ဤတစ်ကြိမ်တွင် ချန်းယွီကဝင်ဖြေလာသည်။
ချန်းယွီက ရှေ့တက်ကာ ဆက်ပြောလာသည်။
"ဒီကိုယ်တော် အဲ့တစ်ခုကိုတော့ သေသေချာချာမှတ်မိပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီနေ့က လူတစ်ယောက်ဟာ ဘုရားကျောင်းအပြင်ဘက်ကအမွှေးတိုင်အိုးလေးတစ်လုံးကို ကန်ချခဲ့သေးတာပါ။ အဲ့ဒီလူက သခင်လေးဟယ့်ပါပဲ။ ကြည့်ရတာတော့ တစ်ယောက်ယောက်နဲ့ရန်ဖြစ်လာပြီး အတော်လေးဒေါသထွက်နေပုံရပါတယ်"
ချန်းမင်၏အဖြေကို အဆုံးထိနားထောင်ပြီး လီနန်ခယ့်သည် မျက်လုံးများကိုမှေးစင်းကာ တိုးတိုးရေရွတ်လိုက်မိသည်။
"အဖြစ်မှန်တစ်ခုလုံး ရှင်းလင်းလာပြီပဲ"
နောက်ဆုံးအမှန်တရားကို သူကြိုတင်ခန့်မှန်းတွက်ချက်ခဲ့ပြီး ဖြစ်သော်လည်း အဆုံးထိ သူသာမှားယွင်းနေခြင်းဖြစ်ပါစေဟု မျှော်လင့်ထားခဲ့သည်ပင်။
သူလိုချင်သော အမှန်တရားမှာ ဤအဖြစ်မျိုးမဟုတ်ခဲ့ပါ။
အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသည် မဟုတ်လော။
လိန်ရှင်းနန်လည်း တုံးတုံးအအမဟုတ်သည့်အတွက် လီနန်ခယ့်ဆက်တိုက်မေးလာသောမေးခွန်းများမှတစ်ဆင့် အဖြစ်မှန်ကို တဖြည်းဖြည်းနားလည်လာမိခဲ့သည်။ မျက်နှာလှလှမှာ တင်းမာလေးနက်လျက်။
"တစ်နည်းပြောရရင် သူဌေးကတော်နဲ့လူတစ်ယောက် ဒီတရားထိုင်ခန်းထဲမှာ ငြင်းခုံစကားများခဲ့ကြပြီး ဘေးခန်းကမိန်းကလေးသုံးယောက်လည်း အစအဆုံးကြားသိလိုက်တယ်ဆိုပါစို့"
"စကားမစပ် အရာရှိလိန် လင်အိမ်တော်ကို အပြေးအလွှားရောက်သွားခဲ့တုန်းက မိန်းကလေးလင် မိုးနီအိပ်မက်ကမ္ဘာထဲရောက်သွားတယ်လို့ သတင်းကြားလိုက်လို့လား"
လီနန်ခယ့်က နောက်မှအမျိုးသမီးကိုလှည့်ကြည့်ပြီး မေးလိုက်သည်။
လိန်ရှင်းနန်က ခေါင်းယမ်းပြသည်။
"မဟုတ်ပါဘူး။ ကျွန်မတို့ တိမ်တိုက်မြို့တော်ကနေ တုန်းချီကိုရောက်ခါစရှိသေး လင်မိသားဟုအစေခံတစ်ယောက် ခရိုင်ရုံးတော်ရှေ့မှာ စိုးရိမ်တကြီးစောင့်နေတာမြင်လို့ တစ်ခုခုဖြစ်နေပြီလို့ရိပ်မိလိုက်တာ။ အဲ့ဒါနဲ့ အစေခံမိန်းကလေးကိုမေးကြည့်တော့ မိန်းကလေးလင် အိပ်မက်ဆိုးတွေမက်ပြီး နှိုးမရဖြစ်နေတယ်ကြားလို့ အမြန်ပြေးသွားခဲ့တာ"
လီနန်ခယ့်က ခပ်တိုးတိုးမှတ်ချက်ပြုသည်။
"အဲ့ဒီလိုကိုး"
ဆိုလိုသည်မှာ သူကိုယ်တိုင် မိုးနီအိပ်မက်ကမ္ဘာထဲဝင်မသွားခဲ့လျှင်ပင် လင်ကျောက်ယွဲ့ကို ကယ်မဲ့သူအသင့်ရှိပြီးသားပါလေ။
"ဟယ့်ချင်းယွီအိမ်ကို သွားကြတာပေါ့"
လီနန်ခယ့်က သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး အစီအစဥ်ချမှတ်လိုက်သည်။
...
ဟယ့်ချင်းယွီနေအိမ်သို့ လီနန်ခယ့် ဒုတိယအကြိမ်မြောက်ရောက်ရှိခြင်းပင်။
ရုပ်အလောင်းကို ဖယ်ရှားခဲ့ပြီးဖြစ်သော်ငြား ကြက်သီးထဖွယ် သေဆုံးခြင်းအနံ့အသက်တစ်ခုက အခန်းတွင်း ရစ်ဝဲစွဲငြိနေဆဲဟု ခံစားနေရသည်။
လီနန်ခယ့်သည် အခန်းတစ်ခုလုံးအား နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပါသော်ငြား သူလိုချင်သည့်အရာကို တွေ့မလာခဲ့ပေ။
"အစ်မကျန်းပြောတာတော့ ဟယ့်ချင်းယွီက အမျိုးသမီးပန်းချီပုံတွေ တစ်ယောက်တည်းဆွဲနေတတ်တယ်ဆို။ အဲ့ဒီပန်းချီတွေကို ဘယ်သူ့မှမြင်ခွင့်မပေးဘူးဆိုတော့ တစ်နေရာရာမှာ သေချာဝှက်သိမ်းထားလောက်မယ်။ ဒီအခန်းထဲမှာ လျှို့ဝှက်နေရာတစ်ခုခုတော့ သေချာပေါက်ရှိရမယ်။ အားလုံးပဲ စေ့စေ့စပ်စပ်ရှာကြပါ"
ဟယ့်ချင်းယွီ၏ငယ်ချစ်ဦးကို အတည်ပြုပြီးဖြစ်သော်လည်း လီနန်ခယ့်ကတော့ လက်ဆုပ်လက်ကိုင်သက်သေ လိုချင်နေဆဲပင်။
အရင်ဘဝကပါလာခဲ့သော တိကျသေချာမှုအကျင့်စရိုက်ဟု ဆိုနိုင်ပေမည်။
"လျှို့ဝှက်အခန်းလား"
လိန်ရှင်းနန်သည် အခန်းတွင်းရှိရှိသမျှ စာအုပ်စင် စားပွဲကုလားထိုင် တစ်ခုချင်းစီကို မျက်မှောင်ကြုတ်လျက်လိုက်ကြည့်နေသည်။
"အစ်မကျန်းကို ဒီခေါ်လိုက်ရမလား။ သူကတော့သိလောက်မယ်ထင်တယ်"
"ဪ ဘာလို့အဲ့လောက်အလုပ်ရှုပ်ခံနေမှာလဲ"
ဘယ်သူမှမတုံ့ပြန်နိုင်သေးမီ ယုတ်မလေးမုန့်က သူမ၏လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ဖြတ်သွားပြီးနောက် ကျယ်လောင်သောအသံကြီးနှင့်အတူ အခန်းတွင်းရှိ စားပွဲနှင့် ကုလားထိုင်များမှာ တမုဟုတ်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် စာအုပ်စင်များနှင့် သစ်သားသေတ္တာများလည်း တစ်စမကျန် ဖျက်ဆီးခံလိုက်ရသည်။
စာအုပ်စင်နောက်က နံရံထောင့်တစ်ခုကို ရိုက်ခွဲလိုက်သည့်အခါမှသာ ပန်းချီကားလိပ်များမှာ စက္ကူစုတ်များနှင့်အတူ လွင့်ထွက်လာလေသည်။
လျှို့ဝှက်အခန်းက ဒီမှာရှိနေတာပဲ။
"ဒီမှာ"
ယုန်မလေးမုန့်က အမျိုးသမီး ပုံတူပန်းချီကားလိပ်များကို လီနန်ခယ့်ဆီ ကမ်းပေးလိုက်သည်။
လီနန်ခယ့်သည် မျက်စိတစ်မှိတ်စာအတွင်း ရစရာမရှိအောင်ပျက်စီးသွားသော အခန်းငယ်လေးကို ကြောင်တက်တက်ငိုက်ကြည့်နေမိ၏။
"မင်းကတော့ ဟက်စကီတွေထက်တောင် ပိုပြီးဖျက်ဆီးနိုင်စွမ်းရှိတာပဲ"
"ဟက်စကီကဘာကြီးလဲ" မိန်းကလေးက နားမလည်ဟန်ဖြင့် ပြန်မေးလာသည်။
အကြမ်းနည်းသုံးလိုက်၍ အတော်လေးဖရိုဖရဲဖြစ်သွားသည်ဆိုသော်ငြား လျှို့ဝှက်ခန်းကို ချက်ချင်းရှာတွေ့လိုက်သောကြောင့် အတော်လေးအချိန်ကုန်သက်သာလှသည်ပင်။
သို့သော် လီနန်ခယ့်၏အာရုံမှာ ယုန်မလေးမုန့်၏လက်နက်ထံ ရောက်ရှိသွားခဲ့သည်။
လက်နက်မှာ ဥက္ကာခဲနှစ်ခွတူများ ဖြစ်သည်ပင်။
တူ၏ခေါင်းတစ်ဖက်စီမှာ မိန်းကလေး၏ လက်သီးဆုပ်တစ်ခုစာမျှကြီးပြီး ဆန်းကြယ်သော အမှတ်အသားများ ရေးထွင်းထားကာ အထူးသတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
၎င်းတို့ကို ဆက်သွယ်ပေးထားသော ရွှေရောင်ကွင်းဆက်များပေါ်တွင်လည်း အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။
သာမန်လက်နက်တစ်ခုမဟုတ်မှန်း ကြည့်ရုံဖြင့်သိနိုင်သည်ပင်။
လီနန်ခယ့် တိုးတိုးလေးရေရွတ်မိသည်။
"မိန်းကလေးက လူကငယ်ငယ်လေးရှိသေးတယ်။ လက်ကအလွန်ဆော့တတ်နေပြီ"
ပန်းချီကားထဲမှ အမျိုးသမီးများမှာ အလွန်လှပကျော့ရှင်းကာ အဝတ်အစားမလုံ့တလုံဖြင့်ရှိကြ၏။ ခန္ဓာကိုယ်ကောက်ကြောင်း၊ ကိုယ်နေဟန်ထားတို့ကို ရေးဆွဲထားပုံမှာ အလွန်ကျွမ်းကျင်သေသပ်ကာ စိတ်ကူးယဥ်စရာကောင်းလှပေသည်။ ပန်းချီဆရာသည် ကိုယ်တိုင်ကြုံတွေ့ခဲ့သောမြင်ကွင်းကို အောက်မေ့ပုံဖော်ထားခြင်းဖြစ်ရမည်။
ပန်းချီကားလိပ်အားလုံးကို လိုက်ကြည့်ပြီးသော်လည်း အမျိုးသမီးတို့၏မျက်နှာကိုတော့ ထည့်သွင်းရေးဆွဲမထားခဲ့။
"တကယ်သတိကြီးတဲ့လူပဲ"
လီနန်ခယ့်က ပြုံးသည်။
ထိုအမျိုးသမီး၏မျက်နှာကို မမြင်ရသော်ငြား ခါးထက်တွင်တော့ လခြမ်းပုံအမှတ်အသားလေးတစ်ခု ထည့်သွင်းရေးဆွဲထားတတ်သည်ကို တွေ့ရ၏။
ဤအရာသည်ပင် သက်သေအဖြစ်သုံးဖို့ လုံလောက်လေပြီ။
"ဒါကဘာလဲ"
လျှို့ဝှက်ခန်းကို မွှေနှောက်ရှာဖွေနေသော လိန်ရှင်းနန်သည် ပစ္စည်းတစ်ခုကိုဆွဲထုတ်လာပြီး တအံ့တသြအာမေဍိတ်သံပါ ထွက်လာခဲ့သည်။
ဖြန့်ချကြည့်လိုက်သော် တိရိစ္ဆာန်သားရေတစ်ခု ဖြစ်နေသည်ပင်။
သားရေစသည် ထူထဲကာ အမွှေးသန်ပြီး အရွယ်ရောက်ပြီးယောက်ျားသားတစ်ယောက်ကို ခြုံလွှမ်းရစ်ပတ်နိုင်လောက်သည်အထိ ကြီးမားသည်။
လီနန်ခယ့်သည် သားရေစကိုယူကြည့်ရင်း မျက်လုံးများတစ်ချက်လက်သွားကာ လိန်ရှင်းနန်ကိုလှမ်းကြည့်လိုက်သည်။
"လင်ကျောက်ယွဲ့ကို စစ်မေးတုန်းက ထွက်ဆိုချက်မှတ်တမ်းရှိလား"
"ရှိတယ်"
ကောကန်းက သွားယူပေးလာသည်။
လီနန်ခယ့်သည် မှတ်တမ်းစာလွှာကိုဖွင့်ကာ ဂရုတစိုက်ဖတ်ရှု၏။ မကြာမီပင် သက်ပြင်းတစ်ချက်ချပြီး ထိုအထဲမှ မေးခွန်းတစ်ခုအား လိန်ရှင်းနန်ကိုပြလိုက်သည်။
"လက်ကျောက်ယွဲ့ဒဏ်ရာရအပြီး ရုံးတော်ကလူတွေနဲ့ ညကင်းလှည့်တပ်ဖွဲ့ဝင်တွေက သူ့ကိုစစ်ဆေးမေးမြန်းခဲ့ကြတယ်။ မိန်းကလေးက မေးသမျှကိုအသေးစိတ်ဖြေပေမဲ့ ဒီမေးခွန်းတစ်ခုတည်းကိုသာ ချန်ထားခဲ့တာပဲ"
"မိစ္ဆာသတ္တဝါရဲ့ ပုံပန်းသွင်ပြင်သတ်မှတ်ချက်ကို မဖြေခဲ့ဘူးလား"
လိန်ရှင်းနန်၏မျက်ဆံများ မဆိုစလောက်ကျုံ့ဝင်သွားသည်။
ကောကန်းကဝင်ပြောသည်။
"ထွက်ဆိုချက်ယူတဲ့အစ်ကိုကို ကျွန်တော်မေးကြည့်ခဲ့သေးတယ်။ သူပြောတာ လင်ကျောက်ယွဲ့က အကြောက်လွန်ပြီး မှတ်ဉာဏ်တွေဝေဝါးနေလို့ မဖြေနိုင်ခဲ့တာတဲ့"
"အကြောက်လွန်ပြီးလား"
လီနန်ခယ့်၏နှုတ်ခမ်းထက် လှောင်ပြုံးတစ်ခုပေါ်လာသည်။
"လင်မိသားစုခြံဝင်းမှာ မိစ္ဆာနဲ့တည့်တည့်တိုးတုန်းကကျ သူချက်ချင်းမှတ်မိပြန်ရောနော်"
လိန်ရှင်းနန်က ဖျတ်ခနဲမော့ကြည့်ကာ မေးလိုက်သည်။
"လင်ကျောက်ယွဲ့တို့အဖွဲ့ ချူဟုန်တောင်ပေါ်မှာ မိစ္ဆာနဲ့လုံးဝမတွေ့ခဲ့တာများလား"
"သူတို့တွေ့ခဲ့ပါတယ်"
လီနန်ခယ့်က သားရေလိပ်ကိုကောက်သိမ်းလိုက်ပြီး တစ်လုံးချင်းစီဆိုသည်။
"အဲ့ဒီမိစ္ဆာသတ္တဝါက ဟယ့်ချင်းယွီပဲ"
***