ယေဘုယျအားဖြင့် ပြောရလျှင် ချမ်းသာကြွယ်ဝသော မိသားစုအချို့သည် ဓားပြတိုက်ခံရခြင်း သို့မဟုတ် ရန်သူများ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အိမ်တော်ခြံဝင်းများအတွင်း လိုဏ်ခေါင်း သို့မဟုတ် လျှို့ဝှက်အခန်းများ တူးထားလေ့ ရှိကြသည်။ ဤသို့ဖြင့် မိသားစုဝင်များ၏ ဘေးကင်းမှုကို အာမခံနိုင်သလို အဖိုးတန်ပစ္စည်းများကိုလည်း တိတ်တဆိတ် ရွှေ့ပြောင်းနိုင်ပေသည်။
အထူးသဖြင့် သူဌေးကြီးလင်နေထိုင်သော ဤခြံဝင်းသည် ယခင်က မငြိမ်မသက်ဖြစ်ခဲ့သော ကာလတစ်ခုမှ ကုန်သည်သူဌေးကြီးတစ်ယောက်၏ နေအိမ်ဟောင်းကို ပြန်လည်မွမ်းမံထားခြင်းပင်။
သို့ဆိုလျှင် ဤအခန်းထဲတွင်လည်း လျှို့ဝှက်လိုဏ်ခေါင်းတစ်ခု သို့မဟုတ် အခန်းတစ်ခု ပါရှိနေနိုင်သလော။
မဟုတ်ပါက မေရှင်းအာတစ်ယောက် လေထဲအငွေ့ပျံတက်သလို မည်သို့ပျောက်ကွယ်သွားနိုင်မည်နည်း။
ထိုအချက်ကို ဖမ်းဆုပ်လိုက်နိုင်ပြီး လီနန်ခယ့်သည် သူဌေးလင်ကိုချက်ချင်းမေးလိုက်၏။
"ဒီအခန်းထဲ လျှို့ဝှက်လိုဏ်ခေါင်းတို့ အခန်းတို့ ရှိသလား"
လီနန်ခယ့်၏ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့် သူဌေးလင်က မဆိုင်းမတွခေါင်းညိတ်သည်။
"ရှိတာပေါ့ခင်ဗျာ"
သူဌေးလင်လည်း အချဥ်မဟုတ်သည့်အတွက် ပြန်ဖြေပြီးပြီးချင်း အခြေအနေကိုသဘောပေါက်သွားပြီး စာအုပ်စင်တစ်ခုအနားသို့ အမြန်ပြေးသွားကာ လူသတိမထားမိနိုင်လောက်အောင် သေးငယ်သည့် သစ်သားတိုင်လေးတစ်ခုအား ဖိချလိုက်သည်။
ကလစ်ခနဲ အသံတစ်ချက်နှင့်အတူ ခုတင်တစ်ဖက်ခြမ်းမြောက်တက်လာပြီး မြေအောက်လိုဏ်ခေါင်းတစ်ခု ထွက်ပေါ်လာကာ အောက်ဘက်သို့ဆင်းရန် သစ်သားလှေကားတစ်စင်းပါ ပါရှိနေသေး၏။
"မိန်းမရေ"
သူဌေးလင်သည် စိတ်လှုပ်ရှားစွာဖြင့် လိုဏ်ခေါင်းထဲအပြေးဆင်းသွားသော်ငြား ကပျာကသီဖြင့် ခြေတစ်ချက်ချော်ကာ လှေကားတလျှောက် ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားတော့သည်။
လိန်ရှင်းနန်တို့အဖွဲ့လည်း သူ့နောက်မှ အပြေးလိုက်ရသည်။
ကံကောင်းစွာဖြင့် ဝင်ပေါက်မှမြေပြင်ထိ သိပ်မမြင့်သောကြောင့် ပြုတ်ကျသွားသောသူဌေးလင်လည်း အနာတရတစ်စုံတစ်ရာမရှိ။
လီနန်ခယ့်သည် လှေကားအတိုင်းဆင်းသွားရင်း ပန်ကာဟောင်းတစ်လုံး လည်ပတ်နေသကဲ့သို့ တဝူးဝူးအသံတစ်ခု ကြားလိုက်ရသည်။
သူဌေးလင်က နံရံပေါ်ကမီးအိမ်လေးကို ထွန်းညှိလိုက်မှသာ လျှို့ဝှက်ခန်း၏ထောင့်နေရာများတွင် တပ်ဆင်ထားသော ဝါးပန်ကာလေးနှစ်လုံးကိုသူမြင်လိုက်ရသည်။ အပြင်ဘက်တွင် ရေအေးများကို သိုလှောင်ထားပြီး ရေရဟတ်ဖြင့်လည်ပတ်စေကာ ဝါးပန်ကာနှင့်ချိတ်ဆက်ပြီး လေဝင်လေထွက်ကောင်းအောင် ဖန်တီးတည်ဆောက်ထားပုံပေါ်သည်။
သို့သော် လူတိုင်း၏အာရုံမှာတော့ ကြမ်းပြင်ပေါ်တွင်လဲကျနေသော အမျိုးသမီးထံ၌သာ ရှိကြ၏။
ထိုအမျိုးသမီးမှာ မေရှင်းအာပင်။
မေရှင်းအာသည် အေးစက်စက်ကြမ်းပြင်ထက်လှဲလျောင်းနေပြီး သူမ၏ဦးခေါင်းတစ်ခြမ်းမှာတော့ သွေးများဖြင့် စွန်းထင်းပေကျံနေသည်။ ကြမ်းပြင်ထက်တွင်လည်း သွေးစသွေးနများ ပြန့်ကျဲလျက်။
အမျိုးသမီးသည် မလှုပ်မယှက်လှဲလျောင်းနေသော်ငြား သူမ၏ရင်အုံမှာ နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသေးရာ အသက်တော့ရှိနေသေးသည်ပင်။
မေရှင်းအာသည် လိုဏ်ခေါင်းဝင်ပေါက်မှ တိုက်ရိုက်ခုန်ချခဲ့လိုက်ကာ ကြမ်းပြင်မာမာနှင့် ခေါင်းနှင့်ဝင်တိုက်မိသောကြောင့် ဤသို့သွေးအလူးလူးလဲကျနေရခြင်းဖြစ်မည်ဟု လီနန်ခယ့် ချက်ချင်းကောက်ချက်ချလိုက်သည်။
ထို့ပြင် ထိုအချိန်က သေရည်သောက်နတ်မိမယ်ပန်းဖြင့် အဆိပ်ခတ်ခံထားရပြန်သေးသောကြောင့် ဒဏ်ရာနှင့်ပေါင်းကာ ပြန်မထနိုင်တော့ခြင်းဖြစ်မည်။
"မိန်းမ"
သူဌေးကြီးလင်သည် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော ဇနီးဖြစ်သူအား ပြေးပွေ့ရင်း ဝမ်းသာမျက်ရည်များ ကျဆင်းလာတော့သည်။
သတိကောင်းကောင်းမလည်သေးသော်ငြား ခင်ပွန်းဖြစ်သူရောက်လာကြောင်း သတိထားမိဟန်ဖြင့် မေရှင်းအာ၏ ခြောက်သွေ့အက်ကွဲနေသောနှုတ်ခမ်းများ ပွင့်ဟလာသည်။ စကားတော့ မပြောနိုင်သေးရှာ။
မျက်လုံးထောင့်မှ မျက်ရည်များသာ စီးကျလာခဲ့၏။
မျက်ရည်များ၏ အကြောင်းရင်းခံကား အပြစ်ရှိစိတ်လား နောင်တစိတ်လား ဝေခွဲမရနိုင်။
ထို့နောက် မေရှင်းအာကို လိုဏ်ခေါင်းအပြင်သို့ ဝိုင်းဝန်းသယ်ထုတ်ပေးလိုက်ကြသည်။
လီနန်ခယ့် ရှာဖွေတွေ့ရှိထားသော အချက်အလက်များကိုအခြေခံပြီး လိန်ရှင်းနန်က တိကျသေချာစွာ ကောက်ချက်ချလာသည်။
"မေရှင်းအာက သူ့ကိုယ်သူ ဆေးခတ်ခံလိုက်ရမှန်းသိပြီး အခန်းပြင်ထွက် အကူအညီတောင်းဖို့လုပ်ပေမဲ့ အဲ့ဒီအချိန်မှာပဲ မိစ္ဆာအဘိုးချင်က အခန်းရှေ့ရောက်လာတယ်"
"ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခြေအနေမှာ မေရှင်းအာက လိုဏ်ခေါင်းထဲဝင်ပုန်းနေဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဆေးခတ်ခံထားရပြီး မူးဝေနေတဲ့အချိန်မှာ လှေကားကိုလည်းကောင်းကောင်းမဆင်းနိုင်တော့တာကြောင့် ချော်ကျပြီး ခေါင်းနဲ့ကြမ်းပြင်ရိုက်မိသွားခဲ့တာဖြစ်မယ်"
"မိစ္ဆာကလည်း မေရှင်းအာကိုရှာမရတော့ ဒေါသထွက်ထွက်နဲ့ အခန်းကိုမွှေနှောက်ဖျက်ဆီးတယ်။ အဲ့ဒီအခါမှ ရှန်းအာတို့လည်း အသံဆူဆူတွေကြားလို့ အခန်းဆီအပြေးသွားခဲ့ကြတာ"
လီနန်ခယ့်က တိတ်တဆိတ်သာနားထောင်နေရင်း အိပ်ရာထက် လှဲလျောင်းအနားယူနေသော မိန်းမလှကို ဗလာသက်သက်မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။
အစေခံမလေးများ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုများအပြီး မေရှင်းအာ တဖြည်းဖြည်းသတိပြန်ကောင်းလာကာ အနည်းငယ်အားပြန်ပြည့်လာသည်။
နောက်ဆုံးတော့ မျက်လုံးအစုံဖွင့်ကာ စကားပြန်ပြောနိုင်ခဲ့ပြီဖြစ်၏။
"သခင်ကြီးရယ်..."
သူမအရှေ့တွင်ထိုင်ကာ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ယုကျုံးမရဖြစ်နေဟန် ခင်ပွန်းဖြစ်သူကိုကြည့်ရင်း အမျိုးသမီး၏မျက်လုံးများတွင် အရှက်တရားနှင့် လိပ်ပြာမလုံမှုတို့ ခိုအောင်းလာခဲ့သည်။
သူဌေးကြီးလင်သည် ဇနီးဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကာ ရှိုက်သံနှောလျက်ဆို၏။
"အားလုံး ငါ့အပြစ်တွေပါ။ ငါစောစောကတည်းက နားလည်ခဲ့လိုက်သင့်တာ။ ငါအသုံးမကျတာပါ မိန်းမရယ်။ မင်းကိုငါ မကာကွယ်နိုင်ခဲ့ဘူး။ မကာကွယ်ပေးနိုင်ခဲ့ဘူး"
ပြောရင်းဆိုရင်း သူ့ပါးသူ တစ်ချက်ဖြတ်ရိုက်လိုက်သည်။
သူဌေးကြီး၏ စိတ်မထိန်းနိုင်ဟန်အပြုအမူကြောင့် ရှန်းအာက ရှေ့ကိုအမြန်တိုးကာ ဝင်တားရင်း နှစ်သိမ့်သည်။
အခန်းတွင်းရှိလူတိုင်းလည်း သက်ပြင်းသာ တိုးတိုးချမိကြလျက်။
လီနန်ခယ့်က သူဌေးကြီးလင်ကို ဘေးခေါ်သွားပေးဖို့ ရှန်းအာအားအချက်ပြလိုက်ပြီး မေရှင်းအာကို တိုက်ရိုက်စကားဆိုသည်။
"ကျွန်တော်တို့စကားမပြောခင် တောင်းဆိုစရာလေးတစ်ခုရှိပါတယ်။ သခင်မကြီး မငြင်းဆိုဖို့မျှော်လင့်ပါတယ်"
"ပြောပါ အရာရှိမင်း"
မေရှင်းအာက အားနည်းဖျော့တော့စွာ ပြန်ဖြေလာပေသည့် မျက်လုံးများကိုတော့ တခြားတစ်နေရာသို့ ရှောင်လွှဲထားခဲ့သည်။
လီနန်ခယ့်က ဆိုသည်။
"သခင်မကြီး ကျေးဇူးပြုပြီး အဝတ်တွေချွတ်ပြလို့ရနိုင်မလား"
ထိုစကားဆုံးသည်နှင့် ခုတင်ပေါ်မှမိန်းမလှ မလှုပ်မယှက်တောင့်ခဲသွားခဲ့သည်။
မျက်ရည်များကို အနိုင်နိုင်သုတ်နေရှာသော သူဌေးကြီးလင်လည်း တောင့်ခဲငြိမ်သက်သွားပြီးမှ ဒေါသဖြင့် မျက်နှာတပြင်လုံးနီရဲကာ အော်ဟစ်တော့မည်ပြုသည်။ သို့သော် လိန်ရှင်းနန်က သူ့ကိုခပ်တည်တည်စိုက်ကြည့်နေသဖြင့် စကားလုံးများကထွက်မလာ။
လီနန်ခယ့်က မသိမသာပြုံးသည်။
"ချွတ်လိုက်ပါ သခင်မကြီး။ သခင်မကြီးလည်း သမီးဖြစ်သူ အန္တရာယ်တစ်ခုခုဖြစ်မှာ မလိုချင်ဘူးမဟုတ်လား"
မေရှင်းအာ၏ ဖြူဖျော့နူးညံ့သောမျက်နှာထက် ခပ်ရဲရဲအသွေးအရောင်လွှမ်းကာ လက်ချောင်းများက အဝတ်အစားတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ဆွဲစေ့ထားသည်။ အရှေ့မှ ထိုလူငယ်က စိတ်မရှည်စွာ သူမအဝတ်များကို ဆုတ်ဖြဲလွှင့်ပစ်တော့မည်အား စိုးထိတ်ဟန်ဖြင့်။
"သခင်မကြီး ချွတ်မပြနိုင်ဘူးဆိုလည်း အဆင်ပြေပါတယ်။ ကျွန်တော့်မေးခွန်းလေးတစ်ခုကိုသာ ပြန်ဖြေပေးပါ"
လီနန်ခယ့်က ပန်းချီပုံတူတစ်ခုကိုဆွဲထုတ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
"သခင်မကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒီလိုမွေးရာပါအမှတ်အသားတစ်ခု ရှိပါသလား"
မေရှင်းအာ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲတောင့်တင်းသွားခဲ့သည်။
လွန်စွာရင်းနှီးကျွမ်းဝင်နေပါသော ထိုပုံတူပန်းချီသည် သူမ၏နှလုံးသားထဲ ထုတ်ချင်းပေါက်စိုက်ဝင်သွားသော ဓားထက်ထက်တစ်စင်းအလား။
"သခင်မကြီးလည်း ထက်မြက်တဲ့သူတစ်ယောက်ပါပဲ။ ဒီမေးခွန်းကို ဘယ်လိုဖြေရမယ်ဆိုတာ နားလည်ရဲ့မဟုတ်လား"
လီနန်ခယ့်က ထိုသို့ပြောပြီး ပုံတူပန်းချီကို အမျိုးသမီးထံပစ်ပေးလိုက်သည်။
မေရှင်းအာမှာ အချိန်အတော်ကြာ ဆွံ့အငေးကြောင်နေခဲ့၏။ အခန်းထဲရှိလူများ၏မျက်နှာကို တစ်ယောက်ချင်းစီလိုက်ကြည့်ကာ နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူကို တစ်ခဏမျှ ငေးမောနေမိခဲ့သည်။ ထို့နောက် လက်လျှော့အရှုံးပေးလိုက်ဟန်ဖြင့် မျက်လုံးများကိုမှေးမှိတ်ကာ ခပ်တိုးတိုးဝန်ခံသည်။
"ရှိပါတယ်"
"ဒါဆို ဟယ့်ချင်းယွီနဲ့ တစ်ချိန်ကချစ်ကျွမ်းဝင်ခဲ့တဲ့အမျိုးသမီးက သခင်မကြီးဟုတ်ပါသလား"
"ဟုတ်ပါတယ်"
"လင်ကျောက်ယွဲ့က သခင်မကြီးနဲ့ အဲ့ဒီလူရဲ့သမီး ဟုတ်ပါသလား"
"..."
ထိုမေးခွန်းကိုတော့ အမျိုးသမီးက စကားမပြန်ဘဲ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။
နှုတ်ခမ်းကို သွေးထွက်သည်အထိ အားကုန်ဖိကိုက်ထားပြီးမှ စကားလုံးတစ်လုံးကို လည်ချောင်းထဲမှ မရမကညှစ်ထုတ်လာခဲ့သည်။
ဘုန်း
အခန်းထဲရှိ ယောက်ျားတစ်ယောက် ကြမ်းပြင်ပေါ်သို့ပြိုလဲကျသွားခဲ့သည်။ ရှုပ်ထွေးမှုနှင့် မယုံကြည်နိုင်မှုတို့က သူ့မျက်နှာထက် အပြည့်နေရာယူလျက်။
ထိုယောက်ျားသည် ခင်ပွန်းဖြစ်သူ သူဌေးကြီးလင်သာ။
လီနန်ခယ့်က လက်ခုပ်တစ်ချက်တီးလိုက်ပြီး ဆက်ပြောသည်။
"အရမ်းကောင်းတယ်။ အခု အမှန်တရားတစ်ခုလုံး ချပြပြီးပြီဆိုတော့ ကျွန်တော်တို့ ချောချောမွေ့မွေ့ စကားပြောလို့ရပြီပေါ့"
***