လူငါးဦး၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နေရင်းဖြင့် ကျန်းယွီဟယ်က အစီအရင်ကို ထိန်းချုပ်ကာ ကြေးမုံဟင်းလင်းပြင်မြို့တော်၏ ကာကွယ်ရေးများကို မိုးကြိုးများဖြင့် ဗုံးကြဲတိုက်ခိုက်ရန် အာရုံစိုက်နေခဲ့သည်။ ကြေးမုံဟင်းလင်းပြင်မြို့တော်အထက်ရှိ ကာကွယ်ရေးအလင်းလွှာမှာ အနည်းငယ် ယိမ်းယိုင်နေပုံရသည်။ သို့သော် လက်ရှိ တိုက်ခိုက်မှုအရှိန်အဟုန်ကို အခြေခံ၍ သူ အကြမ်းဖျင်း တွက်ဆကြည့်လိုက်ရာ မြို့တော်၏ ကာကွယ်ရေးကို အပြည့်အဝ ချိုးဖျက်နိုင်ရန် နောက်ထပ် နာရီဝက်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ "လောစရာမလိုပါဘူး... ဖြည်းဖြည်းချင်း လုပ်တာပေါ့" ကျန်းယွီဟယ်သည် လုံးဝ တည်ငြိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဖောက်ထွင်း၍မရနိုင်သော လိပ်ခွံကြီးတစ်ခုဖြစ်သည့် ကောင်းကင်ဘုံကိုးထပ် ဟွန်ယွမ်အစီအရင်၏ ကာကွယ်မှုအောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ တစ်ဖက်ရှိ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ငါးဦးမှာ သူ့ကို မည်သို့မျှ မတတ်နိုင်ဘဲ လုံးဝ ကူကယ်ရာမဲ့နေကြသည်။ ကျန်းယွီဟယ်က တစ်ခါတစ်ရံ ဓားအလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သေးရာ ပြိုင်ဘက်များကို အငိုက်မိသွားစေသည်။ သေချာသည်က သာမန် မျက်မြင်မရသော ဓားအလင်းတန်းလေးတစ်ခုက ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူကို မသတ်နိုင်ပေ။ သို့သော် ဤအရာက ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို ပို၍ အသုံးမဝင်ဖြစ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျန်းယွီဟယ်ထံမှ ဖြစ်တန်ချေရှိသော တန်ပြန်တိုက်ခိုက်မှုတိုင်းကို ရင်ဆိုင်ရန် အထူးသတိထားနေရသောကြောင့်ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသော လီကျန်းရှုံးကဲ့သို့ သူတို့ မဖြစ်ချင်ကြပေ။ သူတို့က ထောင်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီးမှ ထိုမျှမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ မသေချင်ကြပေ။ သေသွားလျှင် အရာအားလုံး ဆုံးရှုံးသွားမည်ဖြစ်သည်။ သူတို့အားလုံးက သူတို့၏ အသက်ကို အလွန်တန်ဖိုးထားကြသည်။ ကျန်းယွီဟယ်က လီထျန်းဘက်သို့ ခဏခဏ လှမ်းကြည့်နေခဲ့သည်။ ထိုအချိန်အထိ လီထျန်းက လမင်းကိုယ်လုပ်တော်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေဆဲဖြစ်သည်။ ထိုနှစ်ဦးထဲမှ တစ်ဦးက ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားပြီး အခြားတစ်ဦးမှာ နတ်ဆိုးဘုရားသခင်ဂိုဏ်းချုပ်၏ ကိုယ်ပွားတစ်ခုဖြစ်သည်။ သူတို့၏ စွမ်းရည်များသည် သာမန် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍မရအောင် မြင့်မားလွန်းသည်။ ထိုနှစ်ဦးက မှော်ရတနာအမျိုးမျိုးကို ထုတ်လွှတ်ကာ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နတ်ဘုရားစွမ်းရည်များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး နှစ်ဖက်စလုံး အနည်းငယ် ဒဏ်ရာရထားကြသည်။ ကျန်းယွီဟယ်၏ အမြင်အရ သူတို့နှစ်ဦးစလုံးတွင် အရန်အစီအစဉ် တစ်ခုခုမရှိပါက ထိုနှစ်ဦးသည် ဆယ်ရက် သို့မဟုတ် လဝက်ခန့် ဆက်တိုက်နေလျှင်တောင် အနိုင်အရှုံးပေါ်ရန် ခက်ခဲပေလိမ့်မည်။
“ငါတောင် ဆီးအောင့်လာပြီ။” "ဟူး... သခင်ကြီးက သိပ်ပြီး အားကိုးရတာမဟုတ်ဘူးပဲ။ ငါပဲ တာဝန်ယူရတော့မယ့်ပုံပဲ" ကျန်းယွီဟယ်က အခြေအနေကို တိတ်ဆိတ်စွာ အကဲခတ်နေလိုက်သည်။ ထိုအကျပ်အတည်းကို ချိုးဖျက်နိုင်မည့် တစ်ဦးတည်းသောသူမှာ သူသာဖြစ်ပုံရကြောင်း သူ သဘောပေါက်လိုက်သည်။ ဂိုဏ်းတူအစ်ကို သခင်ကြီးက နောက်ပိုင်းမှာ ဂိုဏ်းဆီက အကူအညီထပ်တောင်းထားသလား ဆိုတာကိုတော့ မသိရပေ။ ကျန်းယွီဟယ်က လုမင်ဖန်ကို ထပ်မံဆက်သွယ်ရန် ရည်ရွယ်၍ သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေက သူတို့အတွက် အသာစီးရနေပုံပေါ်သည်။ သို့သော် ဤအတိုင်း အချိန်ဆွဲနေပါက အခြားမည်သည့် မမျှော်လင့်ထားသောအရာများ ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။ မဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာသူများ၏ ကျန်ရစ်နေသော ဤမျှအစွမ်းထက်သည့် အင်အားစုကြီးက သန့်စင်သောဂိုဏ်း၏ တောင်တံခါးဝအတွင်း၌ပင် ရှိနေဆဲဖြစ်သည်။ လူအချို့ကို ခေါ်လာပြီး ပြိုင်ဘက်ကို အလွယ်တကူ ချေမှုန်းပစ်လိုက်ခြင်းက ပိုမကောင်းပေဘူးလား။ သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် ကျန်းယွီဟယ်က သက်သေခံ ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်သည်။ ယခု လီထျန်း ဤနေရာတွင် ရှိနေပြီဖြစ်ရာ ဆုံးဖြတ်ချက်များကို သူ့အား ချခွင့်ပေးလိုက်မည်။ မည်သို့ပင်ဆိုစေ လီထျန်းသည် တာအိုသန့်စင်ဂိုဏ်း၏ သခင်ကြီးတစ်ဦး မဟုတ်ပါလား။ သူ၏ အတွေ့အကြုံက မိမိကဲ့သို့ တဝက်တပျက် အတွေ့အကြုံမရှိသူတစ်ဦးထက် သေချာပေါက် များစွာ သာလွန်ပေမည်။ ထို့ကြောင့် လီထျန်း၌ လက်ရှိအခြေအနေအပေါ် လိုက်လျောညီထွေဖြစ်သော ကိုယ်ပိုင်အကဲဖြတ်မှု ရှိပေလိမ့်မည်။ ဂျွတ်... ရုတ်တရက် အဝေးရှိ ကြေးမုံဟင်းလင်းပြင်မြို့တော်၏ အထက်ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး အဆုံးအစမဲ့သော နတ်ဆိုးချီများ အလုံးအရင်းဖြင့် ဝင်ရောက်လာလေသည်။ "ဂိုဏ်းတူအစ်ကို သခင်ကြီး" ယင်းကို မြင်သောအခါ ကျန်းယွီဟယ်မှာ စိုးရိမ်တကြီးဖြစ်သွားပြီး အဝေးရှိ လီထျန်းအား ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ “ တောက်... အစ်ကိုကြီး ခင်ဗျားဆီမှာ ဝှက်ဖဲတွေ ဘာမှမရှိတော့ဘူးလား။ ရှိရင်လည်း မြန်မြန် ထုတ်သုံးပါတော့။ ဒီအတိုင်း ဆက်ဆွဲနေရင် အဆင့်မြင့် နတ်ဆိုးမျိုးနွယ်စုတွေ အစုလိုက်အပြုံလိုက် ထွက်လာရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆို အရာအားလုံး ပြီးဆုံးသွားပြီ မဟုတ်ဘူးလား..” ကောင်းကင်ယံ အက်ကွဲသွားပြီး နတ်ဆိုးချီများ အမြောက်အမြား စီးဝင်လာသည်ကို မြင်သောအခါ လမင်းကိုယ်လုပ်တော်နှင့် အဖွဲ့မှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ ရာစုနှစ်ပေါင်းများစွာ ကြံစည်ခဲ့ရသော အစီအစဉ်များ အောင်မြင်တော့မည်ဖြစ်သည်။ သို့သော် လီထျန်းကမူ တည်ငြိမ်နေဆဲဖြစ်ပြီး ကျန်းယွီဟယ်ထံသို့ တိတ်တဆိတ် အသံလွှင့်ကာ ပြောလိုက်သည်။ "ဂိုဏ်းတူညီလေး... မလန့်ပါနဲ့။ နတ်ဆိုးဘုရားသခင်ဂိုဏ်း ခင်းကျင်းထားတဲ့ ကောင်းကင်ယံ နယ်နိမိတ်ချိုးဖျက်ခြင်း မဟာအစီအရင်က တကယ်တမ်းကျတော့ အဲဒီလောက် အစွမ်းမထက်ပါဘူး။ သူတို့ လမ်းကြောင်းကို ဖွင့်နိုင်ရင်တောင် အများဆုံး နတ်ဘုရားသန္ဓေအဆင့် နတ်ဆိုးမျိုးနွယ်စုလောက်ပဲ ဝင်လာနိုင်မှာပါ" "ဒီတစ်ခေါက် ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က ဒီမိန်းမကို ဒီနေရာမှာပဲ အပြီးတိုင် ချန်ထားခဲ့ဖို့ပဲ။ သူမက နတ်ဆိုးဘုရားသခင်ဂိုဏ်းချုပ် ကျောက်မင်ယွဲ့ရဲ့ ကိုယ်ပွားဖြစ်တယ်။ ဒီကိုယ်ပွားကို ဖျက်ဆီးလိုက်ရင် ကျောက်မင်ယွဲ့ရဲ့ ကိုယ်အစစ်အပေါ် ပြန်လည်ကုစားလို့မရတဲ့ သက်ရောက်မှုတွေ ဖြစ်သွားလိမ့်မယ်" "သောက်ကျိုးနည်း" လီထျန်း၏ အသံလွှင့်စကားကို ကြားသောအခါ ကျန်းယွီဟယ်သည် စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်သည်။ “ တောက်... ဒီလောက် အရေးကြီးတဲ့ အချက်အလက်ကို ဘာလို့ စောစောကတည်းက မပြောတာလဲ။ ငါ့ကို အချိန်အကြာကြီး လန့်နေအောင် လုပ်တယ်...” လီထျန်း၏ ပစ်မှတ်က အစကတည်းက နတ်ဆိုးဘုရားသခင်ဂိုဏ်းချုပ်၏ ကိုယ်ပွားဖြစ်သော လမင်းကိုယ်လုပ်တော် ဖြစ်နေခဲ့သည်ကိုး။ ကျန်းယွီဟယ်က လမင်းကိုယ်လုပ်တော်ထံသို့ မသိမသာ လှမ်းကြည့်လိုက်သည်။ "ဒါက ကိုယ်ပွားတဲ့လား။ သာမန်လူတစ်ယောက်နဲ့ တစ်ပုံစံတည်းပဲ။ ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးက ဒီလောက်တောင် လက်တွေ့ကျတဲ့ ကိုယ်ပွားကို ဖန်တီးနိုင်လောက်အောင် အစွမ်းထက်နေရတာလဲ" ကျန်းယွီဟယ်မှာ ဤကိုယ်ပွားကို အနည်းငယ် အားကျမိသွားသည်။ ဤနတ်ဘုရားစွမ်းရည်က အမှန်တကယ်ကို အံ့မခန်းပင်။ အခြားသူများက အလယ်တွင် ထိုင်နေစဉ် ကိုယ်ပွားက အလုပ်လုပ်ရန် လှည့်လည်သွားလာနေခြင်းက သူ့ကို လက်တွေ့တွင် ကမ္ဘာ့နံပါတ်တစ် အသက်ကယ် နတ်ဘုရားစွမ်းရည် ပိုင်ရှင် ဖြစ်လာစေသည်။ အကယ်၍ သူသာ ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားပါက တာအိုသန့်စင်ဂိုဏ်းမှ မည်သည့်အခါမျှ ထွက်ခွာရန် မလိုအပ်ဘဲ ထိုနေရာတွင်သာ အချိန်အကန့်အသတ်မရှိ ကျင့်ကြံနေနိုင်မည်ဖြစ်သည်။ သေချာသည်က ကျောက်မင်ယွဲ့၏ နတ်ဘုရားစွမ်းရည်တွင် သေရေးရှင်ရေး ချို့ယွင်းချက်တစ်ခု ရှိနေကြောင်းကို ကျန်းယွီဟယ် မသိခဲ့ပေ။ သူတို့ တိုက်ခိုက်နေဆဲဖြစ်သောကြောင့် လီထျန်းက သူ့အား အသေးစိတ် ရှင်းမပြနိုင်ခဲ့ခြင်းဖြစ်သည်။ လီထျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ကြေးမုံဟင်းလင်းပြင်မြို့တော်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကြေးမုံဟင်းလင်းပြင်မြို့တော်ရှိ အက်ကွဲကြောင်းများမှာ နတ်ဆိုးချီများ စီးဝင်လာသည်နှင့်အမျှ ဖြည်းညင်းစွာ ကျယ်လာကြောင်း ထင်ရှားနေသည်။ ကျန်းယွီဟယ်သည် တစ်စုံတစ်ခုကို တိတ်တဆိတ် တွေးတောနေခဲ့သည်။ ယဇ်ပလ္လင်မှ ဖွင့်လှစ်လိုက်သော လမ်းကြောင်းက နတ်ဘုရားသန္ဓေအဆင့်အောက် နတ်ဆိုးမျိုးနွယ်စုများကိုသာ ယွီဖန်ကောင်းကင်ဘုံသို့ ဝင်ရောက်ခွင့်ပြုသည်။ ဤမျှ ထိခိုက်မှုက သိပ်မများဟု ထင်ရသော်လည်း နတ်ဆိုးမျိုးနွယ်စုများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာပါက ပြဿနာများစွာ ဖြစ်စေနိုင်ဆဲဖြစ်သည်။ အကောင်းဆုံးနည်းလမ်းမှာ တစ်ဖက်လူကို အောင်မြင်ခွင့်မပေးရန် တားဆီးခြင်းဖြစ်သည်။ သို့သော် လီထျန်းက လမင်းကိုယ်လုပ်တော်ကို မျက်စိကျနေခဲ့သည်။ ဖြစ်နိုင်သည်မှာ လီထျန်း၏ အမြင်တွင် လမင်းကိုယ်လုပ်တော်သည် ထိုအဆင့်နိမ့် နတ်ဆိုးမျိုးနွယ်စုများထက် ပို၍ အရေးကြီးသောကြောင့် ဖြစ်ပေမည်။ နတ်ဆိုးဘုရားသခင်ဂိုဏ်းချုပ်၏ ကိုယ်ပွားဖြစ်သော လမင်းကိုယ်လုပ်တော်ကို သတ်ဖြတ်ခြင်းက ပို၍ အရေးကြီးသည်။ "နှစ်ဖက်စလုံး အဆင်ပြေစေမယ့် နည်းလမ်းများ ရှိမလား" လမင်းကိုယ်လုပ်တော်ကိုလည်း ထွက်မပြေးနိုင်အောင် ဖမ်းထားနိုင်မည်ဖြစ်ပြီး တစ်ဖက်လူက လမ်းကြောင်းဖွင့်မည့်ကိစ္စကိုလည်း တားဆီးနိုင်မည့် နည်းလမ်းမျိုး။ ကျန်းယွီဟယ်က သူ့ရှေ့ရှိ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ငါးဦးကို အကဲခတ်ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ ထိုကျင့်ကြံသူများက သူ့ကို သတိကြီးစွာဖြင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။ သို့သော် ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများက တဖြည်းဖြည်း အသုံးမဝင် ဖြစ်လာသည်။ "ဒီလူတွေရဲ့ မှော်စွမ်းအင်တွေ ကုန်ခါနီးပြီလား" ကျန်းယွီဟယ်က တစ်ဖက်လူများ မည်သို့တွေးနေမည်ကို တိတ်တဆိတ် ခန့်မှန်းကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့ ကစားနေခဲ့သည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။ လူတိုင်းက သူနှင့် မတူညီကြပေ။ သူ၏ တန်ထျန်မှ မှော်စွမ်းအင်များက ပင်လယ်ကြီးတစ်ခုလို အဆုံးအစမဲ့နေသည်။ ကျင့်ကြံသူအများစုတွင် ဆက်တိုက် တိုက်ခိုက်နိုင်စွမ်း ကန့်သတ်ချက် ရှိကြသည်။ "တန်ပြန်တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီထင်တယ်" ထိုသို့တွေးမိသောအခါ ကျန်းယွီဟယ်သည် သူ၏ စိတ်ကို တိတ်တဆိတ် ခိုင်မာစေလိုက်သည်။ “ ဒီလောက် အထိုးခံရပြီးမှတော့ ငါ့ရဲ့ စွမ်းအားတွေကို ထုတ်ပြရမယ့်အချိန် ရောက်ပြီပေါ့...” ကျန်းယွီဟယ်က လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်နှင့် သူ့ပတ်လည်ရှိ ဓားရိပ်များနှင့် အလင်းကာကွယ်ရေးလွှာများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ပျံသန်းနေသော ဓားကိုးလက်သည် အလျင်အမြန် ပျံထွက်သွားပြီး အဝေးရှိ အောက်ဘက်သို့ တည့်မတ်စွာ ဆင်းသက်သွားသည်။ ကျန်းယွီဟယ်က သူ၏ ကာကွယ်ရေးများကို ပြန်လည်ရုပ်သိမ်းလိုက်သည်ကို မြင်သောအခါ ပြိုင်ဘက်ငါးဦးသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ရုံသာမက လူစုခွဲကာ ထွက်ပြေးသွားကြတော့သည်။ သူတို့ အမှန်တကယ် ထိတ်လန့်သွားကြပြီဖြစ်သည်။ သူတို့၏ အမြင်တွင် ကျန်းယွီဟယ်၏ ကာကွယ်ရေးများက တောင်ကြီးတစ်လုံးလို ခိုင်မာနေသောကြောင့် သူစတင်လိုက်မည့် တိုက်ခိုက်မှုတိုင်းသည် မိုးကြိုးတစ်စင်းလို အဖျက်စွမ်းအား ကြီးမားနေမည်မှာ သေချာသည်။ သူတို့အနေဖြင့် ကျန်းယွီဟယ်၏ မိုးကြိုးမုန်တိုင်း တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟု ယုံကြည်မှု လုံးဝမရှိကြပေ။ တစ်ဖက်လူများ လန့်ဖြန့်နေသော ယုန်များကဲ့သို့ လူစုခွဲကာ ထွက်ပြေးသွားသည်ကို မြင်သောအခါ ကျန်းယွီဟယ်က ရယ်မောခြင်းကို မထိန်းနိုင်ဖြစ်သွားသည်။ "မင်းတို့တွေ ဒီလောက် သတ္တိကြောင်နေမှတော့ နတ်ဆိုးဘုရားသခင်ဂိုဏ်းထဲမှာ မနေသင့်ဘူး။ ရှက်စရာကောင်းလိုက်တာ" စိတ်ထဲမှ ညည်းညူနေသော်လည်း ကျန်းယွီဟယ်၏ လက်များက နှေးကွေးမသွားပေ။ လက်သင်္ကေတများကို ပေါ့ပေါ့ပါးပါး ဆက်တိုက် ပြုလုပ်လိုက်ရာ ပျံသန်းနေသော ဓားကိုးလက်သည် အလင်းတန်းများ ဖြာထွက်လျက် အလျင်အမြန် ကျဆင်းသွားသည်။ အလင်းတန်းများက အလျင်အမြန် ပေါင်းစပ်သွားပြီး ကြီးမားသော ဓားအစီအရင် အလင်းကာကွယ်ရေးလွှာကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းကန့်လန့်ကာကြီးတစ်ခု ကျဆင်းလာပြီး ပြိုင်ဘက်ငါးဦးလုံးကို လွှမ်းခြုံသွားလေတော့သည်။ "ဒုက္ခပဲ... ဒီထဲကနေ မြန်မြန် ထွက်ကြ" သူတို့ ဓားအစီအရင်တစ်ခုထဲတွင် ပိတ်မိသွားကြောင်း တွေ့ရှိလိုက်ရသောအခါ မျက်နှာအမာရွတ်နှင့်လူက စိုးရိမ်တကြီး အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ၏ လက်ထဲရှိ တူငယ်လေးကို ဝှေ့ယမ်းကာ မှော်စွမ်းအင်များကို ရူးသွပ်စွာ စီးဆင်းစေလိုက်ရာ ဧရာမ တူရိပ်ကြီးသည် ဓားရိပ်အလင်းကာကွယ်ရေးလွှာထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ အခြားလေးဦးကလည်း သူတို့၏ အစွမ်းကုန် အင်အားများကို ထုတ်လွှတ်ကာ ဓားအစီအရင်၏ အလင်းကာကွယ်ရေးလွှာကို အစွမ်းထက်သော နတ်ဘုရားစွမ်းရည် အမျိုးမျိုးဖြင့် တိုက်ခိုက်လိုက်ကြသည်။ အကယ်၍ သူတို့သာ အမြန်ဆုံး ထွက်မပြေးနိုင်ပါက ကျန်းယွီဟယ်က သူ၏ ဓားအစီအရင် တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် လီကျန်းရှုံးကဲ့သို့သော ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သူတို့အားလုံး နားလည်ထားကြသည်။ သူတို့က ဓားအစီအရင်ကို မရင်းနှီးသော်လည်း ထိုအရာ၏ စွမ်းအားကို ကြည့်ရုံဖြင့် သူတို့ကိုယ်တိုင် တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိရှိကြသည်။ “ငါတို့ ဒီထဲကနေ ဖောက်ထွက်မှဖြစ်မယ်...” ***