“သခင်ကြီး…” ဝမ်မိသားစုမှ အကြီးအကဲတစ်ဦးက မြှောက်ပင့်သော အပြုံးဖြင့် ဆိုလိုက်သည်။
ဝမ်ဟောက်ကျဲ့ကလည်း အေးစက်စွာ ပြုံးရင်း “လုဖေလင်းက မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းသွားပြီ။အဲ့သတင်းကို အချိန်တန်ရင် တစ်ယောက်ယောက်ကို သတင်းလွှင့်ခိုင်းလိုက်၊ လုမိသားစုထဲမှာ လုဖေလင်းလိုပဲ မိစ္ဆာမျိုးနွယ်နဲ့ ပူးပေါင်းနေတဲ့သူတွေ အများကြီးရှိနေပြီဆိုတဲ့ သတင်းပါတစ်ခါတည်းလွင့်လိုက်”ဟု အမိန့်ပေးလိုက်သည်။
ထိုအခါ ဝမ်မိသားစုမှ အထူးအကြီးအကဲ၏ မျက်လုံးများ တောက်ပသွားပြီး ပြုံးလျက်ပင် “အဲဒီအချိန်ကျရင် ငါတို့ဝမ်မိသားစုက ဘာမှလုပ်စရာတောင် မလိုတော့ဘူး။ ချောင်းနယ်ပယ်ထဲက အစွမ်းထက်ပုဂ္ဂိုလ်တွေအကုန်လံုး လုမိသားစုကို ဝိုင်းတိုက်ကြလိမ့်မယ်”ဟုထပ်မံပြောကြားခဲ့သည်။
ဝမ်ဟောင်ကျဲ့ကလည်း “ဒါက အသေချာဘဲပေါ့” ဟု ဆိုကာ ပြုံးလိုက်သည်။
ဝမ်မိသားစု ထွက်ခွာသွားပြီးနောက် လုရိီဖျင်သည် သူ၏ညီမရှိရာသို့ သွားခဲ့သည်။ လုကျိီချင်း၏ ခြံဝင်းအတွင်း၌ လုကျိီချင်းသည် လွန်ခဲ့သော ရက်အနည်းငယ်က လုရိီဖျင်ပေးခဲ့သည့် ဓားဖြင့် ဓားသိုင်းလေ့ကျင့်နေခဲ့သည်။
ဓားရှိန်အဟုန်မှာ ဒေါင်လိုက်နှင့်အလျားလိုက် ခုတ်ချက်နှစ်ချက်လုံးတွင် ပြင်းထန်နေပြီး ဓားအလင်းတန်းများကြား နေမင်းနှင့် လမင်းတို့၏ နိမ့်တုံမြင့်တုံ အရိပ်အယောင်များပင် ထင်ဟပ်နေသည်။ ထိုဓားသိုင်းသည်လည်း လုရီဖျင်မှ ယခုရက်ပိုင်းအတွင်း သူမအား သင်ကြားပေးထားခြင်း ဖြစ်သည်။
သူ့ညီမ၏ ဓားသိုင်းကို ကြည့်ပြီး လုရိီဖျင်က တိတ်တဆိတ် ခေါင်းညိတ်မိသည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ့ညီမ၏ ဓားသိုင်းမှာ များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။
“အစ်ကိုကြီး…” လုရီဖျင် ရောက်လာသည်ကို မြင်သောအခါ လုကျိီချင်းက ဓားသိုင်းကို ရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် လျှောက်လာခဲ့သည်။
လုရိီဖျင်က ပြုံးလျက် “ဓားသိုင်းက ကောင်းပါတယ်။ ဒါပေမဲ့ ဒီ နေလဓားသိုင်း အစုအဝေးအတွက်ဆိုရင် အောင်မြင်အောင် လေ့ကျင့်နိုင်ဖို့ နေနဲ့လရဲ့ နိယာမတွေကို မကြာခဏ လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်”ဟုပြောလိုက်သည်။
“နားလည်ပါပြီ အစ်ကိုကြီး…” လုကျိီချင်းက ချိုသာစွာ ပြုံးပြရင်း လုရီဖျင်၏ လက်မောင်းကို ဆွဲကာ ကျောက်စားပွဲရှိရာသို့ သွား၍ ထိုင်လိုက်ကြသည်။
လုရိီဖျင်ကလည်း ပြုံးလျက် မေးလိုက်သည် “နိယာမသီးကို စားသုံးပြီးပြီလား”
လုကျိီချင်းက ရယ်မောလျက် “ညီမက ထျန်းကျွင့်အစောပိုင်းအဆင့်ပဲ ရှိသေးတာ။ အခုချိန်မှာ နိယာမသီးကို စားသုံးလိုက်ရင် အရမ်းနှမြောစရာကောင်းတယ်လို့ ခံစားရလို့ပါ။ ထျန်းကျွင့် အဆင့်နှောင်းပိုင်း ဒါမှမဟုတ် အထွတ်အထိပ်အဆင့်ရောက်မှ စားသုံးပြီး ဖော်စပ်ဖို့ စီစဉ်ထားတာ”ဟုပြောလိုက်သည်။
လုရိီဖျင်က ခေါင်းခါယမ်းကာ “မလိုပါဘူး၊ ဒီလို နိယာမသီးမျိုးကို အခုပဲ စားသုံးဖော်စပ်လို့ ရပါတယ်။ အစ်ကိုကြီးက မင်းအတွက် နိယာမကို စောင့်ရှောက်ပေးမယ်၊နောက်ရက်အနည်းငယ်ကြာလို့ မင်းရဲ့ အဆင့်အတန်း တည်ငြိမ်သွားရင် အစ်ကိုကြီးက နောက်ထပ်တစ်လုံး ထပ်ပေးလို့ရတယ်”ဟုပြောလိုက်သည်။
“အခုပဲ စားသုံးဖော်စပ်ရမှာလား” လုကျိ္ချင်း အံ့ဩသွားသည်။
လုရိီဖျင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
သူ့တွင်ရှိသော ကံကောင်းခြင်းကျောက်စိမ်းပြားကို စကြဝဠာ၏ နယ်စပ်ဒေသတွင် တွေ့ရှိခဲ့ကြောင်း ဖုန့်ဒံုယွမ်ထံမှ သူသိရှိခဲ့ရသည်။ ဖုန့်ဒံုယွမ်ပေးခဲ့သော စာတွင် တိကျသောနေရာကို ညွှန်ပြထားသဖြင့် လုရိီဖျင်သည် စကြဝဠာနယ်စပ်သို့ သွားရောက်ကာ အခြားသော ကံေကာင်းခြင်းကျောက်စိမ်းပြားများကို ရှာဖွေရန် စီစဉ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် စကြဝဠာနယ်စပ်သို့ မသွားမီ လုကျိီချင်း၏ အစွမ်းကို တတ်နိုင်သမျှ မြှင့်တင်ပေးလိုခြင်း ဖြစ်သည်။
ခဏအကြာတွင် လုကျိီချင်းသည် နိယာမသီးကို ထုတ်ယူကာ လုရိီဖျင်၏ စောင့်ရှောက်မှုအောက်တွင် စားသုံးလိုက်ပြီး ဖော်စပ်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်သည်။
မကြာမီ လုကျိီချင်း၏ တစ်ကိုယ်လုံးတွင် အလင်းများ တောက်ပလာပြီး နိယာမ၏ ရောင်ခြည်တန်းများ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံသွားခဲ့သည်။
လုကျိီချင်းမှာ ထျန်းကျွင့်အဆင့်သာ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သူတော်စင်စွမ်းအင် များ ပြည့်နှက်နေခဲ့သည်။ ၎င်းမှာ နိယာမသီး၏ သူတော်စင်စွမ်းအား၊ နိယာမစွမ်းအားနှင့် သူတော်စင်ဧကရာဇ်တို့မှ ထွက်ပေါ်လာသော စွမ်းအင်များဖြစ်သည်။
မူလက လုကျိီချင်း၏ အဆင့်ဖြင့်ဆိုလျှင် သူတော်စင်တစ်ပါး၏ နိယာမသီးကို ဖော်စပ်ရန် အလွန်ခက်ခဲပြီး နှေးကွေးမည်ဖြစ်သော်လည်း၊ လုရိီဖျင်၏ သူတော်စင်စွမ်းအား ကာကွယ်မှုအောက်တွင် လုကျိီချင်း၏ ဖော်စပ်မှုမှာ အလွန်မြန်ဆန်ပြီး ချောမွေ့နေခဲ့သည်။
နိယာမအတွင်းရှိ သူတော်စင်စွမ်းအား၊ နိယာမစွမ်းအားနှင့် သူတော်စငဧကရာဇ်ခန္ဓာ၏ မူလစွမ်းအားများသည် လုကျိီချင်း၏ စွမ်းအင်ေသွးကြောများ နှင့် ဝိညာဉ်ထဲသို့ အဆက်မပြတ် စီးဝင်သွားခဲ့သည်။
မိနစ်အနည်းငယ်တိုင်းတွင် လုကျိီချင်း၏ အရှိန်အဟုန်မှာ သိသိသာသာ ပိုမိုအားကောင်းလာသည်။
တစ်လတိတိ ကြာပြီးနောက်တွင် လုရီဖျင်၏ အကူအညီဖြင့် လုကျိီချင်းသည် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။လုရီဖိင်၏ အကူအညီသာ မပါခဲ့ပါက လုကျိီချင်းတစ်ယောက်တည်းအနေဖြင့် ၎င်းကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် နှစ်ပေါင်း ရာနှင့်ချီ၊ သို့မဟုတ် ထောင်နှင့်ချီ ကြာမြင့်မည်ဖြစ်သည်။
သို့သော်လည်း လုရိီဖျင်သည် သူ့ညီမ၏ အဆင့်အတန်း မတည်ငြိမ်ဖြစ်မှာကို စိုးရိမ်သဖြင့် နိယာမသီးရှိ သူတော်စင်စွမ်းအား၊ နိယာမစွမ်းအားနှင့် မူလစွမ်းအား အများစုကို လုကျိီချင်း၏ ခန္ဓာကိုယ်အတွင်း၌ပင် သိုလှောင်ထားစေခဲ့သည်။ နောင်တွင် လုကျိီချင်း ကျင့်ကြံသည့်အခါ ထိုစွမ်းအားများသည် ဆက်လက်စီးထွက်လာခဲ့ပြီး လျင်မြန်စွာ တိုးတက်လာစေရန် ကူညီပေးလိမ့်မည်ဖြစ်သည်။
ညီမဖြစ်သူ၏ ဖော်စပ်မှု အောင်မြင်သည်ကို မြင်ရသောအခါ လုရီဖျင်သည် စကြဝဠာနယ်စပ်သို့ သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ညီမ၏ ခြံဝင်းအတွင်းမှ ထွက်လာသည်နှင့် လုမိသားစု တပည့်အများအပြား၏ ဝမ်းနည်းကြေကွဲဖွယ်နှင့် ဒေါသတကြီး ငိုကြွေးသံများကို ကြားလိုက်ရသည်။
စုံစမ်းကြည့်လိုက်သောအခါ ယခုရက်ပိုင်းအတွင်း ဝမ်မိသားစု နယ်မြေထဲသို့ ဝင်ရောက်သွားသည့် လုမိသားစု တပည့်အားလုံးကို ဝမ်မိသားစုက ကိုယ်လက်အင်္ဂါများ ပျက်စီးအောင် ပြုလုပ်ပြီး နယ်မြေပြင်ပသို့ ပစ်ထုတ်လိုက်ကြောင်း လုရီဖျင် သိရှိလိုက်ရသည်။
တစ်လအတွင်းမှာပင် လုမိသားစု တပည့်ပေါင်း သောင်းနှင့်ချီ၍ စွမ်းအင်များ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
လုမိသားစု၏ ခန်းမဆောင်ကြီးအတွင်း၌ လုကန်းနှင့် လုယီကျီတို့ စိတ်ပျက်စွာ ထိုင်နေခဲ့ကြသည်။
“ဒီတစ်ေခါက် ဝမ်ဟောက်ကျဲ့ လုပ်ရပ်က လွန်သွားပြီ” လုကန်းက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်လေသည်။
စွမ်းအားဖျက်ဆီးခံရသည့် တပည့်များထဲတွင် လုမိသားစု၏ သာမန်တပည့်များသာမက အမာခံတပည့် အများအပြားလည်း ပါဝင်နေသည်။ သူ၏ မြေးတစ်ယောက်ပင်လျှင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
လုယီကျီကလည်း မကျေမနပ် ညည်းတွားလိုက်သည် “တကယ်လို့ လုရိီဖျင်သာ မရှိရင် ငါတို့မိသားစုက တပည့်တွေ အခုလိုမျိုး ဝမ်မိသားစုရဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာကို ခံရမှာ မဟုတ်ဘူး”
“ငါတို့နဲ့ ဝမ်မိသားစုကြားမှာ ခင်မင်ရင်းနှီးမှု အတန်အသင့် ရှိခဲ့တာပဲ” လုပင်းကလည်း ထပ်ဆင့်ေပြာခဲ့သည်။ “လုရီဖျင်ကသာ သူ့သဘောနဲ့သူ ဇွတ်မလုပ်ခဲ့ရင် ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်လာပါ့မလဲ”
လုကန်းက ဘာမှဝင်မပြောသော်လည်း သူသည်လည်း လုရိီဖျင်အပေါ် တော်တော်လေး မကျေမနပ် ဖြစ်နေမိသည်။
လုရီဖျင် ပြန်ရောက်လာသည့် တစ်လကျော်အတွင်း လုမိသားစုမှာ အေးချမ်းမှု ကင်းမဲ့သွားခဲ့သည်။ လုမိသားစု၏ သူတော်စင်ဧကရာဇ်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦး ဆုံးရှုံးခဲ့ရသည့်အပြင် ဝမ်မိသားစုနှင့်လည်း ရန်ငြိုးဖွဲ့မိသွားကြသည်။
“အကြီးအကဲ ကျီကျူးကဘယ်တော့ ပြန်လာမှာလဲ” လုယီကျီက လုကန်းကို မေးလိုက်သည်။
“လတ်တလော လုမိသားစုရဲ့ ကိစ္စရပ်အားလုံးကို ကျိီကျူးဆီ အစီရင်ခံစာ ပို့ထားပြီးပြီ။ ဒါပေမဲ့ ကျိီကျူး ပြန်ရောက်ဖို့ နောက်ထပ် တစ်လလောက် လိုသေးတယ်” ဟု လုကန်းက ဆိုလိုက်သည်။
ယခုအခါ သူသည်လည်း လုမိသားစုကို ပြန်လည်ထိန်းကျောင်းရန် ကျိီကျူး ပြန်အလာကို စိုးရိမ်တကြီး မျှော်လင့်နေမိသည်။ ကျိီကျူးသည် လုမိသားစု၏ နံပါတ်တစ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အထွပ်ထိတ် သူတော်စင်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ သူ၏ ချင်းယွမ်တိမ်တိုက် မှာလည်း ဆယ်ဧကခန့်အထိ ကျယ်ဝန်းလှသည်။
“ကျိီကျူးသာ ပြန်ရောက်လာရင် လုရိီဖျင်အတွက် ပြေးပေါက်ရှိမှာ မဟုတ်တော့ဘူး” လုယီကျီက အေးစက်စွာ ဆိုလိုက်သည် “အဲဒီအချိန်ကျရင် သူ ကျိီကျူးရဲ့ အပြစ်ပေးမှုကို သေချာပေါက်ခံရမှာဘဲ”
“မိသားစုရဲ့ သူတော်စင်နဲ့ သူတော်စင်ဧကရာဇ်တွေကို သတ်ဖြတ်တာ၊ မိသားစု စည်းမျဉ်းတွေကို လျစ်လျူရှုတာ၊ ဒီအပြစ်တွေတင်ပဲ သေဒဏ်ပေးဖို့ လုံလောက်နေပြီ”
နောက်တစ်နေ့တွင် လုရိီဖျင်သည် လုမိသားစုမှ ထွက်ခွာခဲ့သည်။
မထွက်ခွာမီ လုရီဖျင်သည် သူ မရှိသည့်အချိန်တွင် မိသားစုဌာနချုပ်မှ အပြင်သို့ မထွက်ရန် ညီမဖြစ်သူကို မှာကြားခဲ့သည်။ တစ်စုံတစ်ရာ ဖြစ်ပွားပါက ရွှယ်ကျူးထံသို့ သွားရောက်အကူအညီတောင်းရန်လည်း မှာကြားခဲ့သည်။ လုကျိီချင်းသည်လည်း လုရိီဖျင်၏ စကားများကို တစ်လုံးမကျန် မှတ်သားထားလိုက်သည်။
လုရိီဖျင် ထွက်ခွာသွားပြီး မကြာမီမှာပင် ချောင်းနယ်ပယ်ဘုရင်၏ တပည့်ဖြစ်သူ လုံချင်းသည် လုရီဖျင် လုမိသားစုမှ ထွက်သွားကြောင်း သိရှိသွားခဲ့သည်။
လုရီဖျင် ထွက်လာမည့်အချိန်ကို စောင့်နေသည့် လုံချင်းသည် သတင်းကို ကြားလျှင်ကြားချင်း အလွန်ပင် စိတ်လှုပ်ရှားသွားသည်။
“လုရီဖျင် ဘယ်ဘက်ကို ဦးတည်သွားတာလဲ၊ ဘယ်ကို သွားမှာလဲ ဆိုတာ သိလား” ဟု သူ၏ တပည့်များဖြစ်သော ချမ်းဒဲ့လူ နှင့် ချောင်းနင်ကို မေးလိုက်သည်။
ချမ်းဒဲ့လူက အလျင်အမြန်ပင် “လုရိီဖျင်က လုမိသားစု နယ်မြေကနေ ထွက်ပြီးနောက် ချင်းလုံပင်လယ် ဘက်ကို ဦးတည်သွားပါတယ်” ဟု ဖြေကြားခဲ့သည်။
“ချင်းလုံပင်လယ်လား...” လုံချင်းက ရေရွတ်လိုက်သည်။
ခဏအကြာတွင် ပုံရိပ်ရှစ်ခုသည် လေထဲသို့ ပျံတက်သွားကြပြီး လုံချင်းနန်းတော်မှ ထွက်ခွာသွားကြလေတော့သည်။
ယခုတစ်ကြိမ်တွင်မူ လုံချင်းသည် လူအများအပြား ခေါ်ဆောင်မလာခဲ့ပေ။ သူကိုယ်တိုင်အပါဝင် ချမ်းဒဲ့လူ နှင့် ချောင်းနင် တို့အပြင် သူတော်စငဧကရာဇ် ငါးပါးကိုသာ ခေါ်ဆောင်လာခဲ့သည်။
ထိုသူတော်စင်ဧကရာဇ်ငါးပါးစလုံးမှာ လုံချင်း၏ လက်အောက်ခံ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြပြီး သူ့အပေါ် အလွန်သစ္စာရှိကြသူများဖြစ်သည်။ ထို့ကြောင့် သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာမလိုပေ။ ထို့ပြင် သူတော်စင်ဧကရာဇ်ငါးပါးမှာ အားနည်းသူများလည်း မဟုတ်ကြချေ။ ၎င်းတို့ထဲမှ တစ်ဦးမှာ အလွန်အစွမ်းထက်ပြီး လုံချင်းနှင့် ရင်ပေါင်တန်းနိုင်လုနီးပါး ရှိသည့်အပြင် ကျင့်စဉ်အဆင့်မှာလည်း ချင်းယွမ်တိမ်တိုက် လေးဧကကျော်အထိ ကျင့်ကြံထားနိုင်သူဖြစ်သည်။
လုံချင်းနှင့် အခြားသူများသည် ချင်းလုံပင်လယ်ဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။ သူသည် လုရီဖျင်မရောက်လာမီ ချင်းလုံပင်လယ်သို့ အရင်ရောက်ရှိကာ နေရာအနှံ့ ဝိုင်းရံပိတ်ဆို့ထားလိုခြင်း ဖြစ်သည်။
“လုရီဖျင်... ချင်းလုံပင်လယ်ကမင်းရဲ့ သင်္ချိုင်းကုန်း ဖြစ်ေစရမယ်” ဟု ချမ်းဒဲ့လူက ရန်ငြိုးတကြီးဖြင့် ပြောဆိုလိုက်သည်။
လုံချင်းသည် သူတပည့်ဖြစ်သူ၏ နာကျည်းမှုကို ခံစားမိသဖြင့် “စိတ်မပူနဲ့၊ လုရီဖျင် ဘယ်လိုမှ ထွက်ပြေးလို့ မရစေရဘူး” ဟု နှစ်သိမ့်လိုက်သည်။
သူ၏ ကိုယ်ပိုင်အစွမ်းအစကို ထည့်မတွက်ထားလျှင်ပင် သူ၏လက်အောက်ခံ သူတော်စင်ဧကရာဇ်ငါးပါး စုပေါင်းတိုက်ခိုက်ရုံဖြင့် လုရီဖျင်ကို သတ်ဖြတ်ရန် လုံလောက်လှသည်ဟု သတ်မှတ်ထားလေသည်။
***