အကယ်၍ အချိန်ကိုသာ နောက်ပြန်လှည့်၍ ရနိုင်မည်ဆိုလျှင် မေရှင်းအာသည် သမီးဖြစ်သူအား ဤကဲ့သို့ ရူးသွပ်သောလုပ်ရပ်မျိုး မလုပ်မိစေရန် သေချာပေါက် တားဆီးမိပေလိမ့်မည်။ သို့သော် ယခုတော့ အားလုံးလက်လွန်သွားခဲ့ချေပြီ။
ခြေလှမ်းတစ်လှမ်းမှားယွင်းခြင်းဖြင့် အမှားများစွာ ဆင့်ကဲဖြစ်ပေါ်လာတတ်သည်။
ထိုခြေတစ်လှမ်းသည် ချောက်ကမ်းပါးအစွန်းတွင်ဖြစ်နေခဲ့ပါလျှင် ပြန်လှည့်ချင်၍သော်မှ လမ်းမရှိတော့ပါချေ။
လီနန်ခယ့်က ဆိုသည်။
"အစီအစဥ်အတိုင်းဆိုရင် လင်ကျောက်ယွဲ့က ဟယ့်ချင်းယွီကို တောအုပ်အပြင်ဘက်မှာ ဆက်စောင့်ခိုင်းထားပြီး ဝီစီအချက်ပြသံကိုစောင့်ခိုင်းထားခဲ့လောက်တယ်"
"လင်ကျောက်ယွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုအောက်မှာ ဝမ်ယင်းယင်းနဲ့ဝမ်ကျင်းအာလည်း ခင်မင်စကတည်းက ဖြစ်ခဲ့သမျှပြဿနာတွေထဲ အဆိုးရွားဆုံးအခြေအနေကိုရောက်နေခဲ့မှာပဲ။ အဲ့ဒီအချိန်မှာ ဝမ်ယင်းယင်းလည်း လုံးဝစိတ်လွတ်သွားခဲ့တာပေါ့"
"ဝမ်ကျင်းအာရဲ့ခေါင်းနောက်က ဒဏ်ရာတောင် ဝမ်ယင်းယင်းတွန်းလို့ဖြစ်ခဲ့တာလားလို့ ကျွန်တော်မသေချာတော့ဘူး။ လင်ကျောက်ယွဲ့တွန်းပစ်လိုက်တာလည်း ဖြစ်နိုင်တာပဲ"
"ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ တစ်ခုရှိတာက လင်ကျောက်ယွဲ့က ဝမ်ယင်းယင်းကို ဝမ်ကျင်းအာကိုအတူသတ်ကြဖို့ အရင်စည်းရုံးခဲ့ဦးမှာပဲ"
ထိုအချက်ထိ တွေးမိပြီးနောက် လီနန်ခယ့်သည် လင်ကျောက်ယွဲ့တစ်ယောက်၏ ပြဿနာရှာနိုင်စွမ်းကို သြမချဘဲမနေနိုင်တော့။
ဝမ်ယင်းယင်းသည် ပုံမှန်အားဖြင့် လူသတ်မှုကျူးလွန်ရဲမည့်သူမျိုးမဟုတ်။
သို့သော် လင်ကျောက်ယွဲ့၏ဦးနှောက်ဆေးနိုင်စွမ်း လူ့စိတ်ကို ကြိုးဆွဲချုပ်ကိုင်နိုင်စွမ်းအား သူတို့လျှော့တွက်ထားလို့မရ။ ဟန်မင်းဆက်နှောင်းပိုင်းတွင် ယွမ်ရှောက်၏ ကြိုးဆွဲချုပ်ကိုင်မှုကြောင့် ဟယ့်ကျင်းတစ်ယောက် ပျက်စီးခြင်းသို့ဆိုက်ရောက်သည်အထိ ဖြစ်ခဲ့ဖူးသည်မဟုတ်လော။
လီနန်ခယ့် သူကြည့်ဖူးသော နိုင်ငံခြားမှတ်တမ်းရုပ်ရှင်တစ်ပုဒ်ကို သတိရမိသည်။
ထိုမှတ်တမ်းရုပ်ရှင်တွင် သာမန်လူသားတစ်ယောက် ညစာစားပွဲတစ်ခုတွင် လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် မည်သို့သော်နည်းလမ်းဖြင့် လူသတ်သမားထံမှ ဦးနှောက်ဆေးသွေးဆောင်ခံရကာ အလိုတူအလိုပါ အပေါင်းအပါတစ်ယောက်ဖြစ်သွားရကြောင်း အသေးစိတ်ရိုက်ကူးဖော်ပြထားသည်။
လင်ကျောက်ယွဲ့သည် စိတ်ပညာကို လေ့လာလိုက်စားဖူးခြင်းမရှိလျှင်ပင် သေချာပေါက် လူ့စိတ်ကိုတော့ ကောင်းကောင်းနားလည်ထားသူဖြစ်သည်။
ထိုမိန်းကလေးသည် နန်းတွင်းအရှုပ်တော်ပုံထဲတွင် မွေးဖွားလာရမည့် မွေးရာပါပရိယာယ်ရှင်တစ်ဦးသာ ဖြစ်၏။
လီနန်ခယ့်သည် မေရှင်းအာကိုကြည့်ကာ စကားဆက်သည်။
"လင်ကျောက်ယွဲ့ရဲ့ အဆက်မပြတ်သွေးထိုးမှုတွေကြောင့် ဝမ်ယင်းယင်းဟာ နဂိုက အထင်သေးမုန်းတီးရင်းစွဲရှိတဲ့ ဝမ်ကျင်းအာအပေါ် အငြှိုးအတေးတွေ တစ်စတစ်စ စုပြုံကြီးထွားလာတော့တယ်"
"ဒါပေမဲ့ ဝမ်ယင်းယင်းစိတ်ထဲက နောက်ဆုံးသောသံယောဇဥ်ကြိုးမျှင်ကို ဖြတ်တောက်လိုက်တဲ့အရာကတော့ ဝါးကျည်တောက်ထဲက ဝမ်ကျင်းအာရဲ့ဆုတောင်းစာပဲ"
"အတိအကျပြောရရင် လင်ကျောက်ယွဲ့ ကြိုတင်ကြံစည်ထည့်သွင်းထားတဲ့ ဆုတောင်းစာအတုပေါ့"
"လီချန်ဘုရားကျောင်းမှာ တာဝန်ကျတဲ့ကိုယ်တော်ရဲ့ထွက်ဆိုချက်အရ သူတို့သုံးယောက်ရဲ့ ဆုတောင်းကျည်တောက်တွေကို လင်ကျောက်ယွဲ့ကိုယ်တိုင် ဗောဓိပင်ပေါ်ချိတ်ဆွဲခဲ့တယ်တဲ့။ ဆိုလိုတာက လင်ကျောက်ယွဲ့သာစိတ်ရှိရင် ဝမ်ကျင်းအာရဲ့ဆုတောင်းစာကို သူ့စိတ်ကြိုက်လဲလှယ်လိုက်လို့ရတယ်မဟုတ်လား"
"ခန့်မှန်းစရာတောင်မလိုပါဘူး။ လဲလိုက်တဲ့ဆုတောင်းစာက ဟယ့်ချင်းယွီအပေါ်ချစ်ခင်စွဲလမ်းမှုကို ဖော်ကြူးထားတဲ့စာသားမျိုးပဲဖြစ်မယ်။ ဝမ်ယင်းယင်းအပေါ်မကောင်းပြောထားတဲ့ စကားအချို့ပါ ပါနေနိုင်တာပဲ"
"လင်ကျောက်ယွဲ့နဲ့ဝမ်ကျင်းအာက အခင်ဆုံးနှစ်ယောက်ပဲလို့ ရှန်းအာပြောခဲ့ဖူးတာ ကျွန်တော်မှတ်မိတယ်။ နှစ်ယောက်သားက လက်ရေးလှလည်း အတူတူလေ့ကျင့်တတ်ကြသေးတယ်ဆို"
"လက်ရေးလှစာတွေကို ကျွန်တော်ကြည့်ရသလောက် လင်ကျောက်ယွဲ့က ဝမ်ကျင်းအာရဲ့လက်ရေးကို အတိအပအတုယူနိုင်စွမ်းရှိတာပဲ"
"ဒါ့အပြင် အဲ့ဒီအချိန်မှာ ဝမ်ယင်းယင်းက ဝမ်ကျင်းအာရဲ့ဆုတောင်းစာကိုဖွင့်ကြည့်လိမ့်မယ်ဆိုတာ လင်ကျောက်ယွဲ့သေချာတွက်မိထားတယ်။ ဒါကြောင့် အခွင့်အရေးဖန်တီးပေးတဲ့အနေနဲ့ သန့်စင်ခန်းသွားဖို့ကို ဝမ်ကျင်းအာကိုအဖော်ခေါ်သွားခဲ့တာပေါ့"
"ဒီတော့ သူတွက်ထားသလိုပဲ ဝမ်ယင်းယင်းကလည်း ဆုတောင်းစာကိုခိုးကြည့်လိုက်တယ်"
"ဝမ်ကျင်းအာရဲ့ ဟယ့်ချင်းယွီအပေါ် စွဲလမ်းနှစ်သက်စိတ်တွေကို သူကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့ရချိန်ပါပဲ"
"ဝမ်ယင်းယင်းရဲ့ နောက်ဆုံးသောသံယောဇဥ်နဲ့ အသိစိတ်ကြိုးမျှင်ကို အဲ့ဒီစာကပဲ ဖြတ်တောက်ပစ်လိုက်ပြီး မီးတောက်တစ်ခုကို လောင်စာထည့်ပေးခဲ့လိုက်တာ"
"ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဝမ်ယင်းယင်းက ဝမ်ကျင်းအာကိုသတ်ဖို့အတွေးထိ မရှိခဲ့သေးဘူး။ သင်ခန်းစာတစ်ခုလောက်ပဲ ကောင်းကောင်းပေးချင်စိတ်နဲ့ ချူဟုန်တောင်ကို အတူဦးတည်ခဲ့ကြတယ်"
"ဒါပေမဲ့ နောက်ပိုင်းဆက်ဖြစ်တဲ့ကိစ္စတွေကတော့ သူမျှော်လင့်ထားသမျှကို လုံးဝကျော်လွန်သွားခဲ့တာပဲလေ"
"သူတို့ ငြင်းခုံတွန်းထိုးနေကြတဲ့အချိန် ဝမ်ကျင်းအာလဲကျသွားပြီး ဦးခေါင်းဒဏ်ရာကြောင့် သတိလစ်မေ့မျောသွားခဲ့တယ်"
"ယုတ္တိကျကျပြောရရင် အဲ့ဒီအချိန်မှာ ဉာဏ်အရှိဆုံးရွေးချယ်မှုကတော့ ဝမ်ကျင်းအာကိုတောင်ပေါ်ကသယ်ဆင်းပြီး ဆရာဝန်တစ်ယောက်အမြန်ရှာဖို့ပဲ။ ဒါပေမဲ့ ဒီလို အသက်နဲ့တမျှအရေးကြီးလှတဲ့အချိန်မှာ ဝမ်ယင်းယင်းဟာ လင်ကျောက်ယွဲ့ရဲ့ထိန်းချုပ်မှုအောက် လုံးလုံးလျားလျားကျရောက်သွားခဲ့တာ။"
"ဝမ်ကျင်းအာကို သတ်လိုက်"
"ဝမ်ကျင်းအာသာသေရင် ဟယ့်ချင်းယွီကို နင့်လက်ထဲကလုသွားမဲ့သူ တစ်ယောက်မှရှိတော့မှာမဟုတ်ဘူး"
ကြက်သီးထဖွယ် အအေးဓာတ်လှိုင်းက လူတိုင်း၏ခန္ဓာကိုယ်ထဲသို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာသည်။ အခန်းထဲမှအပူချိန်က ထိုမျှနိမ့်ပါးနေခြင်းမရှိသော်ငြား ကျောရိုးထဲထိစိမ့်တက်သွားသော အအေးဓာတ်ကို သူတို့အားလုံး ခံစားနေရ၏။
လီနန်ခယ့်နှုတ်မှထွက်လာသော စကားလုံးတိုင်းက သူတို့အားလုံးကို ကြောက်စိတ်ဖြင့်တုန်ယင်စေသည်။
ဒါဘယ်လိုမိန်းကလေးမျိုးလဲ။ ကောင်းကင်က အထူးတလည်ဖန်ဆင်းပေးလိုက်တဲ့ လောကနတ်ဆိုးတစ်ကောင်လား။
လီနန်ခယ့်ကတော့ သူတို့ကို စိတ်ငြိမ်ဖို့အချိန်ပင်မပေးဘဲ စကားဆက်လာသည်။
"နောက်ပြီး ကျွန်တော့်ဘက်က ၉၀ရာခိုင်နှုန်းအထိသေချာတဲ့တစ်ချက်က လင်ကျောက်ယွဲ့ဟာ ဝမ်ယင်းယင်းကို ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်တစ်ခု ကတိပြုခဲ့မှာအသေအချာပဲ။ သမီးတစ်ယောက်အနေနဲ့ သူ့ရဲ့ညီအစ်မလိုချစ်ရတဲ့သူငယ်ချင်းကို အဖေနဲ့ပေးစားလက်ဆက်စေမယ်ဆိုတဲ့ ကတိပေါ့"
"ဝမ်ယင်းယင်းက ငယ်စဥ်ကတည်းက မာန်မာနကြီးပြီး သူတစ်ပါးအထက်မှာပဲနေလာခဲ့တဲ့ သခင်မလေးပဲ။ သူ့အတွက် စိတ်ကျေနပ်စေမဲ့အရာဆို နောက်ဆက်တွဲဘာတစ်ခုမှထည့်မစဥ်းစားဘဲ လုပ်လေ့ရှိတဲ့သူမျိုး။ ရှင်းရှင်းပြောရရင် ဦးနှောက်မရှိတဲ့မိန်းကလေး။ လင်ကျောက်ယွဲ့ရဲ့ဦးနှောက်ကို သူ့အနေနဲ့ လုံးဝလိုက်မမီနိုင်ဘူး"
"ဒီတော့ လင်ကျောက်ယွဲ့ရဲ့ သွေးဆောင်စည်းရုံးမှုအောက်မှာ ဝမ်ယင်းယင်းလည်း အလိုတူအလိုပါဖြစ်သွားရတယ်"
"နောက်တော့ သူတို့ပြင်ဆင်လာခဲ့တဲ့ နဂါးအကြောကြိုးနဲ့ ဝမ်ကျင်းအာကို သစ်ပင်နှစ်ပင်ကြားချည်နှောင်လိုက်ကြတယ်။ နဂါးအကြောကြိုးရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းနဲ့ဆို မိန်းမငယ်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို တစ်စစီဆွဲဖြတ်ဖို့ဆိုတာ ခက်နေမှာမဟုတ်ဘူး။ မှုခင်းအရတော့ မိစ္ဆာတစ်ကောင်ရဲ့ ရက်စက်တဲ့တိုက်ခိုက်မှု ဖြစ်သွားခဲ့တာပေါ့"
"ဒီနေရာမှာ လင်ကျောက်ယွဲ့ရဲ့ကနဦးအစီအစဥ်က အပြည့်အစုံပြီးစီးသွားခဲ့ပြီး။ ဆိုတော့ နောက်အစီအစဥ်က သူပြောသမျှယုံနေတဲ့ အရူးမဝမ်ယင်းယင်းအဖို့ပဲ"
"ဝမ်ယင်းယင်းက အလောင်းကို ဖျောက်ဖျက်နေတုန်း လင်ကျောင်ယွဲ့က အဝေးမှာစောင့်နေတဲ့ ဟယ့်ချင်းယွီကို အချက်ပြလိုက်တယ်။"
"ဒီလိုနဲ့ တိရိစ္ဆာန်သားရေစခြုံထားတဲ့ ဟယ့်ချင်းယွီက မိစ္ဆာအယောင်ဆောင် ထွက်ပေါ်လာတော့တာပဲ"
"အဲ့ဒီအချိန်မှာ ဝမ်ယင်းယင်းရဲ့ဦးနှောက်ကလည်း ဗလာသက်သက်ဖြစ်နေပြီ။ မိစ္ဆာတစ်ကောင်ပေါ်လာတာမြင်တော့ သေမတတ်ကြောက်လန့်ဖို့ကလွဲ ဘာမှထပ်မတွေးနိုင်တော့ဘူး"
"လင်ကျောက်ယွဲ့ကလည်း သူ့ရှေ့ကထွက်ပြေးသွားတာမြင်တော့ သူလည်းအနောက်ကလိုက်ဖို့ပဲရှိတော့တာပေါ့။ ဒီလိုနဲ့ မိန်းကလေးနှစ်ယောက်ဟာ ချောက်ကမ်းပါးအစွန်းရောက်တဲ့အထိ ပြေးသွားခဲ့ကြတယ်"
"အဲ့ဒီနေရာမှာ လင်ကျောက်ယွဲ့က သူ့ကိုတွန်းချခဲ့တယ်"
"ဒီနေရာမှာ လင်ကျောက်ယွဲ့က ဝမ်ကျင်းအာကိုသတ်ပြီး ဝမ်ယင်းယင်းကိုကျ ဘာလို့အပြီးမသတ်တာလဲလို့ မေးစရာပေါ်လာနိုင်တယ်"
"လင်ကျောက်ယွဲ့ရဲ့ဇာတ်လမ်းထဲမှာ ဒါက မိစ္ဆာတစ်ကောင်တိုက်ခိုက်လို့ ဖြစ်ရတဲ့မှုခင်းပဲမဟုတ်လား။ မိစ္ဆာတိုက်ခိုက်မှုမှာ သူတစ်ယောက်တည်းလွတ်အောင်ပြေးလာနိုင်ရင် သေချာပေါက် သံသယဝင်ခံရမှာပဲ"
"ဒီတော့ သူဆင်ထားတဲ့ဇာတ်လမ်းကို ပီပြင်အောင်ကဖို့ ဝမ်ယင်းယင်းကိုလည်း အသေမသတ်ဘဲ ရအောင်ဆွဲခေါ်လာနိုင်မှဖြစ်မယ်"
"ဝမ်ယင်းယင်းကို ချောက်ကမ်းပါးပေါ်ကတွန်းချပြီးမှ လင်ကျောက်ယွဲ့က ချောက်ကမ်းပါးအနိမ့်ပိုင်း ကျောက်ဖျာဆီသွားတဲ့ လမ်းကြောလေးအတိုင်းလိုက်ပြီး အတူလိုက်ခုန်ချတယ်"
"နောက်တော့ ဘာတွေဆက်ဖြစ်သလဲ အားလုံးသိပြီးကြပါပြီ"
"လင်ကျောက်ယွဲ့က အောက်ဘက်မှာရှိတဲ့ ချုံနွယ်ပိတ်ပေါင်းတွေကြောင့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ဘဲ ခြေတစ်ဖက်သာကျိုးခဲ့ပါတယ်ပေါ့"
"ကျွန်မတစ်ခုမေးစရာရှိတယ်" လိန်ရှင်းနန်က မျက်လုံးတောက်တောက်ဖြင့် ကြားဖြတ်ပြောလာသည်။
"အကယ်၍ ဘုရားကျောင်းမှာ ဝမ်ယင်းယင်းကသာ ဆုတောင်းစာလွှာကိုထုတ်ပြီး ဝမ်ကျင်းအာကိုထိပ်တိုက်ရင်ဆိုင်ခဲ့လိုက်ရင် ဒါတွေနောက်ကွယ်က လင်ကျောက်ယွဲ့ကြိုးကိုင်နေတယ်ဆိုတာ သူတို့သိသွားကြမှာမဟုတ်လား"
လီနန်ခယ့်က ခပ်သာသာရယ်သည်။
"ဟုတ်တာပေါ့။ ဒါပေမဲ့ တစ်ခုသိထားရမှာက လူတစ်ယောက်ကို သူခိုးလို့ ခင်ဗျားစိတ်ထဲကနေ သတ်မှတ်ထားပြီးသားဆိုရင် သူဘယ်လောက်ပဲ အပြစ်မရှိကြောင်း သက်သေပြနေနေ ခင်ဗျားစိတ်ထဲကသံသယက လျော့သွားမှာမဟုတ်ဘူး။"
"စိတ်လွတ်လက်လွတ်မွှန်နေတဲ့ ဝမ်ယင်းယင်းအတွက်တော့ ပိုဆိုးလိမ့်မပေါ့"
"ထိပ်တိုက်ရင်ဆိုင်ခဲ့ရင်တောင် ဝမ်ကျင်းအာဘက်က ဘာဆင်ခြေတွေပဲပေးလာပါစေ သူကယုံမှာမဟုတ်ဘူး။ ဝမ်ကျင်းအာအနေနဲ့ အသည်းနှလုံးကိုဆွဲထုတ်ပေးလာရင်တောင် ဝမ်ယင်းယင်းက စိတ်ပြောင်းတော့မှာမဟုတ်ဘူး"
လီနန်ခယ့်၏စကားလုံးများက ယုတ္တိမရှိလှသည့်တိုင် ဤအမှုတွင် လက်တွေ့ကျနေခဲ့သည်။
မတရားစွပ်စွဲခံရဖူးသူများသာလျှင် မိမိအပြစ်ကင်းကြောင်း မည်သို့ပင်သက်သေပြချင်သော်လည်း ဘာမှလုပ်ပိုင်ခွင့်မရှိသည့် ခံစားချက်ကို နားလည်နိုင်ကြပေလိမ့်မည်။
လင်ကျောက်ယွဲ့မှာ အလွန်အညှာအတာမဲ့သည်။
ဝမ်ကျင်းအာ မည်မျှအထိ မတရားခံခဲ့ရသည်ကို သူမအသိဆုံးဖြစ်သော်လည်း သူငယ်ချင်းဖြစ်သူကို ချောင်ပိတ်ရိုက်ကာ ဆက်လက်၍မတရားစွပ်စွဲရန် သူမရက်စက်နိုင်ခဲ့သည်။
"လင်ကျောင်ယွဲ့ရဲ့ ပထမအဆင့် အစီအစဉ်ကတော့ ပြီးသွားပြီ၊ အနည်းဆုံးတော့ သူမရဲ့ အမြင်မှာ ဘာတစ်ခုမှအပိုအလိုမရှိ ပြီးပြည့်စုံနေခဲ့တာပဲ။"
လီနန်ခယ့် မတ်တပ်ရပ်ရတာညောင်းလာသဖြင့် ထိုင်ခုံတစ်လုံးရှာကာ ထိုင်ချပြီးဆက်ပြောသည်။
"အခုတော့ ဒုတိယအစီအစဥ်ကို ဆက်သွားရမဲ့အချိန်ရောက်ပြီ။ အမှုရဲ့မျက်မြင်သက်သေ ဖခင်ရင်းဟယ့်ချင်းယွီကို သတ်ဖို့ပေါ့"
"နောက်ဆုံးတော့လည်း ဟယ့်ချင်းယွီဆိုတာ သူ့ဘဝအနာဂတ်လမ်းကို ပိတ်ပင်နေတဲ့ တစ်ခုတည်းသောအတားအဆီးမဟုတ်လား"
"ရှစ်လပိုင်းလေးရက်နေ့ညမှာ ဟယ့်ချင်းယွီက လင်အိမ်တော်တံတိုင်းကိုကျော်တက်ဖို့ ကြိုးစားခဲ့တယ်။ လင်ကျောက်ယွဲ့နဲ့ စကားပြောဖို့ပေါ့"
"ဒီအပြုအမူကနေ လင်ကျောက်ယွဲ့လည်း ဖခင်ရင်းကိုယုံလို့မရမှန်းသိသွားခဲ့တယ်။ တစ်ဖက်လူက ချက်ချင်းစိတ်ပြောင်းပြီး အစိုးရခုံရုံးမှာ သွားဝန်ခံလိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲ"
"ဒီတော့ ဖြစ်လာနိုင်သမျှအန္တရာယ်အားလုံးကို ချက်ချင်းအမြစ်ဖြတ်ပစ်မှ တော်ကာကျမယ်"
"ဒီလိုနဲ့ လင်ကျောက်ယွဲ့က သူ့ရဲ့ဦးနှောက်နဲ့စကားစွမ်းရည်ကို အပြည့်အဝအသုံးချပြီး အမေဖြစ်သူကိုစည်းရုံးခဲ့တယ်။ ချစ်သူဟောင်းဖြစ်သူ ဟယ့်ချင်းယွီကို သတ်ပေးဖို့ပဲ။"
"ရှန်းအာရဲ့ထွက်ဆိုချက်အရ ဟယ့်ချင်းယွီကို မောင်းထုတ်လိုက်ကြအပြီး မေရှင်းအာနဲ့လင်ကျောက်ယွဲ့ စကားများအော်ဟစ်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ လင်ကျောက်ယွဲ့ရဲ့ 'သူ့ကိုမသတ်ရင် သမီးသေမှာပဲ' ဆိုတဲ့စကားကို သူကြားခဲ့ရတယ်"
"ဒါဟာ မိခင်တစ်ယောက်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုပါပဲ။ လင်ကျောက်ယွဲ့ဘက်က အသက်နဲ့ခြိမ်းခြောက်ခဲ့လို့သာ မေရှင်းအာကဘက်ကအလျှော့ပေးလိုက်ရတာလို့ ကျွန်တော်ယုံကြည်တယ်"
"မေရှင်းအာကလည်း သူ့သမီးကို အသက်ပါပေးနိုင်လောက်တဲ့အထိ ချစ်ရှာတာကိုး"
"ရှန်းအာပြောခဲ့ဖူးတယ်။ လင်အိမ်တော်မီးလောင်မှုဖြစ်တဲ့တစ်ချိန်က သခင်မကြီးကို မမလေးကိုကယ်ဖို့ မီးထဲကို သက်စွန့်ဆံဖျားပြေးဝင်သွားခဲ့ဖူးတယ်တဲ့"
"တစ်ဖက်က မြတ်နိုးယုံကြည်ခဲ့ရတဲ့ ချစ်သူဟောင်း"
"တစ်ဖက်မှာလည်း ရင်နဲ့အမျှ အချစ်ရဆုံးသမီးငယ်"
"ပြင်းထန်တဲ့ နှလုံးသားတိုက်ပွဲတစ်ခုအပြီးမှာ သခင်မကြီးကတော့ ချစ်သူဟောင်းကိုစွန့်လွှတ်ပြီး သမီးဖြစ်သူကိုကယ်တင်ဖို့သာ ဆုံးဖြတ်ခဲ့တယ်"
***