"ငါ့မှာ ရန်ပုံငွေကတော့ အများကြီးရှိတယ်... ဒါပေမဲ့ စွမ်းရည်အမှတ်ကတော့ မလောက်သေးဘူး..."
စွမ်းရည်အမှတ် ၁၆,၀၀၀ ဆိုတာ အများကြီးလို့ ထင်ရပေမဲ့ ရှုကျင်းမင်အတွက်တော့ တကယ့်ကို မလုံလောက်သေးပေ။
"ကံကောင်းတာက မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းက အမှတ် ၄ နတ်ဆိုးဂူနားမှာ ရှိနေတာပဲ..."
“အဲဒီကျရင် သားရဲတွေကို သတ်ပြီး စွမ်းရည်အမှတ်တွေ စုဆောင်းရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်…”
"ကောင်းပြီ... အရင်ဆုံး ခန္ဓာကိုယ် နည်းနည်း အပူပေးလိုက်ဦးမယ်... ပြီးမှ ဆရာ့ဆီ သွားတာပေါ့"
ရှုကျင်းမင် ခဏမျှ စဉ်းစားပြီးနောက် မတ်တတ်ရပ်ကာ သူ၏ ဟင်းလင်းပြင် လက်စွပ်ထဲမှ လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ထုတ်ယူလိုက်သည်။ တစ်နာရီကျော်လောက် လေ့ကျင့်ပြီးနောက် သူက ဗီလာထဲမှ ထွက်လာခဲ့သည်။
“အခု ကျောင်းစောစောဆင်းဖို့ လျှောက်ထားပြီးပြီဆိုတော့ ဆရာရန်ကို အသိပေးသင့်တယ်...”
"ဆရာ..."
ဘဏ္ဍာစိုးဖူ၏ ဦးဆောင်မှုဖြင့် ရှုကျင်းမင် ဗီလာထဲသို့ ဝင်ခဲ့သည်။ ဧည့်ခန်းထဲတွင် ရန်ကျန့်ထျန်းက တိုက်ခိုက်ရေးနည်းစနစ်များကို လေ့ကျင့်နေပုံရပြီး သူ၏ ခန္ဓာကိုယ်တွင် လျှပ်စီးတန်းများက လက်ကနဲ လက်ကနဲ ဖြစ်နေသည်။ ဧည့်ခန်းတစ်ခုလုံးတွင် ပြင်းထန်သော ဖိအားများ ပြည့်နှက်နေသည်။ သို့သော် ရှုကျင်းမင်ကတော့ ကျင့်သားရနေပြီဖြစ်၍ မည်သည့် ဝေဒနာမျှ မခံစားရပေ။
"ကျင်းမင် ရောက်လာပြီလား... ထိုင်ပါဦး"
ရန်ကျန့်ထျန်းက သူ၏ ကျင့်ကြံမှုကို ရပ်တန့်ကာ မျက်လုံးဖွင့်လျက် ပြုံးပြသည်။
"ရှုလေး... ရော့ လက်ဖက်ရည်"
ဘဏ္ဍာစိုးဖူက ရေနွေးငွေ့များ တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်နှစ်ခွက်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
"ကျေးဇူးပါ ဦးလေးဖူ"
ရှုကျင်းမင်က ဆိုဖာပေါ်တွင် ထိုင်လျက် အနည်းငယ် ခေါင်းညိတ်ပြကာ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ချီးကျူးလိုက်သည်။
"ဒီလက်ဖက်ရည်က ဆရာ့လက်ဖက်ရည်ထက် ပိုမွှေးနေတုန်းပဲ..."
"ဒါဆိုရင်လည်း နောက်ပိုင်း ခဏခဏ လာခဲ့ပေါ့"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရန်ကျန့်ထျန်းက ပြုံးလျက် ပြန်ဖြေသည်။ "ဒါပေမဲ့ မင်း အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးမှာ လုပ်ခဲ့တာတွေက တကယ့်ကို ဂယက်ရိုက်သွားတာပဲ... နဝမအဆင့် သိုင်းသူတော်စင်တောင် ပါဝင်လာရတဲ့အထိပဲ"
"ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေက သူတို့ဘာသာသူတို့ ပြဿနာရှာတာလေ... ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး" ရှုကျင်းမင်က ပခုံးတွန့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့ဘာသာသူတို့ ရှာတာ"
ရန်ကျန့်ထျန်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ဆရာရှောင်တို့ ပြောတာတော့ မင်းက အပျက်အစီး ဟင်းလင်းပြင်ထဲက တိုက်ပွဲမှာ ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တစ်ယောက်ကို အပြတ်ရှင်းခဲ့တယ်ဆို"
"ဟုတ်တယ်... တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာပါ" ရှုကျင်းမင်က ပြုံးလျက် ဖြေလိုက်သည်။
"ဒါကတော့..."
ရန်ကျန့်ထျန်းက စိတ်ကြိုတင်ပြင်ဆင်ထားသည့်တိုင် ရှုကျင်းမင်၏ နှုတ်ထွက်စကားကို ကြားလိုက်ရသည့်အခါ အံအားသင့်သွားရပြန်သည်။ SSအဆင့် စွမ်းရည်က တကယ်ကို ကြောက်စရာကောင်းလှသည်။ အဆင့်နှစ်ဆင့်လောက် ကွာခြားနေသည့်တိုင် ဆဋ္ဌမအဆင့် စွမ်းရည်ပိုင်ရှင်ကို သတ်နိုင်သည်မှာ ရှုကျင်းမင်၏ တိုက်ခိုက်ရေးပါရမီက အလွန်ထူးချွန်ကြောင်း သက်သေပြနေသည်။
"ဒီတစ်ခေါက် အပျက်အစီးထဲမှာ ကျွန်တော် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်... ပြီးတော့ မသေနိုင်သော မိုးကြိုးခန္ဓာကလည်း ဆဋ္ဌမအဆင့်ကို ချိုးဖောက်သွားနိုင်လို့ ဒီလောက် တိုက်ခိုက်ရေးစွမ်းအား ရှိလာတာပါ"
ရှုကျင်းမင်က ရှင်းပြလိုက်သည့်အခါ ရန်ကျန့်ထျန်း၏ မျက်လုံးများ ပြူးသွားကာ "မင်း... နောက်တစ်ဆင့် ထပ်တက်သွားပြန်ပြီလား မသေနိုင်သော မိုးကြိုးခန္ဓာကလည်း ဆဋ္ဌမအဆင့်ကို ရောက်သွားပြီပေါ့"
ရန်ကျန့်ထျန်းက ချက်ချင်းပင် သဘောပေါက်သွားသည်။ "ဒါကြောင့် ဆရာရှောင်တို့က မင်းမှာ နဂါး ဒါမှမဟုတ် သားရဲကြီးတွေလို တောင်ပံတွေ ရှိနေတယ်လို့ ပြောကြတာကိုး"
"ဒါက မသေနိုင်သော မိုးကြိုးခန္ဓာ ဆဋ္ဌမအဆင့်ကို ရောက်မှ ရတဲ့ စွမ်းရည်အသစ်လား"
"ကျွန်တော် ကံကောင်းသွားတာပါ... မိုးကြိုးနဂါး တောင်ပံကို ရခဲ့တယ်" ရှုကျင်းမင်က ပြုံးလျက် ပြောသည်။
"ဒါကံကောင်းရုံတင် မဟုတ်ဘူး... တကယ့်ကို ကံထူးတာပဲ"
ပျံသန်းနိုင်စွမ်း ရှိခြင်းက အနာဂတ်တွင် လွတ်မြောက်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးနိုင်မည် မဟုတ်လား။ ရန်ကျန့်ထျန်းက တအံ့တဩ ရေရွတ်လိုက်ပြီး ရှုကျင်းမင် လာရသည့် အကြောင်းရင်းကို သိရှိလိုက်သည်။
"မင်း မဂျစ်စီးတီး တက္ကသိုလ်ကနေ ကျောင်းဆင်းပြီး မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းကို သွားဖို့ ပြင်နေတာလား"
"ဟုတ်တယ်... ကျောင်းဆင်းဖို့ လျှောက်လွှာ တင်ထားပြီးပါပြီ... မကြာခင် အကြောင်းပြန်လာလိမ့်မယ် ထင်တယ်" ရှုကျင်းမင်က ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ပါရမီအရ ကျောင်းစောစော ဆင်းမှာကို ငါသိပေမဲ့... ဒီနေ့က ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ရန်ကျန့်ထျန်းက စိတ်လှုပ်ရှားသွားသည်။ ရှုကျင်းမင်က မဂျစ်စီးတီး တက္ကသိုလ်မှာ တစ်နှစ်ပဲ ရှိသေးသည်။
"ဒါပေမဲ့ ပါရမီရှင် လေ့ကျင့်ရေးစခန်းက တကယ့်ကို ကျယ်ပြောတဲ့ ကမ္ဘာကြီးပဲ... အဲဒီကို သွားတာက မင်းရဲ့ တိုးတက်မှုအတွက် ပိုကောင်းလိမ့်မယ်"
ရန်ကျန့်ထျန်း၏ ဟင်းလင်းပြင် လက်စွပ်က လက်ခနဲ ဖြစ်သွားပြီး လက်ထဲတွင် ကျမ်းစာအုပ်တစ်အုပ် ပေါ်လာကာ ရှုကျင်းမင်အား ကမ်းပေးလိုက်သည်။
"ဒါက မသေနိုင်သော မိုးကြိုးခန္ဓာရဲ့ မူရင်းကျမ်းပဲ... ပြီးတော့ ပြီးခဲ့တဲ့အကြိမ်က မင်းဆီက နတ်ဘုရားသွေးကို စုပ်ယူပြီးတဲ့နောက် ငါရခဲ့တဲ့ အကြံပြုချက်တွေလည်း ပါတယ်... ဒါကို ယူသွားလိုက်။ မင်းရဲ့ အခြေအနေအရ ဒီတိုက်ခိုက်ရေး နည်းစနစ်ကို ပြုပြင်ပြောင်းလဲနိုင်တယ်... အကယ်၍ ပြုပြင်ဖို့ အကြံကောင်း မရရင်လည်း တခြား ခန္ဓာကိုယ်ကြံ့ခိုင်ရေး နည်းစနစ်တွေကို ပြောင်းလဲ လေ့ကျင့်လို့ ရတယ်။ မဂျစ်စီးတီး တက္ကသိုလ်မှာ Sအဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး နည်းစနစ်တွေက ရှားပါးပေမဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းမှာတော့ ဒါတွေက အများသုံး ပစ္စည်းတွေလိုပဲ"
"နားလည်ပါပြီ" ရှုကျင်းမင်က ကျမ်းစာအုပ်ကို လေးလေးစားစား လက်ခံလိုက်သည်။
ရန်ကျန့်ထျန်းက သူ၏ တပည့်ကြီး ဖန်ရန် သည်လည်း အဲဒီ လေ့ကျင့်ရေးစခန်းမှာ ရှိကြောင်းနှင့် သိလိုသည်များရှိပါက မေးမြန်းနိုင်ရန် အဆက်အသွယ် ပေးခဲ့သည်။ ရှုကျင်းမင်က ဆရာ့ထံတွင် နာရီဝက်ခန့် ထပ်နေပြီးနောက် ထွက်လာခဲ့သည်။ လမ်းတွင် စုန့်ချိုးယွန်းထံမှ မက်ဆေ့ခ်ျ တစ်စောင် ရရှိသည်။ သူတို့ တောနက်ဇုန်ကနေ ထွက်လာပြီဖြစ်ကာ မွန်းလွဲ ၂ နာရီ အမြန်ရထားဖြင့် လာမည်ဖြစ်၍ ညနေ ၆ နာရီလောက်တွင် ရှန်ဟိုင်းကို ရောက်မည်ဖြစ်ကြောင်း သိလိုက်ရသည်။
"ယန်ချန်းအိုင်မှ ရှန်ဟိုင်းသို့ လာသော K203 ရထား ဘူတာသို့ ဆိုက်ရောက်ပါတော့မည်... ခရီးသည်များ အနေဖြင့် မိမိတို့၏ ခရီးဆောင်အိတ်များကို ယူဆောင်၍ စနစ်တကျ ဆင်းပေးကြပါရန်..."
ညနေ ၆ နာရီ၊ ရှန်ဟိုင်း အမြန်ရထားဘူတာ။ ရှန်ဟိုင်း၏ အရေးကြီးဆုံး သယ်ယူပို့ဆောင်ရေး အချက်အချာနေရာဖြစ်သည့်အတွက် ဤနေရာသည် အမြဲတမ်း လူစည်ကားလျက်ရှိသည်။ ထိုစဉ် လူအများအပြားကြားတွင် ထူးခြားထင်ရှားနေသော အမျိုးသမီးငယ် နှစ်ဦး ရှိနေသည်။ တစ်ယောက်က ခြေတံရှည်လျားပြီး ဆွဲဆောင်မှုရှိသော မျက်နှာပိုင်ရှင် ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက အံ့ဩဖွယ် ဆွဲဆောင်မှု ရှိနေသည်။ နောက်တစ်ယောက်ကတော့ ဖြူဖွေးရှည်လျားသော ဆံပင်များနှင့် ရေခဲတောင်ကဲ့သို့ အေးစက်သော အလှတရားကို ပိုင်ဆိုင်ထားသည်။
သူတို့ နှစ်ဦးက အမျိုးသားအများစု၏ အာရုံကို ဖမ်းစားထားသော်လည်း သူတို့ ဝတ်ဆင်ထားသော သွေးစွန်းနေသည့် တိုက်ပွဲဝင် ဝတ်စုံများက လူအများကို လန့်ဖျပ်စေသည်။
"ဘယ်လောက် လှတဲ့ ကောင်မလေးတွေလဲ သူတို့ထဲက တစ်ယောက်လောက်သာ ရမယ်ဆိုရင် ငါ့အသက်ကိုတောင် လျှော့ပေးလိုက်ချင်တယ်"
"ဟဲဟဲ... သူတို့ ဝတ်စုံက တံဆိပ်ကို ကြည့်ဦး... ဒါမဂျစ်စီးတီးတက္ကသိုလ်ရဲ့ တံဆိပ်ပဲ မဂျစ်စီးတီး တက္ကသိုလ်က ထိပ်တန်းကျောင်းသူတွေက မင်းကို ကြည့်မှာတဲ့လား"
"ဟုတ်သားပဲ... သူတို့က ငယ်ငယ်လေးတွေ ရှိသေးပေမဲ့ အရှိန်အဝါကတော့ ဒုတိယအဆင့်မြင့်ထက်တောင် ကျော်နေပြီ"
ထိုသို့ တီးတိုးပြောဆိုနေကြစဉ်မှာပင် အမျိုးသမီးငယ် နှစ်ဦးစလုံး၏ မျက်နှာတွင် လှပတောက်ပသော အပြုံးများ ပေါ်လာကာ ခြေလှမ်းကျဲကျဲဖြင့် ပြေးသွားကြသည်။ ထို့နောက် လူတိုင်းကို အံ့အားသင့်စေကာ အမြန်ရထားဘူတာ၏ ထွက်ပေါက်တွင် စောင့်နေသော အရပ်ရှည်ရှည် လူငယ်တစ်ဦး၏ ရင်ခွင်ထဲသို့ အတူတူ တိုးဝင်လိုက်ကြလေတော့သည်။
***