"မင်းရဲ့ ကြောင်လေးက တကယ် လိမ္မာတာပဲ၊ ခေါင်းတောင် ငုံ့ပြတတ်သေးတယ်။ ငါ ကိုင်ကြည့်လို့ ရမလား" အမျိုးသမီးက တော်တော်လေး ယဉ်ကျေးပြီး ရပ်ကွန်းကြောင်လေးကို ချက်ချင်း လှမ်းမကိုင်ဘဲ ထုန်ယောင်ရဲ့ သဘောတူညီချက်ကို အရင် တောင်းလိုက်တယ်။
"ရတာပေါ့" ထုန်ယောင် မျက်လုံးလေး မှေးပြီး ပြုံးလိုက်တယ်။ "သူက အစ်မကို ပိုသဘောကျနေတဲ့ပုံပဲ၊ ပုံမှန်ဆို တခြားလူတွေရှေ့မှာ ဒီလို မနေတတ်ဘူး"
အမျိုးသမီးက ထုန်ယောင်ကို စီးပွားရေးသမားမို့လို့ မြှောက်ပင့်ပြောနေတာလို့ ထင်ပေမယ့် စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ ရပ်ကွန်းကြောင်လေးကိုတော့ တကယ် ချစ်စရာကောင်းတယ်လို့ သူ ထင်သွားတယ်။ သူ့ရဲ့ တက်ဒီခွေးလေးကို အောက်ချလိုက်ပြီးနောက် သူက ကြောင်လေးကို ပွတ်သပ်ပေးလိုက်တယ်။ ရပ်ကွန်းကြောင်လေးကလည်း ချွဲတတ်လွန်းလို့ အမျိုးသမီးရဲ့ လက်ကို ပွတ်သီးပွတ်သပ် လုပ်နေတာမို့ အမျိုးသမီးမှာ သဘောကျပြီး တခစ်ခစ် ရယ်နေတော့တယ်။
ထုန်ယောင်က ရပ်ကွန်းကြောင်လေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး၊ သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေထဲမှာ ပါးနပ်တဲ့ အပြုံးတွေ ဖလှယ်လိုက်ကြတယ်။
အောက်ချခံလိုက်ရတဲ့ တက်ဒီလေးက သူ့နေရာကို ရပ်ကွန်းကြောင်လေး လုယူသွားပြီလို့ ခံစားလိုက်ရပြီး ဟောင်ကာ ဆဲရေးတော့တယ်။
[သူ့ကို မကိုင်နဲ့။ ရှူး... ကြောင်စော်နံလေး။ ထွက်သွားစမ်း ကြောင်သေလေး၊ မဟုတ်ရင် နင့်အမွေးတွေ အကုန် ကိုက်ဖြတ်ပစ်မယ်။ အခုချက်ချင်း ထွက်သွား]
ရပ်ကွန်းကြောင်လေးက ဘာမှ မကြားသလို ဟန်ဆောင်ပြီး အမျိုးသမီးရဲ့ လက်ဖဝါးကို ဆက်ပြီး ပွတ်သီးပွတ်သပ် လုပ်နေတယ်။ ဒီနေ့သာ လိမ္မာပြရင် ဒီညကျရင် ငါးခြောက်လေးတွေ ဆုချခံရမှာလေ။ အဲဒါက ဈေးမပေါဘူး၊ လူတချို့တောင် ဝယ်မစားနိုင်တာ။
ဒီအမျိုးသမီးရဲ့ သဘောကျမှုကို ရအောင် ကူညီပေးနိုင်သရွေ့ နေ့တိုင်း ငါးခြောက်လေးတွေ စားရမယ်လို့ ထုန်ယောင်က ပြောထားတာလေ။ ဒါ့အပြင် အိမ်ကြီးအိမ်ကောင်းမှာ သွားနေရမှာဖြစ်ပြီး သူ့အတွက်လည်း ဇိမ်ခံကြောင်အိမ်လေး တစ်လုံး လုပ်ပေးမယ်တဲ့။
ဒါကြောင့် ရပ်ကွန်းကြောင်လေးက အစွမ်းကုန် လိမ္မာပြပြီး ချွဲနေတော့တာပဲ။ တညောင်ညောင်နဲ့ အသံလေးတွေတောင် ထုတ်နေသေးတယ်။ ဒါကိုကြည့်ပြီး ထုန်ယောင်တောင် ကြက်သီးထသွားတယ်။
တက်ဒီလေးကတော့ ဒေါသတွေထွက်ပြီး အမျိုးသမီးရဲ့ ဘောင်းဘီစကို ကိုက်ကာ အဆက်မပြတ် ဟောင်နေတယ်။ [ကြောင်စုတ်၊ နင့်ခေါင်းစော်နံကြီးကို ဖယ်လိုက်စမ်း။ ငါ့သခင်ကို မထိနဲ့။ နင် ထပ်ကိုက်ရဲရင် ငါ ခုန်တက်ပြီး နင့်ကို ကိုက်သတ်ပစ်မယ်။ ကြောင်စော်နံလေး၊ ကြောင်စော်နံလေး...]
ထုန်ယောင်က နားမလည်ချင်ယောင် ဆောင်ပြီး "သူ သဝန်တိုနေတဲ့ပုံပဲ" လို့ ပြောလိုက်တယ်။ အမျိုးသမီးက ရယ်ပြီး "ငါ့ခွေးလေးက ဉာဏ်ကောင်းတယ်။ ငါ တခြားခွေးတွေ၊ ကြောင်တွေကို ကိုင်တာမြင်ရင် သူ အမြဲ သဝန်တိုတတ်တာ" လို့ ပြန်ပြောတယ်။
"တကယ် ဉာဏ်ကောင်းတာပဲ။ ဒီလို အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးရတာ လစဉ် ကုန်ကျစရိတ်လည်း ကြီးမှာပေါ့နော်" ထုန်ယောင်က အမျိုးသမီးရဲ့ စကားလမ်းကြောင်းအတိုင်း လိုက်ပြီး စကားစမြည် ပြောတော့တယ်။
"အဆင်ပြေပါတယ်။ သူက ခွေးစာပဲ စားတာ၊ လူစားတဲ့ အစာတွေ မစားဘူးလေ။ မင်းလည်း မင်းကြောင်လေးကို သေချာ မွေးထားတာပဲ။ အမွေးတွေကလည်း ပြောင်လက်နေပြီး အသားစားရလို့ ဝတုတ်နေတာပဲ။ မင်း တော်တော်လေး ဂရုစိုက်တာပဲ ဖြစ်ရမယ်"
ထုန်ယောင်ကလည်း အိမ်မွေးတိရစ္ဆာန် မွေးထားပြီး သေချာ ဂရုစိုက်ထားတာကို မြင်တော့၊ ဝမ်ချွန်းက ထုန်ယောင်ကို တိရစ္ဆာန် ချစ်တတ်တဲ့သူ တစ်ယောက်လို့ ထင်သွားတယ်။ သဘာဝကျကျပဲ သူတို့ စကားတွေ ဆက်ပြောဖြစ်သွားကြတယ်။ စကားပြောရင်းနဲ့ ဝမ်ချွန်းက ထုန်ယောင်နဲ့ ပိုပြီး ရင်းနှီးလာတယ်။ ဝမ်ချွန်းရဲ့ ယောက်ျားက ဆောက်လုပ်ရေး ပစ္စည်းလုပ်ငန်း လုပ်တာဖြစ်ပြီး သူတို့လုပ်ငန်းက တော်တော်ကြီးတယ်။ ကျိုတိုရဲ့ ဆောက်လုပ်ရေး ပစ္စည်း ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်လို့တောင် ပြောလို့ရတယ်။
ပုံမှန်ဆိုရင် သူက သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တာ၊ လက်ဖက်ရည် သောက်တာ၊ ခွေးလေးကို လမ်းလျှောက်ထွက်တာလောက်ကလွဲရင် သိပ်လုပ်စရာ အလုပ်မရှိဘူးလေ။
လက်တွေ့ဘဝမှာ သူ့ကို မျက်နှာလိုမျက်နှာရ လာလုပ်ကြတဲ့ သူတွေ အများကြီး ရှိတော့၊ လူတွေက သူ့ကို အရင်လာစကားပြောတာကို သူ အသားကျနေပြီ။ ထုန်ယောင်ကလည်း တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူသာ မဟုတ်ခဲ့ရင်၊ သူ ထုန်ယောင်နဲ့ စကားပြောဖို့တောင် စိတ်ဝင်စားမှာ မဟုတ်ဘူး။
သူ ဆိုင်တစ်ဆိုင်ကို သွားတဲ့အခါ ဆိုင်ရှင်က သူ့ကို တမင်သက်သက် မျက်နှာချိုသွေးဖို့ ကြိုးစားရင်၊ အပြင်ပန်းမှာ ဘာမှမပြောပေမယ့် အဲဒီဆိုင်ကို သူ ဘယ်တော့မှ ထပ်မသွားတော့ဘူး။ သူက မြှောက်ပင့်ပြောတတ်တဲ့ သူတွေကို မကြိုက်သလို၊ သူ့ကိုယ်သူ ကာကွယ်ချင်စိတ်လည်း အရမ်း ပြင်းထန်တယ်။
ချမ်းသာတာက ပျော်စရာ ကောင်းပေမယ့်၊ စိတ်ထားမကောင်းတဲ့ လူတွေနဲ့ သွားဆုံရင်တော့ ပိုက်ဆံဆိုတာ သေမင်းခေါ်စာ တစ်စောင် ဖြစ်သွားနိုင်တယ်လေ။
ထုန်ယောင်နဲ့ ဝမ်ချွန်း စကားပြောနေချိန်မှာ ဝမ်ချွန်းက သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အများကြီး မပြောပြခဲ့ဘူး။ သူတို့ပြောတဲ့ စကားအများစုက အိမ်မွေးတိရစ္ဆာန်တွေ အကြောင်းပါပဲ။ စကားပြောနေရင်းနဲ့ ဝမ်ချွန်းက လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည် တစ်ခွက် မှာလိုက်တယ်။ တခြား လက်ဖက်ရည်တွေနဲ့ ယှဉ်ရင် ဒီသောက်စရာလေးက ဈေးပိုကြီးတယ်။
နို့လက်ဖက်ရည်ဆိုင်က တက္ကသိုလ်ဂိတ်ပေါက်နားမှာ ရှိတာဆိုတော့၊ ဖောက်သည် အများစုက ဝယ်ယူနိုင်စွမ်း အကန့်အသတ်ရှိတဲ့ ကျောင်းသားတွေချည်းပဲလေ။ ဒါကြောင့် ဝမ်ချွန်းလိုမျိုး လိမ္မော်ရည် အမြဲမှာသောက်တဲ့ ဖောက်သည်မျိုးက ရှားပါတယ်။
ဝမ်ချွန်းက လိမ္မော်ရည်ကို အမြဲမှာသောက်ရတဲ့ အကြောင်းရင်းက သူ အဲဒါကို ကြိုက်လို့တင် မကဘဲ၊ ထုန်ယောင်ရဲ့ ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတွေကြောင့်လည်း ပါပါတယ်။
ထုန်ယောင်က ဆိုင်နံရံတွေမှာ သူ့ဆိုင်က ရောင်းတဲ့ လက်ဖက်ရည် အမျိုးမျိုးရဲ့ ကောင်းကျိုးတွေကို ဖော်ပြထားတဲ့ ကြော်ငြာပိုစတာ တချို့ ကပ်ထားတယ်။ ဥပမာ - နို့လက်ဖက်ရည် ပိုစတာမှာဆိုရင် နို့သောက်ခြင်းအားဖြင့် ရနိုင်တဲ့ အာဟာရဓာတ်တွေကို ရှင်းပြထားတယ်။ သေချာတာပေါ့... တခြား သောက်စရာ အမျိုးမျိုးအတွက် ပိုစတာတွေမှာလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို အသီးသီး ဖော်ပြထားတယ်။
ဒီအကြောင်း ပြောရရင်တော့ ဆစ်ချန်ကို ချီးကျူးရမှာပဲ။ ဒီကောင်းကျိုးတွေ အားလုံးကို စာရင်းပြုစုဖို့ ကူညီပေးခဲ့တာ သူလေ။ အဲဒီနောက်မှ ထုန်ယောင်က အဲဒီစာရင်းကို ကြော်ငြာအေဂျင်စီဆီ ပေးပြီး ပိုစတာ လုပ်ခိုင်းလိုက်တာ။
ဝမ်ချွန်းက ဆိုင်ထဲမှာ မိနစ်နှစ်ဆယ်လောက် နေပြီးမှ ထွက်သွားတယ်။ ဆိုင်ထဲကို ဖောက်သည်တွေ ပိုပိုများလာတာကို မြင်တော့၊ ထုန်ယောင်က စစ်မှန်တဲ့ စီးပွားရေးသမား တစ်ယောက်လို ပြုမူလိုက်ပြီး၊ သူတို့ စကားပြောလို့ ကောင်းနေခဲ့ပေမယ့် ဝမ်ချွန်းဆီကနေ သောက်စရာဖိုးကို တောင်းလိုက်တယ်။ ဒါက ဝမ်ချွန်းကို စိတ်အနှောင့်အယှက် မဖြစ်စေတဲ့အပြင် အထင်ကြီးမှုတောင် ဖြစ်သွားစေတယ်။
သောက်စရာလေး တစ်ခွက်စာအတွက် သူ ပိုက်ဆံမရှားပါဘူး။ တကယ်လို့ ထုန်ယောင်ကသာ ပိုက်ဆံမတောင်းခဲ့ရင်၊ ထုန်ယောင်က ဒီသောက်စရာလေး တစ်ခွက်နဲ့ သူ့ကို မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလို့ ထင်သွားမှာဖြစ်ပြီး နောက်ကျရင် တစ်ခုခု အကူအညီ တောင်းလာနိုင်တယ်လို့ မြင်သွားမှာလေ။ နယ်ကျွံတတ်တဲ့ လူတွေကို သူ မကြိုက်ဘူး။
သူ့ပတ်ဝန်းကျင်က လူတွေက သူ့ယောက်ျားရဲ့ ဩဇာလွှမ်းမိုးမှုကြောင့် သူ့ကို လာပေါင်းကြသလိုပါပဲ။ ရိုးသားတဲ့သူ သိပ်မရှိတာမို့ သူက အသိစိတ်နဲ့ကို သူတို့နဲ့ ခပ်ခွာခွာ နေခဲ့တာ။
ဝမ်ချွန်း ထွက်သွားတော့ ထုန်ယောင်က လက်ပြနှုတ်ဆက်ရုံပဲ နှုတ်ဆက်လိုက်ပြီး အပြင်ကိုတောင် လိုက်မပို့နိုင်ဘူး။ တခြား ဖောက်သည်တွေအတွက် လက်ဖက်ရည် ဖျော်ပေးဖို့ သူ အလုပ်ရှုပ်နေတယ်လေ။ ဒီမနက် ဝန်ထမ်းတွေ အားလုံး ကျောင်းတက်ရလို့ ဆိုင်မှာ သူ တစ်ယောက်တည်း ဒိုင်ခံလုပ်နေရတာ။
ဆိုင်ထဲမှာ လူရှင်းသွားတော့မှပဲ ရပ်ကွန်းကြောင်လေးက အသိအမှတ်ပြုခံချင်လို့ ထုန်ယောင်ဆီ ချက်ချင်း ပြေးလာတယ်။
[ငါ လုပ်တာ ကောင်းတယ် မဟုတ်လား။ ဒီည ငါးခြောက်လေးတွေ ကျွေးဖို့ မမေ့နဲ့ဦးနော်]
"စိတ်မပူပါနဲ့။ မင်းစားဖို့ ငါးခြောက်တွေ လုံလောက်အောင် လုပ်ပေးပါ့မယ်" ထုန်ယောင်က ကြောင်လေးကို ပွတ်သပ်ရင်းနဲ့ မက်လုံးပေးလိုက်တယ်။ "မင်း အခုလိုမျိုး ဆက်ပြီး လိမ္မာနေဦးမယ်ဆိုရင် တို့တွေ အိမ်ရတဲ့အခါကျရင် မင်းအတွက် ကြောင်မလေး တစ်ကောင် ရှာပေးမယ်"
ရပ်ကွန်းကြောင်လေးက ဒီကိစ္စကို အစဖော်မလို့ လုပ်နေတာ။ အံ့သြစရာကောင်းတာက ထုန်ယောင်က အရင် စပြောလာတယ်။ သူက ကြွားလုံးထုတ်လိုက်တယ်။ [အခုခေတ်က လွတ်လပ်တဲ့ အချစ်ကိုပဲ သဘောကျကြတာလေ။ ဘယ်သူက လူကြီးစီစဉ်ပေးတာကို ယူချင်တော့မှာလဲ။ အိမ်ပြောင်းတဲ့အခါ ခြံဝင်းထဲက အဝါရောင် အစင်းကျား ကြောင်မလေးကိုပါ ခေါ်သွားပေး၊ သူ့ကို ငါ့မိန်းမအဖြစ် ငါ ရွေးထားပြီးပြီ]
ထုန်ယောင် တခစ်ခစ် ရယ်လိုက်တယ်။ "ဒီရက်ပိုင်း မင်း ဒိတ်ထွက်နေတာကိုး။ ကောင်းပြီလေ၊ ငါ ကတိပေးတယ်။ မင်း လိမ္မာနေသရွေ့ အိမ်ကိစ္စ သေချာသွားလို့ ပြောင်းတဲ့အခါ သူ့ကိုပါ ငါ ခေါ်သွားပေးမယ်"
နောက်ထပ် ကြောင်တစ်ကောင် ထပ်မွေးဖို့ဆိုတာ ထုန်ယောင်အတွက် ကိစ္စကြီး မဟုတ်ပါဘူး။
ထုန်ယောင်ရဲ့ အာမခံချက် ရသွားတော့ ရပ်ကွန်းကြောင်လေး စိတ်အေးသွားပြီး၊ နောက်တစ်ခါ ဝမ်ချွန်းနဲ့ တွေ့ရင် ဒီထက်တောင် ပိုပြီး ကောင်းအောင် လုပ်ပြမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဝမ်ချွန်း မွေးထားတဲ့ တက်ဒီလေးကတော့ တကယ် စိတ်ရှုပ်စရာ ကောင်းတယ်။ အသံကလည်း ဆူညံပြီး သွားဖြီးဖြီးနဲ့ အရုပ်လည်း ဆိုးတယ်။ ဝမ်ချွန်းရဲ့ အကြိုက်ကို သူ နားမလည်နိုင်ဘူးလေ။
တိရစ္ဆာန်လေးတွေရဲ့ အမြင်မှာတော့ ဝမ်ချွန်း မွေးထားတဲ့ တက်ဒီလေးဟာ ထူးထူးခြားခြားကို အရုပ်ဆိုးတဲ့ သတ္တဝါလေးပါပဲ။
ထုန်ယောင်ကို ကူညီဖို့သာ မဟုတ်ရင်၊ ဒီကောင် ဆက်ပြီး ရောင့်တက်ရဲသေးလား ဆိုတာ သိရအောင် အဲဒီခွေးရဲ့ မျက်နှာကို သူ ကုတ်ပစ်လိုက်တာ ကြာလှပြီ။
နောက်ရက်တွေမှာတော့ ဝမ်ချွန်းက အားတဲ့အချိန်တိုင်း လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည် သောက်ဖို့ ဆိုင်ကို ခဏခဏ ရောက်လာတတ်တယ်။ တစ်ခါလာရင် မိနစ်နှစ်ဆယ်လောက် ထိုင်ပြီးမှ ပြန်တတ်တယ်။ သူက ရပ်ကွန်းကြောင်လေးကို တကယ် သဘောကျနေတာ။ အစကတော့ ဖွဖွလေး ပွတ်သပ်ရုံပဲ။ နောက်ပိုင်းကျတော့ တိုက်ရိုက်ကြီး ပွေ့ချီထားတော့တယ်။
ရပ်ကွန်းကြောင်လေး မျက်နှာသာ ပိုပိုရလာတာကို မြင်တော့ တက်ဒီလေးက ဝမ်ချွန်း အလစ်မှာ ရပ်ကွန်းကြောင်လေးရဲ့ အမြီးကို ကိုက်ပစ်လိုက်တယ်။ မကြာခင်မှာပဲ တက်ဒီလေးဟာ ရပ်ကွန်းကြောင်လေးရဲ့ ကုတ်ခြစ်မှုတွေအောက်မှာ သင်ခန်းစာ ရသွားတော့တယ်။ ဒါပေမဲ့ သူက ဝမ်ချွန်းရှေ့မှာ သနားစရာကောင်းသယောင် ဟန်ဆောင်ပြီး ကျားကိုစားဖို့ ဝက်ယောင်ဆောင်တဲ့ ဗျူဟာကို သုံးနေတုန်းပဲ။
ကြောင်လေးတစ်ကောင်မှာ ဒီလောက်တောင် ပရိယာယ်တွေ များလိမ့်မယ်လို့ ဝမ်ချွန်း ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ တက်ဒီကို ဆူပြီးတဲ့နောက် သူက ရပ်ကွန်းကြောင်လေးကို ရင်ခွင်ထဲ ထည့်ပြီး အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးနေတယ်။ ကြောင်လေးရဲ့ သရုပ်ဆောင်ကောင်းမှုကို ထုန်ယောင် လက်ခုပ်တောင် တီးပေးချင်သွားတယ်။
ရပ်ကွန်းကြောင်လေးက တက်ဒီကို သင်ခန်းစာ ပေးလိုက်ပြီး ကတည်းက၊ တက်ဒီလည်း ငြိမ်သွားတော့တယ်။ ဝမ်ချွန်းက ရပ်ကွန်းကြောင်လေးကို ချီထားရင်တောင် သူ ထပ်မဟောင်ရဲတော့ဘူး။
အပိုင်း ( ၃၃၅ ) ပြီးဆုံး
***