"ဒါ... မိုးကြိုးဧကရာဇ်ပဲ သူ ပြန်လာပြီ"
"မိုးကြိုးဧကရာဇ်... မတွေ့ရတာ ကြာပြီနော်"
နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ ပြီးဆုံးခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရှုကျင်းမင် သူ၏ မူလရုပ်သွင်ဖြင့် မဂျစ်စီးတီး တက္ကသိုလ် ဝင်းအတွင်း လမ်းလျှောက်နေသည့်အခါ လူအများအပြားက သူ့အား နွေးထွေးစွာ နှုတ်ဆက်ကြဆဲပင်။ အချို့ဆိုလျှင် လိဂ်ပြိုင်ပွဲတုန်းက သူ၏ ဓာတ်ပုံများကို ယူဆောင်လာပြီး လက်မှတ်ထိုးခိုင်းကြသေးသည်။
ရှုကျင်းမင်လည်း မငြင်းဆန်ခဲ့ပေ။ သို့သော် ထိုအကြောင်းကြောင့်ပင် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းတိုက်မှ ကျောင်းသားအိပ်ဆောင်သို့ ရောက်ရန် နာရီဝက်နီးပါး ကြာသွားခဲ့ရသည်။ ဗီလာသို့ ပြန်ရောက်သည့်အခါ ပထမထပ် ဧည့်ခန်းတွင် မည်သူမှ ရှိမနေပေ။ လျူဝန်တောင်းမှာ အတန်းတက်နေဆဲ ဖြစ်ပုံရသည်။ ဆုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့မှာမူ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ အပျက်အစီး နယ်မြေမှ ထွက်လာစဉ်ကတည်းက စာပို့ထားခဲ့ကြသည်။ သူတို့က တောနက်ဇုန်တစ်ခုသို့ သွားရောက်နေကြပြီး ရက်အနည်းငယ်အတွင်း ပြန်လာမည် မဟုတ်ကြောင်း သိရသည်။
"ခဏလောက် မှေးလိုက်ဦးမယ်... နိုးလာမှ ကျောင်းရဲ့ ဝဘ်ဆိုဒ်မှာ စောစီးစွာ ကျောင်းဆင်းဖို့ ဘယ်လို လျှောက်ရမလဲဆိုတာ ကြည့်ရမယ်"
အပျက်အစီး နယ်မြေထဲတွင် ကုန်ဆုံးခဲ့သော နှစ်လအတွင်း ရှုကျင်းမင်မှာ အမြဲတမ်း သတိထားနေခဲ့ရသဖြင့် အိပ်စက်သည့် အခါတွင်ပင် အိပ်ရေးဝဝ မအိပ်ခဲ့ရပေ။ ယခု ကျောင်းသို့ ပြန်ရောက်သည့်အခါ သူက လုံးဝ စိတ်အေးသွားခဲ့ပြီး တစ်ကိုယ်လုံး နွမ်းနယ်မှုများက လှိုင်းလုံးကြီးကဲ့သို့ လိပ်တက်လာခဲ့သည်။ ရေချိုးရန်ပင် အချိန်မရတော့ဘဲ သွေးများ ပေကျံနေသည့် တိုက်ပွဲဝင်ဝတ်စုံကို ချွတ်လိုက်ကာ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ပြီး ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ဆာကူရာ နိုင်ငံ၊ ဟော့ကိုင်းဒိုး၊ အာဆာဟီကာဝါ မြို့။
ည ၉ နာရီ ကျော်ပြီ ဖြစ်သဖြင့် ကောင်းကင်ယံမှာ မည်းမှောင်နေပြီ ဖြစ်သည်။ ကောင်းကင်ယံတွင် တောက်ပသော လမင်းကြီး တစ်စင်းသာ လွင့်မျောနေပြီး မြေပြင်ထက်သို့ ဖြူစင်သော အလင်းတန်းများကို ဖြန့်ကျက်ထားသည်။ အာဆာဟီကာဝါ မြို့တစ်ခုလုံးမှာ မီးရောင်စုံများဖြင့် လင်းထိန်နေပြီး အလွန်ပင် စည်ကားလှသည်။
မြို့လယ်ခေါင်တွင် တည်ရှိသော ထျန်းယွီ သိုင်းသင်တန်းကျောင်း ဂိုဏ်းခွဲမှာလည်း လူများဖြင့် ပြည့်နှက်နေသည်။ ထိုသူများမှာ တိုက်ပွဲဝင်ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်များ ကိုင်ဆောင်ထားကြသည့် စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြသည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှနေ၍ နီရဲသော အလင်းတန်းတစ်ခုက အဟုန်ပြင်းစွာ ပျံသန်းလာခဲ့သည်။ ၎င်းက သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ထျန်းယွီ သိုင်းသင်တန်းကျောင်း အဆောက်အအုံ ရှေ့ လေထုထဲတွင် ရပ်တန့်လိုက်သည်။
"လေပေါ် လမ်းလျှောက်နေတာပဲ သူက သိုင်းသူတော်စင် အဆင့် ပညာရှင်တစ်ယောက်ပဲ"
"ဘုရားရေ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှာ သိုင်းသူတော်စင် အသစ်တစ်ယောက် ထပ်ပေါ်လာတာလား"
မြေပြင်ပေါ်ရှိ စွမ်းရည်ပိုင်ရှင်များမှာ ထိုခန့်ညားထည်ဝါသော ပုံရိပ်ကို ကြည်ညိုလေးစားစွာဖြင့် စိုက်ကြည့်နေကြပြီး ဂျပန်ဘာသာဖြင့် တအံ့တသြ ရေရွတ်နေကြသည်။
"ဟွန့်"
သို့သော် ထိုအချိန်တွင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ဟိန်းခနဲ ထွက်ပေါ်လာသည်။ ထိုအမျိုးသားက စွမ်းအင်အချို့ကို အနည်းငယ်မျှသာ ထုတ်ဖော်လိုက်သော်လည်း မြေပြင်ပေါ်ရှိ လူတိုင်းမှာ အဆမတန်သော ဖိအားကြီးကို ခံစားလိုက်ရသည်။ ထိုဖိအားအောက်တွင် လူအများစု၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားကြတော့သည်။ အားနည်းသော စွမ်းရည်ပိုင်ရှင် အချို့မှာမူ ပို၍ ဆိုးရွားလှပြီး မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားကြတော့သည်။
"မဟာနွေရာသီ တိုင်းပြည်က နဝမအဆင့် သိုင်းသူတော်စင် သွေးဓား ... ခင်ဗျား ငါတို့ ဆာကူရာ နိုင်ငံရဲ့ နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာတာပဲ"
"အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် ငါတို့နိုင်ငံက နဝမအဆင့် ပညာရှင်တွေကို ခေါ်ပြီး ခင်ဗျားကို နှင်ထုတ်ခိုင်းရလိမ့်မယ်"
အဆောက်အအုံအတွင်းမှနေ၍ လေပြင်းများ ဝန်းရံထားသော သတ္တမအဆင့် လေဓာတ် စွမ်းရည်ပိုင်ရှင် တစ်ဦး ပျံသန်းထွက်လာခဲ့သည်။ သူက သွေးဓားကို တင်းမာသော မျက်နှာထားဖြင့် ကြည့်ကာ မဟာနွေရာသီ ဘာသာစကားဖြင့် ကျယ်လောင်စွာ သတိပေးလိုက်သည်။
"နဝမအဆင့်တွေကို ခေါ်မလို့လား... ကောင်းပြီလေ သူတို့ ငါ့ကို နိုင်မနိုင် ကြည့်ကြတာပေါ့"
သွေးဓား၏ အနက်ရောင် ဆံပင်များမှာ လေထဲတွင် တလွင့်လွင့်နှင့် ခပ်ကြမ်းကြမ်း လှုပ်ခတ်နေသည်။ "ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မင်းတို့ရဲ့ ဒီဂိုဏ်းခွဲကို ငါ အရင်ဖျက်ဆီးရမယ်"
သူက ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ထူထဲသော သွေးစွမ်းအင်များက ၎င်းအား ဝန်းရံသွားပြီး ရှေ့ရှိ အဆောက်အအုံဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
"သွေးဓား ခုတ်ချက်"
ကောင်းကင်နှင့် မြေကြီးကို ထိုးခွဲနိုင်မည့်အလား နီရဲသော ဓားအရှိန်အဝါ တစ်ခုက လျှပ်တစ်ပြက်အတွင်း လက်ခနဲ ဖြစ်သွားပြီး အဆောက်အအုံ တစ်ခုလုံးကို စောင်းလျက် ဖြတ်တောက်သွားခဲ့သည်။
“ဝုန်း....”
မီတာ ၃၀၊ ၄၀ ခန့် မြင့်သော အဆောက်အအုံကြီး၏ အလယ်တည့်တည့်တွင် သပ်ရပ်ချောမွေ့သော ဓားရာကြီးတစ်ခု ပေါ်လာခဲ့သည်။ အဆောက်အအုံ၏ အပေါ်ပိုင်း တစ်ခုလုံးမှာ ဝုန်းခနဲ မြည်ဟည်းကာ ပြိုကျသွားတော့သည်။
"ကယ်ကြပါဦး"
"ကယ်ပါ... ကယ်ကြပါဦး"
အဆောက်အအုံ ပြိုကျသွားသည်နှင့်အမျှ ထျန်းယွီ သိုင်းသင်တန်းကျောင်း နယ်မြေတစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်သံများ ဟိန်းထွက်လာတော့သည်။
"ခင်ဗျား ငါ့ရဲ့ သိုင်းသင်တန်းကျောင်းကို ဖျက်ဆီးလိုက်ပြီ သွေးဓား ခင်ဗျား တကယ်ပဲ ဘာလုပ်ချင်နေတာလဲ" လေဓာတ် စွမ်းရည်ပိုင်ရှင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။
"ငါ ဘာလုပ်ချင်တာလဲဆိုတာ... မင်းတို့ ပြန်ဖြေရမယ့် မေးခွန်းပဲ"
အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ သွေးဓားက သူ၏ အရှိန်အဝါကို ဖုံးကွယ်မထားတော့ဘဲ နဝမအဆင့် သိုင်းသူတော်စင်၏ အရှိန်အဝါကို ရုတ်တရက် ပေါက်ကွဲထုတ်ဖော်လိုက်တော့သည်။
စောစောက ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသွားသူများမှာ သာမန်လူများ သို့မဟုတ် ပထမအဆင့် စွမ်းရည်ပိုင်ရှင်များသာ ဖြစ်ကြသည်။ ယခုအခါ အရှိန်အဝါ ပေါက်ကွဲထွက်လာသည့်အခါ မီတာ တစ်ထောင်ကျော်အတွင်းရှိ ဧရိယာတစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။ အဆင့်လေးအောက်ရှိ စွမ်းရည်ပိုင်ရှင်များ အားလုံးနှင့် သာမန်လူများမှာ ချက်ချင်းပင် သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ဖိသိပ်ချေမွခံလိုက်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းယွီ သိုင်းသင်တန်းကျောင်း တစ်ခုလုံးမှာ သွေးချင်းချင်းနီကာ သွေးနံ့များ နံစော်နေသော သတ်ကွင်းကြီးတစ်ခု ဖြစ်သွားတော့သည်။ သို့သော် သွေးဓားက ရပ်တန့်မသွားပေ။ သူ၏ ဓားကို နောက်ထပ် နှစ်ကြိမ်ခန့် ထပ်မံ ဝှေ့ယမ်းလိုက်ရာ အဆောက်အအုံတစ်ခုလုံး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
"ခင်ဗျား ခင်ဗျား ခင်ဗျား ကလဲ့စားချေချင်ရင် ငါတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းကိုပဲ လာခဲ့လေ ပတ်ဝန်းကျင်မှာ ရှိတဲ့ သာမန်လူတွေ အများကြီးကို ခင်ဗျား အကုန်သတ်ပစ်လိုက်ပြီလား" လေဓာတ် စွမ်းရည်ပိုင်ရှင်က ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ဟောက်လိုက်သည်။
"ငါလည်း အားနည်းသူတွေကို နှိပ်စက်ရတာ မကြိုက်ဘူး... ဒါပေမဲ့ ငါတို့ မဟာနွေရာသီ တိုင်းပြည်ရဲ့ SS အဆင့် ပါရမီရှင်ကို ထိရဲရင်တော့ ဒါက ဖြစ်လာမယ့် ရလဒ်ပဲ" သွေးဓား၏ ထက်မြက်သော မျက်နှာထက်တွင် အဆုံးမဲ့ အေးစက်မှုများ ဖုံးလွှမ်းနေသည်။
"ရှုကျင်းမင် ဘာမှမဖြစ်လို့သာ မင်းတို့ ကံကောင်းတယ်လို့ မှတ်ပါ... မဟုတ်ရင် မင်းတို့ရဲ့ ဆာကူရာ နိုင်ငံတစ်ခုလုံးပါ မြေပုံပေါ်က ပျောက်ကွယ်သွားလိမ့်မယ်..."
ပြောပြီးသည်နှင့် သွေးဓားက နေရာရွှေ့ပြောင်းလိုက်သကဲ့သို့ ထိုသတ္တမအဆင့် ဆရာကြီး၏ ရှေ့သို့ ရောက်ရှိသွားပြီး သူ့အား တစ်ချက်တည်းနှင့် သတ်လိုက်သည်။ ထို့နောက် သူက အခြားတစ်ဖက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ဟိုရီအိ ရှိနေသည့် နေရာကို သေချာစွာ ပစ်မှတ်ထားထားပြီး ဖြစ်သည်။
"၂၃ နာရီ ရှိပြီပဲ... ငါတို့ ထွက်သွားလို့ မရသေးဘူးလား"
"ဘယ်သူ သိမှာလဲ... ဒီစက်ရုပ်နှစ်ရုပ်က ဘာမှ မပြောသေးတော့ ငါတို့လည်း မထွက်ရဲဘူးလေ"
အပျက်အစီး ဟင်းလင်းပြင်အတွင်းတွင် စွမ်းရည်ပိုင်ရှင် အုပ်စုမှာ ဟင်းလင်းပြင် တံခါးကို စောင့်ကြပ်နေသည့် ရွှေရောင် အစောင့်အရှောက် နှစ်ရုပ်ကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ခဏအကြာတွင် ရွှေရောင် အစောင့်အရှောက်က ကြေညာလိုက်သည်။ "အချိန်စေ့ပြီ... မင်းတို့ အခု ထွက်သွားလို့ ရပါပြီ"
စကားဆုံးသည်နှင့် ဟင်းလင်းပြင် တံခါးဝတွင် တစ်နေ့လုံးနီးပါး စောင့်ဆိုင်းနေရသော စွမ်းရည်ပိုင်ရှင်များမှာ ၎င်းဆီသို့ အလုအယက် ပြေးဝင်ကြတော့သည်။ သူတို့က နှေးကွေးသွားပါက ပြန်လည် အဖမ်းခံရမည်ကို စိုးရိမ်နေကြခြင်းပင်။
"ဆက်ခံသူ... ကျွန်မရဲ့ တာဝန် ပြီးဆုံးပါပြီ..." ရွှေရောင် အစောင့်အရှောက် နှစ်ရုပ်မှာ မိမိဘာသာ ရေရွတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာလည်း အသိဉာဏ်များ ပျောက်ကွယ်သွားကာ စက်ရုပ်ဆန်စွာဖြင့် ပင်မအခြေစိုက်စခန်းဆီသို့ ဦးတည်သွားကြတော့သည်။
"ရွှေရောင် အစောင့်အရှောက်တွေ ငါတို့ကို သတိမထားမိဘူး သွားကြစို့"
အနီးအနားရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သော ဆာကူရာဂီ ရင်းက ရွှေရောင် အစောင့်အရှောက်များ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ သူမသည်လည်း ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ ကျန်ရှိနေသည့် အဖွဲ့ဝင်များကို ဦးဆောင်ကာ ဟင်းလင်းပြင် တံခါးဆီသို့ လျင်မြန်စွာ ဦးတည်လိုက်တော့သည်။
"ညွှန်ကြားရေးမှူးချုပ်... တံခါးပိတ်ဖို့ တစ်နာရီပဲ လိုတော့တယ်"
"နတ်ဘုရားမတို့ရော... သူတို့ တစ်ခုခု ဖြစ်သွားတာများလား"
ဟင်းလင်းပြင် တံခါး အပြင်ဘက်တွင် ဘေးနား၌ ရပ်နေသော စွမ်းရည်ပိုင်ရှင် တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
"ခဏလောက် ထပ်စောင့်ကြည့်ရအောင်... တခြားလူတွေ ထွက်လာဦးမလားဆိုတာ"
အခြေအနေက ဤသို့ ဖြစ်လာသည့်အခါ တွင်းတူးသမား ဟိုရီအိလည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ရသော်လည်း ဆက်လက် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားနည်းလမ်း မရှိပေ။ ဘာပဲဖြစ်ဖြစ် မဟာနွေရာသီ တိုင်းပြည်က လူတွေက ထွက်ပြေးသွားကြပြီဆိုတော့ သူ မေးမြန်းဖို့ ဘယ်သူမှ မရှိတော့ပေ။
"ညွှန်ကြားရေးမှူးချုပ်... ကြည့်ပါဦး ဟင်းလင်းပြင် တံခါးက လှုပ်ရှားနေပြီ"
ထိုအချိန်တွင် စွမ်းရည်ပိုင်ရှင် တစ်ဦးက ဝမ်းသာအားရ ဟစ်အော်လိုက်သည်။ ဟိုရီအိလည်း လှမ်းကြည့်လိုက်သည့်အခါ ဟင်းလင်းပြင် တံခါးထဲမှ စွမ်းရည်ပိုင်ရှင်များ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး"
ဟိုရီအိက မဟာနွေရာသီ တိုင်းပြည်မှလူများကို လွှတ်ပေးခဲ့မိသည့်အတွက် နောင်တရနေခဲ့ရာ ယခုတစ်ကြိမ်တွင်မူ မပေါ့ဆရဲတော့ဘဲ သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ လူတိုင်းကို လွှမ်းခြုံသွားတော့သည်။ ဟင်းလင်းပြင် တံခါးထဲမှ ထွက်လာကြသော စွမ်းရည်ပိုင်ရှင် အုပ်စုမှာ သူတို့၏ ကံဆိုးမှုကို ကျိန်ဆဲရင်း ချက်ချင်းပင် ရပ်တန့်သွားကြရတော့သည်။ သတ္တမအဆင့် ရွှေရောင် အစောင့်အရှောက် မရှိတော့သည့်တိုင် အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက်ကို သူတို့ ဘယ်လိုမှ မယှဉ်နိုင်ပေ။
"မင်း... ဒီကိုလာခဲ့"
ဟိုရီအိက စွမ်းရည်ပိုင်ရှင် တစ်ဦးကို အတင်းအကျပ် ဆွဲခေါ်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။ "ပြောစမ်း... အပျက်အစီး နယ်မြေထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ... ငါတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေ ဘယ်မှာလဲ... သူတို့ ဘာလို့ အခုထိ ထွက်မလာသေးတာလဲ"
ထိုစွမ်းရည်ပိုင်ရှင်မှာ ပဉ္စမအဆင့်သာ ရှိသေးပြီး အဋ္ဌမအဆင့် ဆရာကြီး၏ ဖိအားအောက်တွင် တုန်ရင်နေကာ အခက်အခဲများစွာဖြင့် ပြန်ဖြေလိုက်ရသည်။
"မဟာနွေရာသီ တိုင်းပြည်က SS အဆင့် ရှုကျင်းမင်က... အပျက်အစီး နယ်မြေထဲမှာ ပေါ်လာပြီးတော့ ဒဏ္ဍာရီလာ အမွေအနှစ်ကို လက်ခံရရှိသွားပါတယ်... ပြီးတော့ သူက သတ္တမအဆင့် ရွှေရောင် အစောင့်အရှောက် နှစ်ရုပ်ကို သုံးပြီး ခင်ဗျားတို့လူတွေကို လိုက်လံ သုတ်သင်ခိုင်းခဲ့ပါတယ်... အပျက်အစီး နယ်မြေထဲကို ဝင်သွားတဲ့သူတွေ အကုန်လုံး... အကုန်လုံး သေကုန်ကြပါပြီ..."
"ဘာ အကုန်လုံး သေကုန်ပြီ ဟုတ်လား"
တွင်းတူးသမား ဟိုရီအိ၏ မျက်လုံးသူငယ်အိမ်များမှာ ထိတ်လန့်လွန်းသဖြင့် အပ်ဖျားခန့်အထိ ကျုံ့သွားတော့သည်။
***