မိုးကြိုးသိုင်းသင်တန်းကျောင်း၏ ကမ္ဘာလုံးဆိုင်ရာ ဌာနချုပ်က တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ ဤနေရာက ဆရာများ နေထိုင်သည့် ဗီလာဇုန်တစ်ခုလုံး ဖြစ်သည်။ သာမန် တန်းလျားအိမ်ရာများနှင့် မတူဘဲ ဤနေရာရှိ ဗီလာတစ်ခုချင်းစီတွင် ကိုယ်ပိုင် ခြံဝင်းကျယ်ကြီးများ ပါရှိကြသည်။
ထိုဗီလာဇုန်၏ ဗဟိုချက်မတွင် စတုရန်းမီတာ သောင်းနှင့်ချီ၍ ကျယ်ဝန်းသော ဗီလာခြံဝင်းကြီး တစ်ခု ရှိနေသည်။ ဤသည်မှာ မိုးကြိုးသိုင်းသင်တန်းကျောင်း၏ ဂိုဏ်းချုပ်ကြီး ဆုချင်းလီ နေထိုင်ရာ နေရာပင် ဖြစ်သည်။ ထိုခြံဝင်း၏ အလယ်ဗဟိုရှိ ဇိမ်ခံဗီလာအတွင်း၌ ဆုချင်းလီက လေ့ကျင့်ရေးခန်းမ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကျောက်စိမ်းရောင် မိုးကြိုးလျှပ်စီးများက မြည်ဟည်းနေခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများက ဟင်းလင်းပြင်ကိုပင် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိပုံရသည်။
"ချင်းလီ... ငါ ရောက်ပြီ"
ဟင်းလင်းပြင် တံခါးတစ်ခု ပေါ်လာပြီး လင်းရွှမ်၏ သွယ်လျသော ကိုယ်လုံးလေး ထွက်ပေါ်လာသည်။
"လင်းရွှမ်..."
ဆုချင်းလီ မျက်လုံးဖွင့်လိုက်ပြီး လင်းရွှမ်ကို ပြုံးပြလိုက်သည်။ သူမက လင်းရွှမ်၏ ဝတ်စားဆင်ယင်မှုကို သတိထားမိသွားပြီး အနည်းငယ် အံ့ဩသွားပုံရသည်။ "ဟေး... နင် ဘာလို့ ရှေးဟောင်း ဝတ်စုံတွေကို မဝတ်တော့တာလဲ"
သူမကဲ့သို့ပင် လင်းရွှမ်သည်လည်း ရှေးဟောင်း ဝတ်စုံများကို နှစ်သက်သူ ဖြစ်သည်။ သို့သော် သူမက အရောင်ဖျော့သည်ကို နှစ်သက်ပြီး လင်းရွှမ်ကတော့ အနီ သို့မဟုတ် အနက်ကို ပို၍ နှစ်သက်လေ့ရှိသည်။
"တစ်ခါတလေကျတော့လည်း တခြား ပုံစံလေးတွေ ပြောင်းဝတ်ကြည့်ချင်တာပေါ့... မဟုတ်ဘူးလား" လင်းရွှမ်က လေ့ကျင့်ရေးခန်းမ နံရံဘက်ရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
သို့သော် သူမ ထည့်မပြောလိုက်သည်မှာ ယနေ့ အပြင်မထွက်ခင်က သူမသည် ရှေးဟောင်းဝတ်စုံကိုပင် ဝတ်ရန် ပြင်ဆင်ခဲ့သော်လည်း ထွက်ခါနီးတွင် ဘာကြောင့်မှန်းမသိဘဲ ဤခန္ဓာကိုယ် အလှပေါ်လွင်စေသော ဝတ်စုံကို ပြောင်းဝတ်မိသွားခြင်းပင်။
"ဒီဝတ်စုံက နင်နဲ့ တော်တော် လိုက်ဖက်ပါတယ်"
ဆုချင်းလီက ထိုကိစ္စကို သိပ်အာရုံမရဘဲ မတ်တတ်ရပ်ကာ လင်းရွှမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ပြုံးလျက် ပြောသည်။ "နင့်ရဲ့ တာဝန်ထမ်းဆောင်မှု လုပ်ငန်းစဉ်တွေ အားလုံးကို မနေ့က အပြီးသတ်ပေးထားပြီးပြီ... အခု နင့်ရဲ့ ရာထူးက ငါတို့ ပါရမီရှင် လေ့ကျင့်ရေးစခန်းရဲ့ ထိပ်တန်းနည်းပြပဲ ပြီးတော့ ငါ အရင်က ပြောဖူးတဲ့ Aအဆင့် ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင် ကောင်မလေး နာမည်က ရှာလန်တဲ့ သူ့ရဲ့ အသေးစိတ် အချက်အလက်တွေကို နင့်ရဲ့ ကျောင်းသား အကောင့်ထဲ ပို့ပေးထားတယ်... ပြန်ရောက်ရင် ကြည့်လိုက်ဦး... အခုလောလောဆယ်တော့ အဲဒီ ကျောင်းသူ တစ်ယောက်တည်းပဲ နင့်ဆီ အပ်ထားသေးတယ်... အကယ်၍ တခြားကျောင်းသားတွေကို ထပ်ယူချင်ရင်လည်း နင့်သဘောပဲ"
"နားလည်ပါပြီ" လင်းရွှမ်က ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ နင် ငါ့ကို ပြန်လာခိုင်းတာက ကျောင်းသားတွေအတွက်တင် မဟုတ်ဘူး မဟုတ်လား... နင်မှာ လူအင်အား မလုံလောက်တာ ငါသိတယ် ငါ့ကို ဘာလုပ်ပေးစေချင်လဲ ဆိုတာသာ ပြော... ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းရည်နဲ့ဆို နင်ကို အများကြီး ကူညီပေးနိုင်မှာပါ"
"မလောပါနဲ့ဦး... နင် ပြန်မရောက်တာ သုံးနှစ်ရှိပြီဆိုတော့ အရင်ဆုံး အနားယူပြီး ဒီက အခြေအနေတွေကို အသားကျအောင် အရင်လုပ်ဦး" ဆုချင်းလီက ခေါင်းခါပြလိုက်သည်။
"ကောင်းပြီလေ" လင်းရွှမ်က မငြင်းတော့ပေ။ "ဒါနဲ့ ရှန်ဟိုင်းလေဆိပ်မှာ ငါ ရှုကျင်းမင်ကို နင်နဲ့ ဒုတိယဒါရိုက်တာ အကြောင်း အကြမ်းဖျင်း ပြောပြထားတယ်... နောက်ကျရင်တော့ နင်ဘက်က လူတွေအကြောင်း သူ့ကို အသေးစိတ် ထပ်ပြောပြလိုက်ဦး သူ စိတ်ဓာတ် ပြင်ဆင်ထားနိုင်အောင်လို့"
"အိုကေ" ဆုချင်းလီက ခေါင်းညိတ်လိုက်သည်။ သူမလည်း ရှုကျင်းမင်ကို ရှင်းပြရန် ကြံရွယ်ထားပြီးသားဖြစ်ရာ လင်းရွှမ်က ကြိုပြောထားပေးခြင်းမှာ အလုပ်ပိုသက်သာသွားစေသည်။
"ချင်းလီ... တခြား ကိစ္စမရှိရင် ငါသွားတော့မယ်... ပြန်မရောက်တာ သုံးနှစ်ရှိပြီဆိုတော့ ငါ့အိမ်ကို သန့်ရှင်းရေး သေချာ လုပ်ရဦးမယ်"
"သွားတော့လေ... ပြန်ရောက်ရင် ရှာလန်ရဲ့ အချက်အလက်တွေကို ကြည့်ဖို့ မမေ့နဲ့ဦး"
"စိတ်ချပါ... မမေ့ပါဘူး"
စကားဆုံးသည်နှင့် လင်းရွှမ်က ဟင်းလင်းပြင် တံခါးထဲသို့ လှမ်းဝင်လိုက်ပြီး သူမ၏ အနက်ရောင် ခြေအိတ်ရှည်များ စွပ်ထားသော ခြေတံရှည်များမှာ မျက်စိရှေ့မှပင် ပျောက်ကွယ်သွားတော့သည်။ ဆုချင်းလီက သူမ၏ လှပသော မျက်ဝန်းများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ရာ မိုးကြိုးသံများ ဟိန်းထွက်လာပြီး လေ့ကျင့်ရေးခန်းမ တစ်ခုလုံးမှာ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများဖြင့် ထပ်မံ ပြည့်နှက်သွားလေတော့သည်။
"ဥက္ကဠ... ကျွန်မတို့ ရောက်ပါပြီ"
လင်းရွှမ် ထွက်သွားပြီး မကြာမီမှာပင် ရှုကျင်းမင်က လျူဝေ၏ ဦးဆောင်မှုဖြင့် ဗီလာ၏ ဧည့်ခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ဆုချင်းလီက လွတ်လပ်သော လေ့ကျင့်ရေး ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်တွင် အပြာရောင် မိုးကြိုးအမှတ်တံဆိပ်ကြီး ပါရှိကာ ဧည့်ခန်း ဆိုဖာပေါ်တွင် အပန်းဖြေလျက် ထိုင်နေသည်။ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် သူမ၏ လှပသော မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမ၏ အလှကို ပိုမို တောက်ပ စိုပြည်စေသည်။
"ဆရာမဆု..." ရှုကျင်းမင်၏ အမူအရာမှာ တည်ကြည်သွားပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။
အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးများနှင့် နှိုင်းယှဉ်လျှင် နဝမအဆင့် သိုင်းသူတော်စင်ဖြစ်သော ဆုချင်းလီထံမှ ပြင်းထန်သော ဖိအားမျိုး ထွက်ပေါ်မနေပေ။ သို့သော် သူမ၏ လှုပ်ရှားမှုတိုင်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေပြီး အရာအားလုံးမှာ သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ခံစားရသည်။ မိမိ၏ အသက်ကို မိမိ မပိုင်တော့သကဲ့သို့ ခံစားချက်မျိုးကြောင့် ရှုကျင်းမင်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တင်းမာသွားခဲ့သည်။
"သိပ်ပြီး အားနာမနေပါနဲ့... ထိုင်ပါဦး"
ဆုချင်းလီက အလွန် ပျူငှာလှသည်။ သူမက လျူဝေကို အပြင်ထွက်ခိုင်းလိုက်ပြီးနောက် ရှုကျင်းမင်ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ငါတို့ နောက်ဆုံး ခွဲခွာခဲ့ပြီးတဲ့နောက် မင်းဆီက အဖြေရဖို့ အနည်းဆုံး ခြောက်လလောက် ကြာမယ်လို့ ငါ ထင်ထားတာ... မင်း ဒီလောက် မြန်မြန် အဆင့်တက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
နှစ်လကျော် ကာလအတွင်းမှာပင် စတုတ္ထအဆင့်မြင့်သို့ ရောက်ရှိခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားမှာ ဆဋ္ဌမအဆင့်အထိ ရှိနေသည် မဟုတ်ပါလား။ ဂိုဏ်းချုပ်ကြီး တစ်ဦးအနေဖြင့် ဆုချင်းလီက အမှတ် ၉ အပျက်အစီး ကိစ္စ ပေါ်ပေါက်ပြီးနောက် ချင်းကျိန့်တို့ကဲ့သို့သော နည်းပြများကို မေးမြန်းစုံစမ်းခဲ့ပြီးသား ဖြစ်သည်။ ရှုကျင်းမင်၏ စံချိန်မှာ ကောလာဟလ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ကြောင်း သူမ အသေအချာ သိထားသည်။
"ဆရာမဆုက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ" ရှုကျင်းမင်က ဆိုဖာပေါ်တွင် ထိုင်လျက် ပြုံးကာ ပြောလိုက်သည်။
"ငါ မြှောက်ပင့်နေတာ မဟုတ်ပါဘူး... တကယ်တော့ မင်းရဲ့ တကယ့် ခွန်အားက ဒီထက်တောင် ပိုပြီး အစွမ်းထက်ဦးမယ် မဟုတ်လား" ဆုချင်းလီက စိတ်ဝင်တစား မေးလိုက်သည်။
လူတစ်ယောက်ကို ထွင်းဖောက်မြင်နိုင်သော ထိုအကြည့်ကြောင့် ရှုကျင်းမင်က အံ့ဩသွားရသည်။ အမှန်ပင် အခုဆိုလျှင် သူက ဆဋ္ဌမအဆင့်လတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ကိုပင် သတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ဆရာမဆုက ဒါကို ဘယ်လို သိသွားတာလဲ ဆိုတာကိုတော့ သူ နားမလည်နိုင်ပေ။
ဆုချင်းလီက ဘာမှ ထပ်မရှင်းပြတော့ဘဲ သူမ၏ ဟင်းလင်းပြင် လက်စွပ်က လက်ခနဲ ဖြစ်သွားကာ စာချုပ်စာတမ်း တစ်စောင် ထွက်လာပြီး ရှုကျင်းမင်ထံ ကမ်းပေးလိုက်သည်။
"မင်း ငါတို့ မိုးကြိုးသိုင်းသင်တန်းကျောင်းကို ဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ရဦးမယ်... အရင်ဆုံး ဒီစာချုပ်ကို ကြည့်လိုက်ဦး သိချင်တာ ရှိရင် မေးလို့ရတယ်... အဆင်ပြေတယ်ဆိုရင်တော့ လက်မှတ်ထိုးလိုက်ပေါ့"
ရှုကျင်းမင်က စာချုပ်ကို ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
“ကျောင်းသား ရှုကျင်းမင်က ဇွန်လ ၁၇ ရက်နေ့တွင် မိုးကြိုးသိုင်းသင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ပါရမီရှင် လေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်မှု ခံယူမည်။ ငါးနှစ်တာ သင်တန်းအတွက် သဘောတူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။”
စာချုပ်မှာ အလွန် ရိုးရှင်းလှသည်။ ဆုချင်းလီ ယခင်က ပြောခဲ့ဖူးသော အချက် ၄ ချက်ကိုသာ စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ သင်တန်းဆင်းပြီးနောက် မည်သည့်နေရာသို့ သွားမည်ဆိုသည်မှာ ရှုကျင်းမင်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်သည်။ ထိုနေရာမှာ မိုးကြိုးသိုင်းသင်တန်းကျောင်းအတွင်းမှာသာ ဖြစ်ရပေမည်။ ဤသည်မှာ သဘာဝကျလှသည်။ သင်တန်းကျောင်းက ပါရမီရှင်များကို လေ့ကျင့်ပေးခြင်းမှာ ကျောင်းအတွက် ပြန်လည် တာဝန်ထမ်းဆောင်ရန် မဟုတ်ပါလား။ သို့သော် ပါရမီရှင် အများစုမှာ ကျောင်းက ပေးသည့်နေရာကိုသာ သွားရလေ့ရှိပြီး ရှုကျင်းမင်ကဲ့သို့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိခြင်းမှာ အထူးအခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။
စာချုပ်တွင် ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် ရှုကျင်းမင် လက်မှတ်ထိုးလိုက်သည်။ စာချုပ်ကို နှစ်စောင် ပြုလုပ်ထားပြီး တစ်စောင်ကို ဆုချင်းလီအား ပေးကာ နောက်တစ်စောင်ကို သူကိုယ်တိုင် သိမ်းထားလိုက်သည်။
"စာချုပ်ချုပ်ပြီးပြီဆိုတော့ အခုကစပြီး မင်းက ငါတို့ ပါရမီရှင် လေ့ကျင့်ရေးစခန်းရဲ့ အဖွဲ့ဝင် ဖြစ်သွားပြီ" ဆုချင်းလီက ပြုံးလျက် ခေါင်းညိတ်ပြသည်။ "အရင်က ငါ ကတိပေးခဲ့တဲ့အတိုင်း... မင်းကို ငါ့ရဲ့ တိုက်ရိုက်တပည့် အဖြစ်လည်း လက်ခံလိုက်ပြီ..."
"ဆရာမဆုကို နှုတ်ဆက်ပါတယ်ဗျ"
ရှုကျင်းမင်က ဆိုဖာပေါ်မှ ချက်ချင်း ထရပ်ကာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ ခေတ်သစ် ကမ္ဘာတွင် ဒူးထောက် အလေးပြုစရာ မလိုသော်လည်း လိုအပ်သော လေးစားမှုနှင့် ယဉ်ကျေးမှုကိုတော့ ပြသရပေမည်။
"ငါတို့က ဆရာနဲ့ တပည့်ဆိုပေမဲ့ အသက်ချင်းလည်း သိပ်မကွာလှပါဘူး... ဒီလောက်ထိ အလေးအပင် လုပ်နေစရာ မလိုပါဘူး"
ဆုချင်းလီက ထိုသို့ ပြောသော်လည်း သူမ၏ မျက်နှာအမူအရာအရ ရှုကျင်းမင်၏ လုပ်ရပ်အပေါ် အလွန် သဘောကျနေကြောင်း သိသာလှသည်။ ထို့နောက် သူမ၏ ဖြူဖွေးသော ညာဘက်လက်ကို လေထဲသို့ မြှောက်လိုက်ရာ ရှုကျင်းမင်က မမြင်ရသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် မတ်သွားအောင် ပြုလုပ်လိုက်သည်ကို ခံစားလိုက်ရသည်။
"ဒါက နဝမအဆင့် မှော်သူတော်စင် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားလား... တကယ်ကို အစွမ်းထက်တာပဲ" ရှုကျင်းမင်က စိတ်ထဲမှ တွေးလိုက်မိသည်။ ဆုချင်းလီက သူမ၏ မိုးကြိုးစွမ်းရည်ကို ထုတ်သုံးစရာပင် မလိုဘဲ ဤစိတ်ဝိညာဉ်စွမ်းအား တစ်ခုတည်းဖြင့်ပင် သူ့ကို သတ်နိုင်စွမ်း ရှိနေကြောင်း သူ ခံစားလိုက်ရသည်။
"ငါ အရင်က ပြောခဲ့သလိုပဲ... ငါက စွမ်းအင်ပညာရှင်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ စွမ်းရည်ပိုင်ရှင် တစ်ယောက်ပဲ... အခု မင်းက ငါ့ရဲ့ တပည့် ဖြစ်လာပြီဆိုတော့ မင်းကို SSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ကို သင်ပေးမယ်"
ဆုချင်းလီ၏ လက်ထဲတွင် ရှေးဟောင်း ကျမ်းစာအုပ် တစ်အုပ် ပေါ်လာသည်။
"ဒီ ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်ရဲ့ နာမည်က နတ်ဘုရားမြစ် ရှုမှတ်ခြင်း ကျင့်စဉ်တဲ့... အခုလောလောဆယ်တော့ မင်း ဒါကို မလေ့ကျင့်နိုင်သေးပေမဲ့ အရင်ဆုံး ဖတ်ကြည့်ပြီး အကျွမ်းတဝင် ဖြစ်အောင် လုပ်ထားလိုက်ပေါ့..."
***