့ခြင်းပင်ဖြစ်သည်ထိုအချိန်က သူမက ထိုအကြောင်းအရာများကို မသိခဲ့ပေ။ သူမ၏ ပထမဆုံးကိုယ်ပွားကို တာအိုသန့်စင်ဂိုဏ်းက ချေမှုန်းပစ်လိုက်သောအခါမှသာ ဤနတ်ဘုရားစွမ်းရည်၏ ကြီးမားသော ချို့ယွင်းချက်ကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်ကတည်းက ကျောက်မင်ယွဲ့က ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် နှစ်တစ်သောင်းကျော်ကြာသည့်တိုင်အောင် သူများက မူလနေရာတွင်သာ ရပ်တန့်နေပြီး ကျင့်ကြံမှုတိုးတက်လာခြင်း မရှိတော့ပေ။ ကျောက်မင်ယွဲ့က နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း မည်သည့်နည်းလမ်းကမျှ သူမ၏ မပြည့်စုံသော နတ်ဘုရားဝိညာဉ်ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေ။ ထိုအချိန်မှစ၍ ကျောက်မင်ယွဲ့သည် ပို၍ ရူးသွပ်လာခဲ့သည်။ သူမက ယွီဖန်ကောင်းကင်ဘုံတစ်ခွင်တွင် မုန်တိုင်းများ ဖန်တီးရန် ကိုယ်ပွားများကို အသုံးပြုခဲ့သည်။ ထိုခက်ခဲလှသော ပြဿနာကို သူမကိုယ်တိုင် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း နားလည်သောကြောင့်ဖြစ်သည်။ သူမ မျှော်လင့်ချက်ထားနိုင်သည့် တစ်ခုတည်းသောအရာမှာ အစစ်အမှန် နတ်ဘုရားများနှင့် ယှဉ်နိုင်သော နတ်ဆိုးမျိုးနွယ်စုများပင်ဖြစ်သည်။ သူတို့သာလျှင် သူမ၏ မပြည့်စုံသော ဝိညာဉ်ပြဿနာကို ဖြေရှင်းပေးနိုင်ပေမည်။ သူမ၏ ထပ်တလဲလဲ လှုပ်ရှားမှုများက တာအိုသန့်စင်ဂိုဏ်း၏ အာရုံကို လွှဲရန်ကြိုးစားမှုတစ်ခုသာ ဖြစ်သည်။ တာအိုသန့်စင်ဂိုဏ်း၏ အာရုံစိုက်မှုက ကိုယ်ပွားများထံ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ ကိုယ်အစစ်ထွက်လာပြီး ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော တာအိုလမ်းကြောင်းကို အပြည့်အဝဖွင့်ကာ နတ်ဆိုးဘုရားသခင်များ ဆင်းသက်လာစေရန် ဖိတ်ခေါ်မည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ကျူးကျော်လာခဲ့သော နတ်ဆိုးမျိုးနွယ်စုများကို တာအိုသန့်စင်ဂိုဏ်းက နှိမ်နင်းခဲ့ပြီး ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားခဲ့သည်။ သို့သော် ပိတ်ထားသော လမ်းကြောင်းကို ပြန်ဖွင့်၍ရနိုင်ပြီး ကျောက်မင်ယွဲ့က ထိုကဲ့သို့သော အခွင့်အရေးကို အမြဲရှာဖွေနေခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလမ်းကြောင်းသည် တာအိုသန့်စင်ဂိုဏ်း၏ တောင်နောက်ဘက်တွင် တည်ရှိနေပြီး အကြီးအကဲများသာမက မဟာယာနအဆင့် အဘိုးဘေးတစ်ဦးကပါ စောင့်ကြပ်နေလေသည်။ အကယ်၍ သူမအနေဖြင့် တာအိုသန့်စင်ဂိုဏ်း၏ မဟာယာနအဘိုးဘေးကို အာရုံလွှဲရန် နည်းလမ်းရှာနိုင်ပါက တောင်နောက်ဘက်သို့ ခိုးဝင်ကာ လမ်းကြောင်းကို ပြန်ဖွင့်ရန် အခွင့်အရေးရမည်ဖြစ်သည်။ ကြေးမုံဟင်းလင်းပြင်မြို့တော်၏ အစီအမံများသည်လည်း ဤရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။ လီထျန်း၏ စကားများက လမင်းကိုယ်လုပ်တော်၏ နှလုံးသားကို ဓားဖြင့်ထိုးလိုက်သကဲ့သို့ နာကျင်စေသည်။ ထောင်စုနှစ်များစွာကြာ ကျင့်ကြံမှု ရပ်တန့်နေခြင်းက သူမ၏ စိတ်ကို အနည်းငယ် ဖောက်ပြန်သွားစေခဲ့သည်။ သူမက လီထျန်းအား မှိုင်းညို့သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းတွင် အလုပ်ရှုပ်နေသော ကျန်းယွီဟယ်ကို လှမ်းကြည့်လိုက်သည်။ လမင်းကိုယ်လုပ်တော်က မြို့စောင့်အမတ်အသစ်ကို အမြဲတမ်း သတိထားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူကို မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ သူမ လုံးဝ အကဲခတ်၍ မရသောကြောင့်ပင်ဖြစ်သည်။ ကျန်းယွီဟယ်က အစီအရင်အလံများကို ဆက်တိုက်ဝှေ့ယမ်းနေသည်ကို မြင်သောအခါ လမင်းကိုယ်လုပ်တော်၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားသည်။ သူမက ကျန်းယွီဟယ်ကို လက်ညှိုးထိုးကာ ဘေးနားရှိလူများကို အလျင်စလို အမိန့်ပေးလိုက်သည်။ "သွား... သူ့ကို သတ်လိုက်။ အစီအရင်ကို ချခွင့်မပေးနဲ့။ ဒီ တာအိုသန့်စင်ဂိုဏ်းက သခင်ကြီးကိုတော့ ငါ သေချာ ဂရုစိုက်ပေးလိုက်မယ်" "ဟုတ်ကဲ့ပါ" လီမိသားစု၏ အဘိုးဘေးနှင့် ဖုန်းရှင်းစံအိမ်မှ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ လေးဦးတို့သည် ချက်ချင်း လေပေါ်သို့ ပျံတက်သွားကာ ကျန်းယွီဟယ်ထံသို့ ခုန်အုပ်ရန် ပြင်လိုက်ကြသည်။ "ဟမ့်... ဘယ်သူမှ သွားခွင့်မရှိဘူး" လီထျန်းက အချိန်ဆွဲရန် ရည်ရွယ်ထားသဖြင့် တိုက်ခိုက်ရန် အလျင်မလိုခဲ့ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျန်းယွီဟယ်ဘက်က အစီအရင်ကို ချိုးဖျက်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ယခု ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ အချို့က သွားရောက်နှောင့်ယှက်မည်ကို သူ သဘာဝကျကျ ခွင့်ပြုမည်မဟုတ်ပေ။ လီထျန်းက စကားဆုံးသည်နှင့် တစ်ပြိုင်နက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ဝုန်း။ ပူပြင်းလှသော မီးတောက်များ ဖြာထွက်နေသည့် ဧရာမ လက်ဝါးရိပ်ကြီးတစ်ခုက တစ်ဖက်ရှိ လူခုနစ်ဦးလုံးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။ တာအိုသန့်စင်ဂိုဏ်း၏ သခင်ကြီးကို ရင်ဆိုင်ရချိန်တွင် မည်သူကမျှ ပေါ့ဆရဲခြင်းမရှိပေ။ လမင်းကိုယ်လုပ်တော်က သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ခေါင်းလောင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ သူမက လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်နှင့် ရွှေခေါင်းလောင်းက လီထျန်း၏ ခေါင်းပေါ်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ခေါင်းလောင်းကြီးက အလျင်အမြန် ကြီးမားလာကာ လီထျန်းကို အထဲတွင် လှောင်ပိတ်ထားမည့်အလား ဖုံးအုပ်ချလိုက်သည်။ ဘန်း။ လီထျန်းက ညာလက်သီးကို ဆုပ်ကာ ခေါင်းပေါ်ရှိ ခေါင်းလောင်းကို ပင့်ထိုးလိုက်သည်။ ဧရာမ လက်သီးရိပ်ကြီးကြောင့် ခေါင်းလောင်းကြီးမှာ ချက်ချင်း လွင့်စင်သွားလေသည်။ အခြားသူများကလည်း သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို သုံးကာ မျက်စိကျိန်းမတတ် တောက်ပနေသော ဝိညာဉ်ရတနာများနှင့် အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များ ရောနှောလျက် လီထျန်းထံသို့ တိုက်ခိုက်လာကြသည်။ "ဟမ့်" လီထျန်းက လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ ပူပြင်းသော မီးတောက်နံရံတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်မှုအားလုံးကို တားဆီးပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မီးစွမ်းအင်များ ဖြာထွက်နေသော ဧရာမ ပုဆိန်ကြီးတစ်ခုက လီထျန်း၏ လက်ထဲတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိ ထွက်ပေါ်လာခဲ့သည်။ အဆင့်နိမ့် ကောင်းကင်ထိတွေ့ ဝိညာဉ်ရတနာ၊ ငှက်နီတော်ပုဆိန်။ ရှပ်။ လီထျန်းက လက်သင်္ကေတ ပြုလုပ်လိုက်သည်နှင့် အဆုံးမဲ့ မီးတောက်များ လောင်ကျွမ်းနေသော ဧရာမပုဆိန်ကြီးသည် လီမိသားစု၏ အဘိုးဘေး လီကျန်းရှုံးထံသို့ ချက်ချင်း ခုတ်ပိုင်းချလိုက်လေသည်။ ဧရာမပုဆိန်ကြီး ကျဆင်းလာသည်ကို မြင်သောအခါ လီကျန်းရှုံးမှာ ထိတ်လန့်သွားပြီး ကာကွယ်ရန်အတွက် အဝါရောင်ဒိုင်းတစ်ခုကို အလျင်စလို ထုတ်ယူလိုက်သည်။ ပူပြင်းသော မီးတောက်များ ရစ်ပတ်နေသည့် ဧရာမပုဆိန်ကြီးက ဒိုင်းကို ချက်ချင်း ဝင်တိုက်မိသွားသည်။ ဂျွတ်... လီကျန်းရှုံး၏ လက်ထဲရှိ ဒိုင်းမှာ အဆင့်မြင့် မှော်ရတနာတစ်ခုသာဖြစ်ရာ ဧရာမပုဆိန်ကြီး၏ အစွမ်းကုန် ခုတ်ပိုင်းမှုကို လုံးဝ မခံနိုင်ဘဲ ချက်ချင်း ကွဲကြေသွားလေသည်။ ဒိုင်း ကွဲအက်သွားပြီးနောက် လီကျန်းရှုံးမှာ သွေးများအန်ကာ နောက်သို့ လွင့်စင်သွားသည်။ လီထျန်း၏ အစွမ်းကုန် တိုက်ခိုက်မှုတစ်ခုက ပြိုင်ဘက်တစ်ဦးကို ချက်ချင်း ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့သည်။ တာအိုသန့်စင်ဂိုဏ်း သခင်ကြီး၏ စွမ်းအားက အပြည့်အဝ ထင်ရှားပေါ်လွင်သွားလေပြီဖြစ်သည်။ အစီအရင်ကို ခင်းကျင်းနေစဉ်အတွင်း ကျန်းယွီဟယ်က တိုက်ပွဲအခြေအနေကို သေချာစောင့်ကြည့်နေခဲ့သည်။ လီထျန်းတစ်ယောက်တည်း လူခုနစ်ဦးကို အနည်းငယ်မျှ အသာစီးအပေးခံရခြင်းမရှိဘဲ ရင်ဆိုင်တိုက်ခိုက်နေပြီး တစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ကို မြင်သောအခါ သူ မချီးကျူးဘဲ မနေနိုင်တော့ပေ။ "တာအိုသန့်စင်ဂိုဏ်းရဲ့ သခင်ကြီးဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်။ အမှန်ပင် ကျွမ်းကျင်လွန်းလှသည်" ***