အချိန်တွေက တစ်မိနစ်ပြီး တစ်မိနစ် တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
ပုံမှန်ဆိုလျှင် ဘုရားဖူးဧည့်သည်များဖြင့် ကြည့်သိပ်စည်ကားနေတတ်သော ဘုရားကျောင်းခြံဝင်းလေးသည် ယခုအခါ ညကင်းလှည့်တပ်ဖွဲ့၏ ပိတ်ဆို့ထားမှုကြောင့် ခြောက်ကပ်ငြိမ်သက်နေရ၏။
အိုမင်းရင့်ရော်ကာ ရာသီဥတုဒဏ်များစွာကို ခံစားခဲ့ရရှာသည့် ဗောဓိပင်ကြီး၏အောက်တွင် ရှိရှိသမျှလူတိုင်းမှာ ထောင်သောင်းချီသော ဝါးကျည်တောက်လေးများအား တစ်ခုပြီးတစ်ခုဖွင့်လှစ်စစ်ဆေးရင်း လင်ကျောက်ယွဲ့တို့သူငယ်ချင်းသုံးယောက်၏ ကိုယ်ပိုင်ဆုတောင်းများကို အသည်းအသန်ရှာဖွေနေကြလေသည်။
လီနန်ခယ့်ကတော့ တံခါးရှေ့တွင် တိတ်ဆိတ်စွာထိုင်စောင့်နေရင်း စိတ်ထဲမှ တွေ့ရှိပြီးခဲ့သမျှသဲလွန်စများကို ဆက်စပ်စီစဥ်ကြည့်နေသည်။
လီနန်ခယ့် ထိုသုံးယောက်၏ ဆုတောင်းကျည်တောက်များကို ဤမျှအသည်းအသန်ရှာဖွေစေရခြင်းအကြောင်းရင်းမှာ ထိုနေ့က ဘုရားကျောင်းတွင်တာဝန်ကျသော ကိုယ်တော်များကို စစ်ဆေးမေးမြန်းရာမှ ထွက်လာသောအဖြေများကြောင့်ဖြစ်သည်။
ကိုယ်တော်များ၏ ဖွင့်ဟထွက်ဆိုချက်အရ လင်ကျောက်ယွဲ့နှင့် သူငယ်ချင်းနှစ်ယောက် ဆုတောင်းခန်းမတွင် ဆုတောင်းပူဇော်လို့အပြီး ဝမ်ယင်းယင်းကအနောက်တွင် ခေတ္တမျှကျန်နေရစ်သည်ဟုဆိုသည်။
ထို့နောက် သူမသည် အကြောင်းရင်းမရှိဘဲ ဒေါသတကြီး သောင်းကျန်းခဲ့သည်။
ဒေါသကိုဖြေဖျောက်ပြီး စိတ်အေးသွားချိန်တွင်မှ သူမက ချူဟုန်တောင်ပေါ် ရှုခင်းသွားကြည့်ကြဖို့ အကြံပေးလာခြင်းပင်။
ထို့ကြောင့် ဗောဓိပင်ထက်မှ ထိုဆုတောင်းကျည်တောက်လေးများထဲတွင် လူသတ်မှုကိုဦးတည်သွားစေသည့် သဲလွန်စတချို့ပါရှိနေမည်ဟု သူတွက်ဆမိသည်။
"တွေ့ပြီဟေ့"
မကြာမီမှာပင် လိန်ရှင်းနန်သည် ဗောဓိပင်ပေါ်မှ ရှာဖွေတွေ့ရှိလာသော ဆုတောင်းကျည်တောက်များကိုကိုင်ဆောင်ကာ သူ့ထံသို့အပြေးရောက်လာသည်။
လီနန်ခယ့် ထိုကျည်တောက်လေးများကို တစ်ခုချင်းစီဖွင့်ကြည့်လိုက်သည်။
ဝမ်ယင်းယင်း၏ဆုတောင်းကျည်တောက်ထဲမှ ဆုတောင်းစာမှာ မိန်းမပျိုလေးတစ်ယောက်၏ ချစ်ရေးချစ်ရာခံစားချက်တချို့ကို ဖော်ကြူးထားသော အချစ်ကဗျာတိုလေးတစ်ပုဒ်ဖြစ်သည်။ အဓိကအကြောင်းအရာကတော့ ဟယ့်ချင်းယွီနှင့် ကြည်နူးစရာချစ်ဇာတ်လမ်းတစ်ခုကို ပိုင်ဆိုင်လိုကြောင်း ဖော်ပြဆုတောင်းထားခြင်းပင်။
ထိုမိန်းကလေးသည် ဟယ့်ချင်းယွီကို အတော်လေးနှစ်သက်စွဲလမ်းပုံရသည်ပင်။
လင်ကျောက်ယွဲ့၏ ဆုတောင်းစာအကြောင်းအရာမှာ သူ၏ညီမလေးများ သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ ဟူ၏။
သို့သော် လီနန်ခယ့် ဝမ်ကျင်းအာ၏ဆုတောင်းကျည်တောက်ကိုဖွင့်လိုက်ချိန်တွင် ဗလာသက်သက်ဖြစ်နေသည်ကိုသာတွေ့လိုက်ရ၏။ ဒါမှမဟုတ် အထဲရှိဆုတောင်းစာကို တစ်ယောက်ယောက်ကယူသွားခြင်းပေလား။
"ကျွန်တော်မေးမယ်။ ဒီဆုတောင်းစာတွေကို သူတို့ဘာသာချိတ်ခဲ့တာလား။ ကိုယ်တော်က သူတို့အတွက် ကိုယ်စားချိတ်ပေးခဲ့တာလား"
လီနန်ခယ့်က ချန်းယွီကိုမေးလိုက်သည်။
ချန်းယွီက ခေါင်းကိုတွင်တွင်ခါကာ ပြန်ဖြေသည်။
"ကိုယ်တော်တို့မကူညီခဲ့ပါဘူး။ သူတို့ကျမ်းစာဆောင်မှာ ဆုတောင်းစာတွေရေးလို့ပြီးတာနဲ့ မိန်းကလေးလင်က အားလုံးကိုယူပြီး သူကိုယ်တိုင်သွားချိတ်ပေးခဲ့တာပါ"
သူမျှော်လင့်ထားသည့်အဖြေပင်။
လီနန်ခယ့်စိတ်ထဲ အဖြေကရှိနှင့်ပြီးသားဖြစ်သော်လည်း ထပ်မေးလိုက်သည်။
"နောက်ပြီးဘာတွေဆက်ဖြစ်သလဲ အကုန်ပြောပြပါ။ အစကနေအဆုံးထိ တစ်ခုမှမကျန်ခဲ့ပါစေနဲ့"
ချန်းယွီသည် မျက်နှာဖောင်းဖောင်းကြီးပေါ် သီးထနေသောချွေးစက်များကိုသုတ်လိုက်ပြီး ထိုနေ့ကအဖြစ်အပျက်များအား ပြန်လည်စဥ်းစားပြောပြလာသည်။
"ဆုတောင်းကျည်တောက်တွေကိုချိတ်လို့ပြီးသွားတော့ သူတို့သုံးယောက်သား ဗောဓိပင်အောက်ဒူးထောက်ထိုင်ပြီး ဘုရားရှိခိုးကြတယ်။ နောက်တော့ မိန်းကလေးလင်က သူသန့်စင်ခန်းသွားချင်တယ်လို့ပြောပြီး နောက်ဖေးခြံကသန့်စင်ခန်းဆီ ဝမ်ကျင်းအာကိုအဖော်ခေါ်သွားခဲ့တယ်"
"ဆိုတော့ ဗောဓိပင်အောက်မှာ ဝမ်ယင်းယင်းတစ်ယောက်ပဲကျန်ခဲ့တာပေါ့"
"ဟုတ်ပါတယ်"
"ဝမ်ယင်းယင်း ဆုတောင်းကျည်တောက်တွေကိုထိတာကိုင်တာ မြင်ခဲ့သေးလား"
"မြင်ခဲ့သလိုပါပဲ"
ချန်းယွီကမျက်မှောင်ကြုတ်ကာ ခက်ခက်ခဲခဲ ပြန်လည်စဥ်းစားကြည့်သည်။
"အဲ့ဒီအချိန်တုန်းက ကိုယ်တော်လည်း တခြားဘုရားဖူးဧည့်သည်တွေကို ဧည့်ခံနေရတာနဲ့ သိပ်ပြီးအာရုံမထားမိပါတယ်။ ဒါပေမဲ့ နောက်တော့ မိန်းကလေးဝမ်တစ်ယောက်တည်း ဆဲဆိုဒေါသထွက်နေတာကို ကြားလိုက်မိပါသေးတယ်"
"မိန်းကလေးလင်တို့နှစ်ယောက် ပြန်ရောက်လာတဲ့နောက် မိန်းကလေးဝမ်က ချူဟုန်တောင်ပေါ်ကိုရှုခင်းသွားကြည့်ချင်တယ်လို့ ပြောနေတာ ဝိုးတဝါးကြားလိုက်ရပါတယ်"
လီနန်ခယ့်၏ ကြယ်ရောင်မျက်လုံးများက ပို၍စူးရှလာသည်။
"ကျွန်တော်ထပ်မေးမယ်။ မိန်းကလေးလင်တို့သုံးယောက်သား အဲ့ဒီမတိုင်ခင် မူမမှန်တဲ့အပြုအမူမျိုးတွေ ရှိခဲ့သေးလား။ ရှစ်လပိုင်းလေးရက်နေ့တင်မဟုတ်ဘဲ အဲ့ဒီအရင်ရက်တွေက ဘုရားကျောင်းကိုလာကြတဲ့အခေါက်တွေမှာပေါ့။"
ထိုမေးခွန်ကြောင့် ချန်းယွီအခက်တွေ့သွားရသည်။
နေ့စဥ်နေ့တိုင်း ဘုရားဖူးများ ဝင်လာမစဲတသဲသဲ စည်ကားလှသောဤဘုရားကျောင်းတွင် မည်သည့်အဖြစ်အပျက်ကို အထူးတလည်မှတ်မိနေနိုင်ပါမည်နည်း။
"လွန်ခဲ့တဲ့ လဝက်လောက်တုန်းကတော့..."
အနားတွင်ရပ်နေသောချန်းမင်က ဤမေးခွန်းကို ဝင်ဖြေလာခြင်းဖြစ်သည်။
"မိန်းကလေးလင် အတော်လေးထိုင်းမှိုင်းငြိမ်သက်နေခဲ့ပုံပါပဲ"
"ဆက်ပြောပါဦး"
လီနန်ခယ့်၏မျက်လုံးများ အရောင်တောက်လာသည်။
လူအများ၏အကြည့်မှာ သူ့ဆီသို့စုပြုံရောက်ရှိလာသဖြင့် ချန်းမင် မနေတတ်မထိုင်တတ်ဖြစ်သွားဟန်ရှိကာ အသားညိုညိုမျက်နှာမှာ အနည်းငယ်နီမြန်းသွားပြီး တုန်တုန်ယင်ယင်ဆက်ပြောလာသည်။
"လွန်ခဲ့တဲ့ လဝက်လောက်က သူဌေးကြီးလင်က သူ့ဇနီးနဲ့သမီးကိုခေါ်ပြီး လီချန်ဘုရားကျောင်းကို အမွှေးတိုင်လှူဖို့ရောက်လာသေးတယ်။ မိန်းကလေးဝမ်ကျင်းအာနဲ့ ဝမ်ယင်းယင်းကလည်း သူတို့ကိုအဖော်ပြုပြီး လိုက်ပါလာခဲ့ပါတယ်"
"အစပိုင်းတော့ မိန်းကလေးလင်ကြည့်ရတာ အဆင်ပြေပုံပါပဲ။ နောက်တော့ တစ်ခုခုဖြစ်သွားတယ်နဲ့တူပါရဲ့။ သူတော်တော်ငေးငိုင်သွားပြီး မျက်နှာလည်းမကောင်းတော့ဘူး။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း ဖေးမနှစ်သိမ့်ပေးကြပါတယ်။ အဲ တစ်ခုရှိသေးတယ်"
ချန်းမင်ကရုတ်တရတ် တစ်ခုခုကိုမှတ်မိသွားဟန်ဖြင့် ဗာဂျရာ ဗောဓိသတ္တခန်းမဆောင်ဘက်ကို လက်ညှိုးညွှန်ပြကာ ပြောလာသည်။
"အဲ့ဒီနေ့ နေ့လည်ဘက်မှာ သူတို့သုံးယောက်သား အဲ့ဒီခန်းမဆောင်ထဲ ဘုရားရှိခိုးနေကြတာကို ကိုယ်တော်မြင်ခဲ့တယ်။ ကတိသစ္စာတစ်ခုခုပြုနေကြတဲ့ပုံပဲ"
"ဝမ်ယင်းယင်းက ငါတို့ကျောက်ယွဲ့အတွက် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားရမယ်၊ ဒီအကြောင်းကို ဘယ်သူမှထုတ်မပြောရဘူးလို့ ပြောနေတာ သဲ့သဲ့ကြားလိုက်ရပါတယ်"
လီနန်ခယ့်သည် ထွက်ဆိုချက်ပေးနေသော ခပ်ပိန်ပိန်ကိုယ်တော်ငယ်လေးကို စိုက်ကြည့်နေရင်း နှုတ်ခမ်းတစ်ဖက်က အပေါ်သို့မသိမသာကွေးတက်ကာ အဓိပ္ပာယ်ပါပါပြုံးသည်။
တစ်ဖက်လူပေးသော သတင်းအချက်အလက်ကား အလွန်စုံလင်တိကျ အသေးစိတ်လွန်းနေသည်မဟုတ်ပါလော။
လုံးဝကို ပုံမှန်ဟုတ်မနေပါ။
နေ့စဥ်နေ့တိုင်း ဘုရားဖူးဧည့်သည်အမြောက်အများ လာရောက်လည်ပတ်တတ်သော ဤနာမည်ကြီးဘုရားကျောင်းတွင် လွန်ခဲ့သောလဝက်ကအဖြစ်အပျက်တစ်ခုကို မှတ်မိသည်ဆိုပါကလည်း ယောင်ဝါးဝါးမျှဆိုလုံလောက်လေပြီ။ ကြားခဲ့သောစကားများကိုပါ အတိအကျပြန်ပြောပြနိုင်ဖို့က ထူးဆန်းနေသည်လေ။
ဒီအတွက် အကြောင်းပြချက်တစ်ခုသာရှိသည်။
ဘွဲ့အမည်ချန်းမင်နှင့် ဤကိုယ်တော်သည် လင်ကျောက်ယွဲ့ကို တိတ်တဆိတ် နှစ်သက်နေခြင်းဖြစ်ရပေမည်။
လူတွေဟာ သူတို့နှစ်သက်စွဲလမ်းတဲ့သူတွေကိုသာ သာမန်ထက်ပိုပြီး အာရုံစိုက်မိတတ်ကြတာမဟုတ်လား။
သို့သော် လီနန်ခယ့်သည် ထိုကိုယ်တော်၏နှလုံးသားရေးရာကိုတော့ အရေးထားမနေနိုင်အားတော့။ ချန်းမင်ထွက်ဆိုသော သဲလွန်စများမှာ လက်ရှိအခြေအနေတွင် အလွန်အသုံးဝင်လှသည်ပင်။
ပေါ်ပေါက်လာပြီးသား အမှန်တရားကို ပို၍ရှင်းလင်းပြတ်သားစေခဲ့သည်။
သို့သော် တိကျသေချာသော အကျင့်စရိုက်အရ လီနန်ခယ့်သည် ထိုနေ့ကဖြစ်ပျက်ခဲ့သမျှကို အတွင်းကျကျ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်၏။
"မိန်းကလေးလင်တို့သုံးယောက် ဘုရားကျောင်းကိုလာတဲ့အခါ လုပ်တတ်တဲ့အလေ့အထတွေ ပြောပြပေးပါလား။ ဘယ်ကိုသွားပြီး ဘာတွေလုပ်တတ်လဲဆိုတာမျိုးပေါ့။"
လီနန်ခယ့်မေးလိုက်သည်။
ချန်းမင်သည် အခိုက်အတန့်မျှ တွန့်ဆုတ်နေပြီးမှ သူတို့အားလုံးကို တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ခြံဝင်းအတွင်းတွင် ဗုဒ္ဒမီးအိမ်များနှင့် ဗောဓိသတ္တရုပ်ပွားတော်များရှိသည့် တရားအားထုတ်ရာ အခန်းငယ်အချို့ရှိပြီး အလယ်တွင် ဧရာမ အမွှေးတိုင်အိုးကြီးတစ်လုံး ရှိသည်။
"ဧည့်သည်တချို့ မီးအိမ်လာထွန်းပြီး ငြိမ်းချမ်းတဲ့ဘဝရဖို့ ဆုတောင်းကြတဲ့နေရာတစ်ခုပါ။ ကျမ်းစာရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့သကြတဲ့ ဆရာတော်တွေလည်းရှိတယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်တော်လည်း ဆရာတော်တစ်ပါးနဲ့အတူရှိနေခဲ့တာကြောင့် အဖြစ်အပျက်ကို တော်တော်လေးမှတ်မိနေပါသေးတယ်"
ချန်းမင်က တရားအားထုတ်သည့်အခန်းတစ်ခန်းကို ဖွင့်လိုက်ပြီးဆိုသည်။
"အစတော့ သူဌေးကြီးလင်နဲ့ အတူပါလာတဲ့သူတွေ ဒီအခန်းထဲဝင်သွားပြီး မီးအိမ်ထွန်းညှိပူဇော်ကြတယ်။ ဒါပေမဲ့ မိန်းကလေးဝမ်ယင်းယင်းတို့အုပ်စုက ငြိမ်ငြိမ်မနေကြတော့ သူဌေးကြီးလင်စိတ်တိုပြီး သူတို့မိန်းကလေးငယ်အုပ်စုကို တခြားအခန်းထဲသက်သက်ဝင်ဖို့ပြောလိုက်တယ်"
"နောက်တော့ ဆရာတော်ကျမ်းစာရွတ်ဖတ်လို့အပြီး ခန်းမဆောင်အပြန်မှာ သူဌေးကြီးလင်လည်း တရားနာဖို့အတွက် အတူလိုက်သွားခဲ့တယ်။ သူဌေးကတော်ကိုတော့ ဆက်ပြီးအာရုံပြုပူဇော်ဖို့ ဒီမှာပဲထားခဲ့လိုက်တယ်"
"နေဦး"
လီနန်ခယ့်က ရုတ်တရတ် အရေးကြီးအပိုင်းအစတစ်ခုကို ဆုပ်ကိုင်လိုက်မိပြီး ချန်းမင်ကိုစိုက်ကြည့်လိုက်သည်။
"တစ်နည်းပြောရရင် အဲ့ဒီအချိန်မှာ သူဌေးကတော်မေရှင်းအာက ဒီတရားထိုင်ခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့ပြီး လင်ကျောက်ယွဲ့တို့ သုံးယောက်အဖွဲ့က ဘေးချင်းကပ်အခန်းမှာရှိနေခဲ့ကြတာပေါ့"
ချန်းမင်က ခေါင်းညိတ်သည်။
လီနန်ခယ့်က တရားထိုင်ခန်းငယ်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး မေးသည်။
"ဒီအခန်းက အသံတွေဘာတွေလုံလား။ တစ်ခန်းမှာ လူတွေငြင်းခုံရန်ဖြစ်ရင် နောက်တစ်ခန်းက ကြားရနိုင်လောက်လား"
ချန်းမင်က မျက်မှောင်ကြုတ်စဥ်းစားရင်း ဖြေသည်။
"ကြားနိုင်လောက်မှာပါ"
သူ့ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် လီနန်ခယ့်က သံမဏိနှင့်ကောကန်းတို့ကို နောက်တစ်ခန်းသို့သွားကာ စကားပြောစေသည်။ ပုံမှန်လေသံဖြင့် စကားစမြည်ပြောဆိုခြင်းမှာ အော်ဟစ်ငြင်းခုံသည်အထိ စမ်းသပ်ကြည့်စေသည်။
စမ်းသပ်ချက်အပြီးတွင် လေသံကို သတိထားပြီးနှိမ့်မပြောပါက တစ်ဖက်နှင့်တစ်ဖက် လွယ်လွယ်ကြားနိုင်ကြောင်း အတည်ပြုလိုက်နိုင်သည်။
"နောက်တော့ ဘာဆက်ဖြစ်သေးလဲ" လီနန်ခယ့်က ဆက်လက်စစ်မေးသည်။
ချန်းမင်ကဆက်၏။
"နောက်တော့ ဒီကိုယ်တော်နဲ့ ဆရာတော်တို့ တရားဟောလို့အပြီး သူဌေးကြီးလင်နဲ့အတူ ဒီဘက်ကိုပြန်လာတဲ့အခါ သူဌေးကတော်ရော မိန်းကလေးလင်ပါ မျက်နှာမကောင်းကြတော့တာ သတိထားမိတယ်"
"အဲ့ဒီတုန်းက သူဌေးကတော်ရဲ့တရားထိုင်ခန်းထဲ တခြားလူဝင်တာ မြင်ခဲ့သေးလား"
"ဒီကိုယ်တော်လည်း ဒါတော့ တပ်အပ်မပြောနိုင်ပါဘူး"
ချန်းမင်က ဒီတစ်ခုကိုတော့ ခေါင်းသာယမ်းပြလာသည်။
လီနန်ခယ့် နောက်ဆုံးသော အရေးကြီးမေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။
"ဟယ့်ချင်းယွီကိုလည်း ကိုယ်တော်သိလောက်မယ်မလား။ သူရော အဲ့ဒီနေ့က လီချန်ဘုရားကျောင်းကို အမွှေးတိုင်ပူဇော်ဖို့ လာခဲ့သေးလား"
"လာခဲ့ပါတယ်"
***