"နောက်တစ်ခါ ပြန်ပြောစမ်း... ငါတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေ ဘာဖြစ်ကုန်တာလဲ"
ဟင်းလင်းပြင် တံခါးဝ အနီးတွင် ဟိုရီအိက သူ၏ ရှေ့မှ စွမ်းရည်ပိုင်ရှင်ကို စူးစိုက်ကြည့်ကာ အက်ကွဲအက်ကွဲ အသံဖြင့် မေးလိုက်သည်။ သူတို့ ပတ်ဝန်းကျင်ရှိ အခြား စွမ်းရည်ပိုင်ရှင်များမှာလည်း အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေကြပြီး မည်သူမှ စကားမဟရဲကြပေ။
ဟိုရီအိ၏ ရှေ့တွင် ရပ်နေသော စွမ်းရည်ပိုင်ရှင်မှာ ငိုတော့မည့်အလား ဖြစ်နေသော်လည်း ဟိုရီအိ၏ ဖိအားပေးနေသော အရှိန်အဝါအောက်တွင် နောက်တစ်ကြိမ် ထပ်မံ ဖြေကြားလိုက်ရသည်။
"သူတို့... သူတို့တွေ အကုန်လုံး သေကုန်ကြပြီ ထင်ပါတယ်..."
“ဘုန်း...”
စကားမဆုံးသေးမီမှာပင် သူက ဟိုရီအိ၏ လက်ဝါးရိုက်ချက်တစ်ခုကြောင့် မီတာ ဒါဇင်ပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားခဲ့သည်။ နံရံနှင့် တိုက်မိပြီးမှ အရှိန်သေသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ အသက်ရှင်၊ မရှင်ကိုမူ မည်သူမှ မသိနိုင်တော့ပေ။
"မဟာနွေရာသီ တိုင်းပြည်က SS အဆင့် ရှုကျင်းမင် ကောင်းပြီလေ... အရမ်းကောင်းတာပေါ့"
“ငါ့မျက်စိအောက်မှာတင် ခိုးဝင်သွားရုံတင်မကဘဲ ငါတို့လူတွေကိုပါ အကုန်သတ်ပစ်ခဲ့တာလား...”
ဟိုရီအိက အတိုင်းအထက်အလွန် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ ဆာကူရာဂီ ရင်းက Sအဆင့် နိုးထသူ တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း တွေ့ရခဲသည့် ပါရမီရှင်၊ ဂျပန်နိုင်ငံ ပြန်လည် ထွန်းကားလာရန်အတွက် မျှော်လင့်ချက်ပင် ဖြစ်သည်။ အခြားသူတွေ အကုန်သေရင်တောင် သူမကတော့ သေလို့ မဖြစ်ပေ။
ဒေါသထွက်နေသည့်ကြားမှပင် ဟိုရီအိက သူ၏ အထက်လူကြီးကို မည်သို့ ရှင်းပြရမည်နည်းဟု စိုးရိမ်နေမိသည်။ သူ၏ ကနဦး ရည်ရွယ်ချက်မှာ ရှုကျင်းမင်ကို သတ်ရန် ဖြစ်သော်လည်း မမျှော်လင့်ဘဲ ရှုကျင်းမင်က ဆာကူရာဂီ ရင်းနှင့် ထျန်းယွီ သိုင်းသင်တန်းကျောင်း၏ အမာခံ အဖွဲ့ဝင် ၁၀၀ ကျော်ကို သုတ်သင်သွားခဲ့သည်။
ကြက်ခိုးဖို့ ကြိုးစားရင်း ဆန်ပါ ဆုံးရှုံးရသည် ဟူသော စကားပုံကပင် လက်ရှိ အခြေအနေကို ဖော်ပြရန် မလုံလောက်တော့ပေ။ ယခုတော့ ဆန်အိတ်ပါ အခိုးခံလိုက်ရခြင်းပင်။
ထိုအချိန်တွင် တစ်စုံတစ်ဦးက အံ့သြတကြီး အော်ပြောလိုက်သည်။ "ညွှန်ကြားရေးမှူးချုပ်... ကြည့်ပါဦး နတ်ဘုရားမ ပြန်လာပါပြီ"
ဟိုရီအိ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ဆာကူရာဂီ ရင်းသည် စွမ်းရည်ပိုင်ရှင် ရှစ်ယောက်ကို ဦးဆောင်ကာ ဟင်းလင်းပြင် တံခါးထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ဆာကူရာဂီ ရင်းမှာ အားနည်းနေပုံရသော်လည်း အသက်အန္တရာယ် ရှိသည့်ပုံ မပေါ်ပေ။ ကျန်ရှိသည့် ရှစ်ယောက်မှာမူ ပိုမို ကောင်းမွန်သော အခြေအနေတွင် ရှိနေကြသည်။
"နတ်ဘုရားမ... မင်း အဆင်ပြေရဲ့လား... တကယ်ကို ဝမ်းသာစရာပဲ" ဟိုရီအိက သူမကို မြင်လိုက်ရသည့်အခါ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ အဖွဲ့ဝင်များမှာလည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြမိသည်။
“ဆာကူရာဂီ ရင်း...”
သူတို့၏ ထျန်းယွီ သိုင်းသင်တန်းကျောင်းက အထက်တန်းကျပြီး ဂုဏ်ယူစရာကောင်းလှရာ သူတို့၏ နတ်ဘုရားမလေးကို ထိခိုက်မှု မရှိစေရပေ။
"ရှုကျင်းမင်က မာ့ခ်တို့နဲ့ တခြားလူတွေကို သတ်ပစ်လိုက်တယ်... ကျွန်မကတော့ ဝှက်ဖဲကို သုံးပြီးမှ အသက်ရှင် လွတ်မြောက်ခဲ့တာပါ"
"ဒါပေမဲ့ ကျွန်မလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်... ဒဏ်ရာတွေ နည်းနည်း သက်သာလာလို့ ပြန်ကြည့်တဲ့အခါမှာတော့ ငါတို့လူတွေ အကုန်လုံး သေကုန်ကြပြီဆိုတာ သိလိုက်ရတယ်" ဆာကူရာဂီ ရင်းက သူမ ကြိုတင် ပြင်ဆင်ထားသည့် ဆင်ခြေကို ပြောလိုက်သည်။ သူမ၏ သွယ်လျသော ကိုယ်လုံးလေးမှာ မတ်တပ်ရပ်နေသော်လည်း အင်အားမဲ့နေပုံရသည်။
"နတ်ဘုရားမ တစ်ယောက်အနေနဲ့ ကျွန်မရဲ့ အဖော်တွေကို မကာကွယ်နိုင်ခဲ့ဘူး... ဒီတစ်ခါ ဖြစ်ရပ်ရဲ့ တာဝန်အားလုံးက ကျွန်မအပေါ်မှာပဲ ရှိပါတယ်... ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ ညွှန်ကြားရေးမှူးချုပ်"
"ဒီလို စိတ်ဓာတ်မျိုးက တကယ့်ကို နတ်ဘုရားမတစ်ပါးနဲ့ ထိုက်တန်တာပဲ"
"ဟုတ်တယ်... မြင့်မြတ်တဲ့ နတ်ဘုရားမလေးက သူမရဲ့ တာဝန် မဟုတ်တာတောင် အပြစ်ကို ကိုယ်တိုင်ခံယူဖို့ အစပြုခဲ့တာပဲ"
ဆာကူရာဂီ ရင်းက တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး အခြေအနေ အလွန်ဆိုးရွားနေသော်လည်း ထွက်လာလာချင်းမှာပင် တာဝန်ယူလိုစိတ်ကို ပြသခဲ့သည်။ ဤလုပ်ရပ်က ထိုနေရာရှိ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ စွမ်းရည်ပိုင်ရှင် အများစု၏ ကြည်ညိုမှုကို ရရှိသွားစေခဲ့သည်။ ဟိုရီအိသည်လည်း ဤကိစ္စမှာ သူမ၏ တာဝန် မဟုတ်ကြောင်း သိရှိပြီး လက်ကာပြကာ ပြောလိုက်သည်။
"ဒီတစ်ခါတော့ မဟာနွေရာသီတိုင်းပြည်က လူတွေက အရမ်းကောက်ကျစ်လွန်းလို့ပါ... မင်းကို အပြစ်တင်စရာ မရှိပါဘူး..."
သူ၏ စကားမဆုံးသေးမီမှာပင် စွမ်းရည်ပိုင်ရှင် တစ်ဦးမှာ အသည်းအသန် ပြေးလာပြီး တိုးတိုးလေး သတင်းပို့လိုက်သည်။
"ညွှန်ကြားရေးမှူးချုပ်... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါပြီ မဟာနွေရာသီတိုင်းပြည်က နဝမအဆင့် သိုင်းသူတော်စင် သွေးဓား က အာဆာဟီကာဝါ မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဂိုဏ်းခွဲကို ဖျက်ဆီးလိုက်ပါပြီ"
"မြို့ထဲကလူတွေရဲ့ သတင်းပေးချက်အရဆိုရင် ထျန်းယွီ သိုင်းသင်တန်းကျောင်းရဲ့ တစ်ကီလိုမီတာ ပတ်လည်က ဧရိယာတစ်ခုလုံးဟာ လူသူကင်းမဲ့တဲ့ နယ်မြေ ဖြစ်သွားပါပြီ... တစ်ယောက်မှ အသက်ရှင် ကျန်ရစ်တာ မရှိပါဘူး"
"မဟာနွေရာသီ တိုင်းပြည်က နဝမအဆင့် သိုင်းသူတော်စင် တစ်ယောက်က ငါတို့ကို တိုက်ခိုက်ရဲတယ် ဟုတ်လား"
ဟိုရီအိ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ "အကြောင်းရင်းက ဘာလဲ... သူတို့က ငါတို့ကို စစ်ကြေညာလိုက်တာလား"
"ကြည့်ရတာ... ငါတို့က သူတို့ရဲ့ SS အဆင့် ပါရမီရှင် ရှုကျင်းမင်ကို ပစ်မှတ်ထားခဲ့တာကြောင့် သူတို့က လက်တုံ့ပြန်တာ ဖြစ်ပုံရပါတယ်" ထိုသူက ဟိုရီအိ၏ မျက်နှာအမူအရာကို ကြည့်ကာ သတိထားပြီး သတင်းပို့လိုက်သည်။
"သူတို့ရဲ့ SS အဆင့်ကို ပစ်မှတ်ထားလို့ ဟုတ်လား မိုက်လိုက်တာ"
ဟိုရီအိက ဒေါသကြောင့်ပင် ရယ်မောလိုက်မိသည်။ "သူတို့က ငါတို့လူ အယောက် ၁၀၀ နီးပါးကို သတ်ခဲ့တာကိုတောင် ငါတို့က သူတို့နဲ့ စာရင်းမရှင်းရသေးဘူး"
"အခု သူတို့က ငါတို့ကို အရင်လာထိတာလား ရယ်စရာပဲ မဟာနွေရာသီ တိုင်းပြည်က တကယ့်ကို အာဏာစက် ပြင်းလွန်းတာပဲ"
"ငါ ဒါကို ဂိုဏ်းချုပ်ကြီးဆီ သတင်းပို့ရမယ်... သွေးဓားကို သေချာပေါက် တာဝန်ယူခိုင်းရမယ်"
"အော် မင်းက ငါ့ကို တာဝန်ယူခိုင်းမလို့လား... ဒါဆိုရင် ငါ့ကို ဘယ်လို တာဝန်ယူခိုင်းမလဲဆိုတာ ငါ သိချင်လှပြီ"
ရုတ်တရက် သွေးဆာနေသော လေးလံသည့် အသံတစ်ခုနှင့်အတူ နီရဲသော ပုံရိပ်တစ်ခုမှာ ဝေးလံသော ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက လူတိုင်း၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိလာသည်။ ထိုသူ့ဆီမှ ထွက်ပေါ်နေသော အစွမ်းထက်သည့် ဖိအားကြောင့် ထိုနေရာရှိ စွမ်းရည်ပိုင်ရှင် အားလုံးမှာ အသက်ရှူပင် မဝကြတော့ပေ။
"သွေးဓား ခင်ဗျား အခုထိ ဒီမှာ ရှိနေသေးတာလား" ဟိုရီအိ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"အရေးကြီးဆုံး ပစ်မှတ်ကို မသတ်ရသေးဘဲ ငါက ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ" သွေးဓား၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ဟိုရီအိ... မင်းက ငါတို့ မဟာနွေရာသီရဲ့ ဂုဏ်ယူစရာကို တိုက်ခိုက်ဖို့ တကယ် ကြိုးစားခဲ့တာပဲ"
"မင်းရဲ့ ရည်ရွယ်ချက်က ယုတ်မာလွန်းတယ်... ဒါကြောင့် မင်း သေပေတော့"
“ဝှစ်...”
သွေးဓားက ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
"မကောင်းတော့ဘူး"
ဟိုရီအိက သူ၏ ခန္ဓာကိုယ် စွမ်းရည်မြှင့်တင်မှုကို အမြန်ဆုံး အသက်သွင်းလိုက်ပြီး တစ်ကိုယ်လုံး ပုံရိပ်ယောင်တစ်ခုအလား ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နီရဲသော ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် သူ၏ ခေါင်းမှာ ကိုယ်ထည်မှ ပြတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုအလား ပန်းထွက်လာသည်။ မြေပြင်ပေါ်သို့ ကျသွားသော ခေါင်းမှာ အသိစိတ် ရှိနေဆဲဖြစ်ပြီး အော်ဟစ်နေသည်။
"ငါ မကျေနပ်ဘူး ငါ မကျေနပ်ဘူး ဂိုဏ်းချုပ်ကြီးက ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်"
ခေါင်းတစ်ခုက စကားပြောနေသည်မှာ သာမန်လူများအတွက် နားမလည်နိုင်စရာ ဖြစ်သော်လည်း သန်မာသော သွေးစွမ်းအင်ရှိသည့် အဋ္ဌမအဆင့် ဆရာကြီးတစ်ဦးအတွက်မူ ၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ ဟိုရီအိ၏ ခေါင်းကို ကိုယ်ထည်နှင့် ပြန်ဆက်ပေးလိုက်လျှင်ပင် သူ အသက်ရှင်နိုင်ပေလိမ့်မည်။
"မကျေနပ်ဘူး ဟုတ်လား မင်း ရှုကျင်းမင်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကတည်းက ဒီရလဒ်က ကြိုတင် သတ်မှတ်ပြီးသားပဲ"
သွေးဓားသည် သူ၏ စစ်ဖိနပ်ဖြင့် ဟိုရီအိ၏ ခေါင်းကို ပိုးဟပ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ အလွယ်တကူပင် နင်းခြေဖျက်ဆီးပစ်လိုက်သည်။ ထိုအချိန်မှစ၍ ထျန်းယွီ သိုင်းသင်တန်းကျောင်းတွင် အရေးပါသော နေရာမှ ရှိနေသည့် ဤလူက လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘေးတွင် ရပ်နေကြသော စွမ်းရည်ပိုင်ရှင်အုပ်စုမှာ လုံးဝ ဆွံ့အသွားကြတော့သည်။
ထျန်းယွီ သိုင်းသင်တန်းကျောင်းက ရှုကျင်းမင်ကို တိုက်ခိုက်ရန် ကြိုးစားရုံသာ ရှိသေးပြီး မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့သည်ကို မည်သူ သိပါမည်နည်း။ သူတို့ ရရှိလိုက်သည့် ရလဒ်မှာ ဂိုဏ်းခွဲတစ်ခု ပြိုကွဲသွားပြီး အဋ္ဌမအဆင့် ဆရာကြီးတစ်ဦး သေဆုံးသွားခြင်းပင်။
"ဒါဟာ မဟာနွေရာသီတိုင်းပြည်ပဲ... သူတို့က ရှုကျင်းမင်ကို ဘယ်လောက်တောင် တန်ဖိုးထားသလဲဆိုတာပဲ"
“ငါ သိသားပဲ ရှုကျင်းမင်ကို ထိတဲ့ကိစ္စက သူတို့ ထင်သလို အလွယ်တကူ ပြီးသွားမှာ မဟုတ်ဘူးဆိုတာ”
ဆာကူရာဂီ ရင်းက စိတ်ထဲမှ တုန်လှုပ်နေမိပြီး ပြင်းထန်သော ဖိအားအောက်တွင် သူမ၏ ခြေထောက်များပင် တုန်ရင်နေခဲ့သည်။ ရှုကျင်းမင်မှာ ထိခိုက်မှု မရှိခဲ့သော်လည်း သူတို့မှာမူ ဤကဲ့သို့ လက်တုံ့ပြန်မှုကို ခံစားလိုက်ရသည်။ အကယ်၍ ရှုကျင်းမင်သာ သူတို့လက်ထဲတွင် အမှန်တကယ် သေဆုံးသွားခဲ့မည်ဆိုလျှင် မည်မျှ ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာမည်ကို သူမ တွေးဝံ့စရာပင် မရှိတော့ပေ
"သွေးဓား ခင်ဗျား လွန်လွန်းလှပြီ"
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် မိုးကုပ်စက်ဝိုင်းမှနေ၍ နောက်ထပ် ပုံရိပ် သုံးခု ပျံသန်းလာခဲ့သည်။ ထိုသုံးဦးထဲမှ နှစ်ဦးမှာ ရွှေရောင်ဆံပင်၊ ပြာလွင်သော မျက်လုံးများရှိသည့် လူဖြူများ ဖြစ်ကြပြီး အလယ်မှ တစ်ဦးမှာမူ ဂျပန်လူမျိုး ရုပ်သွင်ရှိသည်။
"ဂိုဏ်းချုပ်ကြီး"
ဆာကူရာဂီ ရင်း၏ မျက်လုံးထဲတွင် ပြင်းထန်သော အမုန်းတရားများ လက်ခနဲ ဖြစ်သွားသည်။ သူမသည် တစ်စုံတစ်ဦးက ထူးခြားမှုကို သတိပြုမိသွားမည် စိုးသဖြင့် သူမ၏ ဦးခေါင်းကို အမြန်ဆုံး ငုံ့ချလိုက်ရသည်။
"လွန်လွန်းတယ် ဟုတ်လား ငါ့စိတ်ထဲမှာတော့ မင်းတို့က ပိုပြီး လွန်လွန်းနေတယ်လို့ ထင်တယ်"
သွေးဓားက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "ဒါက သတိပေးချက်ပဲ... အကယ်၍ မင်းတို့က ရှုကျင်းမင်ကို နောက်ထပ် တစ်ကြိမ် ထိရဲဦးမယ်ဆိုရင်..."
"ရရှိလာမယ့် အကျိုးဆက်က ဂိုဏ်းခွဲတစ်ခုနဲ့ အဋ္ဌမအဆင့် ဆရာကြီး တစ်ယောက်တည်း ဆုံးရှုံးရတာထက် ပိုလိမ့်မယ်"
ပြောပြီးသည်နှင့် သူက မျက်နှာ တစ်ကိုယ်လုံး ခရမ်းရောင် သန်းနေသော ဂိုဏ်းချုပ်ကြီးကို လျစ်လျူရှုလိုက်ပြီး အခြား လူဖြူ နှစ်ယောက်ကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါ့အပြင် ငါပြောတာက သူတို့ကိုတင် ပြောတာ မဟုတ်ဘူး... မင်းတို့ American ဝက်တွေကိုပါ ပြောနေတာ"
"ရှုကျင်းမင်ကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတာကို ငါတို့ နောက်တစ်ခါ ထပ်မတွေ့ပါစေနဲ့"
ပြောပြီးသည်နှင့် သွေးဓားက ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ထိုနေရာရှိ နဝမအဆင့် သိုင်းသူတော်စင် သုံးဦးလုံးမှာ သူ့ကို တားဆီးရန် မဝံ့ရဲကြပေ။ သွေးဓားမှာ နဝမအဆင့်လတ် သိုင်းသူတော်စင် တစ်ဦး ဖြစ်သော်လည်း သူတို့မှာ နဝမအဆင့်နိမ့်များသာ ဖြစ်ကြသည်။ အကယ်၍ တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့ သူ့ကို အနိုင်ရမည် မဟုတ်ပေ။
"မဟာနွေရာသီရဲ့ သိုင်းသူတော်စင်... တစ်နေ့ကျရင် ခင်ဗျား အဖိုးအခ ပြန်ပေးဆပ်ရလိမ့်မယ် သွားကြစို့"
အခြေအနေက ဤသို့ ဖြစ်လာသည့်အခါ ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည့် ဂိုဏ်းချုပ်ကြီးမှာလည်း လက်တုံ့ပြန်ရန် နည်းလမ်း မရှိတော့ပေ။ သူက ဒေါသတကြီး ကျိန်ဆဲလိုက်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းရန်သာ အမိန့်ပေးလိုက်ရတော့သည်။ သူ၏ တစ်ခုတည်းသော စိတ်သက်သာရာရမှုမှာ ဆာကူရာဂီ ရင်း ဘာမှမဖြစ်ခဲ့ခြင်းပင်။
"နတ်ဘုရားမ... ငါတို့ ထျန်းယွီ သိုင်းသင်တန်းကျောင်းရဲ့ အာဆာဟီကာဝါ ဂိုဏ်းခွဲက ဒီတစ်ခါမှာ အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရပြီ ဒါကြောင့် အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့ လိုအပ်တယ်"
"ငါတို့က ဂိုဏ်းခွဲကို ပြန်လည် တည်ဆောက်ရုံတင် မဟုတ်ဘဲ လူသစ်တွေလည်း ထပ်ပြီး စုဆောင်းရမယ်"
"လောလောဆယ်တော့ မင်း ဒီမှာပဲ နေပြီးတော့ ဒီအလုပ်တွေကို တာဝန်ယူ လုပ်ဆောင်ပေးပါ" ဂိုဏ်းချုပ်ကြီးက ခဏတာ စဉ်းစားပြီးမှ ပြောလိုက်သည်။
ထိုအချိန်တွင် ဆာကူရာဂီ ရင်းသည်လည်း သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူမ၏ လှပသော မျက်နှာထက်တွင် အလွန် တည်ကြည်သော အမူအရာကို ပြသလိုက်သည်။
"နားလည်ပါပြီ... ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို ကျွန်မ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်သွားပါ့မယ်"
“အဆင်ပြေတာပဲ... အာဆာဟီကာဝါ မြို့မှာ သခင် ခိုင်းထားတဲ့ တာဝန်တွေကို အရင်ဆုံး ပြီးအောင် လုပ်လိုက်မယ်...”
***