ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်။ ဝမ်တောက်ဖူသည် ပါးစပ်က အားရပါးရ ချီးကျူးနေသော်လည်း မျက်လုံးများထဲတွင်မူ မှုန်မှိုင်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
“မင်းကြီး.... မြို့စားမင်း ရောက်ပါပြီ။” အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
ဝမ်တောက်ဖူသည် ဝမ်ရှန်း (ဝမ်ပိရန်) ၏ အလောင်းကို စိုက်ကြည့်နေပြီးမှ အပြင်သို့ ထွက်သွားလေသည်။
“ကျုပ် မြို့စားမင်းကို ဂါရဝပြုပါတယ်။” ဝမ်တောက်ဖူ ဒူးထောက်လိုက်၏။
“ဆရာ... ထပါ။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရလဒ်က ဘယ်လိုလဲ။”
ဝမ်တောက်ဖူက ပြောလိုက်၏။ “ငါးက ငါးစာကို ဟပ်သွားပါပြီ။ ငါးကတော့ ဝမ်ရှန်းပါပဲ။ သူက ကျုပ်နားမှာ ၁၀ နှစ်ကြာအောင် ပုန်းအောင်းနေခဲ့တာ။ အခုမှ သူ့ရဲ့ မျက်နှာဖုံး ကွာကျသွားတယ်။ တကယ့်ကို အံ့ဩဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက အရှင် ဖမ်းမမိလိုက်ပါဘူး။ သူ သတ်သေသွားပါတယ်။”
“ဖမ်းမိလည်း အသုံးမဝင်ပါဘူး။ ဒီလိုလူတွေက ပါးစပ်ပိတ်ထားမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ သူလျှိုအဖွဲ့အစည်း တစ်ခုလုံးက ကျွန်မတို့ လက်ထဲ ရောက်နေပြီပဲ။ သူ အသက်ရှင်၊ မရှင်က အရေးမကြီးတော့ပါဘူး။”
ကျင်းကျုံးယွဲ့သည် ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ဝင်ထိုင်လိုက်သည်။
“ဆရာ... ရန်သူ့ သူလျှိုအဖွဲ့အစည်းက ၁၀ နှစ်လောက် ပုန်းအောင်းနေခဲ့တာ။ အခု တစ်ချက်တည်းနဲ့ ဖော်ထုတ်နိုင်ခဲ့တာက အစ်ကိုကြီးရဲ့ ကောင်းကျိုးကြောင့်ပါ။ သူက သုံးနှစ်လောက် အသံတိတ်နေပြီးမှ ပြန်လာလာချင်း အခုလို စွမ်းဆောင်ပြနိုင်တာ တကယ့်ကို ချီးကျူးစရာပါပဲ။”
သူမ ပြောနေသည့် အစ်ကိုကြီး ဆိုသည်မှာ မည်သူဖြစ်သနည်း။
ဝမ်တောက်ဖူက ဆက်ပြော၏။ “မြို့စားမင်း... ဒီနေ့ အံ့ဩစရာက ချူကျောင်းရန် ပြန်ရောက်လာတာ တစ်ခုတည်း မဟုတ်ပါဘူး။ ယွင်အောက်ထျန်းလည်း ပါပါတယ်။”
ထို့နောက် ဝမ်တောက်ဖူက လက်ခုပ်တီးလိုက်သည်။ ယွင်ကျုံးဟဲ့ ထွက်လာသည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အံ့ဩသွား၏။ ‘ဒီလူ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ယွင်ကျုံးဟဲ့ကို နှိပ်ကွပ်ဖို့အတွက် ဆရာကို ခိုင်းထားတာလေ။ သူတောင်းစား၊ အသုံးမကျတဲ့ကောင်ကို ဆရာက ဘာလို့ မနှင်ထုတ်ရသေးတာလဲ။ ပုံမှန်ဆိုရင် နာရီဝက်တောင် မကြာဘဲ အရိုက်ခံရ၊ အမောင်းထုတ်ခံရ ဖြစ်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုထိ ဒီမှာ ရပ်နေသေးတာလဲ။’
ဝမ်တောက်ဖူက ဆက်ပြောသည်။ “မြို့စားမင်း... ဒီယွင်အောက်ထျန်းက ဒီနေ့ ကျုပ် ရလိုက်တဲ့ ဒုတိယမြောက် အံ့အားသင့်စရာပါပဲ။ သူက အမှုစစ်ပညာ မသင်ဖူးပေမဲ့ ပါရမီ အလွန် ထူးချွန်ပါတယ်။”
ထို့နောက် ဝမ်တောက်ဖူသည် ဖြစ်ပျက်ခဲ့သမျှကို ကျင်းကျုံးယွဲ့အား အသေးစိတ် ရှင်းပြလိုက်သည်။ မချီးကျူးသလို၊ ဖုံးကွယ်ထားခြင်းလည်း မရှိပေ။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ‘တရားသူကြီး ချုပ်ဟောင်း သတ်သေတာကို ဖော်ထုတ်နိုင်ရုံမက၊ တရားခံအစစ်က ဝမ်ရှန်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ တာလား။ အဲတာက ပိုပြီး ခက်ခဲတဲ့ ကိစ္စလေ။
အထူးသဖြင့် နောက်ဆုံးအချိန်မှာ ဝမ်ရှန်းကို လှည့်စားပြီး သူ့အပြစ်ကို ဝန်ခံအောင် လုပ်နိုင်ခဲ့တာက တကယ့်ကို အံ့မခန်းပါပဲ။ ဒီယွင်အောက်ထျန်းက တကယ်ပဲ ဒီလောက် အရည်အချင်း ရှိတာလား။ ဆရာ ဝမ်တောက်ဖူတောင် သူ့ကို ချီးကျူးနေပါလား။ ဒါက ငါ့့ကို ပါးရိုက်လိုက်သလို ဖြစ်နေပြီ။’
“ဝမ်ရှန်းက သူလျှိုဖြစ်မှန်း စောစောစီးစီး သိသွားခဲ့တယ်။ သူ့ကို ဖော်ထုတ်နိုင်တာ ယွင်အောက်ထျန်းနဲ့ မဆိုင်ပေမဲ့ သူပြသခဲ့တဲ့ ပါရမီကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒါကြောင့် သူ့ကို လေခွင်းရုံးတော်မှာ ဆက်ထားချင်ပါတယ်။” ဝမ်တောက်ဖူက ပြောလိုက်၏။
ကျင်းကျုံးယွဲ့ အခက်တွေ့သွားသည်။ တရားသူကြီးချုပ် ရာထူးက အရေးကြီး၏။ အနည်းဆုံး စာမေးပွဲအောင် ကျူရန်အဆင့်လောက် ရှိမှ ပေးလို့ရသည့်နေရာဖြစ်၏။ ယွင်ကျုံးဟဲ့ကို မည်ကဲ့သို့ ပေးရမည်နည်း။
သူမက အရည်အချင်းကို ကြည့်ပြီး နေရာပေးတတ်၏။ သို့သော်ငြား တရားသူကြီးချုပ် နေရာမှာ လူရှိနေပြီဖြစ်၏။
သူက သုံးနှစ်ကြာ ပျောက်ကွယ်နေပြီးမှ ပြန်ရောက်လာပြီး ကြီးမားသော သူလျှို အဖွဲ့အစည်းကို ဖော်ထုတ်ပေးခဲ့သူ အစ်ကိုကြီး ချူကျောင်းရန် ဖြစ်သည်။ သူက တရားသူကြီးချုပ် ရာထူးအပြင် ရုံးအုပ်ချုပ်ရေးမှူး ရာထူးကိုပါ ယူရမည်သူပင်။
ယွင်ကျုံးဟဲ့က ဝင်ပြောသည်။ “တကယ်တော့ ဒီတရားသူကြီးချုပ် ရာထူးမှာ လူရှိပြီးသား မဟုတ်လား။ ကျုပ်ကို ပေးဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။”
ကျင်းကျုံးယွဲ့ တိတ်ဆိတ်နေသည်။ ထို့နောက် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်လိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား ကတိပေးထားပြီးသား။ ကတိတည်ရမယ်။ ဒီတရားသူကြီးချုပ် ရာထူးကို ကျုပ် မလိုချင်ဘူး။ နာမည်ကလည်း ရုပ်ဆိုးတယ်။ တခြား ရာထူး ပြောင်းပေး။ ဒါပေမဲ့ ရာထူး အဆင့်အတန်းက တရားသူကြီးချုပ်ထက် မနိမ့်စေရဘူး။ အဓိက က နာမည်ကြီးပြီး အရှိန်အဝါ ရှိရမယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါဆို ရှင် ဘာရာထူး လိုချင်လဲ။ ပြောပြစမ်း။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “ကျင်ယီဝေ တပ်မှူးချုပ်... ဒီနာမည်က သိပ်ကို ဂုဏ်ရှိန်ဂုဏ်ဝါ ရှိတယ်။ ကျုပ် ကြိုက်တယ်။”
အားလုံး ရယ်မောလိုက်ကြ၏။
ယွင်ကျုံးဟဲက ကြောင်အသွားမိသည်။ ‘ကျင်ယီဝေ ဆိုတာ တခြား လောကမှအဖွဲ့အစည်းလေ။ ဒီမှာမှ မရှိတာ။ သူတို့က ဘာသိလို့ ရယ်နေတာလဲ’
(ကျင်ယီဝေ - တရုတ်မင်းဆက်သမိုင်းမှာ အလွန်ကျော်ကြားပြီး ကြောက်မက်ဖွယ်ကောင်းခဲ့သည့် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ သို့မဟုတ် လျှို့ဝှက်တပ်ဖွဲ့)
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ရှင့်ရာထူးကို မနက်ဖြန် မြို့စားအိမ်တော် ညီလာခံမှာ တရားဝင် ကြေညာပေးမယ်။ ရှင် စိတ်ပျက်စေရမယ့် ရာထူး မဟုတ်စေရဘူး။ အခု ပြန်လို့ ရပြီ။”
ဤအရာကမှ တကယ့် ကတိစကားပင်။ လူသိရှင်ကြား ကြေညာမည် ဆိုမှတော့ ယွင်ကျုံးဟဲ့၏ ရာထူးက သေချာသွားပြီဖြစ်သည်။ လှည့်စားခြင်း မဟုတ်တော့ချေ။
ယွင်ကျုံးဟဲ့ ထွက်သွားရန် ပြင်လိုက်၏။
သို့သော်ငြား တံခါးဝသို့ ရောက်သည်နှင့် စစ်သည်အချို့ တားဆီးလိုက်သည်။ “သခင်လေး ယွင်... ခဏလောက် နေပါအုံး။ အခန်းထဲမှာ အနားယူပေးပါ။”
ယဉ်ကျေးသော်လည်း ပြတ်သားသော လေသံဖြစ်၏။
ယွင်ကျုံးဟဲ့ကို အခန်းငယ်လေး တစ်ခုထဲသို့ ခေါ်ဆောင်သွားကြသည်။ အတွင်းတွင် လက်ဖက်ရည်နှင့် မုန့်များ ပြင်ဆင်ထားသည်။ စားချင်စား၊ အိပ်ချင်အိပ် ရသည်။ သို့သော်ငြား အပြင်ထွက်ခွင့် မရှိချေ။
ဤအရာက အကျယ်ချုပ် မဟုတ်ပေ။ ကြီးမားသည့် စစ်ဆင်ရေးကြီး စတင်တောမည်ဖြစ်သောကြောင့် လျှို့ဝှက်ချက် မပေါက်ကြားအောင် ထိန်းသိမ်းထားခြင်းမျိုးပင်။
............
အခန်းထဲတွင် ကျင်းကျုံးယွဲ့နှင့် ဝမ်တောက်ဖူ နှစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် လန်ပိ ဝင်ရောက်လာသည်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဆရာ... စလို့ ရပြီလား။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်သည်။ “ရပြီ။ ဝမ်ရှန်းက သူလျှိုစာရင်းကို ဖျက်ဆီးချင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။ သူ့ကို ကျုပ်တို့ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ။ ဒါကြောင့် သူ အပြင်ကို သတင်းပို့ဖို့ အချိန်မရလိုက်ဘူး။ ရန်သူတွေ ဘာမှ မသိသေးခင် သူတို့အဖွဲ့အစည်း တစ်ခုလုံးကို ဖမ်းဆီးရမယ်။”
“စာရင်းက သေချာရဲ့လား။” လန်ပိက မေးလိုက်သည်။
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဒါက ချူကျောင်းရန် ၆ လလောက် အချိန်ယူပြီး စုံစမ်းထားတဲ့ စာရင်းပဲ။ တချို့လူတွေကိုလည်း တိတ်တဆိတ် စစ်ဆေးပြီးပြီ။ သေချာတယ်။ လေခွင်းမြို့ထဲမှာ ပုန်းအောင်းနေတဲ့ သူလျှိုအဖွဲ့အစည်း အကြီးစားပဲ။”
လန်ပိ ခဏမျှ တွန့်ဆုတ်နေပြီး ဒူးထောက်လိုက်သည်။ “မြို့စားမင်း... သူလျှိုဖမ်းတာက သွေးနက်ဂိုဏ်းရဲ့ အလုပ်ပါ။ ဘာလို့ ချူကျောင်းရန်ကို တာဝန်ပေးရတာလဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ နင်က မိန်းမ ဖြစ်နေလို့လေ။ တချို့ကိစ္စတွေက ယောက်ျားတွေပဲ လုပ်လို့ရတာ။”
‘ယောက်ျားတွေပဲ လုပ်လို့ရတာ ဟုတ်လား။ ပျားရည်ထောင်ချောက် ထောင်တာလား။’
လန်ပိ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားသည်။
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “သွားတော့။ စာရင်းအတိုင်း ဖမ်းကြ။ စာရင်းထဲက လူ ၃၀ အပြင် ဆက်စပ်နေတဲ့ လူတွေကိုပါ အကုန်ဖမ်း။ တစ်ယောက်မှ မလွတ်စေနဲ့။ မှားဖမ်းမိရင်တောင် ကိစ္စမရှိဘူး။ လွတ်သွားတာမျိုး မရှိစေနဲ့။”
“ကောင်းပါပြီ။”
ကျင်းကျုံးယွဲ့ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။ “တပ်မှူးလင်...”
“ရှိပါတယ်။” အပြင်ဘက်မှ တပ်မှူးတစ်ဦးက အော်လိုက်၏။
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ “လေခွင်းမြို့ကို ပိတ်ဆို့လိုက်။ စစ်သည် ၁၀၀၀ ယူပြီး အရှင်လန်ပိရဲ့ ကွပ်ကဲမှုအောက်မှာနေ...၊ သွေးနက်ဂိုဏ်းရဲ့ ဖမ်းဆီးရေး စစ်ဆင်ရေးကို ကူညီပေး။”
“ထွက်ခွာတော့။”
လေခွင်းမြို့၏ တံခါးမကြီးများ အားလုံး ပိတ်လိုက်သည်။ စစ်သည် ၂၀၀၀ ခန့်သည် မြို့စားအိမ်တော်နှင့် လေခွင်းရုံးတော်တို့မှ ထွက်ခွာသွားကြ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များ၏ ခြေသံများသည် မြေကြီးကို တုန်ခါစေသည်။
ယွင်ကျုံးဟဲ့သည် အခန်းထဲမှ အပြင်သို့ လှမ်းကြည့်လိုက်၏။ သွေးနက်ဂိုဏ်း စစ်သည်များနှင့် မြင်းစီး တပ်ဖွဲ့များ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
စစ်ဆင်ရေးကြီး စပြီဖြစ်သည်။ ယနေ့ လူဘယ်နှစ်ယောက် အဖမ်းခံရမလဲ။ ဘယ်နှစ်ယောက် သေမလဲ။
ယခု ယွင်ကျုံးဟဲ့က သေချာလုနီးပါး ဖြစ်လို့သွားခဲ့သည်။
‘သူလျှိုစာရင်း ဆိုတာ တကယ် ရှိတယ်။ လေခွင်းမြို့က အဲဒီစာရင်းကို ရထားပြီးသားပဲ။ တရားသူကြီးချုပ် ဟောင်းက အစာကျွေးခံရတဲ့ ငါးစာ သက်သက်ပဲ။ ဝမ်ရှန်းကို ဖော်ထုတ်ဖို့ သုံးလိုက်တဲ့ ငါးစာ။ ဝမ်ရှန်းက သူလျှိုခေါင်းဆောင် ဖြစ်မယ်။ သူသေသွားပြီ ဆိုတော့ ဖမ်းဆီးပွဲကြီး စတင်ပြီပေါ့။’
လေခွင်းမြို့၏ ဓားရိပ်ဓားငွေ့တွေကို ယွင်ကျုံးဟဲ့ ခံစားလိုက်ရသည်။ မကြာမီ အပြင်ဘက်မှ အော်ဟစ်သံများ၊ သတ်ဖြတ်သံများကို ကြားယောင်လာသည်။ မုန်တိုင်း လာတော့မည်။ ယွင်ကျုံးဟဲ့ မုန့်စားနေရင်း မျက်နှာကြွက်သားများ လှုပ်ရှားသွား၏။
............................
တာယင်အင်ပါယာ၊ ဟေးလုံထိုင် စခန်းခွဲ၊ အန်းထင် တည်းခိုခန်း
စစ်သည် အများအပြား ရောက်လာပြီး တည်းခိုခန်း တစ်ခုလုံးကို ဝိုင်းထားလိုက်ကြသည်။
“ကျွီ... ကျွီ...”
လေးသမား ၁၀၀ ခန့်က မြားများကို အသင့်ပြင်ကာ ချိန်ရွယ်ထားကြ၏။
ရွှီအန်းထင်တို့ မောင်နှမ နှစ်ယောက် ထိတ်လန့်သွားကြသည်။ “ဒါ... ဒါ ဘာဖြစ်တာလဲ။ ကျုပ်တို့ ပေါ်သွားတာလား။”
“မဖြစ်နိုင်ဘူး။”
“ဘယ်လိုလုပ်မလဲ။ ပြန်တိုက်မလား။”
“ခေါင်းဆောင်... ခင်ဗျား အရင်ပြေး။ ကျုပ်တို့ ကာထားပေးမယ်။” ဟေးလုံထိုင် စစ်သည်များက အော်ပြောကြသည်။
“အစ်ကိုကြီး.... စာရွက်စာတမ်းတွေကို မီးရှို့လိုက်ရမလား။” ညီမဖြစ်သူ ရွှီအန်းထင်က မေးလိုက်၏။
“မလုပ်နဲ့။ ငြိမ်ငြိမ်နေ... ငြိမ်ငြိမ်နေ...” အစ်ကိုဖြစ်သူ ရွှီအန်းထင်က တားလိုက်သည်။
“ကျုပ်တို့ စခန်းက အပြင်လောကနဲ့ အဆက်အသွယ် မရှိဘူး။ တခြား အဖွဲ့အစည်းတွေနဲ့လည်း မချိတ်ဆက်ထားဘူး။ ကျုပ်တို့ ပေါ်သွားတယ်ဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ ယွင်ကျုံးဟဲ့ သစ္စာဖောက်လိုက်တာပဲ။ ဒါပေမဲ့... ဒါ လုံးဝ မဖြစ်နိုင်ဘူး။”
“မဖြစ်နိုင်ဘူး။ သူ သစ္စာဖောက်မှာ မဟုတ်ဘူး။” ညီမဖြစ်သူက ခိုင်မာစွာ ပြောလိုက်၏။ “သူက အရူး၊ အနုပညာ ပါရမီရှင်... ဒီလိုလူမျိုးက သစ္စာမဖောက်တတ်ဘူး။”
အစ်ကို ရွှီအန်းထင်က ပြောလိုက်သည်။ “ဒါဆိုရင် ဘာမှ မလုပ်နဲ့။ စာရွက်စာတမ်းတွေ မီးမရှို့နဲ့။ ဘာမှ မဖြစ်သလိုပဲ နေ...”
ထိုစဉ် အပြင်ဘက်မှ တံခါးထုသံ ကြားလိုက်ရ၏။
အစ်ကိုဖြစ်သူက သက်ပြင်းချလိုက်သည်။ “တံခါးသွားဖွင့်လိုက်။”
အစေခံတစ်ဦး သွားဖွင့်ပေးလိုက်သည်။ သွေးနက်ဂိုဏ်း စစ်သည်များ ဝင်လာကြ၏။
တပ်မှူးတစ်ဦးက အေးစက်စွာ မေးလိုက်သည်။ “ရွှီအန်းထင် ဆိုတာ ဘယ်သူလဲ။ မိန်းမ တစ်ယောက်...”
“ကျွန်မပါ။” ညီမဖြစ်သူ ထွက်လာ၏။
တပ်မှူးက ပုံတူပန်းချီကား တစ်ချပ်ကို ထုတ်ကြည့်လိုက်သည်။ တိုက်ဆိုင်စစ်ဆေးစရာ မလိုလောက်အောင် တူညီနေသည်။ သူမ၏ လှပသော မျက်နှာပေါ်ရှိ ဓားရာနှစ်ချက်က ထင်ရှားလွန်းသည်။
တပ်မှူးက မေးလိုက်၏။ “မင်းက ကောင်းကင်အမွေးအတောင် နန်းဆောင်မှာ စောင်းသင်ပေးဖူးတယ် မဟုတ်လား။ အဲဒီကို မကြာခဏ သွားတယ် မဟုတ်လား။”
ရွှီအန်းထင် (ညီမ)က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
တပ်မှူးက အမိန့်ပေးလိုက်၏။ “ဖမ်းလိုက်။”
စစ်သည်များက သူမကို ဖမ်းချုပ်လိုက်ကြသည်။
အစ်ကိုဖြစ်သူ ရှေ့တိုးလာကာ ပြောလိုက်၏။ “အရှင်... အရှင်... ဒါ နားလည်မှုလွဲတာပါ။ ကျေးဇူးပြုပြီး ညှိနှိုင်းလို့ မရဘူးလား။”
သူက ငွေစက္ကူ တစ်ထပ်ကို ကမ်းပေးလိုက်သည်။
တပ်မှူးက ငွေစက္ကူကို ကြည့်လိုက်၏။ ငွေ ၁၀၀ တန်တွေ တော်တော် များ၏။
“သူဌေးရွှီက သဘောကောင်းသားပဲ။ ဒါပေမဲ့ ဒီအမှုက ကြီးလွန်းတယ်။ ညှိလို့ မရဘူး။” တပ်မှူးက ပြောသည်။ “အမှုမပြီးမချင်း ဒီတည်းခိုခန်းက ဘယ်သူမှ အပြင်မထွက်ရဘူး။ တစ်ယောက်ယောက် လျော့သွားရင် အကုန်လုံးကို ဖမ်းမယ်။”
တပ်မှူးက အမိန့်ပေးလိုက်၏။ “ခေါ်သွား။”
ညီမဖြစ်သူ ရွှီအန်းထင်ကို ဖမ်းခေါ်ကာ မြင်းလှည်းပေါ် တင်သွားသည်။
တပ်မှူးက ပြောလိုက်၏။ “နောက်တစ်နေရာ သွားမယ်။”
သွေးနက်ဂိုဏ်း စစ်သည်များ ထွက်ခွာသွားကြသည်။
......................
***