လီနန်ခယ့်က အပြင်လူများကို အခန်းထဲကထွက်ခွာပေးဖို့ အချက်ပြလိုက်ပြီး သိတတ်စွာပင် မေရှင်းအာကို စောင်တစ်ထည်ဖြင့် ခြုံလွှမ်းပေးထားလိုက်သည်။
"ဒီဇာတ်ထုပ်ကြီးကိုရှင်းဖို့ အချိန်ကာလအလိုက် ဖြစ်ရပ်တွေအားလုံးကို တစ်ခုချင်းစီ ဖွင့်ချလိုက်ကြတာပေါ့"
"လွန်ခဲ့တဲ့တစ်လက လင်မိသားစုဟာ အံ့သြစရာသတင်းကောင်းတစ်ခု လက်ခံရရှိခဲ့တယ်။ အန်းဖိန်မင်းသားအိမ်တော်ရဲ့ မင်းသားငယ်ပိုင်ပုအိုက်ဟာ အပျော်ခရီးတစ်ခုမှာ တုန်းချီခရိုင်ကို ဖြတ်ဝင်သွားမိရင်း မိန်းကလေးလင်ကျောက်ယွဲ့ကို မတော်တဆတွေ့ဆုံမိရာက မြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါကြောင့် လင်ကျောက်ယွဲ့ကို အတိအလင်းလက်ထပ်ယူဖို့အထိ ကိုယ်တိုင်ကိုယ်ကျ ကတိပြုခဲ့တဲ့သတင်းပေါ့"
"ဒါကြောင့် လင်ကျောက်ယွဲ့ဟာလည်း တော်ဝင်အဆက်အနွယ် မင်းသမီးတစ်ပါးဖြစ်လာဖို့ အကြောင်းဖန်ခဲ့ပြီး ဖီးနစ်တစ်ကောင်လို ကောင်းကင်ပေါ်ပျံတက်နိုင်တော့မဲ့ ကံကြမ္မာမျိုးရရှိခဲ့တယ်"
"ငယ်စဥ်ကလေးဘဝကတည်းက လူတကာအထက်မှ စံစားနေထိုင်ချင်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက်တော့ ဒီလက်ထပ်ပွဲဟာ သူ့ဘဝရဲ့ အရေးအကြီးဆုံး လက်လွှတ်မခံနိုင်ဆုံး အခွင့်အလမ်းတစ်ခုပဲ။ ဒီအခွင့်အရေးကို ချော်ထွက်မသွားအောင် အမိအရဖမ်းဆုပ်နိုင်မှဖြစ်မယ်"
"မင်းသားငယ်က သူ့ကိုမတော်တဆတွေ့ဆုံခဲ့တာတောင်မဟုတ်ဘဲ လင်ကျောက်ယွဲ့ကိုယ်တိုင် မတွေ့တွေ့အောင်ဖန်တီးခဲ့တာဖြစ်မယ်လို့ ကျွန်တော်ပြောရဲတယ်"
"ပထမဆုံးတွေ့ဆုံမှု၊ မေ့မရတဲ့ အကြည့်တစ်ချက်မှာ မင်းသားငယ်ရဲ့စိတ်ထဲကို တိုးဝင်နိုင်သွားပြီး တစ်ဖက်ကလက်ကမ်းလာတဲ့အခါ ငြင်းပယ်မယ်၊ လိုက်ရခက်တဲ့ အဖိုးတန်မိန်းကလေးမာနနဲ့ တစ်ဖက်အမျိုးသားကိုကျော့ကွင်းထောင်မယ်။ ဒီလိုဖန်တရာတေနေတဲ့လှည့်ကွက်တွေက မင်းသားငယ်အပေါ်မှာတော့ ကောင်းကောင်းကြီးအလုပ်ဖြစ်ခဲ့ပုံပဲ"
"ဒီလိုနဲ့ မင်းသားငယ်က ငါးစာကိုဖမ်းဆွဲမိခဲ့တယ်"
အခန်းတစ်ခုလုံး တိတ်ဆိတ်နေကာ လီနန်ခယ့်၏ ရှင်းလင်းကြည်လင်သောအသံသာ လူတိုင်း၏နားတွင် ပဲ့တင်ထပ်နေခဲ့သည်။
မေရှင်းအာသည် ကွယ်လွန်သူချစ်သူဟောင်းရေးဆွဲပေးခဲ့သော ပုံတူပန်းချီစကို ကျစ်ကျစ်ပါအောင်ဆွဲဆုပ်ထားသော်လည်း မျက်လုံးများကတော့ နောင်တနှင့်ဝမ်းနည်းမှုများ ပြည့်သိပ်နေလျက် ခင်ပွန်းဖြစ်သူကို ငေးကြည့်နေခဲ့သည်။
လီနန်ခယ့် ပြောရင်း အာခြောက်လာသလိုခံစားမိသဖြင့် ရှန်းအာကို လက်ဖက်ရည်တစ်ခွက်ငှဲ့ခိုင်းလိုက်ပြီး စကားဆက်သည်။
"ယုတ္တိကျကျပြောရရင် အရာအားလုံးက စီစဥ်ထားတဲ့အတိုင်း ချောမွေ့နေခဲ့တာပဲ။ မိန်းကလေးလင်လည်း လာရောက်တောင်းရမ်းလက်ဆက်မဲ့အချိန်ကို စိတ်ရှည်ရှည်စောင့်နေလိုက်ဖို့သာရှိတယ်။ မင်းသားငယ်ဘက်က ကတိကိုချိုးဖျက်ခဲ့ရင်တောင် ဂုဏ်သရေရှိမိသားစုက သမီးတစ်ယောက်အနေနဲ့ ဘာမှပဲ့ပါစရာမရှိဘူးလေ"
"ဒါပေမဲ့ လဝက်လောက်အကြာမှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်"
"လွန်ခဲ့တဲ့လဝက်က သူဌေးကြီးလင်ဟာ သူ့မိသားစုကို လီချန်ဘုရားကျောင်းဆီ အမွှေးတိုင်ထွန်းညှိဖို့ခေါ်ဆောင်သွားခဲ့တယ်။ ဝမ်ယင်းယင်းနဲ့ ဝမ်ကျင်းအာပါ အတူပါလာခဲ့တာပေါ့"
"အမွှေးတိုင်ထွန်းဖို့သက်သက် သွားရောက်ခဲ့တဲ့ ဒီမိသားစုခရီးတိုလေးက လူတိုင်းရဲ့ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်လိုက်မယ်လို့ ဘယ်သူကစိတ်ကူးခဲ့မိမှာလဲ"
"သခင်မကြီး တရားထိုင်ခန်းထဲ တစ်ယောက်တည်းကျန်ခဲ့တဲ့အချိန် ချစ်သူဟောင်းဟယ့်ချင်းယွီက ရုတ်တရတ်ရောက်လာပြီး လင်ကျောက်ယွဲ့က သူ့သမီးဟုတ်သလားဆိုတာကို အတင်းအကျပ် စတင်မေးမြန်းခဲ့တယ်"
"အဲ့ဒီ ငြင်းခုန်စကားများနေတဲ့ အသံတွေကို တစ်ဖက်ခန်းက လင်ကျောက်ယွဲ့နဲ့ ကလေးမနှစ်ယောက်လည်း အစအဆုံး ကြားသွားခဲ့ကြတာပေါ့"
"သခင်မကြီးလည်း အမှန်တရားကို ဝန်ခံခဲ့တယ်နဲ့ တူပါရဲ့"
"ဟယ့်ချင်းယွီရဲ့သမီးဖြစ်နေတဲ့ အဲ့ဒီအမှန်တရားက မိန်းကလေးလင်ရဲ့ တော်ဝင်မင်းသမီးအိပ်မက်ကို တစ်စစီရိုက်ခွဲလိုက်သလိုပဲပေါ့"
"ဒီနှစ်ခုက ဘာလို့သက်ဆိုင်နေရတာလဲဆိုရင်..."
"ပထမတစ်ချက်၊ ဟယ့်ချင်းယွီက မျက်နှာမွဲပညာသင်တစ်ယောက်၊ လင်အိမ်တော်ရဲ့သမီးကြီး ဆိုတဲ့အဆင့်အတန်းနဲ့ယှဥ်ရင် လုံးဝခြားနားနိမ့်ကျတဲ့လူ။ ဒုတိယအချက်က ပိုပြီးဆိုးရွားတယ်၊ ဟယ့်ချင်းယွီ လွန်ခဲ့တဲ့၂နှစ် တော်ဝင်စာမေးပွဲမှာဖြစ်ခဲ့တဲ့ စာခိုးချမှုထဲ ပါဝင်ပက်သက်ထားတဲ့ မသမာသူဖြစ်နေတာပဲ"
"အန်းဖိန်မင်းသားက အစေခံသားကို မျက်လုံးထဲမထည့်ရင်တောင် သူ့ဂုဏ်သတင်းကျဆင်းစေမဲ့ကိစ္စမျိုးကို လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုအစွန်းအထင်းရှိထားတဲ့ မိန်းကလေးမျိုးက တော်ဝင်မိသားစုထဲ ဘယ်လိုမှတိုးဝင်လို့ရမှာမဟုတ်ဘူး"
လီနန်ခယ့်က မေရှင်းအာ၏ ဖြူဖျော့ဖျော့မျက်နှာကို စိုက်ကြည့်နေရင်း ခပ်ဖြည်းဖြည်းမေးသည်။
"သခင်မကြီး ကျွန်တော်ပြောတာတွေ မှန်ပါရဲ့လား"
အသက်မပါသော ခါးသက်သက်အပြုံးတစ်ပွင့်ဖြင့် မေရှင်းအာက ဘာတစ်ခွန်းမှပြန်ဖြေမလာခဲ့။
လီနန်ခယ့် စကားဆက်ဖို့ပြင်သည့်အခါမှ သူမစကားသံတိုးတိုးထွက်လာသည်။
"အရင်က ချင်းယွီနဲ့ကျွန်မချစ်ကြိုက်ခဲ့ကြပြီး ဘဝကိုအတူဖြတ်သန်းဖို့ထိ ကတိပြုခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကိုယ်စီအလုပ်အကိုင်တွေကြောင့် ဒီဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ရပြီး ချင်းယွီအောင်မြင်တဲ့တစ်နေ့မှသာ ကျွန်မကိုလာပြီးကယ်ထုတ်ပေးဖို့ စောင့်ဆိုင်းခဲ့ရတာ"
"ဒါပေမဲ့ အဲ့ဒီစာမေးပွဲအမှုကြောင့် ချင်းယွီဟာ အနာဂတ်မဲ့ နာမည်ပျက်ပညာသင်တစ်ယောက် ဖြစ်ခဲ့ရတယ်"
"ဒီထိချက်မှာ သူနာလန်ပြန်မထူနိုင်ခဲ့ဘူး။ ကျွန်မကိုပါ အခက်တွေ့စေမိမှာ စိုးရိမ်တဲ့အတွက် သူ့ဘက်ကစပြီး ကျွန်မကိုအတိအလင်းလမ်းခွဲခဲ့တယ်။ သူတခြားမိန်းကလေးကို လက်ထပ်ယူတော့မယ်လို့ပါ ကျွန်မကိုလိမ်ညာခဲ့တာ"
"စိတ်နာနာနဲ့ပဲ ကျွန်မလည်း သူဌေးလင်နောက်ကိုလိုက်လာခဲ့တယ်"
"နောက်တော့ ချင်းယွီ ဘယ်သူနဲ့မှအိမ်ထောင်မပြုထားမှန်း သိလိုက်ရပေမဲ့ အရာအားလုံးက နောက်ကျသွားခဲ့ပြီလေ။ ကျွန်မတို့နှစ်ယောက်ရဲ့ရေစက်လည်း အဲ့နေရာမှာတင် ကုန်ဆုံးသွားခဲ့ပြီ"
"ဒါပေမဲ့ ကျွန်မအဲ့ဒီအချိန်မှာ သူ့ကလေးကိုလွယ်ထားခဲ့ရမှန်း ချင်းယွီမသိခဲ့ပါဘူး..."
မေရှင်းအာ၏မျက်လုံးများမှ မျက်ရည်များက သူမ၏ဘဲဥပုံမျက်နှာအနှံ့ စီးဆင်းပေကျံသွားခဲ့ကာ ပုခုံးနှစ်ဖက်ပါ တသိမ့်သိမ့်တုန်ယင်လာခဲ့သည်။
သူဌေးလင်သည် သူ၏နံဘေးတွင် ဆယ်စုနှစ်တစ်ခုကြာ သစ္စာရှိရှိပေါင်းသင်းနေထိုင်ခဲ့သော ဇနီးသည်အား ငေးကြောင်ကြည့်နေမိ၏။
အသိဝိညာဥ်ကိုပါ ဆုံးရှုံးလက်လွှတ်လိုက်ရသော အကြည့်မျိုးပင်။
တစ်ချိန်က သူရင်းနှီးချစ်ခင်ခဲ့သော ထိုမိန်းမသားသည် ယခုအခါတွင်တော့ တစိမ်းတရံဆံအလား။
ဒီလိုအဖြစ်မျိုးကို သူလုံးဝမျှော်လင့်မထားခဲ့။ ဇနီးအလှတစ်ယောက်ကိုတွေ့ရှိပြီး ပျော်ရွှင်စွာပေါင်းသင်းနေထိုင်ခဲ့ရင်းမှ ကောင်းကင်ကပူးတွဲထည့်ပေးလိုက်သော အံ့သြစရာလက်ဆောင်တစ်ခုကို ဖွင့်ဖောက်သိမြင်ခဲ့ရသည်။
"ဒါဆို ဆက်ပြောကြရအောင်"
လီနန်ခယ့်က လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာ လည်ချောင်းတစ်ချက်ရှင်းပြီး ခပ်ဖြည်းဖြည်းစကားဆက်သည်။
"မိန်းကလေးလင်လည်း သူ့ကိုယ်သူ ဟယ့်ချင်းယွီရဲ့သမီးအရင်းမှန်း သိသွားပြီး တော်တော်လေးပြိုလဲသွားခဲ့မှာပဲ။ သူ့ဘဝပန်းတိုင်တွေ ဆန္ဒတွေအကုန် လောင်ကျွမ်းပြာကျသွားမဲ့အဖြစ်မျိုးကိုး။"
"ကံကောင်းစွာနဲ့ပဲ သူငယ်ချင်းကောင်းနှစ်ယောက်ကတော့ ဒီလျှို့ဝှက်ချက်ကို သေသည်အထိထိန်းသိမ်းပေးသွားဖို့ ရည်ရွယ်ထားကြတယ်"
"နောက်တော့ ဘုရားကျောင်းခန်းမမှာ သုံးယောက်အတူ ကတိသစ္စာပြုခဲ့ကြတာကို ကိုယ်တော်ချန်းမင်ကိုယ်တိုင် မျက်မြင်သက်သေရှိခဲ့တယ်"
"ဝမ်ယင်းယင်းက မာနကြီးပြီး ဆိုးသွမ်းအနိုင်ကျင့်တတ်တဲ့စရိုက်ရှိပြီး ဝမ်ကျင်းအာကလည်း စိတ်ငယ်တတ်တဲ့သဘာဝရှိပေမဲ့ လင်ကျောက်ယွဲ့ကိုတော့ သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ထားကြတာကြောင့် ဒီလျှို့ဝှက်ချက်ကို စောင့်ထိန်းပေးဖို့ သူတို့လိုလိုလားလား သစ္စာဆိုခဲ့ကြတယ်"
"ဒါပေမဲ့ လင်ကျောက်ယွဲ့ကတော့ ဒါကိုစိတ်မချနိုင်ခဲ့ဘူး"
"လျှို့ဝှက်ချက်ကို အခုထိန်းသိမ်းပေးထားနိုင်ရင်တောင် တစ်သက်လုံးနှုတ်ပိတ်နေနိုင်ကြမှာမလို့လား။ ဒီနေ့ရဲ့သူငယ်ချင်းကောင်းက မနက်ဖြန်မှာ ရန်သူဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲလေ"
"အဲ့ဒီအတွေးနဲ့ သူ့ရဲ့ထိပ်တန်းလျှို့ဝှက်ချက်ကြီးဟာ လူသတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့တယ်"
"ဒီလောကကြီးမှာ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းပေးထားနိုင်တဲ့လူအမျိုးအစား တစ်မျိုးပဲရှိတယ်။ သေလူပဲ"
လီနန်ခယ့်က ရှုပ်ထွေးနေသောနှလုံးသားဖြင့် သက်ပြင်းတစ်ချက်ချသည်။
မိန်းမငယ်လေး၏နှလုံးသား ဤမျှကြမ်းတမ်းရက်စက်နိုင်လိမ့်မည်ဟု သူမယုံကြည်ချင်ခဲ့ပါသော်ငြား အမှန်တရားကို လက်မခံချင်လို့မရတော့။
တစ်ခါတရံ လက်တွေ့ဘဝသည် စိတ်ကူးယဥ်ဇာတ်လမ်းများထက် ပိုမိုဆန်းပြားနေတတ်သည်။
လက်တွေ့ဘဝ၏ ဖြစ်ရပ်မှန်လူသတ်ဇာတ်လမ်းများကို သေချာစေ့စပ်စွာလေ့လာကြည့်လျှင် လူတချို့သည် မွေးဖွားလာကတည်းက နှလုံးသားတွင်း မိစ္ဆာတစ်ကောင်ခိုအောင်းနေသလား ထင်ရအောင်ပင် ရက်စက်နိုင်ကြောင်း သိရပေမည်။
သာမန်လူသားတစ်ယောက်ကို ကြက်သီးဖြန်းဖြန်းထအောင် ကြောက်ရွံ့စေနိုင်သော ရက်စက်မှုများ။
ပတ်ဝန်းကျင်၏ပုံသွင်းမှုကြောင့်ပေလား၊ မူပိုင်ကိုယ်ကျင့်စရိုက်ကြောင့်ပေလား မည်သို့ပင်သတ်မှတ်ပါစေ ထိုလူများ၏ဗီဇအရင်းခံတွင် အဆိပ်မျိုးစေ့တစ်ခုကား တိမ်မြုပ်ပါဝင်လာခဲ့ပြီးဖြစ်၏။
လီနန်ခယ့်အနေဖြင့် လင်ကျောက်ယွဲ့ကို မည်သို့အကဲဖြတ်သတ်မှတ်ရမည်ပင် မသိတော့။
သူပြောနိုင်သည့် တစ်ခုတည်းသောအရာကား ဤမိန်းကလေးသည် အတိုင်းအထက်လွန် သွေးအေးလှသူဟုသာ။
လီနန်ခယ့် စိတ်အေးအောင်ပြန်ထိန်းညှိလိုက်ပြီး စကားဆက်သည်။
"ဒီလိုနဲ့ လင်ကျောက်ယွဲ့က သူငယ်ချင်းနှစ်ယောက်ကိုသတ်ဖို့ ပထမဆုံးအစီအစဥ်ကို စဆွဲခဲ့တယ်။"
"ဒီအစီအစဥ် ဖြစ်မြောက်ဖို့အတွက် ဝမ်ယင်းယင်းနဲ့ဝမ်ကျင်းအာကြားက ရှိပြီးသားပဋိပက္ခကို ပိုကြီးအောင် တမင်တကာ မီးလောင်ရာလေပင့်ခဲ့တယ်။ သူ့ရဲ့အားပေးအားမြှောက်မှုကြောင့် ဝမ်ယင်းယင်းလည်း ဝမ်ကျင်းအာက သူကြိုက်နေတဲ့ယောက်ျားကို ကြားဖြတ်လုယူချင်နေတယ်လို့ ပိုပြီးယုံကြည်လာခဲ့တာပေါ့"
"လင်ကျောက်ယွဲ့ရဲ့ သွေးထိုးနိုင်မှုကိုလည်း လျှော့တွက်လို့မရဘူး၊ အဲ့မိန်းကလေးရဲ့လျှာက မွေးရာပါဉာဏ်များတတ်တာပဲလေ။ တစ်နည်းပြောရရင် အစိုးရအရာရှိတွေရော ညကင်းလှည့်တပ်ဖွဲ့ကိုပါ သူတစ်ယောက်တည်း အပိုင်ထိန်းထားခဲ့တာပဲမဟုတ်လား"
"နောက်ဆုံးတော့ ဒီလိုကြားခံလှုံ့ဆော်မှုတွေကြောင့် အခွင့်အလမ်းတစ်ခုစလာခဲ့တယ်"
"ဝမ်ယင်းယင်းက လီချန်ဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်လှူဆုတောင်းဖို့ဆုံးဖြတ်ခဲ့တယ်။ ဝမ်ကျင်းအာကိုလည်း ချူဟုန်တောင်ကိုသွားတဲ့လမ်းမှာပဲ စာရင်းရှင်းဖို့အတွေးနဲ့ပေါ့"
"နောက်ပြီး လင်ကျောက်ယွဲ့ကလည်း အဲ့ဒီအခွင့်အရေးကို အမိဖမ်းပြီး သူငယ်ချင်းနှစ်ယောက်လုံးကိုအပြတ်ရှင်းဖို့ စတင်ကြံစည်ခဲ့တယ်"
"ဒီအတွက် လူသတ်သမားတစ်ယောက်တော့ မဖြစ်မနေလိုအပ်တယ်"
"လူသတ်သမားက မိစ္ဆာဖြစ်ရမယ်"
"တုန်းချီခရိုင်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ တိမ်တိုက်မြို့တော်ထဲ မိစ္ဆာတစ်ကောင်ပေါ်လာတယ်လို့ သတင်းထွက်နေပြီး ညကင်းလှည့်တပ်ဖွဲ့လည်း အခုထိဖမ်းလို့မမိသေးဘူးမဟုတ်လား"
"ပုံချဖို့တရားခံ အသင့်ရှိပြီးသားဆိုတော့ ဘယ်သူမှသူ့ကို သံသယဝင်နေမှာမဟုတ်ဘူးလေ"
"မိစ္ဆာကို လူသတ်တရားခံလုပ်မှာဆိုတော့ မိစ္ဆာပေါ်လာဖို့လိုတယ်။ ဒါကြောင့် အမေဖြစ်သူကိုစည်းရုံးပြီး ဟယ့်ချင်းယွီကို မိစ္ဆာယောင်ဆောင်ခိုင်းခဲ့တာပဲ"
"ဟယ့်ချင်းယွီကလည်း သမီးရင်းရဲ့တောင်းဆိုမှုကို ငြင်းစရာအကြောင်းမရှိဘူးလေ။ သူချစ်တဲ့အမျိုးသမီးကိုယ်တိုင်ကလည်း ပူးပေါင်းတောင်းဆိုပေးနေတာမဟုတ်လား။ ဒီတော့ လက်ခံခဲ့တာပဲပေါ့"
"လင်ကျောက်ယွဲ့ကသာ နောက်ကွယ်ကပဲ့ကိုင်ရှင်ဖြစ်ခဲ့တာပဲ"
"အမေဖြစ်သူနဲ့ ဟယ့်ချင်းယွီကိုတော့ ချူဟုန်တောင်မှာ သူငယ်ချင်းနှစ်ယောက်ကို သတ်ဖို့ထိစီစဥ်ထားတဲ့အကြောင်း ထုတ်ပြောခဲ့မှာမဟုတ်ဘူး။ လူသတ်ဖို့ဆိုရင် သူတို့နှစ်ယောက်လည်း ပူးပေါင်းပေးမှာမဟုတ်မှန်း အဲ့မိန်းကလေးသိမှာပေါ့"
"ပြီးတော့မှ လူသတ်မှုဖြစ်သွားမှန်းသိတော့ ဟယ့်ချင်းယွီညတွင်းချင်းပဲ လင်အိမ်တော်တံတိုင်းကိုကျော်ဖို့လုပ်ပြီး မေရှင်းအာကိုလာတွေ့ဖို့ကြိုးစားခဲ့တာပဲ။ တွေ့လို့မရတော့ သူစိတ်ပျက်ပျက်နဲ့ ပိုင်ယွင်စာသောက်ဆိုင်မှာ အမူးထိုင်သောက်နေခဲ့လိုက်တယ်"
"ဟယ့်ချင်းယွီက သူ့ကိုယ်သူ လှည့်စားခံလိုက်ရမှန်းသိတော့ လင်အိမ်တော်ဆီအပြေးသွားပြီး မျက်နှာချင်းဆိုင်ရှင်းကြဖို့ပါ သူကြိုးစားခဲ့တယ်"
"ရှန်းအာပြောပြထားတဲ့သဲလွန်စတွေကို ဆက်စပ်ကြည့်လိုက်ရင် ဟယ့်ချင်းယွီက လင်အိမ်တော်ကနေမောင်းထုတ်ခံလိုက်ရပြီးနောက် မေရှင်းအာနဲ့မိန်းကလေးလင် စကားများခဲ့ကြတယ်တဲ့။ မေရှင်းအာလည်း သူ့သမီးလူသတ်ခဲ့တဲ့အဖြစ်ကို ဒေါသထွက်နေမှာအမှန်ပဲ"
လီနန်ခယ့်၏ အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် သူတို့အားလုံး၏ ရှုပ်ထွေးပွေလီသောသံသယများလည်း တဖြည်းဖြည်းရှင်းလင်းကွဲပြားလာကြတော့သည်။
ရှုပ်ထွေးနေသော အမူရာများဖြင့် အကြည့်များစွာက မေရှင်းအာအပေါ်တွင်သာ ကျရောက်နေလျက်။
ဤသမီးမျိုးကို ပိုင်ဆိုင်ထားရခြင်းသည် ဆိုးလိုက်သည့်ကံကြမ္မာ။
မေရှင်းအာလည်း အဖြစ်မှန်ကို ဆက်ဖုံးကွယ်ဖာထေးလို့မရတော့ပြီမှန်း နားလည်လိုက်ပြီး ခါးသီးစွာဆိုသည်။
"မှန်ပါတယ်။ အဲ့ဒီတုန်းကယွဲ့အာက သူ့သူငယ်ချင်းနှစ်ယောက်ကို မိစ္ဆာလက်ထဲကကယ်ထုတ်ပေးလိုက်တဲ့ပုံစံမျိုးလုပ်ချင်တာလို့ပဲ ပြောခဲ့တာ။ အဲ့ဒါမှ အသက်သခင်ကျေးဇူးရှင်အဖြစ် သူ့လျှို့ဝှက်ချက်ကို သက်ဆုံးတိုင်ထိန်းသိမ်းပေးကြမှာမလို့တဲ့။"
"အစကတော့ သူကကျွန်မကို မိစ္ဆာအယောင်ဆောင်ခိုင်းဖို့ စီစဥ်ခဲ့တာ။ ဒါပေမဲ့ ကျွန်မကကြောက်တတ်ပြီး နဂိုကလည်းအပြင်ထွက်ခဲတော့ သခင်ကြီးဆီက သံသယဝင်ခံရမှာလည်းစိုးတာကြောင့် ချင်းယွီကိုကိုယ်စားသွားပေးဖို့ တောင်းဆိုခဲ့တာ"
"ချင်းယွီကတော့ ယွဲ့အာရဲ့နောက်ခံကို သူဖော်မှာမဟုတ်တဲ့အကြောင်း ကျွန်မကိုကတိပေးပြီးသားပါ။ ကျွန်မတို့နှစ်ယောက်ကို သူမထိခိုက်စေချင်ဘူးတဲ့"
"ကျွန်မကို ကိုယ်ဝန်ကြီးနဲ့စွန့်ပစ်ခဲ့မိတာကြောင့် အပြစ်ရှိစိတ်နဲ့ သူလည်းဘာမှသိပ်မတွေးဘဲ မိစ္ဆာအယောင်ဆောင်ဖို့ သဘောတူပေးခဲ့တာ။ အဖေတစ်ယောက်အနေနဲ့ တစ်ခုခုလုပ်ပေးချင်တဲ့ဆန္ဒကြောင့်ပေါ့"
"ဒါပေမဲ့ ယွဲ့အာဒီလိုလုပ်ရက်လိမ့်မယ်လို့တော့ ကျွန်မရောသူပါ မထင်ခဲ့မိပါဘူး..."
မေရှင်းအာ၏မျက်လုံးများမှ မျက်ရည်များစီးကျလာပြီး စကားပင်ဆက်မပြောနိုင်တော့ဘဲ သည်းထန်စွာငိုကြွေးလေတော့သည်။
***