ဤနေရာအရောက်တွင် အိမ်ရာထက်မှ မိန်းမလှမှာ ထိန်းမထားနိုင်တော့ဟန်ဖြင့် နင့်နင့်သည်းသည်း ငိုကြွေးလေတော့သည်။
လီနန်ခယ့်၏ ချက်ကျလက်ကျ ဖွင့်ထုတ်မှုများက နုနယ်ကြေကွဲနေသော နှလုံးသားကို သံကြိုးဖြင့် ထပ်မံရစ်ပတ်လိုက်သကဲ့သို့ ဖြစ်စေပြီး သွေးစိမ်းရှင်ရှင်ပန်းထွက်သည့်အလား နာကျင်လွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲစေသည်။
ယခုအချိန်ထိ သူမ၏ရွေးချယ်မှု မှန်ခဲ့သလား မှားခဲ့သလား မသေချာလှသေးပါ။
သို့သော် နောက်တစ်ကြိမ်ထပ်ကျော့လာခဲ့မည်ဆိုလျှင်ပင် သမီးဖြစ်သူကိုသာ ကူညီကယ်တင်ပေးလိမ့်ဦးမည်ဖြစ်၏။ သူမလုပ်ခဲ့သောအမှားကို သမီးဖြစ်သူထံ ပြန်လည်ပေးဆပ်ရမည့်တာဝန်ရှိသည်။
လီနန်ခယ့်က ငိုကြွေးနေသော အိမ်တော်သခင်မကို ငြိမ်သက်စွာစိုက်ကြည့်နေပြီး ဓားသွားလိုစကားလုံးများအား တစ်ဖန်ပြန်လည်သွန်ချပြန်သည်။
"အဲ့ဒီညမှာပဲ ခြေရာလက်ရာဖျောက်ဖို့အတွက် သခင်မကြီးနဲ့မိန်းကလေးလင်ဟာ အဖော်ပြုနှစ်သိမ့်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ခန်းတည်းအတူအိပ်ခဲ့ကြတယ်"
"ဒါပေမဲ့ သခင်မကြီးကတော့ လင်အိမ်တော်ကခိုးထွက်ခဲ့တာပေါ့"
"သူက ပိုင်ယွင်စားသောက်ဆိုင်မှာ အရက်သွားသောက်ဖို့လုပ်နေတဲ့ ဟယ့်ချင်းယွီကိုသွားတွေ့ပြီး အခန်းတစ်ခန်းထဲကိုခေါ်သွားခဲ့တယ်"
"သေရည်သောက်နတ်မိမယ်ပန်းကနေ ပြုလုပ်ထားတဲ့ မေ့ဆေးတွေကို သေရည်ထဲထည့်ပြီး ဟယ့်ချင်းယွီကို သတိလစ်သွားအောင်လုပ်တယ်"
"အဲ့ဒီနောက် သခင်မကြီးဟာ အခင်းဖြစ်ပွားရာနေရာကို သဘာဝကျအောင် စတင်ဖန်တီးပြင်ဆင်တော့တာပဲ။ ဟယ့်ချင်းယွီဟာ မူးမူးနဲ့ မီးဖိုကိုသေချာမကိုင်တွယ်ခဲ့တာကြောင့် မီးခိုးမွှန်ပြီးသေသွားတဲ့ပုံစံဖြစ်အောင်ပေါ့"
"ဟယ့်ချင်းယွီက လင်အိမ်တော်ကို လာခဲ့ဖူးတာကြောင့် အိမ်တော်နဲ့ ပတ်သက်မှုမရှိစေရအောင် အလောင်းဘေးမှာ ထုံးမှုန့်တွေကိုပါ ဖြန့်ကျဲထားခဲ့သေးတယ်။ အဲဒါတွေက အလောင်းပုပ်သိုးနှုန်းကို နှေးကွေးစေပြီး အရာရှိတွေရဲ့ ရင်ခွဲစစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေလို့ပဲ"
"အရှိအတိုင်းပြောရရင် ကျွန်တော်တော့ ဒီလောက်အသေးစိတ်ကျတဲ့လူသတ်မှုကို သခင်မကြီးစီစဥ်နိုင်လိမ့်မယ်လို့မထင်ပါဘူး။ လင်ကျောက်ယွဲ့က ခင်ဗျားကိုလက်ထပ်သင်ပေးခဲ့တာမဟုတ်လား"
မေရှင်းအာက မျက်ရည်အပြည့်မျက်လုံးများဖြင့် ပြတင်းအပြင်ကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။
လီနန်ခယ့်က သက်ပြင်းသာချသည်။
"ခင်ဗျားသမီးကတော့ မွေးရာပါ ရာဇဝတ်သားပဲ"
"ထုံးမှုန့်တွေပေကျံနေတဲ့ အဝတ်တွေကိုဖျောက်ဖျက်ဖို့ အဝတ်ဗီရိုထဲကြွက်ဝင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့ဒီအဝတ်ကို အဝတ်ဟောင်းတွေနဲ့ရောနှောပြီး အကုန်မီးရှို့စေခဲ့တယ်"
"ဒီအဆင့်ပြီးသွားပြီဆိုရင် လင်ကျောက်ယွဲ့ရဲ့ ဒုတိယအစီအစဥ်လည်း ပြီးမြောက်အောင်မြင်ပါပြီ"
"ဒါပေမဲ့ မျှော်လင့်မထားစွာနဲ့ အဲ့ဒီအချိန်မှာပဲ ကံကြမ္မာကသင်ခန်းစာတစ်ခုပေးလာတယ်။ လူသားတွေရဲ့တွက်ချက်မှုဟာ ကောင်းကင်ဘုံရဲ့အကွက်ချမှုကိုတော့ မကျော်လွန်နိုင်ကြောင်း သက်သေပေါ့"
"သူကိုယ်တိုင် ချောက်ကမ်းပါးပေါ်ကတွန်းချခဲ့တဲ့ အဲ့ဒီဝမ်ယင်းယင်းဟာ အသက်ရှင်နေဆဲဖြစ်ကြောင်း သတင်းကြားလိုက်ရတယ်လေ"
"ဝမ်ယင်းယင်းက အိမ်ရာပေါ်မှာ ကိုမာဝင်မေ့မျောနေပေသည့် အသက်ကိုတော့မဆုံးရှုံးခဲ့သေးဘူး"
"လင်ကျောက်ယွဲ့လည်း ထိတ်လန့်စပြုလာတယ်"
"ဝမ်ယင်းယင်းသာ သတိပြန်လည်လာရင် သူအားထုတ်ထားရသမျှ ရေစုန်မျောမှာပဲလေ။ ဒီတော့ ဝမ်ယင်းယင်းမြန်မြန်သေဖို့အရေး ကြံစည်ရပြန်ဦးမယ်"
"ဒီမိန်းကလေးကို ဘယ်လိုသတ်ကြမလဲ"
"အမေ့ကို သတ်ခိုင်းဦးမလား"
"မဖြစ်သေးဘူး၊ အမေကလူသတ်တဲ့နေရာမှာ အဲ့လောက်မတော်ဘူးလေ။ သတ်တာအောင်မြင်သွားတယ်ဆိုရင်တော့ လုံအောင်မဖုံးနိုင်ရင် အစီအစဥ်ကျရှုံးဦးမှာပဲ"
"ဟယ့်ချင်းယွီကို ထပ်သုံးဦးမလား"
"ဒါပေမဲ့ သနားစရာ အဖေရင်းဟာလည်း ချစ်သူဟောင်းလက်ချက်နဲ့ သေနှင့်ခဲ့ပြီးပြီ"
"လင်ကျောက်ယွဲ့ အရန်အစီအစဥ်တစ်ခုကို အသည်းအသန်စဥ်းစားနေချိန်မှာပဲ အကူအညီတစ်ခုက သူ့အလိုလိုရောက်လာတယ်"
"အဲ့ဒါကတော့ ကျွန်တော်တို့ရဲ့ ပညာသင်ဝမ်ပဲပေါ့"
"တကယ့်ပြဇာတ်ကြီးက အဲ့ဒီအချိန်မှာ တရားဝင်စခဲ့တာပဲ"
မေရှင်းအာတစ်ယောက် လုံးဝပြိုလဲလုနီးပါးဖြစ်နေသည်ကိုမြင်သောအခါ လီနန်ခယ့်က အိပ်ရာနံဘေးတွင်သွားထိုင်လိုက်ပြီး သခင်မကြီး၏လက်နုနုလေးတစ်ဖက်ကိုဆုပ်ကိုင်၍ နှစ်သိမ့်ပေးဖို့ကြိုးစားသည်၊
မေရှင်းအာ မခံနိုင်လောက်မည့် အမှန်တရားတစ်ခု ကျန်ရှိနေသေးသဖြင့် သူမဆက်တောင့်ခံနိုင်ဖို့လိုအပ်သည်။ ဤတစ်ချက်က သူ့မနှလုံးသားကို မွမွကြေအောင် ထိုးနှက်ပေလိမ့်မည်။
ထိုအမျိုးသမီးကို ဒီအချိန်ပြိုလဲခွင့်ပေးလိုက်လို့မဖြစ်သေး။
"ရှန်းအာရဲ့ထွက်ဆိုချက်အရ ဝမ်ကျင်းအာနဲ့လင်ကျောက်ယွဲ့က အခင်မင်ဆုံးနှစ်ယောက်ဆိုတာ ကျွန်တော်တို့သိခဲ့ရတယ်။ ဒါကြောင့် ပညာသင်ဝမ်ရဲ့ ကျင်းအာအပေါ် မရိုးရှင်းလှတဲ့ခံစားချက်တွေကို လင်ကျောက်ယွဲ့ကတော့ သေချာပေါက်သိထားမှာပဲ"
"ဒီတော့ ဒီအချက်ကိုအသုံးချပြီး သူများဓားနဲ့လူသတ်ဖို့အစီအစဥ်ကို စတင်ခဲ့လိုက်တာပေါ့"
"လင်ကျောက်ယွဲ့နဲ့ ပညာသင်ဝမ် ဘာတွေပြောလို့ပြောခဲ့မှန်း ကျွန်တော့်နားနဲ့မကြားခဲ့ရပေမဲ့ ရှန်းအာတို့မြင်ခဲ့ရသလောက် ခန့်မှန်းကြည့်ရရင်တော့ ပညာသင်ဝမ် သူ့ကိုလည်ပင်းထညှစ်တဲ့အထိ ဒေါသကိုတမင်သက်သက်ဆွပေးခဲ့လိမ့်မယ်ဆိုတာ သေချာတယ်။"
"ပညာသင်ဝမ်ကလည်း တစ်နည်းပြောရရင် စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်နေတဲ့လူ၊ အတွင်းစိတ်ထဲမှာ အစွန်းရောက်မှုတွေ ရန်လိုမှုတွေ ကိန်းအောင်းနေတဲ့သူ"
"ဒီလိုလူက လင်ကျောက်ယွဲ့ရဲ့စကားလုံးတွေကြောင့် ဝမ်ယင်းယင်းကို အဆုံးစွန်ထိ မုန်းတီးနာကျည်းသွားခဲ့တယ်"
"နောက်ပြီး အဘိုးချင်ရဲ့အမှုကိစ္စကိုရော အားလုံးမှတ်မိကြရဲ့မဟုတ်လား"
"အဲ့ဒီတုန်းကလည်း အဘိုးကြီးကိုစနောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝမ်ကျင်းအာအဝတ်လဲနေတဲ့အခန်းထဲ ဝင်သွားခိုင်းခဲ့တာပဲလေ"
"ဒီကိစ္စကြောင့် အဘိုးချင်လည်း ခြေထောက်ရိုက်ချိုးခံလိုက်ရပြီး လင်အိမ်တော်ကနေပါ မောင်းထုတ်ခံလိုက်ရသေးတယ်"
"ဝမ်ယင်းယင်းကလည်း အမှားကိုတာဝန်မယူလိုတဲ့အတွက် ဝန်ခံတဲ့နေရာမှာတောင် ဝမ်ကျင်းအာက အဘိုးချင်ကိုမြူဆွယ်တဲ့ပုံလုပ်ပြီး စနောက်ကျီစယ်ခဲ့တာလို့ ဆိုတယ်"
"နစ်နာသူဖြစ်ခဲ့ရတဲ့ ဝမ်ကျင်းအာက ဝမ်ယင်းယင်းစကားတွေထဲမှာ ပြစ်မှုကျူးလွန်သူ ဖြစ်ရပြန်တော့ မိန်းကလေးရဲ့ဂုဏ်သိက္ခာ သေချာပေါက်ထိခိုက်ရမှာပဲပေါ့"
"အမှန်တရားကိုသိပြီးတဲ့ ပညာသင်ဝမ်လည်း ဝမ်ယင်းယင်းကို လုံးဝခွင့်မလွှတ်နိုင်တော့ဘူး"
"အဲ့ဒီအချိန်ကလည်း ဝမ်ကျင်းအာသာ သူ့ကိုမတားခဲ့ရင် ပညာသင်ဝမ်က ဝမ်အိမ်တော်အထိသွားပြီး ဒီကိစ္စကို ထိပ်တိုက်စာရင်းရှင်းမိမှာအမှန်ပဲ"
"ဒီလို မဖြေရှင်းခဲ့ရတဲ့ ရန်ငြှိုးဟောင်းတွေပေါ် ဝမ်ယင်းယင်းကြောင့် ညီမငယ်သေဆုံးသွားရတာပါ ထပ်ပေါင်းတော့ ပညာသင်ဝမ် ဘယ်လိုစိတ်ငြိမ်ငြိမ်ထားနိုင်တော့မှာလဲလေ"
လီနန်ခယ့် လှောင်ရယ်သံဖြင့် လူအများရှေ့တွင်ပင် မေရှင်းအာ၏မျက်နှာထက်မှာ မျက်ရည်များကို အသာပွတ်သုတ်ပေးလိုက်သည်။
ထိုအပြုအမူကို လူကြီးလူကောင်းဆန်ပေသည်ဟု ဘယ်သူမှမထင်ကြပါ။
ထိုလူသည် အရက်စက်ဆုံးထိုးနှက်ချက်တစ်ခုအတွက် ပြင်ဆင်နေခြင်းသာဖြစ်မှန်း သူတို့အားလုံးသိထားကြသည်။
လီနန်ခယ့်က စကားဆက်သည်။
"ပညာသင်ဝမ်ထွက်သွားပြီးနောက် လင်ကျောက်ယွဲ့က ဘာတစ်ခုမှမစားမသောက် အငတ်ခံခဲ့သေးတယ်နော်"
"ဘာကြောင့်လဲ"
"ဘာကြောင့်လဲဆိုတော့ သူလည်းကြောက်နေခဲ့လို့ပေါ့"
"ဒေါသထွက်နေတဲ့ ပညာသင်ဝမ်က ညီမဖြစ်သူကို စွန့်ပစ်ထွက်ပြေးခဲ့တဲ့ သူ့ကိုပါလက်စားလာချေမယ်ဆိုတာ သူလည်းသိထားတယ်"
"ပညာသင်ဝမ်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ သာမန်လောက်ပဲရှိတာကြောင့် ဝမ်အိမ်တော်နဲ့လင်အိမ်တော်ထဲဖောက်ဝင်ပြီး လူသတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒီလိုဆို သတ်ဖို့နည်းလမ်းကတစ်ခုပဲရှိတော့တယ်။ အဆိပ်ခတ်တာပဲ"
"ပညာသင်ဝမ်ရဲ့လူသတ်နည်းကို ရိပ်မိတဲ့အတွက် လင်ကျောက်ယွဲ့ ဘာတစ်ခုမှမစားသောက်ဘဲ စောင့်ဆိုင်းနေခဲ့တယ်"
"သတင်းကောင်း ရောက်လာမဲ့အချိန်ကိုပေါ့"
"သူလည်း မနားမနေဆုတောင်းနေခဲ့ရတာပါပဲ။ ပညာသင်ဝမ်တစ်ယောက် စိတ်လျှော့မသွားဖို့၊ လက်စားချေတာကိုဆက်လုပ်ဖို့ ဆုတောင်းနေခဲ့ရတာ။ ဒါမှသူလည်း အစီအစဥ်သစ်စနိုင်မှာလေ"
"ပညာသင်ဝမ်ကလည်း စိတ်ပြန်အေးမဲ့လူစားမဟုတ်ပါဘူး"
"ဒီလိုနဲ့ ရှစ်လပိုင်းခြောက်ရက်နေ့မှာ ဝမ်ယင်းယင်းဟာ မိုးနီအိပ်မက်ကမ္ဘာထဲမှာ အသတ်ခံလိုက်ရတယ်"
"ဝမ်မိသားစုရဲ့အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေတဲ့ လင်ကျောက်ယွဲ့လည်း ဝမ်ယင်းယင်းရဲ့သေဆုံးမှုရော သေပုံသေနည်းကိုပါ ချက်ချင်းသိလိုက်တယ်"
"ပညာသင်ဝမ်ရဲ့ လူသတ်နည်းကိုသိလိုက်ရမှ လင်ကျောက်ယွဲ့ အကြောက်ပြေနိုင်တော့တာပဲ"
"ဒီလိုနဲ့နောက်တစ်နေ့မှာ သူ့ဘာသာသူ အစာပြန်စားလာခဲ့တယ်"
"ဒါတောင် မိန်းကလေးက သတိကြီးကြီးထားတုန်းပဲ။ မိုးနီရေတွေ အမြောက်အများစားသုံးမိပြီး ဗီဇပြောင်းမိစ္ဆာဖြစ်သွားမှာ ကြောက်ရသေးတာကိုး"
"ဒါကြောင့် ပန်းကန်လုံးလေးနဲ့ တစ်ဝက်စာပဲစားခဲ့တာပေါ့"
"အရာရှိလိန်စစ်ကြည့်ခဲ့တဲ့ ဆန်ပြုတ်ပန်းကန်ထဲမှာ ဆန်ပြုတ်တစ်ဝက်ပဲစားထားတာ မှတ်မိသေးတယ်မဟုတ်လား"
"ဟုတ်တယ်" ကောကန်းကဝင်ပြောသည်။
"အဲ့တုန်းက ဆန်ပြုတ်တစ်ဝက်ပဲစားထားတာ ကျွန်တော်မှတ်မိတယ်"
လီနန်ခယ့်က ရယ်သည်။
"ပိုပြီးအာမခံချက်ရှိအောင် မိန်းကလေးက အစေခံမလေးတစ်ယောက်ကို ညကင်းလှည့်တပ်ဖွဲ့ရုံးတော်ဆီကြိုလွှတ်ထားဖို့ အမေဖြစ်သူကို ညွှန်ကြားခဲ့သေးတယ်"
"မိုးနီအိပ်မက်ဆိုးက အာနိသင်ပြဖို့ ငါးနာရီလောက်အချိန်လိုတာကိုး"
"ဆိုလိုတာက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အိပ်မက်လျှောက်လှမ်းသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ညကင်းလှည့်အဖွဲ့ကလူတွေက သူ့ကို အချိန်မီလာရောက်ကယ်တင်နိုင်မှာပဲလေ"
"အဲ့ဒီအချိန်မှာ လင်ကျောက်ယွဲ့ရဲ့ သူများဓားနဲ့လူသတ်တဲ့အစီအစဥ်က အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီ"
"ပညာသင်ဝမ် အဖမ်းခံလိုက်ရရင်တောင် သူနဲ့လာဆက်နွယ်စရာအကြောင်း လုံးဝမရှိတော့ဘူး။ သူလည်း နစ်နာသူတစ်ယောက်ဖြစ်ခဲ့ရတာဆိုတော့ ဘယ်သူမှသူ့ကို သံသယဝင်စစ်မေးလိုစိတ် ရှိတော့မှာမဟုတ်ဘူး"
"ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကံကြမ္မာကစပြီး ကစားပြန်တော့တာပဲ"
"မိန်းကလေးရဲ့ဉာဏ်ရည်ကို တမင်စမ်းသပ်နေသလားတောင် မှတ်ရတယ်"
"အစီအစဥ်တွေ အကုန်ပြီးစီးလို့ ကန့်လန့်ကာချတော့မဲ့အချိန်မှာ ဟယ့်ချင်းယွီက ပြန်လည်ရှင်သန်နိုးထလာခဲ့တာကိုး"
"လင်ကျောက်ယွဲ ဂရုတစိုက်တွက်ချက်စီစဥ်ထားတဲ့ အရာတွေအားလုံး ဒီအချိန်မှာပြိုလဲသွားခဲ့ပြီး ဦးတည်ရာမဲ့ ဖရိုဖရဲဖြစ်ကုန်ကြတယ်"
"ဒါပေမဲ့ အဲ့ဒီထဲမှာ ထိန်းချုပ်ရအခက်ဆုံးကံကြမ္မာကတော့ ကျွန်တော်လီနန်ခယ့် ပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်"
လီနန်ခယ့်က အောင်နိုင်သူတစ်ယောက်သံဖြင့် ဝင့်ကြွားစွာဆိုလေသည်။
***