ဦးချိုပါသော မိစ္ဆာကြီးသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို သူတို့ မြင်လိုက်ရ၏။
ယခုအချိန်သည် အသက်လုရမည့် အရေးအကြီးဆုံး အခိုက်အတန့်ဖြစ်ကြောင်း လျူထျန်းနှင့် ကျန်းယွီဟယ် နှစ်ယောက်လုံး ကောင်းကောင်းသိကြသည်။ သို့သော်လည်း သူတို့နှစ်ဦးအနက် မည်သူမျှ နောက်ဆုတ်ရန် အစီအစဉ်မရှိပေ။ ကျန်းယွီဟယ်သည် လျှပ်စီးတိုက်ကွက်များကို တရစပ် ထုတ်ဖော်နေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကိုးပါးကောင်းကင် မူလဓားအစီအရင် ကို ထိန်းချုပ်ကာ အကွာအဝေးကို ကျုံ့လိုက်ရာ မမြင်နိုင်သော ဓားချီများသည် ပိုမိုသိပ်သည်းလာပြီး သတ်ဖြတ်နိုင်စွမ်းမှာလည်း ယခင်ကထက် ပိုတိုးလာခဲ့သည်။
မိစ္ဆာကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ တိုးဝင်လာသော်လည်း သူ၏ခန္ဓာကိုယ်မှာ သိပ်သည်းလှသော ဓားချီလှိုင်းများ၏ အဆက်မပြတ် မွှေနှောက်ဖြတ်တောက်ခြင်းကို ခံနေရသည်။ သို့သော် သူသည် သေဘေးကို ဂရုမစိုက်ဘဲ ကျန်းယွီဟယ်နှင့် လျူထျန်းတို့ကို သတ်ဖြတ်ရန်သာ စိတ်ထဲရှိတော့သည်။ ရုတ်တရက် လျူထျန်းက မတ်တတ်ရပ်လိုက်ပြီး ပြေးဝင်လာသော မိစ္ဆာကြီးထံသို့ အားပြင်းလှသော လက်သီးချက်ဖြင့် ခုန်ဝင်လိုက်သည်။ ရီဖိုင်းနင်းဗွိုက် အဆင့်ရှိသော မိစ္ဆာကြီးနှင့် ရင်ဆိုင်ရရာတွင် မိမိကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း လျူထျန်း၏ မျက်နှာတွင် ကြောက်ရွံ့ရိပ် အနည်းငယ်မျှ မရှိပေ။
အကြောင်းမှာ ဤမိစ္ဆာကြီးသည် အပြင်ပန်း၌ ကြောက်မက်ဖွယ်ကောင်းနေသော်လည်း အမှန်စင်စစ်တွင်မူ အသက်ငင်နေပြီဖြစ်ကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။ မိစ္ဆာကြီးသည် သူ၏ ညာဘက်လက်မောင်းကို ဆုံးရှုံးထားရုံသာမက ခန္ဓာကိုယ်အနှံ့တွင်လည်း မမြင်ရသော ဓားချီများကြောင့် သွေးချင်းချင်းနီနေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အချို့ဒဏ်ရာများမှာ အလွန်နက်လှသဖြင့် အရိုးများကိုပင် မြင်နေရသည်။
လျှပ်စီးများက မိစ္ဆာကြီးကို တဖြတ်ဖြတ် ရိုက်ခတ်နေပြီး အသားကင်နံ့များပင် လေထဲတွင် ဝေ့ဝဲလာသည်။ မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်မာသည်ဖြစ်စေ ဤမျှပြင်းထန်သော ဒဏ်ရာများကို ကြာရှည်ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ အကယ်၍ သူသာ မိစ္ဆာကြီးကို ခဏတာမျှ တားဆီးထားနိုင်ခဲ့လျှင် ကျန်းယွီဟယ် ထိန်းချုပ်ထားသော အစီအရင်နှစ်ခုက ဤမိစ္ဆာကို ပြာအဖြစ် ပြောင်းလဲပစ်ရန် အခွင့်အရေးရှိပေသည်။
ဘုန်း...
ကြီးမားလှသော လက်သီးရိပ်နှစ်ခုမှာ လျင်မြန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး တောက်ပသော အလင်းတန်းများ ပွင့်ထွက်လာသည်။ ထိုလှိုင်းဒဏ်မှာ ဝိညာဉ်မြို့တော် အပြင်ဘက်အထိပင် ရိုက်ခတ်သွားသည်။ ယဇ်ပလ္လင်အနီးရှိ လမ်းကြောင်းမှ အသစ်ထွက်ပေါ်လာသော မိစ္ဆာငယ်များမှာ ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲလှိုင်းဒဏ်ကြောင့် ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားကြသည်။
လျူထျန်းသည် သွေးတစ်ချက် ထပ်မံအန်ထုတ်ကာ နောက်သို့ လွင့်ထွက်သွားသော်လည်း မိစ္ဆာကြီးမှာမူ တုပ်တုပ်မျှမလှုပ်ဘဲ ရပ်မြဲအတိုင်း ရှိနေသေးသည်။ ထိုပြင်းထန်လှသော ထိပ်တိုက်တွေ့မှုတွင် မိစ္ဆာကြီးက အသာစီးရခဲ့သည်မှာ သိသာထင်ရှားလှသည်။ ပြင်းထန်သော ဒဏ်ရာများရထားသည့်တိုင် သူသည် ရီဖိုင်းနင်းဗွိုက် အဆင့် ကျင့်ကြံသူဖြစ်နေသဖြင့် လျူထျန်းအနေဖြင့် သူ့ကို အနိုင်ရရန် မဖြစ်နိုင်သေးပေ။
သို့သော်ငြားလည်း လျူထျန်း၏ ကြားဖြတ်နှောင့်ယှက်မှုမှာ အလွန်ထိရောက်ခဲ့သည်။ အကြောင်းမှာ မိစ္ဆာကြီး၏ အရှိန်အဟုန်မှာ လျူထျန်းကြောင့် တန့်သွားခဲ့ရသောကြောင့် ဖြစ်သည်။ ထိုအခွင့်အရေးကို အရယူကာ ကျန်းယွီဟယ်သည် အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ မိစ္ဆာကြီးထံသို့ ပစ်လွှတ်လိုက်သည်။
"သွားစမ်း..."
အဆောင်စာရွက်သည် ချက်ချင်းပင် မီးတောက်သွားပြီး ကွယ်ပျောက်သွားသည်။ ထို့နောက် မိစ္ဆာကြီး၏ ပတ်ပတ်လည်တွင် ရေတွက်၍မရနိုင်သော နွယ်ပင်များ မြေပြင်မှ ထိုးထွက်လာကာ သူ့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်တော့သည်။ ထိုအရာမှာ ခြောက်ဆင့်မြောက် အဆောင်စာရွက်ဖြစ်သော သစ်သား ချုပ်နှောင်ခြင်းအဆောင် ပင် ဖြစ်သည်။ ဤအဆောင်၏ လုပ်ဆောင်ချက်မှာ တစ်ခုတည်းသာရှိသည်။ ရန်သူကို ခဏတာမျှ မလှုပ်မယှက်ဖြစ်အောင် တားဆီးထားရန်ဖြစ်သည်။
မိစ္ဆာကြီး ချုပ်နှောင်ခံထားရသည့် ခဏတာအတွင်း ကျန်းယွီဟယ်သည် လက်ကွက်တစ်ခုကို အမြန်ဖော်လိုက်ရာ ကိုးပါးကောင်းကင် မူလဓားအစီအရင်၏ နယ်ပယ်မှာ မိစ္ဆာကြီး၏ ပတ်ပတ်လည် ဆယ်တောင်အတွင်းသို့ ကျုံ့ဝင်သွားသည်။ လှိုင်းထန်နေသော သမုဒ္ဒရာပြင်ကဲ့သို့ သိပ်သည်းလှသော မမြင်ရသည့် ဓားချီများသည် မိစ္ဆာကြီးထံသို့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြေးဝင်သွားကြသည်။ "အား..."
မိစ္ဆာကြီးက ဟိန်းဟောက်ကာ သူ၏လက်သီးဖြင့် သူ့ကို ချည်နှောင်ထားသော နွယ်ပင်များကို တစ်ချက်တည်းဖြင့် ရိုက်ခွဲလိုက်သည်။ ထို့နောက် သူသည် အပြင်ဘက်ရှိ ဓားအစီအရင်ကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
နက်မှောင်သော လက်သီးရိပ်သည် ဓားအစီအရင်၏ အလင်းကာရံပေါ်သို့ ကျရောက်သွားရာ အလင်းကာရံမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော် ခဏအကြာတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မိစ္ဆာကြီး၏ အားကုန်သုံး၍ ထိုးနှက်ချက်မှာ ကိုးပါးကောင်းကင် မူလဓားအစီအရင် ကို ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ပေ။
ဤသည်ကို မြင်လိုက်ရသောအခါမှ ကျန်းယွီဟယ်၏ တင်းမာနေသော စိတ်အာရုံမှာ လျော့ပါးသွားတော့သည်။ သူသည် အစီအရင်အတွင်းရှိ မိစ္ဆာကြီးကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "ဟေ့ မိစ္ဆာ... မင်း သေရတော့မယ်"
မိစ္ဆာကြီးသည် ဓားအစီအရင်အတွင်း လုံးဝပိတ်မိနေပြီး ပြင်းထန်စွာလည်း ဒဏ်ရာရထားပြီဖြစ်ရာ သူ၏ စွမ်းအားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ယခုအခါ သူ၏ အားကုန်သုံး တိုက်ခိုက်မှုကပင် အစီအရင်ကို မဖြိုခွဲနိုင်တော့သဖြင့် သူသည် သေခြင်းတရားနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကျန်းယွီဟယ်သည် လက်ကွက်များကို မနားတမ်း ပြောင်းလဲလိုက်ရာ ဓားရိပ်များမှာ ပိုမိုသိပ်သည်းလာပြီး မမြင်ရသော ဓားချီများက မိစ္ဆာကြီး၏ ခန္ဓာကိုယ်ကို တရစပ် ဖြတ်တောက်တော့သည်။
သို့သော်လည်း မိစ္ဆာကြီးမှာ ထိုကဲ့သို့ အလွယ်တကူ အရှုံးမပေးလိုဘဲ နောက်ဆုံးထွက်သက်အထိ အားကုန်ရုန်းကန်နေဆဲ ဖြစ်သည်။ မည်သူမျှ မသေချင်ကြသကဲ့သို့ ဤမိစ္ဆာကြီးမှာလည်း အတူတူပင် ဖြစ်သည်။ သူသည် သူ၏လက်သီးများဖြင့် အစီအရင်၏ အလင်းကာရံကို တရစပ် ထိုးနှက်နေသော်လည်း ကိုးပါးကောင်းကင် မူလဓားအစီအရင် မှာမူ တုန်လှုပ်ခြင်း မရှိပေ။ ဒဏ်ရာများမှာ ပိုမိုဆိုးရွားလာသည်နှင့်အမျှ မိစ္ဆာကြီး၏ လက်သီးချက်များမှာလည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။
"အား..."
ရုတ်တရက် သိပ်သည်းလှသော ဓားချီလှိုင်းများက မိစ္ဆာကြီး၏ သန်မာလှသော ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်သွားတော့သည်။ မိစ္ဆာကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ရုံသာ အချိန်ရလိုက်ပြီး ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ နေရာတွင် ထူးဆန်းသော အနက်ရောင် ဦးချိုတစ်စုံသာ ကျန်ရစ်ခဲ့သည်။ မိစ္ဆာကြီး သေဆုံးသွားသည်ကို မြင်သောအခါ ကျန်းယွီဟယ်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်။
ဤ ဝိညာဉ်မြို့တော် ထဲတွင် ရီဖိုင်းနင်းဗွိုက် အဆင့်ရှိသော မိစ္ဆာကြီး တစ်ကောင် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤနေရာတွင် ကျင့်ကြံခြင်း အမြင့်ဆုံးသူမှာ ဖုန်းရှင်းဂိုဏ်းမှ လပြည့်ဝန်းကြင်ယာတော် သာ ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ ယဇ်ပလ္လင်ပေါ်မှ မိစ္ဆာမှာ ဤမျှအစွမ်းထက်သော လူကောင်ကြီး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ ကံဆိုးမသွားသည်မှာ တော်သေးသည်ဟု ဆိုရမည်။
လုမင်ဖန်းမှာ တကယ်ကို အားကိုးမရသူပင်။ သူသည် မြို့တော်အတွင်းရှိ အခြေအနေကို အမှန်အတိုင်း သတင်းပို့ခဲ့သော်လည်း လုမင်ဖန်းက ပိုမိုအစွမ်းထက်သော ကူညီထောက်ပံ့မှုများကို စီစဉ်ပေးခဲ့ခြင်း မရှိပေ။ လျူထျန်း၏ အစွမ်းမှာ မဆိုးလှသော်လည်း ရီဖိုင်းနင်းဗွိုက် အဆင့်ရှိသော မိစ္ဆာကြီးကို ယှဉ်နိုင်စွမ်းမရှိပေ။
ကျန်းယွီဟယ်မှာ ဤနယ်ပယ်တွင် အတွေ့အကြုံ မရှိသေးသဖြင့် ရန်သူတွင် မည်သို့သော လျှို့ဝှက်စွမ်းအားများ ရှိနေနိုင်သည်ကို မသိခဲ့ခြင်း ဖြစ်သည်။ သို့သော် တာအိုသန့်စင်ဂိုဏ်း အနေဖြင့်မူ ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိရပေမည်။ သူတို့သည် ဤမျှအပေါစားဆန်စွာ စီစဉ်ခဲ့ခြင်းမှာ သူ့ကိုပါ ဒုက္ခတွင်းထဲ ဆွဲချလိုက်သလို ဖြစ်နေသည်။
တော်သေးသည်မှာ ကိုးပါးကောင်းကင် မူလဓားအစီအရင် က တကယ်ကို အစွမ်းထက်နေ၍သာ ဖြစ်သည်။ မဟုတ်လျှင် သူနှင့် လျူထျန်းတို့မှာ အမှန်တကယ်ပင် ဒုက္ခရောက်ကုန်ကြပေလိမ့်မည်။ ကျန်းယွီဟယ်သည် လက်ကို ဝေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ရှည်လျားသော ဦးချိုနှစ်ခုကို ကောက်ယူလိုက်သည်။ ဤဦးချိုများမှာ မည်သည့်နေရာတွင် အသုံးဝင်မည်ကို သူ မသိသေးသော်လည်း ထိုအရာမှာ ကောင်းမွန်သော ပစ္စည်းဖြစ်ကြောင်း သိသာလှသည်။ မိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲသွားသော်လည်း ဤဦးချိုများမှာမူ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။ အခြားအရာများကို ထည့်မတွက်လျှင်ပင် ဤဦးချိုများ၏ မာကျောမှုမှာ သာမန်ပစ္စည်းများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ နောင်တွင် မှော်လက်နက်များ သွန်းလုပ်ရာ၌ အသုံးပြုလျှင် ကောင်းမွန်သော ရလဒ်များ ရနိုင်ပေသည်။ ဦးချိုများကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းယွီဟယ်သည် လက်ကွက်တစ်ခုကို ဖော်လိုက်ရာ ပျံသန်းနေသော ဓားကိုးစင်မှာ မြို့တော်၏ အပြင်ဘက် နယ်နိမိတ်သို့ လျင်မြန်စွာ ဆင်းသက်သွားတော့သည်။
မိစ္ဆာကြီး သေဆုံးသွားသော်လည်း တိုက်ပွဲမှာ မပြီးဆုံးသေးပေ။ ဤအချိန်တွင်လည်း မိစ္ဆာအမြောက်အမြားမှာ လမ်းကြောင်းမှတစ်ဆင့် ဤနေရာသို့ အဆက်မပြတ် တိုးဝင်နေကြဆဲ ဖြစ်သည်။ ဓားများ ဆင်းသက်သွားသည်နှင့်အမျှ ကိုးပါးကောင်းကင် မူလဓားအစီအရင် မှာ ထပ်မံ ပေါ်ပေါက်လာပြီး အတိုင်းအဆမရှိသော ဓားချီလှိုင်းများက မြို့တော်အတွင်းသို့ တရစပ် စီးဝင်သွားသည်။
ဓားချီလှိုင်းများသည် လမ်းကြောင်းမှ ထွက်လာသော မိစ္ဆာစစ်သည်များကို ဂျုံပင်များ ရိတ်သိမ်းသကဲ့သို့ပင် လျင်မြန်စွာ ခြေမှုန်းပစ်လိုက်သည်။ ဤမိစ္ဆာများ၏ အမြင့်ဆုံး ကျင့်ကြံခြင်းမှာ နတ်ဘုရားသန္ဓေအဆင့် မျှသာ ဖြစ်သဖြင့် ဦးချိုပါသော မိစ္ဆာကြီးကဲ့သို့ အစွမ်းမထက်ကြပေ။ မမြင်ရသော ဓားချီတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့်ပင် မိစ္ဆာအုပ်စုလိုက်ကြီးမှာ လွင့်စင်သွားကြရသည်။
သို့သော် ဤမိစ္ဆာများမှာလည်း ထူးဆန်းလှသည်။ ဤနေရာသို့ လာခြင်းမှာ သေလမ်းဖြစ်သည်ကို သိပါလျက်နှင့် သူတို့သည် လမ်းကြောင်းမှတစ်ဆင့် အဆက်မပြတ် တိုးဝင်နေကြဆဲ ဖြစ်သည်။ ထိုအရာမှာ မိစ္ဆာနယ်မြေတွင် ခွေးများက သူတို့ကို လိုက်ဟောင်နေပြီး ယွီဖန်ကောင်းကင်ဘုံ တွင်မူ ကောက်စရာ ပိုက်ဆံများ ရှိနေသကဲ့သို့ပင်။ သေရမည်ကို သိသော်လည်း ဤမိစ္ဆာများ၏ မျက်နှာတွင် ကြောက်ရွံ့ရိပ် အနည်းငယ်မျှ မရှိကြပေ။
"မိစ္ဆာမျိုးနွယ်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ"
သေဘေးကို မမှုသော ဤမိစ္ဆာများကို မြင်သောအခါ ကျန်းယွီဟယ်မှာ မချိတင်ကဲ ဖြစ်သွားမိသည်။ မိမိအသက်ကို အဆုံးရှုံးခံဝံ့သူကို မည်သူက မကြောက်ဘဲ နေနိုင်မည်နည်း။ တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ တစ်မျိုးနွယ်လုံးက ထိုကဲ့သို့ သေဘေးကို မကြောက်ကြသည်မှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။
ခဏအကြာတွင် လျူထျန်းသည် သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို ဆွဲ၍ ပြန်ရောက်လာသည်။ ကျန်းယွီဟယ်က စိုးရိမ်တကြီး မေးလိုက်သည်။
"စီနီယာ... အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်"
လျူထျန်းက အားမပါသော အသံဖြင့် ပြန်ဖြေသည်။ သူ၏ မျက်နှာတွင် ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ပေ။ ယခုအခြေအနေတွင် သူ မောက်မာရန်လည်း မဖြစ်နိုင်တော့ပေ။ လျူထျန်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မိစ္ဆာကြီးကို မတွေ့ရသဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ညီလေးကျန်း... အဲဒီမိစ္ဆာကြီး သေသွားပြီလား"
"ဟုတ်ကဲ့... သေတာမှ အစအနတောင် မကျန်တော့ပါဘူး"
ကျန်းယွီဟယ်က ပြုံးလျက် ဖြေလိုက်သည်။ သူ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများ ရှိနေသည်။ သူ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။ ထိုအရာမှာ သူ၏ ပထမဆုံးသော မှော်စွမ်းအား သုံး၍ တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်ပြီး ရီဖိုင်းနင်းဗွိုက် အဆင့်ရှိသော မိစ္ဆာကြီးကိုပင် သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။ ပထမဆုံး ကြိုးစားမှုတွင်ပင် ရန်သူကို တစ်ကွက်တည်းဖြင့် သတ်နိုင်ခဲ့ခြင်းမှာ တကယ်ပင် ဂုဏ်ယူစရာ ကောင်းလှပေသည်။ (ရီဖိုင်းနင်းဗွိုက် = အဆင့်မြင့် မိစ္ဆာ )
***