‘ချောမောခန့်ညားတဲ့ ယောက်ျားတွေ အကုန် သေသင့်တယ်။ ငါ ယွင်ကျုံးဟဲ့ရဲ့ အချောအလှ ၈၀ ရာခိုင်နှုန်းလောက် ရှိရင်ကို အဲဒီလူက သေသင့်နေပြီ။’
“ညီလေးယွင်... စိတ်မရှိပါနဲ့ဗျာ။” ချူကျောင်းရန်၏ စကားသံက နွေဦးလေညင်းလိုပင် နားဝင်ချိုလှသည်။
ယွင်ကျုံးဟဲ့ အေးစက်စွာ ပြုံးလိုက်၏။ “ဒါ ဘာသဘောလဲ။”
ချူကျောင်းရန်က ပြောလိုက်သည်။ “ညီလေးယွင်က မကြာခင် လေခွင်းမြို့မှာ အရာရှိ ဖြစ်တော့မယ်လေ။ ဒီလို စစ်ဆေးမှုလေးတွေ လုပ်တာ ပုံမှန်ပါပဲ။ စိတ်ထဲ မထားပါနဲ့။”
ထိုသူက တကယ့်ကို ယုတ်မာ ဉာဏ်များသူပင်။ သူ၏ လူများကို ဟေးလုံထိုင်၏ သူလျှိုများအဖြစ် ဟန်ဆောင်ခိုင်းပြီး ယွင်ကျုံးဟဲ့၏ ပုံစံ အစစ်အမှန်ကို စုံစမ်းနေခြင်းဖြစ်၏။
တကယ်၍ စောစောက ယွင်ကျုံးဟဲ့သာ စိတ်မခိုင်ဘဲ အမှန်အတိုင်း ဝန်ခံလိုက်မိရင် ယခုအချိန်၌ အလောင်းကောင် ဖြစ်နေလောက်ပြီ ဖြစ်၏။ ဤချူကျောင်းရန်က သူ့ခေါင်းကို ဖြတ်ပြီး ကျင်းကျုံးယွဲ့ဆီ ယူသွားမှာ သေချာသည်။
‘ကျင်းကျုံးယွဲ့မှာ လန်ပိ ရှိနေတာတောင် ဘာလို့ ချူကျောင်းရန်ကိုပါ ထပ်မွေးထားရတာလဲ။’
ဤအရာက ဘုရင်များ၏ ထုံးစံဖြစ်သည်။ အာဏာကို တစ်နေရာတည်းမှာ မစုထားဘဲ အပြန်အလှန် ထိန်းကျောင်းစေခြင်းမျိုး ဖြစ်၏။ ထို့ကြောင့် မင်မင်းဆက်တုန်းက ကျင်ယီဝေ၊ ပြီးတော့ အရှေ့နန်းဆောင်၊ နောက်တော့ အနောက်နန်းဆောင်၊ နောက်ဆုံး အတွင်းနန်းဆောင်ဆိုပြီး အဖွဲ့အစည်းတွေ အများကြီး ပေါ်လာခြင်းဖြစ်၏။
သေချာသည်မှာ ချူကျောင်းရန်နှင့် လန်ပိတို့သည် ကျင်းကျုံးယွဲ့၏ ဘယ်လက်ရုံး၊ ညာလက်ရုံးများ ဖြစ်သည်။
‘ဒီကောင် တော်တော် အစွမ်းထက်တာပဲ။ ပြန်ရောက်တာ မကြာသေးဘူး၊ ချက်ချင်း နာမည်ကြီးအောင် လုပ်ပြနိုင်တယ်။ လန်ပိတောင် မှေးမှိန်သွားသလိုပဲ။’
“စစ်ဆေးလို့ ပြီးပြီလား။” ယွင်ကျုံးဟဲ့ မေးလိုက်၏။
“ပြီးပါပြီဗျာ။” ချူကျောင်းရန်က အပြုံးချိုချိုလေးနှင့် ဖြေသည်။
“ဒါဆို ပြန်လို့ ရပြီလား။”
“ရတာပေါ့။ ကြွပါ။”
လျှို့ဝှက်ခန်းတံခါး ပွင့်သွား၏။
ယွင်ကျုံးဟဲ့ ထွက်လာတော့မှ သိလိုက်ရသည်။ ဤနေရာက မြို့စားအိမ်တော်နှင့် သိပ်မဝေးသည့် အိမ်လေးတစ်လုံး ဖြစ်နေသည်။
သူ လှည့်ကြည့်လိုက်ချိန်မှာတော့ ချူကျောင်းရန်က မြင်းပေါ်တက်ရင်း သူ့ကို လက်ပြနှုတ်ဆက်နေသေး၏။
................
ယွင်ကျုံးဟဲ့ မြို့စားအိမ်တော်သို့ ပြန်ရောက်လာသည်။
အိမ်တော်တံခါးဝတွင် ကျင်းဝူပြန်းကို တွေ့လိုက်ရသည်။ ခွေးတစ်ကောင်လို ဆောင့်ကြောင့်ထိုင်နေ၏။
‘ညဉ့်နက်နေပြီ။ သူ ဒီမှာ ဘာလုပ်နေတာလဲ။’
ကျင်းဝူပြန်းက မေးလိုက်သည်။ “အောက်ထျန်း... မင်း ဘာမှ မဖြစ်ဘူးနော်။ မျက်နှာမကောင်းပါလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “ဘာမှ မဖြစ်ပါဘူး။”
“မဖြစ်ရင် ပြီးတာပဲ။ ငါ သွားအိပ်တော့မယ်။” ကျင်းဝူပြန်း ထွက်သွားရန် ပြင်လိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးမှ ပြန်လှည့်လာသည်။
“ဒါနဲ့ အောက်ထျန်း... ဒီနေ့ မင်းနိုင်သွားပြီ ဆိုတော့ ငါ ကတိတည်ရမယ်။ အခွင့်အရေးရရင် အစ်မလန်ပိကို မေ့ဆေးအုပ်ပြီး မင်းကို အနမ်းပေးခိုင်းမယ်။ ငါက ပြောပြီးရင် လုပ်တတ်တဲ့ကောင်ကွ။ ဟွန်း။”
ပြောပြီးသည်နှင့် စိတ်ဆိုးမာန်ဆိုး ထွက်ခွာသွားလေသည်။ အစ်မလန်ပိက သူ၏ အိပ်မက်ချစ်သူ မဟုတ်ပါလား။
ယွင်ကျုံးဟဲ့ သူ့ကျောပြင်ကို ကြည့်ရင်း အေးစက်နေသော ရင်ထဲတွင် နွေးထွေးမှုလေး တစ်ခု ခံစားလိုက်ရ၏။
“အစ်ကိုကြီး.... ကတိုးမွှေးသခင်မရော။ ဘယ်တော့ ပြန်လာမှာလဲ။” ယွင်ကျုံးဟဲ့ လှမ်းမေးလိုက်သည်။
ကျင်းဝူပြန်း တုန်တက်သွား၏။ “အောက်ထျန်း... မင်း တော်တော် လွန်နေပြီနော်။ ငါ့အိမ်က အလှပဂေး ၃ ယောက်လုံးကို မင်းက သိမ်းပိုက်ချင်နေတာလား။”
ကတိုးမွှေးသခင်မက ဂီတကို မြတ်နိုးသူ ဖြစ်သည်။ သူမသာ ရှိလျှင် ရွှီအန်းထင် (အမျိုးသမီး) ကို ကယ်တင်ဖို့ အခွင့်အရေး ပိုများနိုင်သည် မဟုတ်ပါလား။
.............
ယွင်ကျုံးဟဲ့သည် သူ့အခန်းထဲ ရောက်သည်နှင့် ကုတင်ပေါ် ပစ်လှဲချလိုက်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်ချင်သည်။
သို့သော်ငြား ရုတ်တရက် ထထိုင်လိုက်သည်။ အခန်းထဲတွင် လူတစ်ယောက် ရောက်နေ၏။
“မီးမထွန်းနဲ့။ ငါပါ။”
ယွင်ကျုံးဟဲ့ လန့်သွားသည်။ “ဖုန်းရှင်းမြဲ့”
အရင်တုန်းက ဖုန်းရှင်းမြဲ့ကို ရိုးရိုးတပ်မှူးဟုသာ ထင်ခဲ့၏။ သို့သော်ငြား ယခု သူက တကယ့် အကြီးအကဲ တစ်ယောက်ဖြစ်နေသည်။ ဟေးလုံထိုင်ရဲ့ အထူးသံတမန်၊ လေခွင်းမြို့ စီမံကိန်းရဲ့ တာဝန်ခံပင် ဖြစ်နေ၏။
ဤမျှလောက် အရေးကြီးသည့် ပုဂ္ဂိုလ်ကြီးက ယွင်ကျုံးဟဲ့၏ အခန်းထဲအထိ လာရဲတယ် ဆိုခြင်းမှာ တော်တော် စွန့်စားရဲသူဖြစ်သည်။
“အရှင်... မလာသင့်ဘူးဗျ။” ယွင်ကျုံးဟဲ့ အသံတုန်တုန်ဖြင့် ပြောလိုက်၏။
ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ငါ မလာရင် မင်း စိတ်လိုက်မာန်ပါ လုပ်မိမှာ စိုးလို့...”
ယွင်ကျုံးဟဲ့က တုန်ယင်နေသည့် အသံဖြင့် မေးလိုက်၏။ “အရှင်... ဝမ်ရှန်း (ဝမ်ပိရန်) က ကျုပ်တို့ လူ ဟုတ်တယ် မဟုတ်လား။”
ဖုန်းရှင်းမြဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
ယွင်ကျုံးဟဲ့ ခန္ဓာကိုယ် တုန်ယင်သွားပြီး မေးလိုက်၏။ “ဒီနေ့... ကျုပ်တို့ရဲ့ သူလျှိုအဖွဲ့အစည်း တစ်ခုလုံး ပျက်စီးသွားပြီ မဟုတ်လား။”
“ဟုတ်တယ်။” ဖုန်းရှင်းမြဲ့က ဝန်ခံသည်။ “ဒါက လေခွင်းမြို့မှာ ကျန်နေတဲ့ နောက်ဆုံး အဖွဲ့အစည်းကြီးပဲ။ ၁၆ နှစ်လုံးလုံး တည်ဆောက်ထားခဲ့ရတာ။ မင်း နေရာကျတာနဲ့ မင်းလက်ထဲ အပ်မလို့ စီစဉ်ထားတာ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်နှယောက် သေလဲ။ ဘယ်နှယောက် အဖမ်းခံရလဲ။”
ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “အယောက် ၁၀၀ ကျော် သေတယ်။ အယောက် ၁၀၀ ကျော် အဖမ်းခံရတယ်။ အများစုက အပြင်လူတွေပါ။ အမာခံ သူလျှိုက ၃၂ ယောက် ပါသွားတယ်။”
အကြီးအကျယ် ဆုံးရှုံးမှုကြီးပင်။
“ဒါပေမဲ့... ဒါတွေ အားလုံး မင်းနဲ့ မဆိုင်ဘူး။” ဖုန်းရှင်းမြဲ့က နှစ်သိမ့်သည်။ “ဝမ်ရှန်း သေတာ မင်းကြောင့် မဟုတ်ဘူး။ အဖွဲ့အစည်းကြီး ပျက်စီးတာလည်း မင်းကြောင့် မဟုတ်ဘူး။ စိတ်ထဲ မထားနဲ့။ ဝမ်ရှန်းက စောစောစီးစီး ပေါ်နေပြီးသား။ မင်း မရှိလည်း သူ သေမှာပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာလို့ အစောကြီးတည်းက မဆုတ်ခွာခဲ့ကြတာလဲ။ ကောင်းကင် အမွေးအတောင် နန်းဆောင် အပိတ်ခံရတုန်းတည်းက ရိပ်မိသင့်တာ။”
ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ဟုတ်တယ်။ ရိပ်မိသင့်တာ။ ဒါပေမဲ့... အဲဒီအချိန်တုန်းက ငါ အဖမ်းခံထားရတယ်လေ။ မြို့တော်က လာတဲ့ စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတာ ခံနေရတယ်။
ယွင်ကျုံးဟဲ့ သတိရသွားသည်။ ပိုင်ရှင်မဲ့ နယ်မြေက အရာရှိတွေက ယွင်ကျုံးဟဲ့ကို ခန့်ထားသော ကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားထားသောကြောင့့် ဖုန်းရှင်းမြဲ့ အစစ်ဆေး ခံနေရခြင်းဖြစ်၏။ ထို့ကြောင့် လဝက်လောက် ပျောက်နေခဲ့ခြင်းပင်။
ဖုန်းရှင်းမြဲ့က ဆက်ပြောလိုက်၏။ “စစ်ဆေးတာပြီးလို့ ငါ ပြန်ရောက်တော့ အခြေအနေ မဟန်မှန်း သိလိုက်တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ ရန်သူက ပိုက်ကွန် ဖြန့်ထားပြီးပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်နေရာမှာ မှားသွားတာလဲ။”
ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “သစ္စာဖောက် ရှိလို့...”
“ထပ်ပြီး သစ္စာဖောက်ပြန်ပြီလား။” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။
ဖုန်းရှင်မြဲ့က ပြောလိုက်၏။ “သူလျှိုလောကမှာ သစ္စာဖောက်ဆိုတာ ရှိစမြဲပါ။ ဟေးလုံထိုင်က လူတွေ သစ္စာရှိတယ် ဆိုပေမဲ့ ရံဖန်ရံခါတော့ ကြုံရတာပဲ။ ဒီတစ်ခါ ရန်သူက သိပ်တော်လွန်းတယ်။ အထူးသဖြင့် မိန်းမတွေအတွက် သိပ်ကြောက်စရာ ကောင်းတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်သူ သစ္စာဖောက်တာလဲ။”
ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “ကျိယန်…. ချူကျောင်းရန်ရဲ့ ပျားရည်ထောက်ချောက်ထဲ မိသွားတာ။”
‘ချူကျောင်းရန်... ဒီကောင် ထပ်ပါလာပြန်ပြီ။ သူက ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့တော့ မိန်းကလေးတွေ ကြွေတာ မဆန်းပါဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အရှင်... လေခွင်းမြို့ထဲမှာ ကျုပ်တို့ လူ ဘယ်လောက် ကျန်သေးလဲ။”
ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “ဟိုတစ်စု၊ ဒီတစ်စုပဲ ကျန်တော့တယ်။ အားလုံးပေါင်းရင် လူ ၃၀ တောင် မပြည့်တော့ဘူး။”
‘လူ ၃၀ တောင် မပြည့်တော့ဘူး ဟုတ်လား။ ဒါဆို ဟေးလုံထိုင်ရဲ့ အင်အားက လေခွင်းမြို့မှာ ပြောင်သလောက် ဖြစ်သွားပြီပေါ့။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဖမ်းခံရတဲ့ သူတွေကို မကယ်တော့ဘူးလား။”
“ကယ်ဆယ်ရေးက မင်းနဲ့ မဆိုင်ဘူး။” ဖုန်းရှင်းမြဲ့က လေးနက်စွာ ပြောလိုက်၏။ “ကလေး... မင်း မှတ်ထား။ မင်းက လေခွင်းမြို့ စီမံကိန်းရဲ့ အသက်သွေးကြောပဲ။ ဘယ်သူမဆို သေလို့ ရတယ်။ ငါအပါအဝင် ဘယ်သူမဆို သေလို့ ရတယ်။ မင်း တစ်ယောက်ပဲ သေလို့ မရဘူး။ နားလည်လား။”
ယွင်ကျုံးဟဲ့က တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “ဒါဆို... သူတို့ကို ဒီအတိုင်း ပစ်ထားလိုက်မှာလား။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ကယ်မှာပါ။ အင်ပါယာက သံတမန် စေလွှတ်ပြီး ညှိနှိုင်းလိမ့်မယ်။ ငွေကြေး အမြောက်အမြား ပေးပြီး ရွေးယူလိမ့်မယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အတင်းအဓမ္မ ဝင်မကယ်ဘူးလား။”
ဖုန်းရှင်းမြဲ့က ဖြေလိုက်၏။ “မကယ်နိုင်ဘူး။ လေခွင်းမြို့မှာ စစ်သည် တစ်သောင်းကျော် ရှိတယ်။ တပ်ဖွဲ့နဲ့ ဝင်တိုက်မှပဲ ရမှာ။ ပုံမှန်အားဖြင့်တော့ အပေးအယူ လုပ်ပြီး ပြန်ရွေးကြတာ များပါတယ်။”
ဤအရာက အင်ပါယာကြီးများ၏ ထုံးစံဖြစ်သည်။ ဖမ်းမိသော သူလျှိုများကို အပြန်အလှန် လဲလှယ်ကြ၊ ငွေပေးပြီး ပြန်ရွေးကြသည်။
ဤကိစ္စမျိုးတွင် ဟေးလုံထိုင်က အတော်လေး ရက်ရော၏။ ကိုယ့်လူကို ပြန်ရွေးဖို့အတွက် ငွေအများကြီး သုံးလေ့ရှိသည်။ ထို့ကြောင့် သူလျှိုများကလည်း သစ္စာရှိကြခြင်းဖြစ်၏။
သို့ပေမည့် တခြားလူကို ထားလိုက်လို့ရသော်လည်း ရွှီအန်းထင် (အမျိုးသမီး) ကိုတော့ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ကယ်မှ ရပေမည်။
အင်ပါယာက လာရွေးမည့်အချိန်ဆိုလျှင် သူမ မရှိနိုင်တော့ပေ။ နှိပ်စက်ခံရပြီး သေလျှင်သေ၊ မသေလျှင်လည်း ဘဝပျက်နေလောက်ပြီဖြစ်သည်။ ထို့အပြင် သူမက အမာခံ သူလျှို မဟုတ်သည့်အတွက် ပြန်ရွေးမည့် စာရင်းထဲမှာ ပါချင်မှ ပါမှာဖြစ်သည်။
“ကလေး... မင်းရဲ့ တာဝန်က တစ်ခုတည်းပဲ။ ကျင်းကျုံးယွဲ့ကို အနိုင်ယူဖို့... ကျန်တာတွေ အားလုံးက သာမညပဲ။” ဖုန်းရှင်းမြဲ့က ပြောသည်။ “သူ့ကို အနိုင်ယူပြီး လက်ထပ်လိုက်။ ဒါမှ မင်းက လေခွင်းမြို့ရဲ့ အာဏာကို ရမှာ။ မူဝါဒတွေကို ပြောင်းလဲနိုင်မှာ။ ချူကျောင်းရန်ကို သတိထား။ သူက သိပ်တော်တယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ကျုပ် သိပါပြီ။”
ဖုန်းရှင်းမြဲ့က ထပ်ပြောလိုက်၏။ “နောက်ထပ် သတိထားရမယ့် သူကတော့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ သူလျှိုတွေပဲ။”
“သူတို့က ဒီမှာ အများကြီး ရှိလား။”
“အများကြီး ရှိတယ်။”
ယွင်ကျုံးဟဲ့က နားမလည်နိုင် ဖြစ်နေသည်။ “ဘာလို့ အင်ပါယာရဲ့ ဟေးလုံထိုင်က အမြဲတမ်း ခံနေရပြီး သူတို့ကျတော့ အထိအခိုက် နည်းနေရတာလဲ။”
ဖုန်းရှင်းမြဲ့က ရှင်းပြလိုက်၏။ “လေခွင်းမြို့ကလည်း သူတို့ကို နှိပ်ကွပ်ပါတယ်။ ဒါပေမဲ့ မြို့စားဟောင်း လက်ထက်တည်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင်နဲ့ လျှို့ဝှက် သဘောတူညီချက်တွေ ရှိခဲ့ပုံရတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လေခွင်းမြို့ စီမံကိန်းကို တာဝန်ယူထားတဲ့ ဟေးပင်းထိုင် ခေါင်းဆောင်က ဘယ်သူလဲ။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ငါတို့ဆီက သစ္စာဖောက်သွားတဲ့ ယန်ဖြန်ရှန် ဖြစ်ဖို့ များတယ်။”
ယွင်ကျုံးဟဲ့က အံအားတသင့်ဖြင့် မေးလိုက်သည်။ “ဒါဆို လေခွင်းမြို့ထဲမှာ ဟေးပင်းထိုင်ရဲ့ ထိပ်တန်း သူလျှို ရှိနေတာပေါ့။ သူ ဘယ်သူလဲ ဆိုတာ သိလား။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ရှိတယ်။ လေခွင်းမြို့ အထက်ပိုင်းမှာ ရှိနေတယ်။ ဒါပေမဲ့ ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ တောင်ပိုင်းကျိုးအင်ပါယာ ဘုရင်အပါအဝင် လူနည်းနည်းလောက်ပဲ သိမယ်။ သူ့ရဲ့ နာမည်ဝှက်က လောက်ချန်းတဲ့။”
‘လောက်ချန်း... ဒီလူက ဘယ်သူ ဖြစ်မလဲ။’ ယွင်ကျုံးဟဲ့ ခေါင်းထဲတွင် လူအချို့၏ မျက်နှာများ ပေါ်လာသည်။
ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ကလေး... ငါ မင်းကို ဘာလို့ လွှတ်လိုက်လဲ မှတ်မိလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကျုပ်က သေရမှာ မကြောက်လို့... သေမင်းနဲ့ ကစားရတာ ကြိုက်လို့...”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ မင်းက လွတ်လပ်တယ်။ ရူးသွပ်တယ်။ ဒါပေမဲ့ အခု မင်း ဝမ်းနည်းနေတယ်။ မင်း မလွတ်လပ်တော့ဘူး။ ငါ အဲဒီလို မဖြစ်စေချင်ဘူး။ လေခွင်းမြို့မှာ အသက်ရှင်ချင်ရင် အရူးလို နေမှ ရမယ်။ အခု ဟေးလုံထိုင် အင်အား နည်းသွားပြီ ဆိုတော့ မင်း ပိုပြီး အန္တရာယ် များလာပြီ။
“ဒါကြောင့် မင်း အရင်လိုပဲ ပေါ့ပေါ့ပါးပါး နေပါ။ ဝမ်းနည်းချင်ရင် ခဏပဲ ဝမ်းနည်း။ မနက်ဖြန်ကျရင် အရင်က ကောင်လေး ပြန်ဖြစ်လာပါစေ။ နောက်ပြီး ကျင်းကျုံးယွဲ့ကို မမုန်းပါနဲ့။ လန်ပိကိုလည်း မမုန်းပါနဲ့။ သူတို့က မင်းရဲ့ ရန်သူ မဟုတ်ဘူး။ မင်း သိမ်းပိုက်ရမယ့် ပစ်မှတ်တွေ... အစီအစဉ် အောင်မြင်ရင် ကျင်းကျုံးယွဲ့က မင်းရဲ့ ဇနီး ဖြစ်လာမှာ။”
ယွင်ကျုံးဟဲ့က ကြောင်အသွားသည်။ “ဇနီး ဟုတ်လား။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ငါတို့ ရည်ရွယ်ချက်က သူ့ကို အင်ပါယာရဲ့ ကိုယ်စားလှယ် ဖြစ်လာစေချင်တာ။ မင်းတို့ လက်ထပ်ပြီးသွားရင် ငါတို့က ခွဲပစ်စရာ အကြောင်း မရှိပါဘူး။ တစ်သက်လုံး ပေါင်းသင်းသွားရမှာပါ။
မှတ်ထားနော်။ သူက ရန်သူ မဟုတ်ဘူး။ ဇနီးလောင်း။ မင်း လုပ်ရမှာက သူ့ကို သိမ်းပိုက်ဖို့ပဲ။ သူ မင်းကို မချစ်ဘဲ မနေနိုင်အောင် လုပ်ရမယ်။ မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်။ ဒီတစ်ခါ ပိုင်ရှင်မဲ့ နယ်မြေ အစည်းအဝေးမှာ လေခွင်းမြို့ နစ်နာခဲ့ရတယ်။ ကျင်းကျုံးယွဲ့က မာနကြီးတော့ လက်ခံမှာ မဟုတ်ဘူး။ လေခွင်းမြို့ ပျက်စီးမယ့် အန္တရာယ်တောင် ကြုံလာနိုင်တယ်။”
ယွင်ကျုံးဟဲ့ နားစွင့်လိုက်သည်။
ဖုန်းရှင်းမြဲ့က ဆက်ပြော၏။ “ဒါကြောင့် မကြာခင် မင်းအတွက် အခွင့်အရေးကြီး တစ်ခု ပေါ်လာလိမ့်မယ်။ မင်းရဲ့ အရည်အချင်းကို ပြသပြီး ကောင်းကျိုးယူဖို့ အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို အသုံးချနိုင်ရင် မင်းရဲ့ စီမံကိန်း တစ်ဝက်လောက် အောင်မြင်ပြီလို့ ပြောလို့ရတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာအန္တရာယ်လဲ။ ဘာအခွင့်အရေးလဲ။”
“သတင်း အတိအကျ မရသေးဘူး။ ရရင် ပို့ပေးမယ်။”
ဖုန်းရှင်းမြဲ့ မတ်တတ်ရပ်လိုက်၏။ “ငါ သွားတော့မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် လိုက်ပို့ပေးရမလား။”
ဖုန်းရှင်းမြဲ့က ငြင်းလိုက်၏။ “မလိုပါဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဘယ်လို ထွက်မှာလဲ။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “မစင်သယ်တဲ့လူ အယောင်ဆောင်ပြီး ထွက်မယ်။”
‘ဖုန်းရှင်းမြဲ့လို လူမျိုးက မစင်သယ်တဲ့လူ အယောင်ဆောင်မယ်တဲ့လား။’
တံခါးဝ ရောက်ချိန်မှာတော့ ဖုန်းရှင်းမြဲ့ လှည့်ကြည့်လိုက်သည်။ “ကလေး... မင်းကို ဖက်လို့ ရမလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်၏။
ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ “နောက်ဆုံး မင်းကို ချီခဲ့တုန်းက ကလေးလေးပဲ ရှိသေးတာ။ အခု လူကြီး ဖြစ်နေပြီ။”
ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့၏ ကိုယ်နံ့ကို ရှူရှိုက်လိုက်ပြီးနောက် အမှောင်ထဲသို့ ထွက်ခွာသွားတော့၏။
၁၅ မိနစ်ခန့် ကြာချိန်မှာတော့ ခါးကိုင်းကိုင်း လူအိုကြီး တစ်ဦးသည် မစင်လှည်းကို မောင်းနှင်လျက် မြို့စားအိမ်တော်မှ ထွက်ခွာသွားလေသည်။
...................
***