လုရီဖျင်သည် လုံချင်းနှင့် လူရှစ်ယောက်လုံး၏ မဟာတာအိုအသီးအပွင့်များကို သန့်စင်ပြီးနောက် ချမ်းဒဲ့လူ နှင့် ချောင်းနင်တို့၏ အသီးများကို ဆက်လက်မသန့်စင်တော့ပေ။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အတန်းဖြင့်ဆိုလျှင် သူတော်စင်ဧကရာဇ်အဆင့်ရှိသော ချမ်းဒဲ့လူနှင့် ချောင်းနင်တို့၏ တာအိုအသီးများသည် သူ့အတွက် အကျိုးသက်ရောက်မှု သိပ်မရှိတော့ခြင်းကြောင့် ဖြစ်သည်။
လုရီဖျင်သည် လုံချင်းနှင့် အခြားသူများ၏ မှတ်ဉာဏ်အပိုင်းအစများကို ထုတ်ယူ၍ စတင်ကြည့်ရှုလိုက်သည်။
ယခင်က ကျန့်မုသစ်ပင်သည် သူတော်စင်ဧကရာဇ်အချို့၏ စွမ်းအင်များကို ဝါးမြိုခဲ့သော်လည်း လုံချင်းကိုမူ သတ်ဖြတ်ခြင်း မရှိသေးပေ။
လုံချင်းနှင့် အခြားသူများ၏ မှတ်ဉာဏ်အပိုင်းအစများကို ကြည့်ရှုပြီးနောက် ရှစ်ဦးမြောက်လူသည် ချင်းလုံပင်လယ် ဖြစ်ရပ်ကို မသိရှိကြောင်း လုရီဖျင် အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် သူသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် လုံချင်းအပါအဝင် ရှစ်ဦးလုံးကို သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
လုရီဖျင်သည် မတ်တပ်ရပ်ကာ အစီအရင်ကို ရုပ်သိမ်းလိုက်ပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ စကြဝဠာ၏ အစွန်အဖျားဒေသသို့ ဆက်လက်ဦးတည်သွားခဲ့သည်။
ထိုသို့ဖြင့် လုရီဖျင်သည် ခရီးသွားနေစဉ်အတွင်းမှာပင် မသေဆံုးနိုင်ေသာ ကောင်းကင်သစ်သားအတတ်ပညာကို လေ့ကျင့်နေခဲ့သည်။ တစ်ခါတစ်ရံ ညနေစောင်းချိန်များတွင် ခရီးတစ်ထောက်ရပ်နားကာ နေမင်းဟိဗစ်စကပ်ပင်ကို အသုံးပြု၍ အသားကင်ခြင်းနှင့် သေရည်သောက်ခြင်းတို့ကို ပြုလုပ်တတ်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိဘဲ ဖြတ်သန်းလာခဲ့ရာ အတိုင်းအဆမရှိ ကြီးမားကျယ်ပြန့်သော မြို့တော်ကြီးတစ်ခုသည် လုရီဖျင်၏ အမြင်အာရုံထဲသို့ ပေါ်လာခဲ့သည်။
ထိုမြို့သည် စကြဝဠာ၏ အစွန်အဖျားတွင် တည်ရှိသော တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော် ပင် ဖြစ်သည်။
စကြဝဠာ၏ နယ်ခြားဒေသတွင် အဓိကမြို့ကြီးလေးမြို့ရှိပြီး တောင်၊ မြောက်၊ အရှေ့၊ အနောက် ဟု ခွဲခြားထားသည်။ မြို့တစ်မြို့စီတွင် လူသားစစ်သည် ကုဋေပေါင်းများစွာက စောင့်ကြပ်နေကြသည်။ ထိုမြို့ကြီးလေးမြို့ကြောင့်ပင် မိစ္ဆာများနှင့် လူရိုင်းမျိုးနွယ်စုများသည် လူသားတို့နယ်မြေအတွင်းသို့ အလွယ်တကူ ကျူးကျော်မဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်မှာ အလွန်ကြီးမားလှသည်။ မြို့တစ်မြို့တည်းကပင် နတ်ဘုံရှိ တိုက်ကြီးပေါင်းသောင်းချီလောက်ထိ ကျယ်ဝန်းသည်။ ၎င်းသည် စကြဝဠာ၏ နယ်စပ်နှင့် နီးကပ်နေသော်လည်း အမည်နာမနှင့်မလိုက်အောင်ပင် လူသူဆိတ်သုဉ်းခြင်းမရှိဘဲ အလွန်ပင် စည်ကားလှသည်။ မြို့တွင်း၌ မရေမတွက်နိုင်သော ခမ်းနားထည်ဝါသည့် အိမ်ဂေဟာများနှင့် ဆိုင်ခန်းများရှိနေပြီး ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူများ အဆက်မပြတ် သွားလာဝင်ထွက်နေကြသည်။
ထို့အပြင် ကုန်သည်အဖွဲ့များစွာလည်း ရှိနေသည်။
တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်ကို ကျော်လွန်သွားလျှင် စကြဝဠာ၏ နယ်ခြားဒေသသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုနယ်ခြားဒေသတွင် ရှားပါးလှသော ကမ္ဘာဦးအစ ချောင်းဆေးသစ်ဥသစ်ဖုများနှင့် ဟုန့်မုန် ဆေးသစ်ဥသစ်ဖုများ ရှိနေနိုင်သည်။ ထိုနေရာတွင် ကမ္ဘာဦးကာလ သို့မဟုတ် ကမ္ဘာတည်စကာလမှ သက်ရှိများစွာ ရှိနေသဖြင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် စီးပွားရေးအခွင့်အလမ်းများမှာ အကန့်အသတ်မရှိပေ။ ထို့ကြောင့်ပင် ကုန်သည်အဖွဲ့အမြောက်အမြားသည် ထိုမြို့တော်သို့ လာရောက်ကြခြင်း ဖြစ်သည်။
လုရီဖျင်သည် လူအုပ်ကြားထဲတွင် ရောနှောကာ မြို့တော်ထဲသို့ လှမ်းဝင်ခဲ့သည်။
လူသားနယ်မြေဘက်မှ မြို့တွင်းသို့ ဝင်ရောက်လာသူများကို တပ်က စစ်ဆေးမှု သိပ်မရှိသော်လည်း စကြဝဠာနယ်ခြားဒေသဘက်မှ ပြန်လာသူများကိုမူ အလွန်ပင် တင်းကျပ်စွာ စစ်ဆေးတတ်ကြသည်။
“ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်းကျောက်မျက်တာဝါကတကယ်ပဲ ပေါ်လာတာလား”
“ဟုတ်တယ် အတုမဟုတ်ဘူး၊တချို့လူတွေ သူတို့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ။ အဲဒီတာဝါသာမဟုတ်ရင် ဒီလောက်အံ့ဩဖို့ကောင်းတဲ့ ရွှမ်ဟွမ်း စွမ်းအင်တွေ ဘယ်လိုထွက်လာပါ့မလဲ”
“ဒါလည်း သေချာလှတာတော့ မဟုတ်ဘူး၊ ကမ္ဘာဦးသစ်ပင်ကလည်း ရွှမ်ဟွမ်းစွမ်းအင်တွေကို ထုတ်ပေးနိုင်တယ်လို့ ငါကြားဖူးတယ်”
လုရီဖျင် မြို့ေတာ်ထဲသို့ ရောက်ပြီး မကြာမီမှာပင် ထိုတာဝါနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
“ကောင်းကင်နှင့်မြေကမ္ဘာရဲ့ ရွှမ်ဟွမ်းကျောက်မျက်တာဝါ ဟုတ်လား” လုရီဖျင် မိမိဘာသာ ရေရွတ်လိုက်သည်။
ထိုတာဝါသည် စကြဝဠာ၏ ချောင်း ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် အလွန်ခိုင်ခံ့ပြီး ကာကွယ်ရေးစွမ်းအားမှာ ချောင်းခေါင်းလောင်းနှင့် မရှေးမနှောင်းပင် ဖြစ်သည်။ အချို့မှာ ချောင်းခေါင်းလောင်းသည် စကြဝဠာတွင် နံပါတ်တစ် ကာကွယ်ရေးရတနာဟု ဆိုကြသော်လည်း အချို့မှာမူ ထိုတာဝါကိုသာ နံပါတ်တစ်ဟု သတ်မှတ်ထားကြသည်။
ထိုအရာကပင် တာဝါ၏ ကာကွယ်ရေးစွမ်းအား မည်မျှကြီးမားကြောင်း သက်သေပြနေခဲ့သည်။
ထို့အပြင် ၎င်းတာဝါ၏ အတွင်းပိုင်း၌ အလွှာကိုးလွှာပါဝင်သော ဟင်းလင်းပြင်ရှိပြီး အားကောင်းသော ရန်သူများကိုပင် ပိတ်လှောင်ထားနိုင်သည်။
ကျွမ်းကျင်သူအချို့၏ ပြောစကားများအရ ထိုတာဝါသည် ခေတ္တမျှသာ ပေါ်လာခဲ့ပြီး ယခုအခါ ပြန်လည်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း လုရီဖျင် သိလိုက်ရသည်။မည်သို့ပင်ဆိုစေကာမူ အဖွဲ့အစည်းအသီးသီးမှ ကျွမ်းကျင်သူများ ရောက်ရှိလာကြသည်။
မြို့တော်အတွင်း၌ ချောင်းဘုရင် လုံချိန် ၏ အကြီးဆုံးတပည့် ချန်လင်းချောင်း ဒုတိယတပည့် လုကျန်း နှင့် တတိယတပည့် တုလီ တို့သည်လည်း ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်ကျောက်မျက်တာဝါ ပေါ်ထွန်းလာသည့် သတင်းကို ကြားသိရသဖြင့် တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်သို့ အလျင်အမြဲ ဦးတည်လာနေကြပြီဖြစ်သည်။
၎င်းတို့သည် မြို့တော်သို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
“စတုတ္ထမြောက် ညီလေးနဲ့ အခုထိ အဆက်အသွယ် မရသေးဘူးလား”
ချန်လင်းချောင်းသည် ဒုတိယတပည့် လုကျန်းကို မေးလိုက်သည်။ သူဆိုလိုသည်မှာ လုံချင်း ကို ဖြစ်သည်။
လုကျန်းက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည် “သူဘာမှ ပြန်မပြောသေးဘူး အစ်ကိုကြီး။ ကျွန်တော် လူလွှတ်ပြီး စုံစမ်းကြည့်တော့ စတုတ္ထညီလေးနဲ့အတူပါသွားတဲ့ သူတော်စင် ဧကရာဇ် ၅ ပါး၊ ပြီးတော့ ချမ်းဒဲ့လူ နဲ့ ချောင်းနင်တို့လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဂူသင်္ကန်းကျောင်းကနေ ထွက်သွားကြတာ၊ အဲ့နောက်ပိုင်းတည်းက ပျောက်ချက်သားကောင်းနေတာပဲ။ သူတို့ ဘယ်သွားတယ်ဆိုတာလည်း ဘယ်သူမှ မသိကြဘူး”
ချန်လင်းချောင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ညီဖြစ်သူအပါအဝင် ရှစ်ဦးလုံး ရက်ပေါင်းများစွာ တပြိုင်တည်း ပျောက်ကွယ်နေခြင်းမှာ ပုံမှန်မဟုတ်ပေ။
“အစ်ကိုကြီး... စတုတ္ထညီလေး ပျောက်ဆုံးနေတာကို ဆရာ့ဆီ သတင်းပို့သင့်ပြီလို့ ထင်တယ်”
ဒုလီက ဝင်ပြောခဲ့သည်။ သူမ၏အမြင်အရ ပျောက်ဆုံးနေသော လုံချင်းအပါအဝင် ရှစ်ဦးလုံးမှာ အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်ခြေများနေသည်။ ထိုသို့မဟုတ်ပါက ယခုမျှနှစ်ကြာသည်အထိ သတင်းအစအန မရဘဲေပျာက်နေမည်မဟုတ်ပေ။
ချန်လင်းချောင်းသည် ဒုလီ ဆိုလိုသည်ကို နားလည်သော်လည်း ၎င်းတို့၏ ညီလေးကို တိုက်ခိုက်ဝံ့မည့်သူ ရှိလိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။
မည်သူမှ သတ္တိကောင်းပြီး ၎င်းတို့၏ စတုတ္ထမြောက်ညီလေးကို ရန်ပြုဝံ့မည်မဟုတ်ပေ။
မိစ္ဆာမျိုးနွယ် သို့မဟုတ် လူရိုင်းမျိုးနွယ်များမှလူများလားဟုပင် သံသယဝင်မိသည်။
“ဆရာက အခု ကံကောင်းခြင်းကျောက်စိမ်းပြားကို သန့်စင်ဖို့ တရားထိုင်နေတာ။ ချောင်းနယ်မြေရဲ့ လုံခြုံရေးနဲ့ မပတ်သက်ရင် သူ့ကို မနှောင့်ယှက်ဖို့ မှာထားတယ်” ချန်လင်းချောင်းက စဉ်းစားဆင်ခြင်ပြီး ပြောလိုက်သည် “စတုတ္ထညီလေး ကိစ္စကိုတော့ ငါတို့သုံးယောက် အရင်စုံစမ်းကြည့်ကြတာပေါ့။ တကယ်လို့ ဘာမှ ရှာမတွေ့တော့မှပဲ ဆရာ့ကို သတင်းပို့ကြမယ်”
လုကျန်းနှင့် ဒုလီတို့ကလည်း သဘောတူ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ၎င်းတို့သုံးဦးသည် လက်အောက်မှ ကျွမ်းကျင်သူများကို ဦးဆောင်ကာ တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ယခုတစ်ခေါက်မှာ ကျောက်မျက်တာဝါနှင့် ပတ်သက်နေသဖြင့် ၎င်းတို့သုံးဦးလုံးသည် အားကောင်းသော သူတော်စင်ဧကရာဇ်များကို ခေါ်ဆောင်လာကြသည်။ တစ်ဦးလျှင် သူတော်စင်ဧကရာဇ် ၅ ပါးစီဖြင့် စုစုပေါင်း သူတော်စင်ဧကရာဇ် ၁၅ ပါး ပါဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် စကြဝဠာ၏ တောရိုင်းဒေသ တစ်နေရာရှိ မိစ္ဆာနန်းတော် အတွင်း၌ လူတစ်ယောက်သည် မိစ္ဆာဘိုးဘေး လော့ဟူ ထံသို့ လုရီဖျင်ကို တောင်ပိုင်းမြို့တော်တွင် တွေ့ရှိကြောင်း သတင်းပို့လိုက်သည်။
လုရီဖျင်သည် လုဖေးလင်ကို သတ်ဖြတ်ကာ ဝိညာဉ်ဆွဲထုတ်ခြင်းဆူးချွန် ကို လုယူသွားခဲ့သဖြင့် မိစ္ဆာဘိုးဘေး လော့ဟူသည် လွန်ခဲ့သော ရက်များကတည်းက လုရီဖျင်၏ သဲလွန်စကို ရှာဖွေခိုင်းထားခြင်း ဖြစ်သည်။
“အိုး... သူက တောင်ပိုင်းမြို့တော်ကို ရောက်နေတာလား” မိစ္ဆာဘိုးဘေး လော့ဟူက အံ့ဩသွားကာ “ ကောင်းကင်နှင့်မြေကမ္ဘာ ရွှမ်ဟွမ်ကျောက်မျက်တာဝါ ကြောင့် ရောက်နေတာများလား” ဟု ရေရွတ်လိုက်သည်။
လော့ဟူ၏ လက်အောက်ခံ သူတော်စင်ဧကရာဇ်တစ်ပါးဖြစ်သူ ရင်ဖုန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည် “ငါတို့ မိစ္ဆာမျိုးနွယ်ဝင်တွေကို သတ်တဲ့သူက တောင်ပိုင်းမြို့တော်ကို လာရဲသေးတယ်ပေါ့။ ဒါက ကိုယ့်သေတွင်းကိုယ် တူးတာပဲမလား”
လုဖေးလင်မှာ မိစ္ဆာမျိုးနွယ်၏ အစေခံခွေးတစ်ကောင်မျှသာ ဖြစ်သော်လည်း သူတော်စင်ဧကရာဇ်အဆင့်ရှိသော ခွေးဖြစ်နေသည့်အတွက် မိစ္ဆာမျိုးနွယ်အနေဖြင့် ထိုကိစ္စကို မေ့ပျောက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဝိညာဉ်ဆွဲထုတ်ခြင်းဆူးချွန်လက်နက်မှာလည်း လုရီဖျင်၏ လက်ထဲတွင် ရှိနေဆဲဖြစ်သည်။
လော့ဟူသည် ရင်ဖုန်းကို တစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည် “တောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်ကိုသွားပြီး လုရီဖျင်ကို ငါ့ဆီခေါ်လာခဲ့။ ပြီးတာ့မှတ်ထား... သူ့ကို အရှင်ခေါ်လာခဲ့ကြ”
ရင်ဖုန်းက ရိုသေစွာဖြင့် ပြန်ပြောလိုက်သည် “စိတ်ချပါ အရှင်မိစ္ဆာဘိုးဘေး၊ ကျွန်တော်သေချာ ဆောင်ရွက်ခဲ့ပါ့မယ်။ လုရီဖျင်က ကျွန်တော့်ရှေ့မှာ သေချင်တယ်ဆိုရင်တောင် သေခွင့်မေပးဘဲ ခေါ်လာခဲ့ပါ့မယ်” ရင်ဖုန်းသည် သူတော်စင်ဧကရာဇ် ၁.၁ ဘီလီယံ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ညီမျှသော ထိပ်တန်းအဆင့် သူတော်စင်ဘုရင်တစ်ပါး ဖြစ်သည်။
မကြာမီမှာပင် ရင်ဖုန်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တောင်ပိုင်းမြို့တော်သို့ အပြင်းခရီးနှင်သွားတော့သည်။
တောင်ပိုင်းမြို့တော်အတွင်းရှိ လုရိီဖျင်သည် သူ၏မှတ်ဉာဏ်အရ မြို့တော်ရှိ ဝမ်လုံအရက်ဆိုင် သို့ ရောက်ရှိလာခဲ့သည်။
ဝမ်လုံအရက်ဆိုင်သည် တောင်ပိုင်းမြို့တော်တွင် အလွန်အရေးပါသော ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဆိုင်ထဲသို့ ရောက်သောအခါ လုရီဖျင်သည် လွတ်နေသော နေရာတစ်ခုတွင် ထိုင်ကာ ဝမ်လုံမြတ်စွာအရက် သေရည်အိုးပေါင်း တစ်သောင်းကို မှာယူလိုက်ရာ လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
သူသည် ဝလင်အောင် သောက်စားပြီးနောက် ဆိုင်ထဲမှ ထွက်လာချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်သည်။ တားဆီးသူမှာ ဝမ်မိသားစု၏ အကြီးအကဲ ဝမ်ဟောင်ကျဲ့ နှင့် သူ၏ နောက်လိုက် ကျွမ်းကျင်သူများပင် ဖြစ်သည်။
ယခုတစ်ခေါက် ရွှမ်ဟွမ်းကျောက်မျက်တာဝါ ပေါ်ထွန်းလာသဖြင့် ဝမ်ဟောင်ကျဲ့သည်လည်း သူ၏မိသားစုမှ ကျွမ်းကျင်သူအမြောက်အမြားကို ဦးဆောင်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။
“မိတ်ဆွေ လုရီဖျင်... ငါတို့ ထပ်တွေ့ကြတာ တိုက်ဆိုင်လှချည်လား” ဝမ်ဟောင်ကျဲ့က လုရီဖျင်ကို တားဆီးကာ ပြုံးလျက်ပြောလိုက်သည် “မိတ်ဆွေက တကယ်ကို ချမ်းသာကြွယ်ဝတာပဲ။ ဝမ်လုံမြတ်စွာအရက်သေရည် အိုးတစ်သောင်းကို တစ်ခါတည်း ဝယ်နိုင်တယ်ဆိုတော့... ကျွန်တော်တို့တောင် တစ်အိုးသောက်ဖို့ အသေအချာ စဉ်းစားနေရတာ”
ဝမ်ဟောင်ကျဲ့က လုရီဖျင်အား ချမ်းသာသည်ဟု ပြောေနခြင်းမှာ လုရီဖျင်၏ လက်ထဲတွင် ဟုန့်မုန်စွမ်းအင် အမြောက်အမြား ရှိနေသည်ဟု သွယ်ဝိုက်၍ ဆိုလိုခြင်းဖြစ်သည်။
“ကိစ္စရှိလို့လား” လုရီဖျင်သည် တစ်ဖက်လူကို အေးစက်သော လေသံဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဘာမှတော့ မဟုတ်ပါဘူး” ဝမ်ဟောင်ကျဲ့က ရယ်မောကာ ပြန်ပြောသည် “တွေ့တုန်းခဏ နှုတ်ဆက်တာပါ” ထို့နောက် သူသည် ဝမ်မိသားစုဝင်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်အကွာတွင် သူက ရပ်တန့်ကာ လှည့်ပြောလိုက်သည် “မိတ်ဆွေ လုရီဖျင်က ရွှမ်ဟွမ်းကျောက်မျက်တာဝါ အတွက် လာတာလား၊ ဒါဆိုရင်တော့ သတိထားဖို့ လိုလိမ့်မယ်။ ဒီတောင်ပိုင်းလူသူဆိတ်သုဉ်းရာမြို့တော်ကနေ ထွက်ခွာရတာ သိပ်ပြီး ငြိမ်းချမ်းလှမယ် မထင်ဘူး”
***