နောက်တစ်နေ့တွင် စုန့်ဝမ်သည် မြွေဂူသို့ စောစောစီးစီး သွားရောက်ပြီး သေဆုံးသွားသော မြွေလူသားအလောင်းများနှင့် နှစ်ပိုင်းပြတ်လုနီးနီး ဒဏ်ရာရထားသည့် မြွေလူသားကို လျိုကျန်းထံ လွှဲပြောင်းပေးအပ်လိုက်သည်။ ထိုမြွေလူသားများကို မြင်လိုက်ရသောအခါ လျိုကျန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ ဆေးတောင်တွင် ဒုတိယအဆင့် မြွေလူသားဟူ၍ ၁၁ ကောင်သာ ရှိသေးပြီး စုန့်ဝမ်က ၇ ကောင်၊ ကျန်းပင်းနှင့် လီရှီတို့က တစ်ကောင်စီ ပိုင်ဆိုင်ကြပြီး ကျန် ၂ ကောင်အား မြွေဂူတွင် ထားရှိခြင်း ဖြစ်သည်။ မြွေလူသားအားလုံးမှာ လျိုကျန်းကိုယ်တိုင် အပင်ပန်းခံ မွေးမြူခဲ့ရခြင်းဖြစ်ပြီး ယခုမူ အစုအပြုံလိုက် သေဆုံးကုန်ကြပြီဖြစ်သည်။
ဆန်းကြယ်ချီသန့်စင်မှု မနှောင့်နှေးစေရန် လျိုကျန်းသည် နေ့မအား ညမနား မြွေလူသားများကို မွေးမြူပေးခဲ့ရသည်။ ယခုကဲ့သို့ မြွေလူသား အမြောက်အမြား ရုတ်တရက် ဆုံးရှုံးလိုက်ရသဖြင့် လျိုကျန်းအနေဖြင့် မကျေမနပ် ဖြစ်မိသည်မှာ မလွဲဧကန်ပင်။ "ဒါ ဘယ်သူလုပ်တာလဲ" ဟု လျိုကျန်းက အံကြိတ်ကာ မေးလိုက်သည်။
"အကြီးအကဲလျို မနေ့ညက ဆေးတောင်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို မကြားမိဘူးလား"
လျိုကျန်းက ခေါင်းယမ်းလိုက်သည်။ "ဒီရက်ပိုင်း ဂူထဲမှာ အလုပ်ရှုပ်နေလို့ အပြင်တောင် မထွက်ဖြစ်ဘူး၊ ဘာဖြစ်ခဲ့တာလဲ"
စုန့်ဝမ်က မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။
"ကျိုးရွှယ်လင် သေသွားပြီ ဟုတ်လား" လျိုကျန်းမှာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
စုန့်ဝမ်က ထိုကိစ္စကို ဆက်မပြောလိုသဖြင့် အကြောင်းအရာ ပြောင်းလိုက်သည်။ "အကြီးအကဲလျို.. ကျွန်တော့်ဂူထဲက မြွေလူသားတွေအားလုံး ဆုံးရှုံးသွားပြီ။ ဒုတိယအဆင့် မြွေလူသား ၃၊ ၄ ကောင် ထပ်ပေးနိုင်မလား"
လျိုကျန်း မျက်လုံးပြူးသွားသည်။ "ထပ်ပေးရမယ် ...ငါ့ဆီမှာ ဒုတိယအဆင့် မြွေလူသား နှစ်ကောင်ပဲ ကျန်တော့တယ်။ သူတို့ကို ဒုတိယအဆင့် နှောင်းပိုင်းအထိ ရောက်အောင် ရေရှည်မွေးမြူဖို့ စီစဉ်ထားတာ"
လျိုကျန်း ပြောသည်မှာလည်း မမှားပေ။ ယခုအချိန်အထိ သူ မွေးမြူနိုင်ခဲ့သော မြွေလူသားများ၏ အမြင့်ဆုံးအဆင့်မှာ ဒုတိယအဆင့် အလယ်ပိုင်းသာ ရှိသေးသည်။ ထိုအဆင့်သို့ ရောက်ရှိသွားလျှင် တစ်ဆို့မှုဖြစ်သွားပုံရပြီး ၎င်းတို့၏ ခွန်အားတိုးတက်မှုမှာ သိသိသာသာ နှေးကွေးသွားတတ်သည်။
စုန့်ဝမ်က ပြုံးကာ "အကြီးအကဲလျို... ကျွန်တော့်မှာ ဒုတိယအဆင့် မြွေလူသား တစ်ကောင်မှ မရှိရင် မဟာအကြီးအကဲက ကျွန်တော့်ကို သေချာပေါက် အပြစ်တင်ပါလိမ့်မယ်"ဟု ပြောလိုက်သည်။
မဟာအကြီးအကဲဆိုသည်နှင့် လျိုကျန်းလည်း နောက်ဆုံးတွင် သက်ပြင်းချကာ အရှုံးပေးလိုက်ရသည်။ "ကောင်းပြီ... လောလောဆယ် တစ်ကောင်ပဲ ပေးနိုင်မယ်။ နောင်မှာ ဒုတိယအဆင့် မြွေလူသားအသစ်တွေ မွေးမြူပြီးရင် မင်းကို အရင်ဆုံး ပေးမယ်"
"ကျေးဇူးတင်ပါတယ် အကြီးအကဲလျို။ ဒါနဲ့ ဒဏ်ရာရထားတဲ့ မြွေလူသား ပြန်ကောင်းဖို့ ဘယ်လောက်ကြာမလဲ"
"ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့ ဓားချီကြောင့်ဆိုတော့ ဒဏ်ရာ အရမ်းပြင်းထန်တယ်။ အသက်ရှင်နေသေးတယ် ဆိုပေမယ့် ပြတ်သွားတဲ့ အစိတ်အပိုင်းတွေကို ပြန်ဆက်ဖို့ အချိန်တော်တော် ယူရလိမ့်မယ်"
"ဒါဆို အကြီးအကဲလျိုကိုပဲ အားကိုးပါတယ်" ...
လက်ထဲတွင် မြွေလူသား တစ်ကောင်တည်းသာ ရှိတော့သဖြင့် စုန့်ဝမ်သည် စိတ်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ယင်းက သူ့ကို ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင် ပိုမိုအာရုံစိုက်နိုင်ရန် အချိန်ပိုရလာစေသည်။ သွေးဝိညာဉ်ဆေးလုံး ဖော်စပ်မှု ပိုမို ကျွမ်းကျင်လာသလို၊ အဆိပ်တစ်သောင်းခန္ဓာကျင့်စဉ်ကိုလည်း အချိန်ယူ ကျင့်ကြံနိုင်ခဲ့သည်။
တစ်လကျော်ကြာပြီးမှ ကျိုးစစ်ယိ မြွေဂူတွင် ပြန်ပေါ်လာသည်။ သို့သော် အလုပ်ပြန်ဝင်ရန် မဟုတ်၊ အလုပ်မှ နုတ်ထွက်ရန် လာခြင်းဖြစ်သည်။ သူမသည် မြွေလူသား မွေးမြူခြင်း၊ ဆန်းကြယ်ချီ သန့်စင်ခြင်းအပေါ် မူလတည်းက စိတ်ဝင်စားမှု မရှိပေ။ ဖခင်ဖြစ်သူ ကျိုးရွှယ်လင်၏ ဖိအားကြောင့်သာ လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။ ကျိုးစစ်ယိသည် ဆေးပညာကို စိတ်ဝင်စားသူ ဖြစ်သဖြင့် ဆေးတောင်ကို စွန့်ခွာမသွားဘဲ၊ ရွှမ်ဆေးခန်းမတွင် ဆေးဖော်စပ်သူအဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။ ကျိုးရွှယ်လင်၏ ဖိနှနပ်ချုပ်ချယ်မှုများ မရှိတော့သဖြင့် ကျိုးစစ်ယိမှာ ပိုမို လွတ်လပ်ပေါ့ပါးလာခဲ့သည်။ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့တွင် ပိုမို တည်ငြိမ် ရင့်ကျက်လာသည်။
စုန့်ဝမ်သည်လည်း ဆေးဖော်စပ်ရန်အတွက် ရွှမ်ဆေးခန်းမသို့ မကြာခဏ သွားတတ်သဖြင့် ကျိုးစစ်ယိနှင့် အမြဲလိုလို ဆုံလေ့ရှိသည်။ သူတို့ကြား ဆက်ဆံရေးမှာ ယခင်အတိုင်း ခင်မင်မြဲ ခင်မင်လျက်ပင်။ ကျိုးစစ်ယိသည် ဆေးဖော်စပ်ခြင်းဆိုင်ရာ အမြင်များကို မျှဝေရန်နှင့် ကျင့်ကြံခြင်းတွင် ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးရန် စုန့်ဝမ်ကို မကြာခဏ လာရှာလေ့ရှိသည်။ …..
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ တစ်နှစ်တာ အချိန်ကာလပင် ကုန်လွန်သွားခဲ့သည်။
ယခုအခါ စုန့်ဝမ်၏ လက်ထဲတွင် ဒုတိယအဆင့် မြွေလူသား လေးကောင် ရှိနေပြီဖြစ်သည်။ သန့်စင်မှု အများဆုံး ပြုလုပ်ထားသော တစ်ကောင်မှာ ၁၀ ကြိမ်အထိ သန့်စင်ပြီးဖြစ်ကာ၊ ဆန်းကြယ်ချီပင် ပေါ်ပေါက်လာပြီး ထိုမြွေလူသားနှင့် ပေါင်းစပ်စပြုနေပြီ ဖြစ်သည်။
တစ်နေ့တွင် စုန့်ဝမ်သည် မြွေဂူသို့ ဝင်လာစဉ် မမျှော်လင့်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။ "အကြီးအကဲရုန်.. တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား"
ရုန်ကျင့်ယွမ်သည် အခြေတည် နှောင်းပိုင်းအဆင့်၏ တစ်ဆို့မှုကို ကျော်ဖြတ်ရန် တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်ပြီး၊ ဖုန့်ဖန်းယီက သူမအနေဖြင့် အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ကြာလိမ့်မည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ တစ်နှစ်ကျော်သာ ရှိသေးသည်။
"ဒီတစ်ခေါက် ကျင့်ကြံရတာ အရမ်းချောမွေ့ခဲ့ပါတယ်။ အခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်တာနဲ့ ချက်ချင်း ထွက်လာခဲ့တာပါ" ဟု ရုန်ကျင့်ယွမ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ ကျင့်ကြံမှု တိုးတက်လာသဖြင့် စိတ်ကြည်လင်နေပုံ ရသည်။
"ဂုဏ်ယူပါတယ် အကြီးအကဲရုန်၊ အကြီးအကဲက ရွှေအမြုတေအဆင့် ရောက်ဖို့ နောက်ထပ် ခြေတစ်လှမ်း နီးစပ်သွားပြီပေါ့"
"အခြေတည်အဆင့် အထွတ်အထိပ်ကို ခုမှ ရောက်တာပါ။ ကျင့်ကြံမှု မတည်ငြိမ်သေးလို့ ရွှေအမြုတေအဆင့်အကြောင်း ပြောဖို့က အစောကြီး ရှိပါသေးတယ်"
"ကျင့်ကြံမှု မတည်ငြိမ်သေးဘူးဆိုရင် အကြီးအကဲရုန်က ဘာလို့ ဒီလောက် အလျင်စလို ထွက်လာရတာလဲ" ဟု စုန့်ဝမ်က နားမလည်သဖြင့် မေးလိုက်သည်။
"နောက်နှစ်နှစ်ဆိုရင် ချန်းလန်လျှို့ဝှက်နယ်မြေ ပွင့်တော့မယ်၊ အဲဒါအတွက် ပြင်ဆင်ဖို့ အချိန်ယူရမယ်လေ။ ကျင့်ကြံမှု တည်ငြိမ်အောင် လုပ်ရင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်မလို့ပါ" ဟု ရုန်ကျင့်ယွမ်က ရှင်းပြသည်။
"ချန်းလန်လျှို့ဝှက်နယ်မြေ ဟုတ်လား" စုန့်ဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အကြီးအကဲဝူက ချန်းလန်လျှို့ဝှက်နယ်မြေအကြောင်း မသိဘူးလား"
"အရင်က ကြားတော့ ကြားဖူးပါတယ်"
ရုန်ကျင့်ယွမ်မှာ အနည်းငယ် အံ့ဩသွားပုံရသော်လည်း ချက်ချင်းပင် နားလည်သွားဟန်ဖြင့် ပြုံးလိုက်သည်။ "အရင်က တစ်ကိုယ်တော်ကျင့်ကြံသူဆိုတော့ မကြားဖူးတာ နေမှာပါ"
ထို့နောက် ရုန်ကျင့်ယွမ်က စုန့်ဝမ်ကို ချန်းလန်လျှို့ဝှက်နယ်မြေအကြောင်း ရှင်းပြသည်။ ၎င်းသည် အဓိက ဂိုဏ်းကြီး ၅ ခု ပူးတွဲ ထိန်းချုပ်ထားသော လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်သည်။ ယခုအခါ ကိုးနန်းတော်ဂိုဏ်းမှာ သစ္စာဖောက်သွားသဖြင့် လျှို့ဝှက်နယ်မြေ ဝင်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက်နယ်မြေအတွင်း နှစ်တစ်သောင်းဝိညာဉ်ရည်နှင့် ယင်ယန်သွေးမျက်ရည်သစ်ပင်ဆိုသည့် ရတနာနှစ်ပါး ရှိသည်။
ယင်ယန်သွေးမျက်ရည်သစ်ပင်သည် ရွှေအမြုတေအဆင့် တက်လှမ်းရန် ဆေးဖော်စပ်ရာတွင် အဓိက လိုအပ်သော ပစ္စည်းဖြစ်သည်။ နှစ်တစ်သောင်း ဝိညာဉ်ရည်မှာမူ မြေကမ္ဘာနှင့် ကောင်းကင်၏ ဝိညာဉ်စွမ်းအားများ စုစည်းရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ၊ ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူသော်လည်း ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအား အမြောက်အမြားကို အလျင်အမြန် ပေးစွမ်းနိုင်ပြီး တိုက်ရိုက် သောက်သုံးနိုင်သဖြင့် ဝိညာဉ်ကျောက်တုံးများထက် စုပ်ယူရ ပိုမိုလွယ်ကူသည်။
"အကြီးအကဲရုန်က ရွှေအမြုတေအဆင့် တက်လှမ်းဖို့ ပြင်ဆင်နေတာလား"ဟု စုန့်ဝမ်က မေးလိုက်သည်။
"ချန်းလန်လျှို့ဝှက်နယ်မြေက နှစ် ၅၀ မှာ တစ်ကြိမ်ပဲ ပွင့်တာ။ အခု ငါက အခြေတည်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ ဝင်ကြည့်ချင်တာပါ" ဟု ရုန်ကျင့်ယွမ်က ဆိုသည်။
"ချန်းလန်လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ ကျင့်ကြံဆင့် ကန့်သတ်ချက် ရှိလား"
"ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူမှန်သမျှ ဝင်လို့ရတယ်။ ဒါပေမဲ့ ငါတို့ ဂိုဏ်းကတော့ အခြေတည်အဆင့် ကျင့်ကြံသူတွေကိုပဲ ဝင်ခွင့်ပြုတယ်"
"လူဦးရေ ကန့်သတ်ချက် ရှိလား"
"သီးသန့်တော့ မရှိပါဘူး။ လျှို့ဝှက်နယ်မြေက အန္တရာယ်များလို့ တစ်ခါပွင့်ရင် လူအများကြီး မဝင်ကြဘူး။ ပုံမှန်ဆို တစ်ဒါဇင်လောက်ပဲ ဝင်ကြတယ်။ အကြီးအကဲဝူက ဘာလို့ အသေးစိတ် မေးနေတာလဲ၊ ချန်းလန် လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ စိတ်ကူးရှိလို့လား"
"ချန်းလန်လျှို့ဝှက်နယ်မြေမှာ ရွှေအမြုတေအဆင့် တက်လှမ်းဖို့ လိုအပ်တဲ့ ဝိညာဥ်ဆေးပင်တွေ ရှိတယ်ဆိုတော့ လိုချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံဆင့်နဲ့ဆိုရင် အန္တရာယ်များနိုင်တယ်။ သိချင်လို့ မေးကြည့်တာပါ"
"ကျင့်ကြံခြင်းလမ်းခရီးက ရှည်လျားပြီး ခက်ခဲတယ်၊ ဖြတ်လမ်းဆိုတာ မရှိဘူး။ အကြီးအကဲဝူက ငယ်သေးတာပဲ၊ အလျင်စလို လုပ်စရာ မလိုပါဘူး။ စိတ်ရှည်လက်ရှည် ကျင့်ကြံပါဦး" ……
ရုန်ကျင့်ယွမ်နှင့် လမ်းခွဲပြီးနောက် စုန့်ဝမ်သည် တွေးရင်း ချန်းလန်လျှို့ဝှက်နယ်မြေအပေါ် စိတ်ဝင်စားလာသည်။ ထို့ကြောင့် သားရဲသခင်ဂိုဏ်း၏ ပင်မတောင်ပေါ်ရှိ ကျမ်းစာဆောင်သို့ ပျံသန်းသွားခဲ့သည်။ ကျမ်းစာဆောင်တွင် သမုဒ္ဒရာကဲ့သို့ များပြားလှသော စာအုပ်များ ရှိသည်။ ၎င်းတို့ထဲတွင် ကျင့်ကြံခြင်းကမ္ဘာမှ အထွေထွေ ဗဟုသုတများနှင့် ကောလာဟလများကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းများလည်း မနည်းပေ။
ကျမ်းစာတိုက်အတွင်း အတန်ကြာ မွှေနှောက်ပြီးနောက် ချင်းလန်လျှို့ဝှက်နယ်မြေအကြောင်း အသေးစိတ် ရေးသားထားသော စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့သည်။ ချန်းလန်လျှို့ဝှက်နယ်မြေသည် အချိန်ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့သော အင်အားစုကြီးတစ်ခုထံမှ ဆင်းသက်လာသည့် လျှို့ဝှက်နယ်မြေ ဖြစ်သည်။ နှစ် ၅၀ ကြာတိုင်း၊ လျှို့ဝှက်နယ်မြေအဝင်ဝသည် တစ်လကြာ အလိုလို ပွင့်လာတတ်သည်။ ၎င်းသည် ကျင့်ကြံသူများအတွက် လျှို့ဝှက်နယ်မြေအတွင်း ဝင်ထွက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
ချန်းလန်လျှို့ဝှက်နယ်မြေမှာ အလွန်ကျယ်ပြောပြီး ဝိညာဥ်ဆေးပင်များနှင့် ရတနာအများစုမှာ မြင့်မားသော တောင်ထွတ်တစ်ခုပေါ်တွင် စုဝေးနေကြသည်။ ထိုတောင်ထွတ်မှာ ပေတစ်သောင်းကျော် မြင့်မားပြီး၊ ဧက ၂၀၀ ခန့် ကျယ်သည်။ လျှို့ဝှက်နယ်မြေအတွင်း လူသားများ မရှိသော်လည်း နတ်ဆိုးသားရဲ အမြောက်အမြား နေထိုင်ကြသည်။ ယခင်အကြိမ် ဝင်ရောက်ခဲ့သော ကျင့်ကြံသူများ၏ အဆိုအရ၊ အတွင်း၌ ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲ နှစ်ကောင် ခိုအောင်းနေကြောင်း သိရသည်။ တစ်ကောင်မှာ တောင်ထိပ်ကို စိုးမိုးထားသော အတောင်ပံပါကျားဖြူ ဖြစ်သည်။ နောက်တစ်ကောင်မှာ တောင်ခြေရှိ ကန်အတွင်း ခိုအောင်းနေသော ပေပေါင်းများစွာ ရှည်လျားသည့် မိကျောင်းနဂါး ဖြစ်သည်။ ဤနတ်ဆိုးသားရဲနှစ်ကောင်မှာ လွယ်လွယ်နှင့် ရန်သွားစ၍ ရသည့် အရာများ မဟုတ်ပေ။
တောင်အတွင်း၌ ရှေးဟောင်းအင်အားစုမှ ထားရစ်ခဲ့သော နန်းတော်များ ရှိပြီး၊ ထိုနန်းတော်တစ်ခုအတွင်း၌ နှစ်တစ်သောင်းဝိညာဉ်ရည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်ယန်သွေးမျက်ရည်သစ်ပင်မှာမူ မြစ်ကြီးများ၏ ဘေးတွင် ပေါက်ရောက်တတ်ပြီး အရေအတွက်နှင့် တည်နေရာ အတည်တကျမရှိသဖြင့် ကံကောင်းမှသာ ရှာတွေ့နိုင်သည်။ တောင်ပေါ်တွင် အခြားသော ဝိညာဥ်ဆေးပင်များစွာ ပေါက်ရောက်နေကြသည်။ ထိုဆေးပင်များမှာ ကျင့်ကြံသူများ အပြိုင်အဆိုင် လုယူကြသော အရာများ ဖြစ်သည်။ ...
စုန့်ဝမ်သည် မြွေလူသား သန့်စင်ခြင်း၊ ဆေးဖော်စပ်ခြင်း၊ ကျင့်ကြံခြင်းများ ပြုလုပ်ရင်း အချိန်ကုန်လွန်စေခဲ့ရာ ရှစ်လတာမှာ တခဏအတွင်း ကုန်လွန်သွားခဲ့သည်။
တစ်နေ့တွင် ဂူအတွင်း၌ မြွေလူသားအား သန့်စင်နေရင်း အပြောင်းအလဲတစ်ခုကြောင့် အံသြသွားသည်။ ဤမြွေလူသားမှာ ၁၆ ကြိမ်အထိ သန့်စင်ပြီးသား ဖြစ်ကာ ယခု ၁၇ ကြိမ်မြောက် သန့်စင်မှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သန့်စင်နေရင်း မြွေလူသား၏ အသက်စွမ်းအား သိသိသာသာ ထိုးကျသွားသဖြင့် သန့်စင်မှုကို ရပ်လိုက်ရသည်။ ထို့နောက် မန္တန်လက်ဟန်များကို ချက်ချင်း ပြောင်းလဲလိုက်ကာ မြွေလူသား၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းရန် ကြိုးစားနေသော အလောင်းချီများကို အတင်းအဓမ္မ ပြန်လည် ရုပ်သိမ်းလိုက်ရသည်။
ယင်းက စုန့်ဝမ်အတွက် မြွေလူသား ဆန်းကြယ်ချီ သန့်စင်မှုတွင် ပထမဆုံးအကြိမ် ကြုံတွေ့ရသော ကျရှုံးမှု ဖြစ်သည်။ အကြိမ်ပေါင်းများစွာ သန့်စင်ပြီးနောက်တွင် မြွေလူသားပေါ်ရှိ အလောင်းချီများ ပိုမို သိပ်သည်းလာရာမှ၊ ကန့်သတ်ချက်သို့ နီးကပ်လာပုံရသဖြင့် သန့်စင်မှုမှာ ပိုမို ခက်ခဲလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စုန့်ဝမ်မှာ သန့်စင်နေစဉ်အတွင်း အလွန်အမင်း သတိထားနေရသည်။ အမှားအယွင်း ရှိပါက မြွေလူသား သေဆုံးသွားပြီး ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
မြွေလူသား၏ ရင်ဘတ်အတွင်းတွင် လူသားများ၏ ဒန်တန်နှင့် ဆင်တူသည့် စွမ်းအင်သိုလှောင်ရာ အခေါင်းပေါက်တစ်ခု ရှိသည်။ ထိုအခေါင်းပေါက်မှာ ဆန်းကြယ်ချီ၏ မြစ်ဖျားခံရာဖြစ်ပြီး၊ ထိုနေရာမှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ယခု မြွေလူသား၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုမှာ ဆန်းကြယ်ချီဖြင့် ပြည့်နှက်နေပြီဖြစ်ကာ၊ အမြီး၏ အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပြည့်သွားရန်မှာ မဝေးတော့ပေ။ သို့သော် မြွေလူသား၏ အသက်စွမ်းအားမှာ အားနည်းနေသဖြင့် သန့်စင်မှုကို ဆက်လက် လုပ်ဆောင်၍ မရတော့ပေ။
စုန့်ဝမ် ဂူအတွင်းမှ ထွက်ကာ မြွေဂူသို့ သွားပြီး လျိုကျန်းကို ရှာဖွေခဲ့သည်။ "အကြီးအကဲလျို... ကျွန်တော့်ကို အကူအညီတစ်ခု ပေးပါဦး။ မြွေလူသား ခန္ဓာကိုယ်မှာ အလောင်းချီတွေ များလွန်းလို့ အသက်စွမ်းအား အားနည်းလာတယ်။ အလောင်းချီကို မလျှော့ချဘဲ အသက်စွမ်းအား တိုးလာအောင် လုပ်နိုင်မယ့် နည်းလမ်း ရှိမလား”
လျိုကျန်းက မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးနောက် ပြန်ဖြေသည်။ "ဒါကတော့ နည်းနည်း ခက်ခဲမယ်။ အလောင်းချီနဲ့ အသက်စွမ်းအားက အခြေခံအားဖြင့် ဆန့်ကျင်ဘက်တွေလေ။ ခန္ဓာကိုယ်ထဲမှာ အလောင်းချီတွေ များလာရင် အသက်စွမ်းအား လျော့နည်းသွားမှာ ရှောင်လွှဲမရဘူး"
"ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိတော့ဘူးလား။ အဲဒီမြွေလူသားက အမြီးရဲ့ သုံးပုံနှစ်ပုံလောက်ပဲ ကျန်တော့တာ၊ ဒါပြည့်ရင် ဆန်းကြယ်ချီ အပြည့်အဝ ရတော့မှာ။ အခု သေသွားရင်တော့ အရင်က ကြိုးစားခဲ့သမျှ အလကား ဖြစ်ကုန်မှာပဲ"
လျိုကျန်းက ခေါင်းယမ်းလိုက်သည်။ "ငါ့မှာတော့ ထိရောက်တဲ့ နည်းလမ်း မရှိဘူး။ ဒါပေမဲ့ အကြီးအကဲရုန်နဲ့ တောင်သခင်ဖုန့်ကို မေးကြည့်ပါလား။ သူတို့ဆီမှာ မြွေလူသားရဲ့ အသက်စွမ်းအားကို လှုံ့ဆော်ပေးနိုင်မယ့် ဆေးစွမ်းကောင်းတွေ ရှိနိုင်တယ်"
စုန့်ဝမ်က ခေါင်းညိတ်ကာ ဖုန့်ဖန်းယီနှင့် ရုန်ကျင့်ယွမ်တို့ထံ ဆက်သွယ်ရေး ကျောက်စိမ်းပြားဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခံလိုက်သည်။
***