ထိုအဖြစ်ကိုကြည့်ပြီး လီနန်ခယ့်က အကြောင်းမဲ့ ဟက်ခနဲရယ်ချလိုက်သည်။
သို့သော် မျက်နှာထက်တွင်တော့ အပြုံးတစ်စကိုမှရှာမတွေ့နိုင်ချေ။ ထိုအစား အေးစက်ခဲသက်သော ရေခဲစီးကြောင်းတစ်ခုက ခေါင်းစခြေဆုံးဖြတ်ပြေးသွားသကဲ့သို့ ကြက်သီးထစရာအမူအရာဖြင့် သစ်ကိုင်းကျိုးကိုစိုက်ကြည့်နေခဲ့သည်။
"ယုန်မမလေး မင်းတွေ့ခဲ့တာ ဒီတစ်ခုပဲလား"
လီနန်ခယ့်ကလှည့်မေးလိုက်သည်။
ရုတ်တရတ်ကြီး တည်ကြည်လေးနက်လာသောအမျိုးသားကိုကြည့်ပြီး ယုန်မလေးမုန့်က ခေါင်းညိတ်ပြကာ ပြန်မေးလိုက်သည်။
"ဟုတ်တယ် ဘာဖြစ်လို့လဲ"
"ဒါကိုဘယ်နေရာကတွေ့ခဲ့တာလဲ။ ကျွန်တော့်ကို အဲ့နေရာခေါ်သွားပေး"
လီနန်ခယ့်က အလျင်စလိုပြောလာသည်။
ငေးကြောင်နေသော ယုန်မလေးကိုကြည့်ရင်း လိန်ရှင်းနန်စိတ်မရှည်ဖြစ်လာသည်။ ထိုအမျိုးသား တစ်ခုခုကိုရှာတွေ့သွားပြန်တာ အသေအချာပင်။
"နားမပါဘူးလား။ ငါတို့ကိုအဲ့နေရာလိုက်ပြ"
"အိုး ဟုတ်ပါပြီ"
ယုန်မလေးလည်း အလန့်လန့်အဖျပ်ဖျပ်နှင့်ပင် သူတို့အားလုံးကို တောတွင်းတစ်နေရာသို့ ဦးဆောင်ခေါ်သွားလေသည်။
တစ်အုပ်စုလုံး လမ်းတစ်လျှောက် စေ့စေ့စပ်စပ်ရှာဖွေကြအပြီးတွင် နဂါးအကြောကြိုးအပိုင်းအစ နောက်နှစ်ခုကို ချုံပုတ်ထူထူများကြားထဲမှ ထပ်တွေ့ခဲ့ကြသည်။ အပိုင်းတစ်ပိုင်းတွင် သွေးစများပင်စွန်းထင်းကျန်နေသေး၏။
"ဒီပစ္စည်းက ဝယ်ရလွယ်သလား"
လီနန်ခယ့် မေးလိုက်သည်။
လိန်ရှင်းနန်က ခေါင်းညိတ်လာ၏။
"ဝယ်ရသိပ်လွယ်တာပေါ့။ ဒီကြိုးက မာတယ်ဆိုပေမဲ့ အသွားထက်ထက်ဓားနဲ့ဆို ဖြတ်ချရလွယ်တယ်။ နှစ်ခါသုံးခါလောက်ရေစိမ်မိသွားရင်တော့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကုန်သွားတတ်တယ်။ သိပ်အသုံးခံတဲ့ပစ္စည်းမျိုးမဟုတ်ပါဘူး"
လီနန်ခယ့်က လက်ထဲရှိနဂါးအကြောကြိုးကို စိုက်ကြည့်နေသည်။ မညီမညာ ဖြတ်တောက်ခံထားရသော အမှတ်အသားများနှင့် ကျန်ခဲ့သောအစအနများကို ကြည့်ခြင်းအားဖြင့် ထက်ရှသောသစ်သားစတစ်ခုဖြင့် ဖြတ်တောက်ခံထားရသည်မှာ သိသာလှပေသည်။
"ဆိုတော့ ဒီလိုကိုး။ ဒီလိုတွေဖြစ်သွားခဲ့တာပဲ..."
လီနန်ခယ့်က အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင် အသက်ရှူသံများလည်း မသိမသာ မြန်ဆန်ပြင်းပြလာသည်။ ထို့နောက် လိန်ရှင်းနန်နှင့်ကျန်သူများဘက်သို့လှည့်ကာ အလေးအနက်ပြောလာ၏။
"ရှာကြ၊ ဒီအနားတဝိုက်မှာ ချောက်ကမ်းပါးတလျှောက် အောက်ကိုဆင်းလို့ရတဲ့ လမ်းကြားတစ်သွယ်ရှိဦးမယ်"
လီနန်ခယ့်၏ခန့်မှန်းချက်က ဒက်ထိမှန်ခဲ့သည်။
အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်လောက် ရှာဖွေကြအပြီး အလွန်လျှို့ဝှက်ဖုံးကွယ်ထားသော လမ်းကျဥ်းလေးတစ်သွယ်အား တစ်ယောက်ကရှာတွေ့နိုင်ခဲ့လေသည်။
သို့သော် လမ်းဟုပင်ဆိုလို့မရလောက်ပါ။ ယခင်က တောင်ပေါ်ဆေးမြစ်ရှာသူများ ဖြတ်နင်းခဲ့ရာမှဖြစ်ပေါ်နေသော လူသွားလမ်းကြမ်းလေးတစ်ကြောင်းသာ ဖြစ်၏။
ထိုလမ်းကြမ်းလေးတလျှောက် လီနန်ခယ့် ခက်ခက်ခဲခဲဆင်းသွားပြီးနောက် ချောက်ကမ်းပါးနံရံနှစ်ဖက်ကြား ထိုးထွက်နေသော မီတာဝက်မျှကျယ်ဝန်းသည့် ကျောက်ဖျာတစ်ခုဆီသို့ ရောက်ရှိလာသည်။ ထိုကျောက်ဖျာမျက်နှာပြင်မှာ အလွန်ကျဥ်းမြောင်းလှသဖြင့် အများဆုံးမှ လူနှစ်ယောက်သာ မတ်တပ်ရပ်လို့ရပေမည်။
"ဒီနေရာကို မြေပြင်ကတိုင်းရင် ခန့်မှန်းချေ ဘယ်လောက်အမြင့်ရှိမလဲ"
ကျောက်ဖျာ၏အောက်တွင် ထူထပ်လှသော နွယ်ပင်များနှင့် ဝါးပင်များအပြင် ဘေးတိုက်ပေါက်နေသော သစ်ကိုင်းများပါ ရှုပ်ထွေးတည်ရှိနေသဖြင့် မြေပြင်ကို လုံးဝမမြင်ရပေ။ လီနန်ခယ့်က နောက်ကရောက်လာသောလိန်ရှင်းနန်ကို လှမ်းမေးလိုက်သည်။
လိန်ရှင်းနန် ဘာမှပြန်မပြောနိုင်မီ ယုန်မလေးမုန့်က တက်ကြွထက်သန်စွာ ဝင်ဖြေလာသည်။
"ကျွန်မအပေါ်ကပျံဆင်းလာတုန်းက ဒီကျောက်ဖျာကိုမြင်ခဲ့တယ်။ မြေပြင်ကနေဆို နှစ်ကျန်းကျော်ကျော် (ပေနှစ်ဆယ်ကျော်ကျော်) လောက်ပဲရှိလိမ့်မယ်"
နှစ်ကျန်းကျော်ကျော်လောက်ဆို... ခုနစ်မီတာအမြင့်လောက်ပေါ့။
လီနန်ခယ့်ကထပ်မေးသည်။
"တစ်ယောက်ယောက် ဒီနေရာကနေအောက်ကိုခုန်ချမယ်ဆိုရင် သေသွားနိုင်ချေ ဘယ်လောက်ရှိနိုင်မလဲ"
လိန်ရှင်းနန်က အောက်ဘက်ကိုလှမ်းကြည့်လိုက်ပြီး တွက်ချက်လာသည်။
"ကျင့်ကြံသူတစ်ယောက်သာဆို ဘာမှအထိအခိုက်ရှိမှမဟုတ်ဘူး။ သာမန်လူဆိုရင်တော့ ခေါင်းနဲ့ကျရင် သေဆုံးနိုင်ချေမြင့်တာပေါ့။ တည့်တည့်ခုန်ချမယ်ဆိုရင်တော့ အဲ့လောက်အန္တရာယ်မများဘူး။ အောက်မှာလည်း သစ်ကိုင်းတွေချုံနွယ်တွေ ခံနေတော့ ပိုပြီးတော့တောင်ဖြစ်နိုင်ချေနည်း—"
ပြောရင်းဆိုရင်း လိန်ရှင်းနန် ဖျတ်ခနဲသဘောပေါက်သွားသည်။ ထို့နောက် ဘေးရှိအမျိုးသားကို တအံ့တသြလှည့်ကြည့်လိုက်မိ၏။
"ရှင်ပြောချင်တာ မဟုတ်မှ..."
"လီချန်ဘုရားကျောင်းကိုသွားမယ်"
အဝေးတစ်နေရာတွင်တည်ရှိနေသော ဘုရားကျောင်းကိုလှမ်းမျှော်ကြည့်ပြီး လီနန်ခယ့် ဆုံးဖြတ်ချက်တစ်ခု ချက်ချင်းချလိုက်သည်။ လီချန်ဘုရားကျောင်းသည် တုန်းချီမြို့တွင် အကျော်ကြားဆုံးဘုရားကျောင်းတစ်ခုပင်။
နှစ်တစ်ရာကျော်သော သမိုင်းကြောင်းကို သယ်ပိုးထားသောနေရာလည်းဖြစ်၏။
ဘုရားကျောင်းနယ်မြေကို စိမ်းစိမ်းစိုစိုသစ်ပင်များက ဝန်းရံထားပြီး ပန်းမန်များအပြည့်ဖူးပွင့်လျက် နောက်ကျောတွင်လည်း မြင့်မားကြီးကျယ်သော တောင်တန်းကြီးများနှင့် စိမ်းညို့ညို့ကျောက်ဆောင်များ အလွှာလွှာတည်ရှိနေသဖြင့် မြင်ရတွေ့ရသည်မှာ လူ့ဘုံလောကနှင့်မသက်ဆိုင်လှသော အေးချမ်းရာတစ်ခုကဲ့သို့။
လီနန်ခယ့်သည် စန္ဒကူးသစ်သားရနံ့များ သင်းသင်းမွှေးပျံ့နေသော ဆုတောင်းခန်းမထဲတွင်ရပ်နေပြီး သူ့အရှေ့တွင် မားမားကြီးဖြစ်တည်နေသော ဗောဓိပင်ကြီးအား စိတ်လွင့်နေသလို ငေးမောကြည့်ရှုနေသည်။
ဗောဓိပင်ကြီးပေါ်တွင် လက်မလောက်အရွယ်အစားရှိသော ဝါးကျည်တောက်လေးများ ချိတ်ဆွဲထားသည်။
ထိုအရာလေးများမှာ ဆုတောင်းကျည်တောက်များဖြစ်၏။
ဝါးကျည်တောက်တစ်ခုချင်းစီထဲတွင် နာမည်တစ်ခုနှင့် အပ်ချည်ကြိုးနီဖြင့် ပိတ်ချည်ထားသော ဆုတောင်းစာတစ်ခုပါရှိသည်။
လိန်ရှင်းနန်သည် ရှစ်လပိုင်းလေးရက်နေ့က ဆုတောင်းခန်းမတွင်တာဝန်ကျသော ကိုယ်တော်များကို ပင့်ဆောင်လာခဲ့သည်။ အတော်အသင့်ငယ်ရွယ်သေးသော ကိုယ်တော်နှစ်ပါးဖြစ်ပြီး တစ်ပါးကဝဖီးကာ တစ်ပါးကပိန်လှီသည်။ ညကင်းလှည့်တပ်ဖွဲ့ဝင်များ၏ရှေ့တွင် ကိုယ်တော်ငယ်နှစ်ပါးမှာ အတော်လေးသက်တောင့်သက်သာမဖြစ်ဟန်ဖြင့် စိုးရိမ်စိတ်များနေကြဟန်ရှိ၏။
"ရှစ်လပိုင်းလေးရက်နေ့မှာ လင်ကျောက်ယွဲ့ ဝမ်ယင်းယင်းနဲ့ ဝမ်ကျင်းအာတို့ အမွှေးတိုင်လှူပြီးဆုတောင်းဖို့လာခဲ့ကြတာ ကိုယ်တော်တို့မှတ်မိပါသလား"
လီနန်ခယ့်က အဓိကအချက်ကိုသာ တည့်တည့်မေးသည်။
ဝဝဖီးဖီး ကိုယ်တော်၏ ဘွဲ့အမည်မှာ ချန်းယွီဖြစ်ပြီး ပိန်လှီသော ကိုယ်တော်မှာ ချန်းမင်ဖြစ်သည်။
လီနန်ခယ့်၏မေးခွန်းကိုကြားသော် နှစ်ဦးသား အချင်းချင်းကြည့်လိုက်ကြပြီး ချန်းယွီကစပြောလာသည်။
"အရာရှိမင်းကို ပြန်လည်ဖြေကြားပါတယ်။ ဒီနိမ့်ကျတဲ့ကိုယ်တော်ငယ် မှတ်မိကြောင်းပါ"
သူတို့အားလုံးလည်း ထိုမှုခင်းနှင့်ပက်သက်ပြီး စစ်ဆေးမေးမြန်းခံ၊ မှတ်တမ်းတင်ခံခဲ့ရပြီးဖြစ်သောကြောင့် သေချာပေါက်မှတ်မိသည်ပင်။
"သူတို့သုံးဦးသား အမွှေးတိုင်လှူပြီး ဆုတွေတောင်းပြီးတဲ့နောက် ဆုတောင်းကျည်တောက်ချိတ်ခဲ့ကြသေးလား"
"ဟုတ်ကဲ့ သူတို့ချိတ်ခဲ့ကြပါတယ်"
ချန်းယွီက ဗောဓိပင်ထက်မှ တန်းလန်းကျနေသောဝါးကျည်တောက်လေးများကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းညိတ်သည်။
လီနန်ခယ့်က ကိုယ်တော်ငယ်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။
"သူတို့ချိတ်ခဲ့ကြတဲ့ ဆုတောင်းကျည်တောက်တွေကို တပည့်တော်ဖွင့်ရှာချင်တာပါ။ အဆင်ပြေရဲ့လား"
"ဒါကတော့..."
ကိုယ်တော်နှစ်ပါးလုံး အခက်တွေ့ဟန်အမူအရာများ ပြလာကြသည်။
ဤမျှများပြားသော ဝါးကျည်တောက်များကို စိတ်ရှည်လက်ရှည် တစ်တောင့်ချင်းဖွင့်ရှာနိုင်သည်ဆိုစေဦးတော့၊ ဘုရားကျောင်းတွင် စည်းမျဥ်းများရှိသေးသည်ပင်။ ဆုတောင်းကျည်တောက်တစ်ခုသည် စေ့ပိတ်ချိတ်ဆွဲခဲ့ပြီးသည်နှင့် အောက်ပြန်ချခွင့်မရှိတော့သလို တစ်ပါးသူကိုလည်း ပြသခွင့်မရှိ။
"ပြဿနာတစ်ခုခုရှိလို့လား"
လိန်ရှင်းနန်၏ မျက်ခုံးတန်းများ အနည်းငယ်စုကျုံ့သွားပြီး ကြက်သီးထဖွယ် ခြိမ်းခြောက်လိုဟန်အကြည့်တစ်မျိုးဖြင့် ကိုယ်တော်တို့ကို စိုက်ကြည့်လာသည်။
အမျိုးသမီး၏ ဖိအားပေးလိုသောအရှိန်အဝါကို ခံစားမိလိုက်ပြီး ကိုယ်တော်ငယ်နှစ်ပါးမှာလည်း ဆက်လက်ငြင်းဆန်ဖို့မရဲတော့ဘဲ ခေါင်းကိုတွင်တွင်ယမ်းပြလိုက်ကြသည်။
"ပြဿနာမရှိပါဘူး ဒကာမလေးရယ်။ ဒီနိမ့်ကျတဲ့ကိုယ်တော် အခုချက်ချင်းပဲသွားရှာပေးပါ့မယ်"
ထို့နောက် ဗောဓိပင်ရှိရာသို့ ခြေကုန်သုတ်ပြေးသွားကုန်ကြတော့၏။
လိန်ရှင်းနန်သည် လက်အောက်ငယ်သားများထပ်ခေါ်ကာ အတူအင်အားဖြည့်ရှာဖွေစေသည်။
ယုန်မလေးမုန့်ကာ ဘေးတွင် အေးအေးဆေးဆေးရပ်ကြည့်နေလျက်။
"မုန်လာဥနီစားဦးမလား"
မိန်းကလေးက ရွှေချည်ထိုးစကတ်အောက်မှ မုန်လာဥနီလတ်လတ်ဆတ်ဆတ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး လီနန်ခယ့်ဆီကမ်းပေးလာသည်။
လီနန်ခယ့်က အာခနဲရေရွတ်ကာ ညင်ညင်သာသာလေးငြင်းလိုက်သည်။
"မစားတော့ပါဘူး။ ကျေးဇူးပါ။ ကျွန်တော်က ငန်တဲ့အစားအသောက်တွေရှောင်လို့"
***