"မရီး... ရှောင်ဟွေးနဲ့ ကျွန်တော် မရီးကို တောင်းပန်ဖို့ လာတာပါ"
သစ်သီးတချို့ဆွဲပြီး အခန်းထဲ ဝင်ဝင်ချင်းပဲ ဆောင်ယုက အကြိမ်ကြိမ် တောင်းပန်စကားဆိုရင်း ရိုရိုသေသေ ခေါင်းညိတ်ပြတယ်။ တစ်ချိန်တည်းမှာပဲ ဆစ်ရှောင်ဟွေးကိုလည်း ထုန်ယောင်ကို တောင်းပန်ဖို့ အချက်ပြလိုက်တယ်။
အပြစ်ရှိသလို ခံစားနေရတဲ့ ဆစ်ရှောင်ဟွေးက ထုန်ယောင်ကိုတောင် မကြည့်ရဲဘဲ အထစ်ထစ်အငေါ့ငေါ့နဲ့ စကားစပြောတယ်။
"မရီး... အဲဒီနေ့က သမီး မှားသွားတယ်။ မရီးကို အော်မပြောသင့်ဘူး။ မရီး သမီးကို ရိုက်တာ မှန်ပါတယ်။ ဆက်ပြီး စိတ်မဆိုးပါနဲ့တော့။ အဲဒီနေ့က ရိုက်လိုက်ရတာ အားမရသေးဘူးဆိုရင် ထပ်ရိုက်ပါ၊ သမီး လုံးဝ ပြန်မလုပ်ဘူးလို့ ကတိပေးပါတယ်။ မရီးက သမီးအပေါ် ဒီလောက်ကောင်းတာကို သမီးက ကျေးဇူးမသိတတ်ခဲ့တာပါ။ သမီးက ကျေးဇူးကန်းခဲ့တယ် ဆိုတာကို အခု သမီး သိပါပြီ"
အဲဒီနောက် ဆောင်ယုကလည်း သူ့ဘက်ကနေ အမြန် ဝင်တောင်းပန်တယ်။ "မရီး... သူ့အစား ကျွန်တော့်ကိုသာ ရိုက်လိုက်ပါ။ ကျွန်တော်က အသားမာတော့ ခံနိုင်ရည်ရှိပါတယ်။ မရီး စိတ်ပြေသွားမယ်ဆိုရင် ရိုက်ချင်တဲ့ အချိန်တိုင်းသာ ရိုက်လိုက်ပါ"
သူတို့ရဲ့ နှိမ့်ချနေတဲ့ ပုံစံကို ကြည့်ပြီး ထုန်ယောင်က သူတို့လုပ်ရပ်တွေကို တကယ့်ကို ထူးဆန်းနေတယ်လို့ ခံစားလိုက်ရတယ်။ "နင်တို့နှစ်ယောက် သရဲများ ပူးနေတာလား"
မနေ့ကမှ ဒေါသတကြီးနဲ့ မာနထောင်လွှားနေပြီး သူများအကူအညီနဲ့ လက်စားချေဖို့ ကြိုးစားနေခဲ့တာလေ။ အခုကျမှ ရုတ်တရက် အသိတရားတွေ ဝင်လာပြီး လာတောင်းပန်နေတာက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဘယ်သူမဆို ထူးဆန်းတယ်လို့ ထင်မှာပဲ။
နေမင်းကြီး အနောက်ဘက်ကနေ ထွက်လာသလိုမျိုးပဲ။
ဆစ်ဝေမင်းကများ သူတို့ကို နှင်ထုတ်လိုက်တာလားမသိဘူး။
အဲဒီလို အမေးခံရတော့ ဆောင်ယုက နေရခက်တဲ့ ပုံစံနဲ့ အတင်းပြုံးပြီး ပြန်ဖြေတယ်။ "မရီးကလည်း နောက်နေပြန်ပါပြီ။ ကျွန်တော်တို့ သရဲပူးနေတာ မဟုတ်ပါဘူး။ မနေ့က ကျွန်တော်တို့ လုပ်ရပ်က လွန်သွားတယ်လို့ ခံစားရလို့ လာတောင်းပန်တာပါ။ ဒီရက်ပိုင်း အိမ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်မိပြီး ကျွန်တော်တို့ အမှားတွေကို တကယ် သဘောပေါက်သွားလို့ပါ"
ဆစ်ရှောင်ဟွေးကလည်း ဖြည့်ပြောတယ်။ "မရီး... သမီး တကယ် မှားသွားမှန်း သိပါပြီ။ အရင်က အရာအားလုံးက သမီးအမှားတွေချည်းပါပဲ။ လူကြီးတစ်ယောက်လို သဘောထားကြီးကြီးနဲ့ သမီးကို ခွင့်လွှတ်ပေးပြီး အရေးမယူဘဲ နေပေးလို့ မရဘူးလားဟင်။ တို့အမေလည်း လီစီးတီးကို ပြန်သွားပြီ။ မရီးနဲ့ အစ်ကိုကြီးကပါ သမီးကို စိတ်ဆိုးနေတုန်းပဲဆိုရင် သမီးမှာ တကယ်ကို အားကိုးစရာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူးလေ"
သူ့စကားထဲက အဓိက ဆိုလိုရင်းကို ကြားလိုက်ရတော့ ထုန်ယောင် မျက်ခုံးပင့်လိုက်ပြီး "အမေ ဘယ်တုန်းက လီစီးတီး ပြန်သွားတာလဲ" လို့ မေးလိုက်တယ်။
"ဒီမနက်တင်" ဆစ်ရှောင်ဟွေးက နှုတ်ခမ်းဆူပြီး ပြန်ဖြေတယ်။ "မနေ့ညက အမေ ဒီကနေ ထွက်သွားပြီးတော့ ငိုယိုပြီး အိမ်ပြန်ဖို့ လက်မှတ် ဖြတ်လိုက်တာပဲ"
အစကတော့ ထုန်ယောင်က သူ့အမေကို အနိုင်ကျင့်နေတယ်လို့ ဆစ်ရှောင်ဟွေး ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှ ယွမ်ချိုင်ကျိန်း ကွာရှင်းချင်နေတယ် ဆိုတာကို ဦးလေးလေးဆီကနေ သူ သိလိုက်ရတယ်။ ဦးလေးလေးက မိန်းမဖြစ်သူကို အရင်ချော့ချင်နေတော့ သူနဲ့ ဆောင်ယုကို အိမ်ကနေ ထွက်သွားဖို့ စီစဉ်လိုက်တာ။
ဆိုင်ဖွင့်ဖို့ ကိစ္စက အသာထားဦး၊ ကျိုတိုမှာ ဆက်နေခွင့် ရတာကိုက ကံကောင်းတယ်လို့ ဆိုရမယ်။ ဒီနေ့ပဲ ဦးလေးလေးက ဆေးရုံနဲ့နီးတဲ့ အိမ်တစ်လုံး သူ့အတွက် ရှာပေးခဲ့တယ်။ လောလောဆယ် သူနဲ့ ဆောင်ယုကို ဂရုစိုက်ဖို့ အချိန်မရတော့လို့၊ တစ်ခုခု ပြဿနာရှိရင် အစ်ကိုကြီးဆီ အကူအညီ တောင်းဖို့ကိုလည်း သွယ်ဝိုက်ပြီး ပြောသွားသေးတယ်။
ဦးလေးလေးက သူ့ကို စွန့်ပစ်လိုက်ပြီဆိုတာ ဆစ်ရှောင်ဟွေး သိတယ်။ ခဏတာပါလို့ သူပြောခဲ့ပေမယ့် ဘယ်တော့မှ သူ့ကို ပြန်ဂရုစိုက်လာမလဲ၊ ဒါမှမဟုတ် တစ်သက်လုံး ပြန်ဂရုမစိုက်တော့ဘူးလား ဆိုတာကို သူ သေချာ မသိဘူးလေ။
ဦးလေးလေး ရှာပေးတဲ့ ဆောင်ယုအတွက် အလုပ်ကလည်း သိပ်မကောင်းဘူး။ သံမဏိစက်ရုံက အလုပ်တစ်ခုပဲ။ မိုးလင်းကနေ မိုးချုပ်အထိ မနားတမ်း လုပ်ရပေမယ့် ပိုက်ဆံလည်း သိပ်ရမှာ မဟုတ်ဘူး။ ဆောင်ယုက အဲဒီလို အလုပ်မျိုး မလုပ်ချင်သလို၊ သူကလည်း ပေးမလုပ်ချင်ဘူး။ အဲဒီအလုပ်က အနာဂတ် မရှိဘူးလို့ ခံစားရပြီး၊ သူများတွေကို ပြောပြဖို့လည်း ရှက်စရာကောင်းတယ်လေ။
သေချာ စဉ်းစားပြီးတဲ့နောက်၊ မာနကို မြိုသိပ်ပြီး ထုန်ယောင်ရဲ့ နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်တစ်ခု တောင်းဖို့ သူ ဆုံးဖြတ်လိုက်တာ။
"သူ ပြန်သွားပြီလား" ထုန်ယောင်က ဒါကို ထူးဆန်းနေတယ်။ မနေ့ညက ဆစ်ချန်က လင်းဖန်ရင်းကို အိမ်ပြန်ပို့ပေးမယ်လို့ ပြောတုန်းက သူက ငြင်းခဲ့တာလေ။ ဘာလို့ တစ်ညတည်းနဲ့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ။
"အန်တီလေးက ဦးလေးလေးကို ကွာရှင်းချင်နေတာ။ အန်တီလေးကို ချော့ဖို့အတွက် ဦးလေးလေးက အမေ့ကို အိမ်ပြန်ဖို့ လက်မှတ် ဝယ်ပေးလိုက်တာ။ ပြီးတော့ သမီးတို့ကိုလည်း ပြောင်းခိုင်းပြီး ဆောင်ယုအတွက် အလုပ်တစ်ခု ရှာပေးခဲ့တယ်" ထုန်ယောင်ကို အလိုလိုက်ဖို့အတွက် ဆစ်ရှောင်ဟွေးက ဘာမှ မဖုံးကွယ်ထားဘဲ အရာအားလုံးကို ပြောပြလိုက်တယ်။
"..."
ထုန်ယောင် မျက်လုံးလှန်ကြည့်လိုက်တယ်။ သူနဲ့ ပြန်အဆင်ပြေချင်နေကြတာ မဆန်းပါဘူး။ သူတို့ နှင်ထုတ်ခံလိုက်ရတာကိုး။
"မရီး... သမီး တကယ် မှားသွားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်"
ဆစ်ရှောင်ဟွေးက အရှက်မရှိဘဲ ထုန်ယောင်ရဲ့ လက်မောင်းကို ဖက်တွယ်ပြီး ချစ်စရာကောင်းအောင် ဟန်ဆောင်နေပေမယ့် ဝမ်းနည်းစရာက ထုန်ယောင်က ဆစ်ဝေမင်း မဟုတ်ဘူးလေ။ သူက အဲဒီအကွက်ထဲ မဝင်ဘဲ လက်ကို ရုန်းထွက်လိုက်ပြီး ဒီကိစ္စကို ဆစ်ချန်ဆီ လွှဲချလိုက်တယ်။
"ငါ့ဆီလာပြီး ဒီလိုတွေ လာမလုပ်နဲ့။ ငါက အငြိုးကြီးတယ်။ နင့်အစ်ကိုကိုပဲ သွားချော့တာ ပိုကောင်းမယ်။ နင်တို့နှစ်ယောက်က မောင်နှမတွေဆိုတော့ သူနဲ့ ပြန်အဆင်ပြေအောင် လုပ်ရတာ ပိုလွယ်လောက်ပါတယ်"
ဆစ်ရှောင်ဟွေး နှုတ်ခမ်းဆူလိုက်တယ်။ "မရီး... အစ်ကိုကြီးက မရီးစကား နားထောင်တယ်ဆိုတာ လူတိုင်း သိတာပဲဟာ။ မရီးနဲ့ အိမ်ထောင်ကျကတည်းက အိမ်မှာ မရီးကပဲ အမြဲတမ်း ဆုံးဖြတ်ချက် ချနေတာလေ"
ထုန်ယောင် တခစ်ခစ် ရယ်လိုက်တယ်။ "အဲဒါကို နင် ရှင်းရှင်းလင်းလင်း သိနေတာပဲ"
"မရီး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်။ သမီး တကယ် မှားသွားမှန်း သိပါပြီ။ ဒါမှမဟုတ် အခု သမီးကို ထပ်ရိုက်လိုက်ပါ" ထုန်ယောင် နည်းနည်း ပျော့သွားတာကို မြင်တော့ ဆစ်ရှောင်ဟွေးက ထုန်ယောင်ရဲ့ လက်ကို ဆွဲယူပြီး သူ့ကိုယ်ပိုင် မျက်နှာကို ပြန်ရိုက်နေတယ်။ ဒီနေ့ ဘာပဲဖြစ်ဖြစ် ထုန်ယောင်နဲ့ ပြန်အဆင်ပြေအောင် လုပ်မယ်လို့ သူ ဆုံးဖြတ်ထားပုံရတယ်။
ထုန်ယောင် စိတ်ရှုပ်လာပြီမို့ မျက်မှောင်ကြုတ်ပြီး သတိပေးလိုက်တယ်။ "ပြဿနာ လာမရှာနဲ့တော့၊ မဟုတ်ရင် ထွက်သွား"
ဒါကို မြင်တော့ ဆောင်ယုက ဆစ်ရှောင်ဟွေးကို ဘေးကို အမြန်ဆွဲဖယ်လိုက်တယ်။ "မရီး... စိတ်မဆိုးပါနဲ့ဗျာ။ ရှောင်ဟွေးက မရီး သူ့ကို ခွင့်လွှတ်ဖို့ တကယ် လိုချင်နေလို့ပါ"
ထုန်ယောင် သူတို့ကို နှင်ထုတ်မှာ စိုးရိမ်လို့ သူက စကားလမ်းကြောင်း အမြန်လွှဲလိုက်တယ်။ "အစ်ကိုကြီး အလုပ်ဆင်းတော့မယ် မဟုတ်လား။ ကျွန်တော်တို့ သူ့ကို ဒီမှာပဲ စောင့်နေလိုက်မယ်လေ"
စားပွဲပေါ်မှာ ပြင်ဆင်ထားတဲ့ ညစာကို မြင်တော့ ဆောင်ယု ဗိုက်ဆာလာတယ်။ သူနဲ့ ဆစ်ရှောင်ဟွေးတို့ ညစာ မစားရသေးဘူးလေ။
ထုန်ယောင်က ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ဖြေတယ်။ "နင်တို့ သဘောပဲလေ"
သူက အရူးမှ မဟုတ်တာ။ ဆစ်ရှောင်ဟွေး သူ့ကို လာတောင်းပန်နေတာက တစ်ခုခု အကူအညီ တောင်းစရာ ရှိနေလို့ဆိုတာ သူ သိတယ်။ ဆစ်ရှောင်ဟွေးကို မြင်ရတာ ခေါင်းကိုက်စရာ ကောင်းပြီး၊ သူ့ကိစ္စတွေကို နည်းနည်းလေးမှ သူ ဝင်မပါချင်ဘူး။
ဆစ်ရှောင်ဟွေးက ကပ်ခွာပလာစတာ တစ်ခုလိုပဲ။ တစ်ခါ ကပ်သွားပြီဆိုရင် ပြန်ခွာထုတ်ဖို့ တော်တော် ခက်တာ။
ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယုတို့က ဧည့်ခန်းထဲမှာ မိနစ်နှစ်ဆယ်နီးပါးလောက် တိတ်တိတ်လေး ထိုင်နေရင်း ထုန်ယောင် အိမ်ထဲမှာ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေတာကို ကြည့်နေကြတယ်။ တစ်ခါတလေ ပစ္စည်းတွေ ရှင်းလင်းနေပြီး၊ တစ်ခါတလေ အဝတ်တွေ ခေါက်နေကာ သူ လုံးဝကို အနားမနေဘူး။
ပျင်းလာတာနဲ့ ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယုတို့က သူတို့ ယူလာတဲ့ စပျစ်သီးတွေကိုပဲ အကုန် စားပစ်လိုက်ကြတယ်။
ထုန်ယောင် အခန်းထဲ ရောက်နေတုန်း စားပွဲပေါ်က အစားအသောက် တချို့ကို ခိုးစားမလားလို့ သူ စဉ်းစားနေတုန်းမှာပဲ ဆစ်ချန် ပြန်ရောက်လာတယ်။
အချိန်အခါ မဟုတ် ပြန်လာတဲ့ ဆစ်ချန်ကို စိတ်ထဲကနေ ကြိတ်ဆဲနေပေမယ့်၊ ဆစ်ရှောင်ဟွေးက ချစ်ချစ်ခင်ခင်နဲ့ နှုတ်ဆက်လိုက်တယ်။ "အစ်ကိုကြီး"
ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယု ရောက်နေတာကို မြင်တော့ ဆစ်ချန် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် မေးလိုက်တယ်။ "နင်တို့နှစ်ယောက် ဒီမှာ ဘာလာလုပ်ပြန်တာလဲ"
"အစ်ကိုကြီး..." ဆောင်ယုက နေရခက်စွာနဲ့ ပြောတယ်။ "ကျွန်တော်တို့ တောင်းပန်ဖို့ လာတာပါ"
ဆစ်ရှောင်ဟွေး နှာခေါင်းရှုံ့လိုက်ပြီး နစ်နာသူတစ်ယောက်လို ဟန်ဆောင်ကာ တိုးတိုးလေး ပြောတယ်။ "အစ်ကိုကြီး... သမီး မှားမှန်း သိပါပြီ။ အဲဒီတုန်းက မရီးကို အော်မပြောခဲ့သင့်ဘူး။ သမီး မရီးကို တောင်းပန်ပြီးသွားပါပြီ။ အစ်ကိုကြီး စိတ်မပြေသေးဘူးဆိုရင် သမီးကို ရိုက်လို့ ရပါတယ်"
ဆစ်ချန်က သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြန်ပြောတယ်။ "တောင်းပန်ပြီးပြီဆိုရင် ဘာလို့ မထွက်သွားသေးတာလဲ"
ဆောင်ယု - "..." သူတို့ ယောက်ဖက တကယ်ကို သွေးအေးလွန်းတယ်။ အရင်တုန်းက ဆစ်ရှောင်ဟွေး ပြောပြခဲ့တဲ့ ပုံစံနဲ့ လုံးဝကို မတူဘူး။
ကျိုတိုကို မလာခင်တုန်းက ဆစ်ရှောင်ဟွေးက ပြောခဲ့ဖူးတယ်။ ဆစ်ချန်က စကားနည်းပေမယ့် သူ့ကို အရမ်း အလိုလိုက်တယ်တဲ့လေ။ ဒါပေမဲ့ ကျိုတိုကို ရောက်လာကတည်းက ဆစ်ချန်ဆီကနေ ဆစ်ရှောင်ဟွေးအပေါ် မောင်နှမ သံယောဇဉ် ပြသတဲ့ အရိပ်အယောင်လေး တစ်ခုတောင် သူ မတွေ့ခဲ့ရဘူး။
သူက ဆစ်ရှောင်ဟွေးနဲ့ လုံးဝကို ပတ်သက်ချင်ပုံ မရဘူး။ ဒါပေမဲ့ ဒီကာလအတွင်းမှာ ဆစ်ရှောင်ဟွေးရဲ့ လုပ်ရပ်တွေကို ပြန်တွေးကြည့်လိုက်တော့ ဆစ်ချန် အခုလို ပြုမူနေတာက နားလည်ပေးလို့ ရပါတယ်လေလို့ ဆောင်ယု ခံစားလိုက်ရတယ်။
ဆစ်ချန်က စကားအနည်းငယ်နဲ့ သူတို့ကို နှင်ထုတ်လိမ့်မယ်လို့ ဆစ်ရှောင်ဟွေး မမျှော်လင့်ထားခဲ့ဘူး။ စကားကို လှည့်ပတ်မနေတော့ဘဲ သူက ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်တယ်။ "အစ်ကိုကြီး... အန်တီလေးကို ချော့ဖို့အတွက် ဦးလေးလေးက လောလောဆယ် သမီးတို့ကို ဆက်မကြည့်ပေးနိုင်တော့ဘူးတဲ့။ အခု သမီးတို့က အိမ်ရာမဲ့ ဖြစ်သွားပြီ။ အဲဒါကြောင့် မရီးရဲ့ နို့လက်ဖက်ရည်ဆိုင်မှာ သမီးတို့ကို အလုပ်လုပ်ခွင့်ပေးဖို့ မရီးကို ကူပြောပေးပါလို့ လာတောင်းဆိုတာပါ"
ဆောင်ယုကလည်း သူ့ဘက်ကနေ အမြန် ဖြည့်စွက် တောင်းဆိုတယ်။ "အစ်ကိုကြီး... ကျွန်တော်တို့ကို စိတ်ချလို့ ရပါတယ်။ ရှောင်ဟွေးနဲ့ ကျွန်တော် သေချာပေါက် ကြိုးကြိုးစားစား လုပ်ပါ့မယ်၊ လုံးဝ မပျင်းပါဘူး"
အပိုင်း ( ၃၃၂ ) ပြီးဆုံး
***