~ချီခယ်ချင်းသည် နင်ချီ ပေးအပ်သော အဆင့်မြင့် စည်းမျဉ်း အပိုင်းအစ (၅၀) ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီးနောက် ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် နှင့် လဲလှယ်ယူခဲ့၏။ ထို့နောက် သူမသည် ဖူယောင် နယ်မြေ စစ်တပ်ကြီးကို ပျော်ရွှင်စွာ ဦးဆောင်လျက် ထွက်ခွာသွားတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ အဖွဲ့ဝင်များသည် ဟင်းလင်းပြင်ကြီးထဲတွင် စီတန်းရပ်စောင့်နေကြဆဲ ဖြစ်၏။ လူတိုင်း၏ အကြည့်များမှာ နင်ချီအပေါ်သို့သာ စွဲမြဲနေကြပြီး သူ၏ အမိန့်ပေးသံကို စောင့်ဆိုင်းနေကြသည်။
နင်ချီသည် လူအုပ်ကြီးကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားခန်း ဝင်လိုက်၏။
ရုတ်တရက်ဆိုသလို သူ၏ လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ဓားဘိုးဘေးကြီးထံသို့ ကမ်းပေးလိုက်၏။
ဓားဘိုးဘေးကြီးသည် သံလိုက်အိမ်မြှောင်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းယူလိုက်သော်လည်း နင်ချီ၏ ရည်ရွယ်ချက်ကိုမူ နားမလည်နိုင်ဘဲ ရှိနေလေသည်။
“ဟေ့ကောင်လေး... ဒါကို ငါ့ကို ဘာလို့ ပေးတာလဲ”
နင်ချီက ရုတ်တရက် ပြုံးလိုက်ပြီးနောက် ဆိုလိုက်၏။
“တပ်မှူးကြီး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို တပ်မှူးကြီးရဲ့ လက်ထဲကို ကျွန်တော် လွှဲပြောင်းပေးခဲ့ရင် ဘယ်လိုနေမလဲ ခင်ဗျာ”
“ဟင်...” ဓားဘိုးဘေးကြီးမှာ အံ့အားသင့်ကာ မှင်သက်သွားတော့သည်။
နင်ချီက ဆက်ပြောလေသည်။
“ကျွန်တော် အခု ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ။ နယ်မြေအရှင်သခင် တစ်ပါးရဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားတုန်းပဲ။ အကယ်လို့ ကျွန်တော်က ဒီစစ်တပ်ကြီးနဲ့ပဲ အမြဲတမ်း အတူရှိနေမယ်ဆိုရင်... ဒါက ကျွန်တော့်အတွက်ရော ခင်ဗျားတို့ အားလုံးအတွက်ပါ အကျိုးရှိမှာ မဟုတ်ဘူး...”
သူ စကားကို အဆုံးထိ မပြောခဲ့သော်လည်း ဓားဘိုးဘေးကြီးမှာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
ဓားဘေးဘိုးဘေးကြီးသည် ယခင်က တစ်ကိုယ်တော် ခရီးနှင်ခဲ့သော ချီရွှင်ကို ပြန်လည် တွေးတောမိသွား၏။
နယ်မြေအရှင်သခင် များ ဖြစ်ကြသည့် နင်ချီနှင့် ချီရွှင်တို့သည် မိမိတို့၏ နယ်မြေအသီးသီးအတွက် စစ်တပ်ကြီး တစ်ခုစီကို ကွပ်ကဲနေကြခြင်း ဖြစ်သည်။
အကယ်၍ နယ်မြေအရှင်သခင် က မိမိ၏ လက်အောက်ငယ်သားများနှင့် အမြဲတမ်း အတူတကွ ရှိနေမည်ဆိုပါက ကြုံတွေ့ရသော ရန်သူများမှာ သူတို့အတွက် စိန်ခေါ်မှု လုံးဝ ဖြစ်လာမည် မဟုတ်ချေ။
နယ်မြေအရှင်သခင် ကသာ တိုက်ခိုက်နေပြီး လက်အောက်ငယ်သားများက ဘေးမှ ထိုင်ကြည့်နေရန် ၊ သို့မဟုတ် စစ်တပ်က တိုက်ခိုက်နေပြီး နယ်မြေအရှင်သခင် က ဘေးမှ ထိုင်ကြည့်နေရန် ဆိုသည်မှာ မဖြစ်နိုင်သော အရာပင်။
ယခင်က နင်ချီ၏ ခွန်အားမှာ မလုံလောက်သေးသဖြင့် ပင်မ စစ်တပ်ကြီးနှင့် အတူနေထိုင်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားဖြည့်ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူတို့ နှစ်ဦး၏ ပေါင်းစပ်မှုမှာ အကောင်းဆုံးသော ပုံစံ မဟုတ်တော့သည်မှာ သေချာလှ၏။
ဓားဘိုးဘေးကြီးသည် အရာအားလုံးကို ခြုံငုံစဉ်းစားပြီးနောက် နင်ချီကို ကြည့်ကာ ဆိုလိုက်သည်။
“ငါ နားလည်ပါပြီ... မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
နင်ချီက ခေါင်းညိတ်လိုက်ပြီးနောက် စစ်တပ်ကြီးဆီသို့ ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
“ကျွန်တော် စစ်တပ်ကြီးထဲကနေ ခွဲထွက်ဖို့ ပြင်ဆင်နေပြီ။ ဒီနောက်ပိုင်းမှာတော့ ခင်ဗျားတို့ အားလုံးက ဓားဘိုးဘေးကြီး ရဲ့ အမိန့်ကို နာခံကြရမယ်။ ကျွန်တော် ချန်ထားခဲ့တဲ့ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ရဲ့ လမ်းညွှန်မှုအတိုင်း ဆုံမှတ် အသီးသီးကို သွားရောက် သိမ်းပိုက်ကြပါ”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့် တုန်လှုပ်သွားကြပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွားကြတော့သည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အဖွဲ့ဝင်များမှာမူ ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး ၏ စကားကို အမြဲ နာခံလေ့ရှိကြသူများ ဖြစ်၏။ နင်ချီသည် အရာအားလုံးကို သေချာ စဉ်းစားပြီးမှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သူတို့ သိထားကြသဖြင့် ပြိုင်တူပင် ကြွေးကြော်လိုက်ကြလေသည်။
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး ရဲ့ အမိန့်အတိုင်း နာခံပါ့မယ် ခင်ဗျာ”
နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ အခြား ဂိုဏ်းဝင်များမှာမူ တစ်ယောက်နှင့်တစ်ယောက် မတူညီသော အမူအရာများ ရှိနေကြပြီး မိမိတို့၏ ခေါင်းဆောင်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားနေကြရလေသည်။
မည်သို့ပင်ဆိုစေ သူတို့သည် နင်ချီကြောင့်သာ နက်ရှိုင်းသော သစ္စာတရား မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည် မဟုတ်ပါလော။
သူတို့၏ နှလုံးသားထဲတွင် နင်ချီ တစ်ယောက်တည်း၏ အလေးချိန်မှာ အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးထက်ပင် များစွာ ပို၍ ကြီးမားလှ၏။
ဓားဘိုးဘေးကြီး ကျန့်ကျင်းကျွယ် မှာ အလွန်တရာ ပါရမီ ထူးချွန်သူ ဖြစ်ပြီး ဖူယောင် နယ်မြေမှ ချီခယ်ချင်းကိုပင် ကျော်လွန်နိုင်စွမ်း ရှိသူ ဖြစ်သည်။ ထို့ကြောင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်က သူ့ကို ခေါင်းဆောင်အဖြစ် လက်ခံရန်မှာ သဘာဝကျလှ၏။
သို့သော် နင်ချီ၏ တောက်ပသော စွမ်းဆောင်ရည်များနှင့် နှိုင်းယှဉ်လိုက်လျှင်မူ ဓားဘိုးဘေးကြီးမှာ များစွာ နိမ့်ကျနေသည်မှာ အမှန်ပင်။
မည်သို့ပင်ဖြစ်စေ နင်ချီသည် စစ်တပ်ကြီးကို အကြိမ်ကြိမ် ဦးဆောင်ကာ တိုက်ပွဲပေါင်း မြောက်မြားစွာကို အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သည် မဟုတ်ပါလော။
ယခင် တိုက်ပွဲများတွင် နင်ချီ၏ ကိုယ်ယောင်ဖျောက် အခင်းအကျင်း ဖြစ်စေ၊ အခက်ခဲဆုံးသော ရန်သူများကို နှိမ်နင်းပေးနိုင်သော သူ၏ စွမ်းရည်ဖြစ်စေ... အရာအားလုံးမှာ အောင်ပွဲအတွက် အလွန် အရေးပါသော အခြေခံ အုတ်မြစ်များ ဖြစ်ခဲ့ကြလေသည်။
နင်ချီ မရှိတော့သည့်နောက်တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ဘာတွေ ဖြစ်ကုန်မလဲ ဆိုတာကို သူတို့ လုံးဝ စိတ်ကူးမယဉ်ရဲကြချေ။
လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ နင်ချီက ဆိုလိုက်၏။
“ဘာလဲ...ကျွန်တော်တို့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ က ကျင့်ကြံသူ တွေက ခေါင်းဆောင်ကိုပဲ အားကိုးနေတဲ့ အားနည်းသူတွေ ဖြစ်နေကြတာလား”
ထိုစကားက လူတိုင်းကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့၏ မျက်နှာများမှာ ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းသွားကြတော့သည်။
မည်သူမျှ ပြန်လည် မတုံ့ပြန်နိုင်သေးခင်မှာပင် နင်ချီက ဆက်ပြောလိုက်၏။
“အခင်းအကျင်း ကျင့်ကြံသူတွေ ရှေ့ကို ထွက်ခဲ့ကြ။ ကျွန်တော်က ခင်ဗျားတို့ကို ကိုယ်ယောင်ဖျောက် အခင်းအကျင်း အတတ်ပညာကို အပြည့်အဝ သင်ကြားပေးမယ်။ ဒါ့အပြင် ကျွန်တော် ကိုယ်တိုင် ဖန်တီးထားတဲ့ အရန် အခင်းအကျင်း အခြေခံ တစ်ခုကိုလည်း လက်ဆောင် ပေးမယ်။ ဒီနေ့ကစပြီး ခင်ဗျားတို့ ဘယ်လောက်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတာကတော့ ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတော့တယ်”
နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်အတွင်းရှိ အခင်းအကျင်း ကျင့်ကြံသူ အားလုံးမှာ ရှေ့သို့ ပျံထွက်လာကြပြီး၊ လူတိုင်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ စိုးရိမ်စိတ် အနည်းငယ်လည်း ထင်ဟပ်နေကြလေသည်။
လမ်းတစ်လျှောက်လုံးတွင် သူတို့သည် မဟာမိတ် ခေါင်းဆောင်ကြီး၏ ကိုယ်ယောင်ဖျောက် အခင်းအကျင်းကို အမြဲတမ်း လေ့လာနေခဲ့ကြသော်လည်း အပြည့်အဝတော့ မတတ်မြောက်နိုင်ခဲ့ကြချေ။
သို့သော် ယခုအခါ မဟာမိတ် ခေါင်းဆောင်ကြီး၏ တိုက်ရိုက် လမ်းညွှန်မှုနှင့် အခင်းအကျင်း အခြေခံကိုပါ ရရှိမည် ဆိုပါက သူတို့ အစွမ်းကုန် ကြိုးစားကြည့်ရန် အဆင်သင့် ရှိနေကြပြီ ဖြစ်သည်။
မဟာမိတ် ခေါင်းဆောင်ကြီး၏ အဆင့်အတန်းကို မမီနိုင်လျှင်ပင် သူတို့၏ ကိုယ်ယောင်ဖျောက် နည်းလမ်းများမှာ ဖူယောင် နယ်မြေ စစ်တပ်ထက် များစွာ သာလွန်နေဦးမည်သာ။
ထျန်းချန်း အဆင့်မြင့်ဂိုဏ်း ၏ ဂိုဏ်းချုပ် ရှချန်း က ဆိုလိုက်သည်။
“ငါတို့ ခေါင်းဆောင်က ငါတို့ကို အခက်အခဲတွေကြားကနေ အကြိမ်ကြိမ် လမ်းပြ ခေါ်ဆောင်လာခဲ့ပြီးပြီ။ ငါတို့က သူ့အပေါ်မှာပဲ အမြဲတမ်း မျှော်လင့်ချက်တွေ ပုံအပ်ထားမယ်ဆိုရင် ဒါက အရမ်းကို အသုံးမကျရာ ရောက်နေမှာပေါ့။ ဒါကြောင့် ငါတို့ အစွမ်းကုန် ကြိုးစားကြည့်ဖို့ အသင့်ပါပဲ”
သူ၏ နောက်ကွယ်ရှိ အခင်းအကျင်း ကျင့်ကြံသူ အားလုံးက ပြိုင်တူပင် အော်ဟစ်လိုက်ကြ၏။
“စစ်တပ်ကြီးရဲ့ အခင်းအကျင်းတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် တာဝန်ယူပါ့မယ်”
နင်ချီက ခေါင်းညိတ်လိုက်ပြီး အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ယခင် တိုက်ပွဲတွေရဲ့ အတွေ့အကြုံတွေအရ... ခင်ဗျားတို့ အားလုံးဟာ စစ်မြေပြင်နယ်မြေ ထဲမှာ အကြီးစား တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း ရှိနေကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ အကယ်လို့ ကျွန်တော်က ခင်ဗျားတို့နဲ့ အမြဲတမ်း အတူရှိနေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်မှာ ဖြစ်ပေမဲ့... ခင်ဗျားတို့ရဲ့ တိုးတက်မှုကိုတော့ ဟန့်တားရာ ရောက်နေလိမ့်မယ်။ ကျွန်တော်တို့ ကျင့်ကြံသူတွေဟာ .. ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို စတင် လျှောက်လှမ်းခဲ့ကြပြီ ဆိုကတည်းက... နောက်ဆုံးမှာတော့ ကိုယ့်လမ်းကို ကိုယ်တိုင် လျှောက်လှမ်းနိုင်ရမှာပဲ မဟုတ်လား”
ထိုအခါမှသာ လူတိုင်းက ပြိုင်တူပင် ပြန်လည် ဖြေကြားလိုက်ကြတော့သည်။
“ကျွန်တော်တို့ နားလည်ပါပြီ ခင်ဗျာ”
နင်ချီက တည်ငြိမ်စွာ ပြုံးလိုက်ပြီးနောက် အားပေးလိုက်၏။
“စိတ်မပူကြပါနဲ့... ကျွန်တော်က စစ်တပ်ကြီးနဲ့ လုံးလုံးလျားလျား ခွဲထွက်သွားတာ မဟုတ်ပါဘူး။ ချီရွှင် က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အချိန်မရွေး ကူညီပေးနိုင်သလိုမျိုး... ခင်ဗျားတို့ ကျွန်တော့်ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အဝင်အထွက် တံခါး ကို မေ့နေကြပြီလား”
***