~ချီခယ်ချင်းမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။
သေချာသည်မှာ သူမသည် တိုက်ခိုက်နေရင်း တစ်ချိန်တည်းမှာပင် သူမ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ အသံလာရာ အရပ်ကို လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သို့ပင် ရှာဖွေစေကာမူ လုံးဝ ရှာမတွေ့ခဲ့ချေ။
သို့သော် ချီခယ်ချင်း က အခြားတစ်ဖက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို သတိပြုမိသွား၏။ ဓားဘိုးဘေးကြီး ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ဖူယောင် နယ်မြေ မှ လူများကဲ့သို့ တုံ့ဆိုင်းနေခြင်း မရှိဘဲ မည်သူကမျှ တိုက်ခိုက်မှုများကို ရပ်တန့်မသွားခဲ့ကြပေ။
မရပ်တန့်သွားသည့်အပြင် သူတို့၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ပြင်းထန်လာခဲ့သေးသည်။ လူတိုင်းက တိတ်ဆိတ်စွာ အံကို ကြိတ်ခဲထားကြ၏။ တစ်ဖက် ရန်သူ့ နယ်မြေအရှင်သခင် ရောက်မလာခင်မှာပင် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အပြတ်အသတ် မျိုးတုံး သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားကြလေ၏။
သူတို့၏ အာရုံစူးစိုက်မှု အပြည့် ရှိနေသော မျက်နှာများကို ကြည့်ရင်း၊ မိမိ၏ အဖွဲ့ကို ပြန်လည် ငဲ့ကြည့်လိုက်မိသောအခါ ချီခယ်ချင်း ၏ ရင်တွင်း၌ ရှက်ရွံ့သွားရတော့သည်။
သူမ၏ ခေါင်းဆောင်မှု စွမ်းရည်မှာ နင်ချီ နှင့် လုံးဝ မယှဉ်နိုင်ပါလား။
နင်ချီ ၏ အမိန့်ပေး ကွပ်ကဲမှု မပါဘဲနှင့်ပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် အဓိက အရေးကြီးဆုံး အချက်ကို ဆုပ်ကိုင်ထားနိုင်ကြပြီး၊ ပြင်ပ အနှောင့်အယှက်များ၏ လွှမ်းမိုးမှုကို လုံးဝ မခံကြချေ။
ရှက်ရွံ့သွားသော ချီခယ်ချင်း က ဖူယောင် နယ်မြေ မှ လူတိုင်းထံသို့ ချက်ချင်း အသံလွှင့်ကာ အော်ဟစ်လိုက်၏။
"ရှာမနေကြနဲ့တော့။ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က လူတွေကို အရင် သတ်ပစ်ကြ။ မဟုတ်ရင် သူတို့ရဲ့ နယ်မြေအရှင်သခင် ဆိုတဲ့ သူ.. ရောက်လာတာနဲ့... ငါတို့ရဲ့ အခြေအနေက ပိုဆိုးသွားလိမ့်မယ်"
ထိုအခါမှသာ စိတ်လွင့်နေသူများ သတိပြန်ဝင်လာကြပြီး၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ကဲ့သို့ပင် ကျန်ရစ်နေသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို အသည်းအသန် ဆက်လက် တိုက်ခိုက်ကြတော့သည်။
"မင်းတို့ ဘယ်လောက်တောင် ရဲတင်းနေကြတာလဲ။ မင်းတို့ အားလုံးကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်မယ်"
ကြီးကျယ် ခမ်းနားလှသော အသံကြီးက သူတို့၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ မည်သူကမျှ ထိုအသံကို အရေးမစိုက်တော့ချေ။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ၏ မျက်နှာများမှာ ပိုမို စိတ်အား ထက်သန်လာကြပြီး၊ သူတို့ ဖွဲ့စည်းထားသော မီးလျှံငှက် နတ်ဘုရား ပုံရိပ်ကြီးမှာလည်း နီရဲသော နံနက်ခင်း အလင်းရောင်အောက်တွင် ပိုမို အံ့မခန်း ဖြစ်လာတော့သည်။
သို့သော် ကျင့်ကြံသူ စစ်တပ် နှစ်ခု ပေါင်းစည်းထားသော အင်အားကို သူတို့ မည်သို့မျှ မယှဉ်နိုင်ချေ။ တိုက်ခိုက်မှုများကလည်း အလွန်တရာ စနစ်ကျလွန်းလှ၏။ မီးလျှံငှက် ၏ နတ်ဘုရား ပုံရိပ်ကြီးမှာ အဆက်မပြတ် ခုတ်ပိုင်းခံရပြီး အပိုင်းပိုင်း အစစ ပြတ်တောက်သွားကာ၊ ၎င်း၏ အတွင်းပိုင်းရှိ... ကျင့်ကြံသူ များမှာ မီးတောက်များထဲတွင် အသက်ပျောက်သွားကြတော့၏။
...
ကောင်းကင်ယံ အထက်တွင် နီရဲသော နံနက်ခင်း အလင်းရောင်များက ပိုမို တောက်ပလာပြီး ဤနေရာ တစ်ဝိုက်ကို လွှမ်းခြုံထားရုံသာမက ခပ်လှမ်းလှမ်းအထိပင် ပျံ့နှံ့သွားလေသည်။
ဟင်းလင်းပြင်ထဲတွင် လေပြင်း တစ်ချက် ရုတ်တရက် တိုက်ခတ်လာ၏။ လူတိုင်းက ပူလောင် အိုက်စပ်သော အပူလှိုင်း တစ်ခု ရိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရကာ၊ သူတို့၏ ခန္ဓာကိုယ်များရော စိတ်ဝိညာဉ်များပါ နွမ်းနယ်သွားသလို ဖြစ်သွားကြသည်။
သူတို့ ဖြန့်ကျက်ထားသော ဝိညာဉ်အာရုံ ထဲတွင် အရှေ့မြောက် အရပ်မှနေ၍ အလင်းတန်း တစ်ခု ပစ်ထွက်လာသည်ကို အာရုံခံမိလိုက်ကြ၏။
၎င်း၏ အမြန်နှုန်းမှာ လျှပ်စီးထက်ပင် မြန်ဆန်လှ၏။ ယခုလေးတင် လီတစ်ရာ အကွာအဝေးတွင် ရှိနေခဲ့ရာမှ မျက်တောင်တစ်ခတ် အတွင်း အနီးသို့ ရောက်ရှိလာလေပြီ။
အနီးသို့ ရောက်ရှိလာသောအခါ ထိုအလင်းတန်းထဲတွင် ပုံရိပ်တစ်ခု ပါဝင်နေကြောင်း တွေ့လိုက်ရသည်။ အဆုံးအစမဲ့သော မီးတောက်များထဲတွင် လွှမ်းခြုံထားသကဲ့သို့ အနည်းငယ် ဝေဝါးနေသော ပုံရိပ်ယောင် တစ်ခု။ လီထောင်ပေါင်းများစွာ အကွာအဝေးမှနေ၍ တဟုန်ထိုး ပြေးဝင်လာခြင်း ဖြစ်၏။
"နယ်မြေအရှင်သခင်"
"အရှင်သခင် ချီရွှင်"
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ အားလုံးက ပြိုင်တူ အော်ဟစ် လိုက်ကြ၏။
ထိုအခါမှသာ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များသည် ဤလူ၏ နာမည်မှာ ချီရွှင် ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။
ချီရွှင် သည် အရှေ့မြောက် အရပ်မှ ပြန်လည် ရောက်ရှိလာ၏။ သူ ပထမဆုံး ဖြတ်သန်းသွားသော နေရာမှာ အဖွဲ့ သုံးဖွဲ့ အကြိတ်အနယ် တိုက်ခိုက်နေကြသော စစ်မြေပြင် မဟုတ်ဘဲ နင်ချီ နေရာယူထားသော ကြီးမားသည့် ဆုံမှတ် ပင် ဖြစ်၏။
ဤအခိုက်အတန့်တွင် နင်ချီ က ဤ ဆုံမှတ် ကို သိမ်းပိုက်ထားသော်ငြားလည်း၊ ချီရွှင် က သူ့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ချေ။ သူ၏ ပုံရိပ်ယောင်က ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများထံသို့သာ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ထက် မည်သူမှ ပို၍ အရေးမကြီးပေ။ ဤအချက်က ချီရွှင် အနေဖြင့် နင်ချီ က သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားကြောင်း အထင်အရှား ပြသနေ၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ကယ်တင်ပြီးနောက်တွင်၊ နင်ချီ ထံမှ ဤ ကြီးမားသော ဆုံမှတ် ၏ ထိန်းချုပ်မှုကို သူ အချိန်မရွေး ပြန်လည် သိမ်းယူနိုင်သည် မဟုတ်ပါလော။
သူက နင်ချီ ၏ အနီးမှ.. ဖြတ်ပျံသွားတော့မည့် အချိန်မှာပင် တည်ငြိမ်ပြီး အေးစက်လှသော အသံတစ်ခုကို ကြားလိုက်ရလေသည်။
"မင်းကို.. ဒီကနေ ဖြတ်သွားဖို့.. ဘယ်သူက ခွင့်ပြုထားလို့လဲ"
ချီရွှင် က သူ့ကို လုံးဝ အဖက်မလုပ်ချင်ပေ။ သူ၏ အမြင်တွင် ဤလူကို နောက်မှ ရှင်းလင်းလည်း နောက်ကျမည် မဟုတ်ဟု တွေးထား၏။
သို့သော် သူ၏ တဟုန်ထိုး ပြေးဝင်နေသော အရှိန်မှာ ရုတ်တရက် တုံ့ခနဲ ရပ်လိုက်သည်။
ဧရာမ လက်ဝါး တစ်ခုက သူ၏ ဝတ်ရုံ လည်ပင်းစကို အနောက်မှ လှမ်းဆွဲထားသကဲ့သို့ ဖြစ်သွားပြီး ရှေ့သို့ တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ချေ။
***