စိမ်းစိုနေသောတောအုပ်ထဲသို့ ဝင်ရောက်ကာ ပေါင်းပင်များ ထူထပ်စွာဖုံးအုပ်နေသည့် ရေစပ်စပ်စိုသောလမ်းကလေးအတိုင်း လျှောက်လှမ်းပြီးနောက် လီနန်ခယ့်သည် ချူဟုန်တောင်ထိပ်သို့ ရောက်ရှိလာသည်။
အတော်လူသူပြတ်လပ်သောနေရာတစ်ခုပင်။
သစ်ပင်များက ရှည်လျားစွာဝန်းရံထားကာ လေထုထဲတွင် အေးစိမ့်စိမ့်ခံစားချက်တစ်ခုက ဝေ့ဝဲပါရှိနေသည်။
ရှုပ်ထွေးနေသော သစ်ကိုင်းများပေါ်တွင် သေးငယ်သော သစ်ရွက်စိမ်းလေးများ တွဲလောင်းကျနေပြီး နေရောင်အောက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများကဲ့သို့ တလက်လက်တောက်ပနေသည်။ သို့သော် မြေပြင်ပေါ်တွင် ကျန်ရှိနေသော သွေးကွက်များပေါ်သို့ အလင်းပြန်ဟပ်နေသည့်အခါတွင်တော့ ထိုသာယာသောပတ်ဝန်းကျင်မှာ ကျောချမ်းစရာအအေးဓာတ် အနည်းငယ်စိမ့်တက်လာသလို။
ထိုသွေးကွက်များတည်နေရာမှာ လင်ကျောက်ယွဲ့နှင့် သူမသူငယ်ချင်းနှစ်ယောက် မိစ္ဆာဆီမှ တိုက်ခိုက်ခံခဲ့ရသော နေရာပင်ဖြစ်သည်။
ကြွင်းကျန်ရစ်သော သွေးနံ့သဲ့သဲ့ကိုပင် အနံ့ခံကြည့်နိုင်သေးသည်ပင်။
"လင်ကျောက်ယွဲ့နဲ့ဝမ်ယင်းယင်းတို့ကို တောင်ခြေမှရှာတွေ့ခဲ့ကြပြီး အစိုးရအရာရှိတွေနဲ့ ညကင်းလှည့်တပ်ဖွဲ့က လူအင်အားထပ်တိုးပြီး ဝမ်ကျင်းအာကိုရှာခဲ့ကြတယ်။ သူ့ရဲ့ရုပ်အလောင်းကို ဒီနေရာမှာတွေ့ခဲ့ရတာပဲ"
လိန်ရှင်းနန်က အလုပ်သဘောဆန်သောလေသံမျိုးဖြင့် ရှင်းပြလာသည်။
လီနန်ခယ့်သည် မြေပြင်ထက်ပေကျံနေသော ကြောက်မက်ဖွယ်သွေးကွက်များကို ဂရုတစိုက်စစ်ဆေးနေရင်း ထိုစဥ်ကဖြစ်ပွားခဲ့သော မှုခင်းမြင်ကွင်းအား သရုပ်ဖော်စိတ်ကူးကြည့်နေသည်။
ယုန်မလေးမုန့်မှာ လူတိုင်း၏အနောက်တွင် မတ်တပ်ရပ်နေပြီး စကတ်ထဲသိမ်းဖွက်ထားသည့် မုန်လာဥနီတစ်လုံးကိုထုတ်ကာ တဂျွတ်ဂျွတ်ကိုက်စားနေသည်။ စားနေရင်း လီနန်ခယ့်ကိုလည်း တစ်ချက်တစ်ချက်ခိုးကြည့်ကာ ကောကန်းကိုမေးလိုက်သည်။
"အဲ့ဒီလူချောလေးက ဘယ်ကရောက်လာတာလဲ။ နန်းမြို့တော်ကပို့လိုက်တဲ့ ညကင်းလှည့်တပ်ဖွဲ့ကိုယ်စားလှယ်လား"
"တုန်းချီခရိုင်ရုံးတော်က အလောင်းစစ်တစ်ယောက်ပဲ" ကောကန်းကဖြေသည်။
"ဘာရယ်"
မိန်းကလေး၏မျက်လုံးတောက်တောက်လေးများ ဝိုင်းစက်သွားသည်။
အစ်မလိန်က အဆင့်နိမ့်အလောင်းစစ်လေးတစ်ယောက်ကို ဘာကြောင့်ဒီလောက်နေရာပေးပြီး လေးလေးစားစားဆက်ဆံနေမှန်း သူမနားမလည်နိုင်။
ရုပ်ချောချောလေးရှိတာက သေချာပေါက် နေရာတိုင်းမှာအသုံးဝင်တာပါပဲ။
ပုံမှန်ဆို ရုပ်ချောတဲ့ယောက်ျားတွေကို ကြည့်မရတတ်တဲ့အစ်မလိန်တောင် ဒီကောင်လေးကျမှ ကြွေဆင်းနေတာပါလား။
"သူကအလောင်းစစ်တစ်ယောက်ပဲဆိုပေမဲ့ အရမ်းထက်တယ်။ သူသာရောက်မလာရင် ငါတို့မနိုင်မနင်းနဲ့ ဒုက္ခတွေတသီကြီးရောက်မဲ့ကိန်းပဲ"
သံမဏိက ဖြစ်ပျက်ပြီးသမျှကို ခံစားချက်အပြည့်နှင့် ပြန်စဥ်းစားနေရင်း ပြောလာသည်။
"ဒီလူငယ်လေးရဲ့ သာမန်နဲ့မတူနဲ့ဉာဏ်ရည်ကို ငါမြင်နိုင်ခဲ့လို့ သူ့ကိုအကူခေါ်ဖို့ အစ်မလိန်ကိုငါပဲတွန်းအားပေးခဲ့ရတာ။ ဒါကြောင့် အစ်မလိန်လည်း သူ့ကိုအရမ်းအလေးထားတာပေါ့။ နောက်တစ်ချိန် ဒီကောင်လေး အရာရှိကြီးဖြစ်လာရင် အရင်ဆုံးအကျိုးခံစားရမှာ ငါပဲ"
ကောကန်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်ဆံလှန်နေသည်။
"အဲ့လောက် အံ့သြစရာကောင်းတာလား"
ယုန်မလေးမုန့်ကတော့ သံသယပွားနေဆဲပင်။
လီနန်ခယ့်က မြေပြင်ထက်ငုတ်တုတ်ထိုင်ချလိုက်ပြီး သွေးစွန်းရာတစ်ခုချင်းစီတိုင်းကို အသေးစိတ်လိုက်လံစစ်ဆေးသည်။
သွေးကွက်များ နေရာအနှံ့ပြန့်ကျဲနေပုံအရ လူတစ်ယောက် စိတ်ရှိလက်ရှိဆွဲဖြဲသတ်ဖြတ်ခံခဲ့ရသည့် အခြေအနေနှင့် ကိုက်ညီပေသည်။ တစ်ချိန်တည်းမှာပင် သွေးစွန်းကျောက်တုံးတစ်တုံးကိုလည်းတွေ့ခဲ့သေး၏။ သို့သော် ထိုအရာမှာ မြေကြီးထဲနစ်ဝင်နေခြင်းမရှိ။
ဝမ်ကျင်းအာ၏နောက်စေ့သာ ဤကျောက်တုံးနှင့်ရိုက်ခဲ့မိပြီး ထိုဦးခေါင်းဒဏ်ရာကိုရခဲံသည်ဆိုလျှင် သူမအနေဖြင့် ချက်ချင်းထပြေးဖို့ရာ သေချာပေါက်ခက်ခဲပေလိမ့်မည်။
မပြေးနိုင်သော အနာတရမိန်းကလေးသည် မိစ္ဆာ၏ ကနဦးပစ်မှတ်ဖြစ်ရမည်ပင်။
"လင်ကျောက်ယွဲ့နဲ့ဝမ်ယင်းယင်းက ဒီဦးတည်ချက်အတိုင်း ထွက်ပြေးခဲ့ကြတာ"
လိန်ရှင်းနန်က ညာဘက်ရှိ တောလမ်းကြားလေးတစ်ခုကိုညွှန်ပြကာ ဆိုသည်။
"မိစ္ဆာက သူတို့ကိုပြေးစရာမြေမရှိအောင်ပိတ်ထားတော့ မိန်းကလေးနှစ်ယောက်လည်း ကြောက်အားလန့်အားနဲ့ ခြေဦးတည့်ရာပြေးရင်း ချောက်ကမ်းပါးစွန်းမှာလမ်းဆုံးသွားခဲ့တာပဲ"
လီနန်ခယ့်က ထိုလမ်းကြားကိုစိုက်ကြည့်နေရင်း အတွေးထဲ တစ်ခဏမျှနစ်ဝင်နေပြီးမှ အနီးအနားကိုစတင်လှည့်လည်ကာ ဆက်လက်စုံစမ်းစစ်ဆေးသည်။
သစ်ပင်တစ်ပင်အနားသို့ လျှောက်သွားမိချိန်တွင် သူရုတ်တရတ် ရပ်တန့်လိုက်သည်။
လီနန်ခယ့် သေချာငုံ့ကြည့်လိုက်ရာ မြေပြင်မှ ၃၀စင်တီမီတာခန့်အမြင့်ရှိ သစ်ပင်ပင်စည်တစ်နေရာပေါ်တွင် အနည်းငယ်ချိုင့်ဝင်နေသော အမှတ်အသားများကို တွေ့ရှိရသည်။ လက်ဖြင့် ထိတွေ့ကြည့်သည့်အခါ ထိုအမှတ်အသားမှာ ပို၍ပင် သိသာထင်ရှားလာ၏။
"တစ်ခုခုတွေ့လို့လား"
သူအတွေးများနေချိန်မှာပင် ကြည်လင်တက်ကြွသောအသံလေးတစ်ခုက သူ့နားထဲဝင်ရောက်လာသည်။ အသံနှင့်အတူ ချိုမြိန်မွှေးမြသော ရနံ့လေးတစ်ခုပါ တွဲပါလာလျက်။
လီနန်ခယ့် လှည့်ကြည့်လိုက်သည်။ ရောက်လာသူမှာ မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စဖွယ်မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး သူ့ရှေ့တွင် သူ့လိုငုတ်တုတ်လိုက်ထိုင်ကာ သူကြည့်နေသောပင်စည်ကိုလည်း စိတ်ဝင်တစား လိုက်လံစူးစမ်းနေသည်။ ဒူးခေါင်းနှစ်ဖက်ကြားတွင် ညပ်မိနေသောအရာနှစ်ခုမှာ လျှံကျလာတော့မလားဟုပင် ထင်ရလျက်။
"ပြန်ပြောဦးလေ"
ကော့ညွှတ်သောမျက်တောင်များ တဖျတ်ဖျတ်လှုပ်ခတ်သွားဟန်မှာ စိတ်မြန်လက်မြန် ပေါ့ပါးသောာစရိုက်ကို ဖော်ပြနေသကဲ့သို့။
လီနန်ခယ့်ချောင်းဟန့်လိုက်သည်။ ထို့နောက် စကားပြန်ပြောတော့မည်အပြင်တွင် မိန်းကလေးမှာ လိန်ရှင်းနန်ထံမှ နားရွက်တစ်ဖက်ဆွဲကာ ခေါ်ထုတ်ခံသွားရလေသည်။
"ငါတို့နားမလာနဲ့၊ နန်ခယ့်အလုပ်လုပ်နေတုန်းလည်း သွားမနှောင့်ယှက်နဲ့"
အထက်လူကြီးမှာ အတော်လေးစိတ်မကြည်လင်ဟန်ဖြင့် ဆူပူနေသည်။
ယုန်မလေးမုန့်မှာ နီရဲသွားသောနားရွက်တစ်ဖက်ကို လက်ဖြင့်အသာပွတ်ရင်း နှုတ်ခမ်းစူကာ ဆောင့်အောင့်လာသည်။
"သိချင်လို့သွားမေးတဲ့ကိစ္စကို ဘာလို့နှောင့်ယှက်တာဖြစ်ရတာလဲ။ အစ်မကျသူ့ကို တစ်ချိန်လုံး နန်ခယ့် နန်ခယ့်နဲ့ခေါ်နေပြီး၊ အရမ်းရင်းနှီးနေကြတယ်ပေါ့။ သူများကြားရင် အတွဲတွေထင်ကုန်ကြဦးမယ်"
"အဲ့စကားကို ထပ်ပြောရဲပြောကြည့်"
ထိုစကားကိုကြားလိုက်ရချိန်တွင် လိန်ရှင်းနန်၏မျက်ခုံးသွယ်သွယ်များ မြင့်တက်သွားပြီး လက်ဖဝါးတစ်ဖက်ကိုမြှောက်ကာ ရိုက်ချဖို့ပြင်သည်။
ယုန်မလေးမုန့်လည်း ထိုအခါမှ အလန့်တကြားဖြင့် ခေါင်းကိုလက်နှစ်ဖက်ဖြင့်အုပ်ကာထားသည်။
"အစ်မလိန် ကျွန်မမှားသွားပါတယ်လို့။ ယုန်မလေးကိုချမ်းသာပေးပါ။ မုန်လာဥနီခွဲကျွေးမယ်လေ"
"ဟမ့်"
ထိုမိန်းကလေး စိတ်ပြောင်းသွားသည့်ဟန်ကိုမြင်မှ လိန်ရှင်းနန်လက်ကိုပြန်ချလိုက်ကာ အေးတိအေးစက်ဆိုသည်။
"မင်းရဲ့ငန်ကျိကျိမုန်လာဥနီတွေကို ဘယ်သူကစားချင်မှာလဲ"
ထို့နောက် သူမဆီမှာ တအံ့တသြအာမေဍိတ်သံထွက်လာကာ ယုန်မလေး၏လက်မောင်းကိုဆွဲပြီး လက်တွင်ပတ်ထားသော အစိမ်းနုရောင် အကြောကြိုးတစ်ကြိုးကိုကြည့်ကာ မေးလိုက်သည်။
"နဂါးအကြောကြိုးလား။ ဘယ်ကရလာတာလဲ"
"ကောက်ရခဲ့တာပဲ"
လိန်ရှင်းနန်ပုံစံက ရိုက်မည့်ပုတ်မည့်ပုံမပေါ်တော့သဖြင့် ယုန်မလေးမုန့် စိတ်အေးလက်အေးသက်ပြင်းချကာ ခပ်မဲ့မဲ့ပြုံးပြီး ပြန်ဖြေလိုက်သည်။
လီနန်ခယ့်ကလည်း သူတို့ဆီအကြည့်ရောက်လာသည်။
"နဂါးအကြောကြိုးကဘာလဲ"
လိန်ရှင်းနန်က ရစ်ပတ်ထားသောအကြောကြိုးကို ဖြည်လိုက်ပြီး သူ့ဆီကမ်းပေးလိုက်သည်။
"အပင်တစ်မျိုးကနေ သန့်စင်ထုတ်လုပ်တဲ့ အကြောကြိုးတစ်မျိုးပဲ။ ကျုံ့နိုင်ဆန့်နိုင်စွမ်း အရမ်းများတယ်။ ရေစိုနေရင် ဆန့်နိုင်ပြီး ခြောက်သွားရင်တော့ တင်းတင်းပြန်ကျုံ့သွားတတ်တယ်။"
လီနန်ခယ့်စိတ်ဝင်စားသွားပြီး ကြိုးကို လက်ထဲလှည့်ပတ်ကစားကြည့်နေသည်။
လိန်ရှင်းနန်၏ရှင်းပြချက်ကိုကြားပြီးသော် သူ့စိတ်ထဲ လျှပ်စီးတစ်ချက်လက်သလို လင်းခနဲဖြစ်သွားခဲ့သည်။ တစ်ခုခုကိုသဘောပေါက်သွားပြီးနောက် သူ့မျက်နှာ တည်ကြည်လေးနက်သွားခဲ့၏။
သူအစောကစစ်ဆေးနေခဲ့သော သစ်ပင်ပင်စည်ဆီသို့ အမြန်လျှောက်သွားလိုက်ကာ အကြောကြိုးနှင့် တိုင်းထွာကြည့်လိုက်သည်။ ထို့နောက် သွေးကွက်များကိုခြေရာခံပြီး ဦးတည်ရာအတိုင်းလိုက်သွားသော် မျက်နှာချင်းဆိုင်ဘက်မှ သစ်ပင်နောက်တစ်ပင်၏ ပင်စည်တွင်လည်း ပထမပင်စည်ကဲ့သို့ အမှတ်အသားများ တွေ့လိုက်ရပြန်သည်။
"ရေနည်းနည်းလောက်ရှိလား" လီနန်ခယ့် လှမ်းမေးလိုက်သည်။
လိန်ရှင်းနန် ခေတ္တမျှကြောင်သွားသော်ငြား မေးခွန်းပြန်ထုတ်မနေဘဲ ငယ်သားတစ်ယောက်ကို ရေတစ်ဘူးလှမ်းတောင်းပြီး လီနန်ခယ့်ဆီကမ်းပေးလိုက်သည်။
လီနန်ခယ့် ရေကို အကြောကြိုးပေါ်လောင်းချလိုက်သော် အစပိုင်းက ၁၀စင်တီမီတာလောက်သာရှိသော အကြောကြိုးသည် တီကောင်တစ်ကောင်လို တဆတ်ဆတ်တွန့်လိမ်လှုပ်ရှားကာ နဂိုအရှည်၏နှစ်ဆလောက် ရုတ်တရည်ဆန့်ထွက်လာလေသည်။
လီနန်ခယ့်က ချက်ချင်းပင် ထိုအကြောကြိုးကို လက်မောင်းတစ်ဖက်စာခန့်ထူသည့် သစ်ကိုင်းခွတစ်ခုတွင် ပတ်ချည်လိုက်သည်။
တစ်ခဏမျှအကြာတွင် အကြောကြိုးသည် ရေခြောက်သွားသဖြင့် လိန်ရှင်းနန်ပြောခဲ့သလို ပြန်လည်ကျုံ့ဝင်စပြုလာသည်။ ပတ်ချည်ခံထားရသော သစ်ကိုင်းခွမှာလည်း တင်းအားကြောင့် တဂျွတ်ဂျွတ်မြည်သံများထွက်လာပြီး နောက်ဆုံးတွင် ဖျောက်ခနဲကျိုးကျသွားတော့သည်။
***