"ဒါပေါ့... ကျွန်တော် ကျေနပ်တာပေါ့" ရှုကျင်းမင်က အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။
ကျောင်းသား အမှတ်အသားကို ဆက်ထားပေးခြင်းက သူ့အတွက် ဘာမှ ထိခိုက်မှု မရှိပေ။ ထို့ပြင် ကျန်နေသော Sအဆင့် ကျင့်ကြံရေး အရင်းအမြစ် သုံးခုကို မရတော့ဟု သူ ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ စုပေါင်း ထုတ်ပေးမည်ဟု မထင်ထားခဲ့ပေ။
"ဒါဆိုရင်တော့ ဒီအတိုင်းပဲ သတ်မှတ်လိုက်ပြီ... မင်းအတွက် Sအဆင့် အရင်းအမြစ် သုံးခုကို နောက်နှစ်ရက်အတွင်းမှာ ထုတ်ပေးလိုက်မယ်"
လင်းရွှမ်က သူမ နုတ်ထွက်လိုက်သည့် အကြောင်းကို ထည့်မပြောဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးလင်း"
ရှုကျင်းမင်က ခေါင်းညိတ်ပြကာ ဖုန်းချလိုက်ပြီးနောက် မိုးကြိုးသိုင်းသင်တန်းကျောင်း၏ ကျောင်းအုပ် ဆုချင်းလီထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"ဝီ... ဝီ... ဝီ..."
သုံးကြိမ်မြောက် မြည်ပြီးနောက် ဖုန်းကို လက်ခံလိုက်သည်။
"ကဲ... ရှုကျင်းမင် မင်း ငါတို့ရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းကို ဝင်ဖို့ ဆုံးဖြတ်ပြီးပြီလား" ဆုချင်းလီ၏ အသံက အမြဲတမ်းလိုပင် ကြည်လင်သာယာလျက် ရှိသည်။
"ကျွန်တော် စဉ်းစားပြီးပါပြီ... လာခဲ့ပါ့မယ်" ရှုကျင်းမင်က ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ... ဘယ်တော့လောက် လာဖို့ စီစဉ်ထားလဲ ငါတို့ဆီကို ရှန်ဟိုင်းကနေ ဆရာမ အသစ်တစ်ယောက် လာဖို့ရှိတယ်... သူနဲ့ တစ်ခါတည်း လိုက်လာခဲ့ပေါ့" ဆုချင်းလီ၏ လေသံမှာ အနည်းငယ် ဝမ်းသာသွားပုံရသည်။
"နောက် ခြောက်ရက်အကြာ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ ရှန်ဟိုင်းလေဆိပ်ကနေ ထွက်ပြီး နင်နန်မြို့ကို လာခဲ့ပါ့မယ်" ရှုကျင်းမင်က ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
သူ့၏ ကျောင်းစောစောဆင်းခွင့် လျှောက်လွှာက အတည်ပြုပြီးပြီဖြစ်၍ တခြား အသေးအဖွဲ ကိစ္စရပ်များကို တစ်ရက်နှစ်ရက်အတွင်း အပြီးသတ်နိုင်သည်။ သို့သော် ရှန်ဟိုင်းသို့ မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကို မသေချာသောကြောင့် စုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့နှင့် အချိန်ပိုပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အဲဒါဆိုရင် ငါ အဲဒီဆရာမဆီကို မင်းရဲ့ အဆက်အသွယ် ပေးထားလိုက်မယ်... မင်းတို့ လေဆိပ်မှာ တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ပါ" ရှုကျင်းမင်က သဘောတူလိုက်သည်။
နင်နန်မြို့သည် ရှန်ဟိုင်းနှင့် ကီလိုမီတာ ၂,၀၀၀ ကျော် ဝေးကွာပြီး လမ်းကြောင်းတွင် တောနက်ဇုန် အများအပြားကို ဖြတ်ကျော်ရမည် ဖြစ်သည်။ အမြန်ရထားနှင့် သွားပါက ရထားပြောင်းစီးရမည့်အပြင် ၁၀ နာရီကျော် ကြာမြင့်မည် ဖြစ်ရာ တိုက်ရိုက် လေယာဉ်စီးခြင်းက ပို၍ မြန်ဆန်ပြီး အဆင်ပြေသည်။ ယခုအခါ သူသည် မိုးကြိုးနဂါး တောင်ပံကို ပိုင်ဆိုင်ထားပြီဖြစ်ရာ အမြင့်ပေ တစ်နေရာတွင် လေယာဉ် ပျက်ကျလျှင်ပင် သူ လွတ်မြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ဖုန်းချလိုက်ပြီးနောက် အချိန်ကို ကြည့်လိုက်ရာ မနက် ၁၀ နာရီခွဲ ရှိနေပြီဖြစ်သည်။ ရှုကျင်းမင်က လေ့ကျင့်ရေးခန်းမမှ ထွက်ကာ အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။
"ကျောင်းအုပ်ကြီးလင်း ဖုန်းဆက်ပြီး ကျောင်းစောစောဆင်းခွင့် ရလဒ်ကို ပြောပြတယ်... ငါ့ရဲ့ ကျောင်းသား အမှတ်အသားကိုတော့ ကျောင်းမှာပဲ ဆက်ထားထားမှာတဲ့ အဲဒီကာလအတွင်းမှာ ငါက ဘာကန့်သတ်ချက်မှမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်... ပြီးတော့ မိုးကြိုးသိုင်းသင်တန်းကျောင်းကိုလည်း ဖုန်းဆက်ပြီးပြီ... ၁၇ ရက်နေ့ကျရင် နင်နန်မြို့ကို ထွက်မှာ"
ရှုကျင်းမင် ခုတင်ဘေးတွင် ထိုင်လိုက်သည်နှင့် စုန့်ချိုးယွန်းက သူ့အနားသို့ ချက်ချင်း တိုးဝင်လာသည်။
"ဒီနေ့က ဇွန်လ ၁၁ ရက်နေ့ဆိုတော့ ၁၇ ရက်နေ့အထိဆိုရင် ရှင် ကျောင်းမှာ ခြောက်ရက်လောက် ထပ်နေလို့ ရသေးတာပေါ့... မဆိုးပါဘူး"
ဘေးတွင် ရပ်နေသော ကျန်းချူရွှမ်ကလည်း ခေါင်းညိတ် ထောက်ခံသည်။ သူတို့၏ အဆိုးဆုံး တွေးထားချက်မှာ ရှုကျင်းမင်က နှစ်ရက်သုံးရက်အတွင်း ထွက်သွားရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ ကျင်းမင်... ရှင် အရင်က ကလပ်တစ်ခု ထောင်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား" ရှုကျင်းမင်၏ ကျောင်းသား အမှတ်အသားက ဆက်ရှိနေဦးမည် ဖြစ်ရာ ကလပ်တစ်ခု ထောင်ကြည့်ရန် စုန့်ချိုးယွန်းက အကြံပေးလိုက်သည်။
"ကလပ်တစ်ခု ထောင်ရမယ်"
စုန့်ချိုးယွန်းသာ သတိမပေးလျှင် ရှုကျင်းမင် ဤကိစ္စကို မေ့ပင်မေ့နေတော့မည် ဖြစ်သည်။ သူက ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောလိုက်သည်။ "ဒါပေမဲ့ ငါက မကြာခင် ထွက်သွားရတော့မှာလေ... ငါကိုယ်တိုင် ထောင်ထားတဲ့ ကလပ်ကို စီမံခန့်ခွဲဖို့က မဖြစ်နိုင်သလိုပဲ"
"ကျွန်မတို့ကို စီမံခန့်ခွဲခိုင်းလေ" ကျန်းချူရွှမ်က ရယ်မောလျက် ခုတင်ပေါ်မှ ဆင်းကာ ရှုကျင်းမင်၏ ဘယ်ဘက်သို့ တိုးဝင်ကာ မှီလိုက်သည်။
"ကျွန်မ ဆေးဖော်ဖို့ လိုအပ်တဲ့ ရှားပါးဆေးပင်တွေက ပိုက်ဆံပေးရင်တောင် ဝယ်လို့မရတာတွေ ရှိတယ်... ကလပ်တစ်ခုသာ ရှိမယ်ဆိုရင် ပြီးခဲ့တဲ့ တစ်ခေါက်ကလို ချိုးယွန်းနဲ့အတူ တောထဲမှာ လိုက်ရှာနေစရာ မလိုတော့ဘူး။ ပြီးတော့ အခုက ကျောင်းသားသစ်တွေ ကျောင်းအပ်နေတဲ့ အချိန်ဆိုတော့ အဖွဲ့ဝင်အသစ်တွေ ခေါ်ဖို့ အချိန်ကောင်းပဲ"
ကျန်းချူရွှမ်က ရှုကျင်းမင်၏ လက်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ အံ့ဩဖွယ် ကောင်းလှသော နူးညံ့မှုကြောင့် ရှုကျင်းမင်က ရင်ထဲတွင် တိတ်တဆိတ် သဘောကျသွားမိသည်။
"ကျောင်းသားသစ်တွေ ကျောင်းအပ်တဲ့ အချိန်လား... ဟုတ်သားပဲ အခုက ဇွန်လ ၁၁ ရက်ဆိုတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေလည်း ပြီးပြီ သီးသန့်ရွေးချယ်ထားတဲ့ ပထမအသုတ် ကျောင်းသားတွေလည်း ကျောင်းအပ်နေကြပြီပဲ" ရှုကျင်းမင်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... အဲဒါဆိုရင် ခဏနေရင် ငါ ကလပ်မှတ်ပုံတင်ဖို့ သွားလျှောက်လိုက်မယ်"
"ဒါဆိုရင် ကျွန်မလည်း အခုရှိနေတဲ့ ကလပ်ကနေ နုတ်ထွက်ဖို့ လုပ်ရမယ်"
"ကျွန်မလည်း တူတူပဲ... ဒါနဲ့ ကျွန်မတို့ ကလပ်နာမည်ကို ဘယ်လို ပေးကြမလဲ"
"အပြာရောင်နက်ရှိုင်းကလပ်လို့ပဲ ပေးကြတာပေါ့... နောက်တစ်နာရီလောက်နေရင် ကျောင်းအုပ်ကြီးလင်းဆီ သွားပြီး မှတ်ပုံတင်လိုက်မယ်"
"အပြာရောင်နက်ရှိုင်းကလပ်... နာမည်က မှတ်ရလွယ်သားပဲ ဒါပေမဲ့ ဘာလို့ နောက်တစ်နာရီကျမှလဲ..."
နောက်ရက်များအတွင်း ရှုကျင်းမင်က အပျက်အစီးမှ ရရှိခဲ့သော ပစ္စည်းအားလုံးကို မဂျစ်စီးတီး တက္ကသိုလ်၏ လက်နက်ကိရိယာ ဌာနသို့ ရောင်းချခဲ့သည်။ ဟင်းလင်းပြင် လက်စွပ် ၄၈ ကွင်းနှင့်အတူ လက်နက်ခဲယမ်း အစုံအလင်ကို မဟာနွေရာသီသုံး ငွေကြေး ၃.၁၄ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ဤငွေများကြောင့် လေလွင့်တိမ်တိုက် ရွှေရောင်လှံ ဝယ်စဉ်က ကုန်သွားသော သူ၏ ဘဏ်စာရင်းမှာ ချက်ချင်း ပြန်လည် ပြည့်ဖြိုးသွားတော့သည်။
ကျောင်းတွင်း အကောင့်ရှိ Creditများမှာလည်း နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲမှ ရရှိသော ၃၀,၀၀၀ အပါအဝင် စုစုပေါင်း ၉၇,၀၀၀ Credit ရှိနေသည်။ ထိုCreditများထဲမှ ၁၀,၀၀၀ စီကို စုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့အား ပေးခဲ့ပြီး ကျန်ရှိသော ၇၇,၀၀၀ Creditကို Sအဆင့် ကျင့်ကြံရေး အရင်းအမြစ် သုံးခုဖြင့် လဲလှယ်ခဲ့သည်။ ကျောင်းမှပေးသော သုံးခုနှင့်ပေါင်းလျှင် ရှုကျင်းမင်တွင် Sအဆင့် အရင်းအမြစ် စုစုပေါင်း ခြောက်ခု ရှိနေပြီ ဖြစ်သည်။
“မဂျစ်စီးတီး တက္ကသိုလ်ထဲမှာသာ Sအဆင့် အရင်းအမြစ်တွေကို အလွယ်တကူ ဝယ်လို့ရတာ... အပြင်မှာဆိုရင် ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ ခက်လိမ့်မယ်”
ထို့ကြောင့် ဤအရင်းအမြစ် ခြောက်ခုက သူ၏ ဘဏ်ထဲရှိ ငွေ ၃.၁၄ ဘီလီယံထက်ပင် ပို၍ အဖိုးတန်သည်ဟု ဆိုနိုင်သည်။ သူက ထိုအရင်းအမြစ်များကို ချက်ချင်း အသုံးမပြုဘဲ ဟင်းလင်းပြင် လက်စွပ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။ မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းသို့ ရောက်သည့်အခါ ၎င်းတို့မှာ အလွန် အသုံးဝင်လာပေလိမ့်မည်။
အပြာရောင်နက်ရှိုင်းကလပ် တည်ထောင်ခြင်းအတွက် ရှုကျင်းမင်က ထိုနေ့မွန်းလွဲပိုင်းမှာပင် ကျောင်းအုပ်ကြီးလင်း၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး အဖွဲ့ဝင်များကို စတင် စုဆောင်းခဲ့သည်။ မဂျစ်စီးတီး တက္ကသိုလ်ကို ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့သူဖြစ်သည့်အပြင် SSအဆင့် စွမ်းရည်ပိုင်ရှင်လည်း ဖြစ်ရာ ရှုကျင်းမင်၏ ဆွဲဆောင်မှုမှာ အလွန်ပင် ကြီးမားလှသည်။
တစ်ရက်နှစ်ရက်အတွင်းမှာပင် အဖွဲ့ဝင် ၈၀၀ နီးပါး ရရှိခဲ့သည်။ အများစုမှာ ကျောင်းသားသစ်များနှင့် ဒုတိယနှစ် ကျောင်းသားများ ဖြစ်ကြသည်။ စုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့မှာ ဒုတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင်များသာ ဖြစ်သောကြောင့် အဆင့်မြင့် စီနီယာများကို လက်မခံဘဲ ဒုတိယအဆင့်မြင့်ကိုသာ အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။ ဤနည်းဖြင့် စုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့မှာ ကလပ်တစ်ခုလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထူးခြားသည်မှာ ယခုနှစ် ကျောင်းသားသစ်များထဲမှ ပြည်နယ်ချန်ပီယံ ၁၀ ယောက်ကျော်မှာ အပြာရောင်နက်ရှိုင်းကလပ်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ နောက်တစ်နှစ်နှစ်နှစ်အတွင်း ဤကလပ်က မဂျစ်စီးတီး တက္ကသိုလ်၏ အင်အားအကြီးဆုံး ကလပ် ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ပစ္စည်းများ လဲလှယ်ခြင်းနှင့် ကလပ်ထောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည့်ကြားမှ ရှုကျင်းမင်က အချိန်အများစုကို အမျိုးသမီးနှစ်ဦးနှင့်အတူ ကုန်ဆုံးစေခဲ့သည်။ ညဘက်များတွင် ကျန်းချူရွှမ်၏ ဗီလာတွင် အတူတူ ဂိမ်းကစားကြသည်။ ထိုကာလအတွင်း ရှုကျင်းမင်က သူ၏ ဝမ်းကွဲအစ်ကို တန်ချီနှင့် ကျိုးမင်ယန်တို့နှင့်လည်း တွေ့ဆုံကာ ကျောင်းဆင်းတော့မည့်အကြောင်း ပြောပြခဲ့သည်။
ဤသို့ဖြင့် ဇွန်လ ၁၇ ရက် ထွက်ခွာရမည့်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရှုကျင်းမင်အား စောင့်ကြိုနေသည်မှာ အသစ်စက်စက် ခရီးစဉ်တစ်ခုပင် ဖြစ်တော့သည်။
***