လီနန်ခယ့်၏စကားကြောင့် အခန်းတွင်းရှိလူအားလုံး ထိတ်လန့်သွားကြ၏။
အစပိုင်းတွင် လင်ကျောက်ယွဲ့တို့သုံးဦးသားကို လိုက်လံတိုက်ခိုက်ခဲ့သောမိစ္ဆာမှာ အဘိုးချင်ဖြစ်သည်ဟု သူတို့အားလုံး ခန့်မှန်းထားခဲ့ကြပြီး ယခု အမှုကိုဖုံးလွှမ်းနေသောမြူနှင်းများ တစ်စတစ်စလွင့်ပျယ်လာချိန်တွင် ထိုမိစ္ဆာမှာ ဟယ့်ချင်းယွီဖြစ်နေခဲ့လေသည်။
မယုံနိုင်စရာ အလှည့်အပြောင်းပင်။
လီနန်ခယ့်သည် သူ့လက်ထဲမှ သားရဲသားရေလိပ်ကြီးကိုကြည့်ပြီး ခပ်ဖျော့ဖျော့ဆိုလာသည်။
"အစကနေအဆုံးအထိ လင်ကျောက်ယွဲ့တို့တွေ့ခဲ့တဲ့ အဲ့သတ္တဝါက မိစ္ဆာအစစ်ဟုတ်မနေခဲ့ဘူး။ အဲ့ဒီမိစ္ဆာအယောင်ဆောင်က ရုပ်ဖျက်ထားတဲ့ ဟယ့်ချင်းယွီပဲ"
"ရုပ်ဖျက်ထားတာတဲ့လား"
ယုန်မလေးမုန့်၏ မျက်လုံးတောက်တောက်လေးများ ဝိုင်းစက်သွားသည်။
လီနန်ခယ့်ကဆိုသည်။
"မဟုတ်ရင် ပထမဆုံး စတင်စစ်မေးတုန်းက လင်ကျောက်ယွဲ့က မိစ္ဆာရဲ့အသွင်အပြင်ကို ဘာလို့ တမင်တကာဖုံးကွယ်ထားခဲ့တာလဲ။ ဘာလို့လဲဆိုတော့ မိစ္ဆာအစစ်ကို သူမှအပြင်မှာမမြင်ဖူးခဲ့တာ။ ဒီတော့ ဘယ်လိုဖြေရမှန်း မသိခဲ့ဘူးပေါ့"
မိစ္ဆာသတ္တဝါတွေဆိုတာ ဗီဇပြောင်းလဲသွားတဲ့ လူသားတွေပဲ။ တချို့က ခေါင်းနှစ်လုံးမကောင်းဆိုးဝါးတွေဖြစ်သွားပြီး တချို့က သားရဲကောင်ကြီးတွေလို အသွင်ပြောင်းသွားကြတယ်။ သူတို့ဘယ်လိုပုံစံကို ပြောင်းလဲသွားပါစေ ဘုံတူညီနေတဲ့အချက်တစ်ခုကတော့ အံ့သြစရာကောင်းလောက်အောင် သန်မာအားကောင်းနေတာပဲ"
"ဝမ်ကျင်းအာရဲ့ရုပ်အလောင်းက အပိုင်းပိုင်းဆုတ်ဖြဲခံထားရတာဆိုတော့ အားကြီးတဲ့မိစ္ဆာကသတ်သွားတာပဲလို့ အတပ်ပြောနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီမိစ္ဆာ ဘာပုံပေါက်ပါတယ်ဆိုတာကိုကျ သူမပြောနိုင်ခဲ့ဘူး"
လီနန်ခယ့်၏ ခွဲခြမ်းစိပ်ဖြာမှုကို နားထောင်ရင်း သူတို့အားလုံး ရင်တုန်ပန်းတုန် ဖြစ်လာကုန်ကြသည်။
မှုခင်းစတင်ဖြစ်ပွားစဥ်ကတည်းက ဝမ်ကျင်းအာမှာ မိစ္ဆာဆီမှအသတ်ခံလိုက်ရခြင်းဟုသာ သူတို့တပ်အပ်ယုံကြည်ထားခဲ့ကြသည်။ ထို့ကြောင့် လင်ကျောက်ယွဲ့တစ်ယောက် မိစ္ဆာ၏ပုံပန်းသွင်ပြင်ကို မမှတ်မိပါဟူသော ထွက်ဆိုချက်ကိုလည်း အာရုံမစိုက်ခဲ့မိကြ။
မိန်းမငယ်လေး အကြောက်လွန်ကာ လောလောလတ်လတ်ဖြစ်ပြီးစအချိန်တွင် ထုတ်မပြောနိုင်သေးခြင်းဖြစ်မည်ဟုသာ ယူဆခဲ့ကြသည်။
လင်ကျောက်ယွဲ့ လိမ်လည်ခဲ့ခြင်းဖြစ်မည်ဟု မည်သူမျှ မတွေးခဲ့မိကြ။
အမြဲတစေ သနားချင်စဖွယ်မျက်နှာငယ်ဖြင့် မိန်းကလေးလှလှလေးက ဤသို့လိမ်ညာလှည့်စားတတ်ပါမည်လား ဟူသောအတွေးဖြင့် မည်သူမှသူမကို တရားခံတစ်ယောက်လို မစစ်ဆေးခဲ့ကြ။
သံမဏိက မျက်မှောင်ကြုတ်စဥ်းစားနေသည်။
"ဒါပေမဲ့ ကျွန်တော်ခုထိနားမလည်သေးဘူး။ စစ်ဆေးချက်တွေအရ ဝမ်ယင်းယင်းကလည်း ချောက်ကမ်းပါးဘက်ကို အသည်းအသန်ပြေးသွားခဲ့တာပဲ။ သူက မိစ္ဆာသတ္တဝါအဖြစ် ရုပ်ဖျက်ထားတဲ့ ဟယ့်ချင်းယွီကို ကြောက်လို့ ပြေးတာလား"
"သေချာပေါက်ပေါ့"
လီနန်ခယ့်က သားရေလိပ်ထဲမှ ခဲတံလေးနှင့်တူသော ကိရိယာအချောင်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကိရိယာလေးကို မှုတ်လိုက်သော် ငှက်တွန်သံလို အသံတစ်ခုထွက်လာခဲ့၏။
"ဒါသူတို့ တစ်ယောက်ကိုတစ်ယောက်အချက်ပြတဲ့အခါ သုံးတဲ့ပစ္စည်းပဲ" လီနန်ခယ့်က ပြောသည်။
"လင်ကျောက်ယွဲ့မှာလည်း ဒါမျိုးတစ်ခုရှိရမယ်။ ဝမ်ကျင်းအာသေပြီး အဝေးမှာရှိနေတဲ့ဟယ့်ချင်းယွီကို ဒါမှုတ်ပြီးအချက်ပေးခဲ့တာ။ နောက်တော့ ရုပ်ဖျက်ထားတဲ့ဟယ့်ချင်းယွီက မိစ္ဆာတစ်ကောင်လိုပေါ်လာတော့တာပဲ"
"အဲ့ဒီအခြေအနေမှာ ဝမ်ယင်းယင်းလည်း ဘာကိုမှဆက်မတွေးနိုင်တော့ဘဲ လင်ကျောက်ယွဲ့ပြေးတဲ့နောက် မျက်စိစုံမှိတ် ပြေးလိုက်ခဲ့တာပေါ့"
ဤအထိ သံမဏိက ကြောင်အနေဆဲရှိသေးသည်။
"ဒါပေမဲ့ လင်ကျောက်ယွဲ့ကဘာလို့ ဒါမျိုးလုပ်မှာတဲ့လဲ"
အတွေးများထဲနစ်ဝင်နေသော လိန်ရှင်းနန်က ထိုစကားကိုကြားတော့ စိတ်ပျက်လက်ပျက်ဟန်ဖြင့်လှမ်းကြည့်သည်။
ဒီလောက်တုံးအတဲ့ငယ်သားကို ငါဘာလို့ခေါ်ထားမိခဲ့တာလဲ။
ရှက်စရာကောင်းလိုက်ပါဘိ။
လီနန်ခယ့်က ပြုံးသည်။
"ဖြစ်ကြောင်းကုန်စင် သိချင်သလား။ လင်အိမ်တော်ကိုအရင်သွားကြတာပေါ့။ မိန်းကလေးလင်ရဲ့ရှေ့တည့်တည့်မှာ ဒီပြဇာတ်တစ်ခုလုံး သူဘယ်လိုစီစဥ်ကပြခဲ့တယ်ဆိုတဲ့အကြောင်း အထုပ်ဖြည်ကြတာပေါ့"
သို့သော် လီနန်ခယ့် ခြံဝင်းတံခါးမှလျှောက်ထွက်လာအပြီး ဆိုင်ယွင်နှင့်ရှန်းအာကို ခြံပြင်တွင်တွေ့လိုက်ရသဖြင့် သူအံ့အားသင့်သွားရသည်။
"မင်းတို့ ဘာလို့ဒီရောက်နေကြတာလဲ"
လင်ကျောက်ယွဲ့ကို အနီးကပ်စောင့်ရှောက်ဖို့ထားခဲ့သော ဆိုင်ယွင်ကိုမြင်လိုက်သည်နှင့် လိန်ရှင်းနန်မျက်ခမ်းစပ်များ တွန့်လှုပ်သွားသည်။ မကောင်းသောနိမိတ်ကို ခံစားမိလိုက်သလိုပင်။
"မိန်းကလေးလင်ကို စောင့်ရှောက်ဖို့ မင်းကိုငါပြောထားတယ်လေ"
ဆိုင်ယွင်က အမြန်ရှင်းပြလာသည်။
"အစ်မလိန်၊ မိန်းကလေးလင်က သူ့အမေအတွက်စိုးရိမ်ပြီး စိတ်ဓာတ်တွေကျလွန်းလို့ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ချင်တယ်ပြောလို့ပါ။ ကျွန်မတို့ညီအစ်မလည်း သူ့ကိုချော့မော့ဖျောင်းဖျပေမဲ့ သူကတော့ အပြင်ထွက်ချင်တယ်ပဲပြောနေပြီး ရှန်းအာကိုလည်း အတူအဖော်လိုက်ခဲ့ဖို့ခေါ်လာတာပဲ"
"သူအခုဘယ်ရောက်နေလဲ" လိန်ရှင်းနန်က အရေးတကြီးမေးသည်။
ရှန်းအာသည် အရေးကြီးကိစ္စတစ်ခုခုဖြစ်နေပြီမှန်း နားလည်လိုက်ပြီး အနီးရှိ လူမနေသောခြံဝင်းတစ်ခုကို တုန်တုန်ယင်ယင် လက်ညှိုးထိုးပြကာ ဆိုသည်။
"စောစောကပဲ အရာရှိမင်းတို့ကိုတွေ့လို့ အတူသွားနှုတ်ဆက်ကြဖို့စီစဥ်ထားတာ။ ဒါပေမဲ့ မမလေးက အရေးပေါ်သန့်စင်ခန်းသွားဖို့လိုတယ်ဆိုပြီး ဆိုင်ယွဲ့ကိုအတူခေါ်သွား..."
ရှန်းအာစကားမဆုံးမီပင် လီနန်ခယ့်က ဘေးချင်းကပ်ရပ်မှ လူမနေသည့် စွန့်ပစ်ခံခြံဝင်းလေးထဲသို့ အမြန်ပြေးဝင်သွားသည်။
ခြံဝင်းထဲသို့ရောက်သည်နှင့် အပြင်တွင်ရပ်စောင့်နေသော ဆိုင်ယွဲ့အား တွေ့လိုက်ရ၏။
"လူကြီးမင်းလီ"
လီနန်ခယ့်တစ်ယောက် ရုတ်တရတ်ပေါ်လာသည်ကိုမြင်သော် ဆိုင်ယွဲ့ကြောင်အသွားသည်။
"လင်ကျောက်ယွဲ့ဘယ်မှာလဲ"
"အဲ့ဒါ... မိန်းကလေးလင်က အရေးပေါ်ကိစ္စလေးရှိလို့ ဟိုနားမှာပဲ... ဟေ့ လူကြီးမင်းလီ"
လင်ကျောက်ယွဲ့ အပေါ့သွားနေပါသည်ဆိုသောနေရာကို လီနန်ခယ့်ချက်ချင်းပြေးဝင်သွားသောကြောင့် ဆိုင်ယွဲ့ သူ့ကိုအမြန်တားဖို့လုပ်သော်လည်း နောက်မှလိုက်ပါလာသောလိန်ရှင်းနန်က အော်ပြောလိုက်သည်။
"သူ့ကိုမတားနဲ့"
ဆိုင်ယွဲ့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကြောင်ရပ်နေမိသည်။
လီနန်ခယ့်သည် ချုံပုတ်များကြားတိုးဝှေ့ကာ ရေညှိတက်နေသော တံတိုင်းအနိမ့်လေးပေါ် ခုန်တက်လိုက်ပြီး အမြန်ရှာဖွေကြည့်သော်လည်း လင်ကျောက်ယွဲ့၏အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
အနောက်မှလိုက်လာသော ဆိုင်ယွဲ့လည်း အလန့်တကြားဖြစ်သွားရသည်။
"မိန်းကလေးလင် သေချာပေါက် ဒီဘက်မှာရှိနေခဲ့တာပါ"
လီနန်ခယ့်သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည့်အခါ ဤနေရာမှာ ဟယ့်ချင်းယွီ၏ အိမ်နောက်ဖေးဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူ နားစွင့်ကြည့်လိုက်သည့်အခါ အခန်းထဲမှ စကားသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်ပင်။
"အရေးတဲ့မှ"
လီနန်ခယ့်သည် တံတိုင်းငယ်လေးအား လက်သီးဖြင့်တစ်ချက်ပစ်ထိုးလိုက်ပြီး လိန်ရှင်းနန်ကိုလှည့်ပြောသည်။
"အရာရှိလိန်၊ မြို့စောင့်စစ်သည်တွေနဲ့ ညကင်းလှည့်တပ်ဖွဲ့ဝင်တွေ အကုန်လုံးကိုအသုံးပြုပြီး လင်ကျောက်ယွဲ့ကို ရှာခိုင်းလိုက်ပါ"
…
သြဂုတ်လ၏ရာသီဥတုကား အလွန်အပြောင်းအလဲမြန်တတ်သည်။
ကြည်လင်သာယာကာ နေရောင်ဝင်းလဲ့သော ရာသီဥတုမှ ချက်ချင်းသလို ညိုမှိုင်းအုံ့ဆိုင်းသွားတတ်သည်။ ကောင်းကင်ကိုမော့ကြည့်လိုက်လျှင် တိမ်မည်းများက မြင်းရိုင်းအုပ်ကြီးပြေးလွှားနေသကဲ့သို့ တဖြည်းဖြည်းထူထပ်လာသည်အား မြင်တွေ့နိုင်၏။
တုန်းချီမြို့တစ်ခုလုံးကို နေရာလပ်မကျန် ပိတ်ဆို့ထားပြီးဖြစ်၏။
ခရိုင်ရုံးအရာရှိများနှင့် ညကင်းလှည့်တပ်ဖွဲ့ဝင်များသည် လမ်းပေါ်ရှိ အိမ်တိုင်းစေ့ကို တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနေကြသည်။
လေးလံသော လေထုအခြေအနေက လူတိုင်းကိုဖိစီးထားလျက်။
လင်အိမ်တော်တွင်တော့ သုဿန်တစပြင်အလား ဆိတ်သုဥ်းငြိမ်သက်နေခဲ့၏။
အစေခံများမှာ ရင်ဘတ်ပေါ် ကျောက်တုံးကြီးတစ်ခုတင်ထားရသည့်အလား အသက်ဝဝရှူဖို့ပင် ခက်ခဲနေကြရှာပြီး လမ်းလျှောက်ရာတွင်ပင် သတိကြီးကြီးထားနေကြရသည်။
ဘာဆိုဘာတစ်ခုမှ မသိရှာသေးသော သူဌေးကြီးလင်မှာ လိန်ရှင်းနန်ကိုမေးကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားပါသော်ငြား အေးစက်မာတင်းနေသော အရာရှိအမျိုးသမီး၏မျက်နှာကြောင့် စကားလုံးများကို ပြန်သာမျိုချနေရတော့သည်။
လိန်ရှင်းနန်လည်း ပြောမပြချင်တာမဟုတ်ပါဘဲ ဘယ်လိုပြောပြရမှန်းမသိခြင်းသာ ဖြစ်သည်။
ဘယ်လောက်ကြံ့ခိုင်သန်မာတဲ့ ယောက်ျားသားပဲဖြစ်ပါစေ၊ အချစ်ဆုံးလူရဲ့ သစ္စာဖောက်မှုကို ဘယ်လိုတောင့်ခံနိုင်ပါ့မလဲလေ။
ထို့အပြင် ထိုသူသည် ပထွေးအဖြစ်ကို လိုလိုလားလား လက်ခံပေးခဲ့သူဖြစ်၏။
လီနန်ခယ့်သည် လင်ကျောင်ယွဲ့၏အိပ်ဆောင်ထဲတွင် ရပ်နေရင်း စားပွဲပေါ်က လက်ရေးလှစာများကို ငေးကြည့်နေသည်။
မိန်းကလေး၏လက်ရေးမူမှာ အလွန်လှပသေသပ်ပါသည်။
ကျော့ရှင်း၍နုနယ်သော ထိုစာလုံးများသည် အင်အားအရာတွင်လည်း လျော့နည်းမနေခဲ့။
သို့သော် စာရွက်ပုံများကို လှန်လှောကြည့်လိုက်သည့်အခါ လင်ကျောင်ယွဲ့၏လက်ရေးမှာ မူလက ဤမျှလှပနေခြင်းမဟုတ်ဘဲ ပညာသင်ဝမ်ထံတွင် စတင်သင်ကြားပြီးနောက်မှ တဖြည်းဖြည်း လှပသေသပ်လာခြင်းဖြစ်ကြောင်း တွေ့ရသည်။
"ရှစ်လပိုင်းငါးရက်နေ့မှာ ပညာသင်ဝမ်က မင်းတို့မမလေးနဲ့စကားများရန်ဖြစ်ခဲ့ပြီး အဲ့ဒီနောက် မမလေးဘာမှမစားမသောက်ခဲ့ဘူး ဟုတ်တယ်နော်"
လီနန်ခယ့်က အသံတိုးဖျော့ဖျော့ဖြင့် မေးသည်။
အနားတွင်အသင့်ရပ်နေသော ရှန်းအာသည် မျက်လုံးပြူးပြူးလေးဖြင့် တအံ့တသြပြန်ဖြေလာသည်။
"လူကြီးမင်း ဘယ်လိုလုပ်သိတာလဲ"
လီနန်ခယ့်က ပြုံးရုံပြုံးနေပြီး ပြန်မဖြေလာ။
ရှန်းအာက ခေါင်းလေးကိုတစ်ချက်စောင်းငဲ့စဥ်းစားပြီး ပြောလာသည်။
"ဟုတ်တယ်ရယ်။ ပညာသင်ဝမ်ထွက်သွားပြီးတဲ့နောက် မမလေးက တစ်နေကုန်ဝမ်းနည်းနေပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေခဲ့တာ၊ ဘယ်သူက ဘယ်လိုပဲဖျောင်းဖျဖျောင်းဖျ ဘာမှမစားမသောက်ခဲ့ဘူး။"
"ရှစ်လပိုင်း ကိုးရက်နေ့ကျမှ မမလေး အစာနည်းနည်းစစားတာပဲ၊ ဒါပေမဲ့ စားပြီးတာနဲ့ သတိလစ်သွားပြီး အိပ်မက်ဆိုးတွေ တောက်လျှောက်မက်တော့တာ"
လီနန်ခယ့်က သက်ပြင်းချသည်။
"အံ့သြစရာပဲ။ လက်ဖျားခါမိပါတယ်"
ရှစ်လပိုင်း ကိုးရက်နေ့။
ဝမ်ယင်းယင်းသေဆုံးခဲ့ပြီး နောက်တစ်နေ့ဖြစ်သည်။
ပညာသင်ဝမ်က လင်ကျောက်ယွဲ့ကို မိုးနီရေတိုက်ကျွေးခဲ့သည့်နေ့လည်းဖြစ်သည်။ မိန်းကလေးသည် ပညာသင်ဝမ် သူမဆီကို မိုးနီရေအရောက်ပို့တော့မည်မှန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်ပင်။
ကြိုသိခဲ့ရုံမက အကြံအစည်အောင်မြင်ရန် ကျေကျေနပ်နပ်ကြီးပါ ပါဝင်ပူးပေါင်းပေးခဲ့သေးသည်။
မိုးနီအိပ်မက်ကမ္ဘာထဲမှ လင်ကျောက်ယွဲ့၏အပြုအမူများကို ပြန်တွေးကြည့်မိတော့ ဤမိန်းကလေး သရုပ်ဆောင်ပါရမီ အတော်ပြည့်ဝပါလားဟု သူမှတ်ချက်ချမိသည်။
သူကိုယ်တိုင်ပင် အရူးလုပ်ခံလိုက်ရသည်မဟုတ်ပါလား။
"ကဲ ကိုဉာဏ်ကြီးရှင်၊ ဘာတွေဖြစ်သွားလဲ ကျွန်မတို့ကို သေချာရှင်းပြပါဦး"
ယုန်မလေးမုန့်က အတော်မကျေမနပ်ဖြစ်နေဟန်ဖြင့် သူ့ကိုလာမေးသည်။
ကိုဉာဏ်ကြီးရှင်တဲ့။
လီနန်ခယ့် မျက်နှာမဲ့သွားသည်။
နာမည်ကြီးက လှလည်းမလှဘူးလေ။
ယန်ရွှမ်းယင်ထက်တောင် ပိုဆိုးနေသေး။
(ယန်ရွှမ်းယင် - မိုးနီအိပ်မက်ကမ္ဘာထဲက လီနန်ခယ့်အမည်လွှဲ)
လိန်ရှင်းနန်က မိန်းကလေးကို ခပ်စူးစူးစိုက်ကြည့်လိုက်သည်။
"သူ့ကိုသွားမနှောင့်ယှက်နဲ့"
"မပြောချင်ဘူးဆိုလည်း မပြောနဲ့ပေါ့။ ဘယ်သူကသိချင်နေလို့လဲ"
ယုန်မလေးမုန့်က ပါးနှစ်ဖက်ကိုဖောင်းနေအောင် နှုတ်ခမ်းစူပြီး ပါးစပ်ပိတ်ကာ ကုလားထိုင်အမြင့်တစ်ခုပေါ် သွားထိုင်နေသည်။ လွတ်နေသော ခြေချောင်းသွယ်သွယ်လေးများကိုတော့ ရှေ့နောက်လှုပ်ယမ်းနေလျက်။
"သူဌေးကတော်အခန်းကို တစ်ချက်သွားကြည့်ကြသေးတာပေါ့"
လီနန်ခယ့်က ရုတ်တရတ် တစ်ခုခုကိုတွေးလိုက်မိဟန်ရှိပြီး အခန်းထဲမှထထွက်သွားသည်။
ညကင်းလှည့်တပ်ဖွဲ့မှ မှုခင်းဖြစ်ပွားရာနေရာကို ခြေရာလက်ရာမပျက်ထားဖို့ အမိန့်ပေးထားသဖြင့် အခန်းထဲရှိ ဖရိုဖရဲအခြေအနေမှာ နဂိုအတိုင်းရှိဆဲပင်။ သူဌေးကြီးလင်လည်း တခြားအခန်းကိုပြောင်းရွှေ့နေထိုင်နေရသည်။
လီနန်ခယ့်က ကြမ်းပြင်ပေါ်မှသွေးကွက်များကို အနီးကပ်ထိုင်ကြည့်ပြီး သေချာစစ်ဆေးသည်။
"ယုတ္တိကျကျပြောရရင် မိစ္ဆာတစ်ကောင်ရဲ့သွေးက ဒီအရောင်မဟုတ်ဘူး။ ဒါကြောင့် ဒီသွေးစက်တွေက သူဌေးကတော်ဆီကပဲဖြစ်ရမယ်"
လိန်ရှင်းနန်က သူနှင့်အတူထိုင်ကြည့်ရင်း ခွဲခြမ်းစိပ်ဖြာလာသည်။
"ဒါပေမဲ့ သွေးကဘာလို့နည်းနည်းပဲထွက်တာလဲ။ မဟုတ်မှ အဘိုးချင်ရောက်မလာခင် မေရှင်းအာကို တခြားမိစ္ဆာတစ်ကောင်က အရင်ဖမ်းသွားတာလား"
"မဖြစ်နိုင်ဘူး။ တခြားမိစ္ဆာတစ်ကောင်သာရှိနေရင် သေချာပေါက် ဆူညံသံတွေ ဒီ့ထက်ပိုထွက်လာမှာ"
လီနန်ခယ့်က ခေါင်းကိုအသာခါယမ်းသည်။
ထို့နောက် နံဘေးရှိ ပျက်စီးနေသောသစ်သားထိုင်ခုံများဆီ အကြည့်ရောက်သွားပြန်သည်။ သစ်သားစအကျိုးအပဲ့များကို ဘေးဖယ်ကြည့်လိုက်သောအခါ လက်ဖက်ရည်ပန်းကန်အကွဲစများကို တွေ့ရ၏။
မေရှင်းအာပျောက်သွားသည့် ထိုနေ့ကလည်း ဤဖန်ကွဲစများကို သူသတိပြုခဲ့မိသည်ပင်။
သို့သော် ထိုအချိန်က မိစ္ဆာကအခန်းကိုမွှေနှောက်သွားသည်ဟုသာ တွေးခဲ့မိသဖြင့် ဤဖန်ကွဲစများကို သေချာစစ်ဆေးကြည့်ရှုခြင်းမပြုခဲ့။
လီနန်ခယ့်သည် ထိုအစအနများကို တစ်ခုချင်းစီကောက်ယူကာ အနီးကပ်စစ်ဆေးသည်။
လိန်ရှင်းနန်ကို မီးအိမ်တစ်လုံးယူလာပေးဖို့ပင် တောင်းဆိုလိုက်သေး၏။
ကြိုးစားမှုက အရာထင်ခဲ့ပါသည်။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးအပြီး ဖန်ကွဲစတစ်ခုတွင် ကပ်ငြိနေသော လူ့အရေပြားစလေး အနည်းအကျဥ်းကို သူရှာတွေ့ခဲ့သည်။
"မေရှင်းအာက ဒီဖန်ကွဲစနဲ့ တစ်နေရာရာကိုရှခဲ့မိသေးတာပဲ။ ပြီးတော့ ဒီဖန်ကွဲစတွေအပေါ်မှာ သေရည်သောက်နတ် မက်မွန်ပန်းပင်ရဲ့ အနံ့အသက်တချို့ကျန်နေခဲ့တယ်"
လီနန်ခယ့်က သွေးကွက်များနောက်သို့ ဖြည်းညင်းစွာလိုက်ကြည့်ရင်း ထိုအချိန်ကအဖြစ်အပျက်ကို ပုံဖော်ကြည့်နေသည်။
"ကျွန်တော်တွက်တာမမှားဘူးဆိုရင် အဲ့ဒီအချိန်တုန်းက သူဌေးကတော်ဟာ မူးယစ်ဆေးတိုက်ကျွေးခံထားရလို့ ကောင်းကောင်းမရပ်နိုင်ဖြစ်နေတာ။ ဆေးရှိန်ကြောင့် အော်ဟစ်အကူအညီတောင်းဖို့ပါ မတတ်နိုင်ခဲ့တာ"
"ခုတင်ဘေးက ကုလားထိုင်လဲကျနေတဲ့ဘက်ကိုလည်းကြည့်ပါဦး။ မိစ္ဆာတစ်ကောင် သောင်းကျန်းဖျက်ဆီးသွားတဲ့ပုံနဲ့ လုံးဝမတူဘူးမဟုတ်လား။ ဒါ့အပြင် ဒီသွေးကွက်တွေနဲ့ ဖန်ကွဲစတွေရဲ့တည်ရောအရ သူအစက အခန်းပြင်ထွက်ပြီး အကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့ ပြန်လှည့်လာခဲ့ရတဲ့ပုံပေါ်တယ်"
လိန်ရှင်းနန် နားမရှင်းသေးပေ။
"မိစ္ဆာမြင်လို့ ပြန်လှည့်လာတာလား"
"သေချာပေါက် မိစ္ဆာမြင်လိုက်ရတာပေါ့။ ဒါပေမဲ့ ဘာလို့အခန်းထဲပြန်လှည့်ဝင်တာလဲ"
လီနန်ခယ့်က ကုလားထိုင်ခြေထောက်ကို လက်ချောင်းဖြင့် တဒေါက်ဒေါက်ခေါက်ရင်း စဥ်းစားနေသည်။
သာမန်လူတစ်ယောက် လုပ်မည့်အပြုအမူမျိုးမဟုတ်။ သူမအကြောက်လွန်နေရင်တောင် ခုတင်ဘက်ကိုသွားစရာအကြောင်းမရှိ။
လိန်ရှင်းနန်လည်း အခန်းအခြေအနေကိုကြည့်ရင်း သူ့လိုပင် စဥ်းစားမရဖြစ်နေခဲ့သည်။
"ဟုတ်တယ်လေ။ ပုံမှန်အခြေအနေဆို အခန်းထဲပြန်လှည့်ဝင်တာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့အတူတူပဲ။ ဒါပေမဲ့ အဘိုးချင်က သူ့ကိုဖမ်းခေါ်သွားတာမဟုတ်ဘူးဆိုရင် လေထဲမှာပဲအငွေ့ပျံသွားတာလား"
လေထဲမှာပဲ အငွေ့ပျံပျောက်ကွယ်သွားတာလား။
လီနန်ခယ့် လှစ်ခနဲမတ်တပ်ထရပ်လိုက်ပြီး သူ့ပေါင်သူ တစ်ချက်ပြင်းပြင်းရိုက်ကာ ထဆဲသည်။
"အရေးတဲ့မှ။ ငါကိုကတုံးနေတာပဲ။ အဲ့ဒါကို စောစောကတွေးမိလိုက်သင့်တာ"
***