ဖုန်းရှင်းမြဲ့ ထွက်သွားပြီးနောက် ယွင်ကျုံးဟဲ့သည် ချက်ချင်း အိပ်မပျော်သေးပေ။ ရေနွေးတစ်ပုံး ပြင်ဆင်ပြီး ရေချိုးရန် ပြင်လိုက်၏။
ယခင်က ပြိုင်ဘက်မရှိသောကြောင့် သူတောင်းစားပုံစံဖြင့် နေခဲ့သော်လည်း ယခု ချူကျောင်းရန် ရောက်လာပြီ ဖြစ်သောကြောင့် အလှပြင်ရတော့မည်။
ဥဒေါင်းငှက်သည် ပြိုင်ဘက်မရှိလျှင် အမြီးမဖြန့်သော်လည်း ပြိုင်ဘက်ရှိလာသည်နှင့် ဖင်တစ်ခုလုံး လှန်ပြတတ်သည် မဟုတ်ပါလား။
ထိုစဉ် လူရိပ်တစ်ခု သူ့ခြံဝင်းထဲ ဝင်လာသည်။
“အောက်ထျန်း... လာစမ်း။” ကျင်းဝူပြန်းက သူခိုးတစ်ယောက်လို တိုးတိုးတိတ်တိတ် ခေါ်လိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ အစ်ကိုကြီး....”
“လာဆို လာစမ်းပါ။ စကားမများနဲ့။” ပြောပြောဆိုဆိုနှင့် ယွင်ကျုံးဟဲ့၏ လက်ကောက်ဝတ်ကို ဆွဲကာ အပြင်သို့ ခေါ်ထုတ်သွား၏။
ယွင်ကျုံးဟဲ့က အလန့်တကြား ပြောလိုက်သည်။ “နေအုံး။ အစ်ကိုကြီး.... ကျုပ် အင်္ကျီမဝတ်ရသေးဘူး။”
ကျင်းဝူပြန်းက ပြောလိုက်၏။ “အင်္ကျီက အရေးကြီးလို့လား။ မြန်မြန် လိုက်ခဲ့...”
ယွင်ကျုံးဟဲ့သည် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် အနောက်ဘက်အဆောင်၏ ထောင့်ကျသော နေရာတစ်ခုသို့ ပါသွားလေသည်။
ဘေးပတ်ဝန်းကျင်မှ လူများက ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြ၏။
“အထင်မလွဲကြပါနဲ့။ ခင်ဗျားတို့ ထင်သလို မဟုတ်ပါဘူး။” ယွင်ကျုံးဟဲ့ ရှင်းပြသော်လည်း ပို၍ပင် အထင်လွဲစရာ ဖြစ်သွားသည်။
လူသူကင်းဝေးသော ခြံဝင်းတစ်ခု၏ အပိုင်းငယ်လေးထဲသို့ ဆွဲခေါ်သွားခံရ၏။
“ဘုန်း...”
တံခါးပိတ်လိုက်သည်။
‘ဒီလောက် လူပြတ်တဲ့နေရာမှာ ကျင်းဝူပြန်းက ဘာလုပ်မလို့လဲ။’
“ဟိုမှာ ကြည့်...” ကျင်းဝူပြန်းက ကုတင်ပေါ်သို့ ညွှန်ပြလိုက်၏။
ယွင်ကျုံးဟဲ့ လန့်ဖျပ်သွားသည်။ ကုတင်ပေါ်တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး မျက်လုံးမှိတ် အိပ်ပျော်နေသည်။
‘သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိ။ ဒီနေ့ လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သော အမျိုးသမီး လူသတ်သမား’
ကျင်းဝူပြန်းက ပြောလိုက်၏။ “အောက်ထျန်း... ငါက ပြောပြီးရင် လုပ်တတ်တဲ့ကောင်... ဒီနေ့ မင်း အနိုင်ရခဲ့တဲ့အတွက် ငါ့ကတိအတိုင်း လန်ပိကို မေ့ဆေးအုပ်ပြီး မင်းကို အနမ်းပေးခိုင်းတာ။”
ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ ‘ကျင်းဝူပြန်း... ခင်ဗျား တကယ် ရူးနေတာပဲ။ ခင်ဗျား ဘယ်လိုများ အသက်ရှင်နေတာလဲ။ ဒါ ခင်ဗျား ငယ်ငယ်တည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ မိန်းမလေ။ အခု သူများ နမ်းဖို့ ပေးလိုက်ပြီပေါ့။ ခင်ဗျား သဘောထားကြီးလိုက်တာ။’
ကျင်းဝူပြန်းက ဆော်ဩလိုက်၏။ “မြန်မြန်လုပ်... အစ်မလန်ပိ မကြာခင် နိုးလာလိမ့်မယ်။ အဲဒီကျရင် ငါတို့နှစ်ယောက်လုံး သေမှာ။”
ယွင်ကျုံးဟဲ့ စိတ်ဒုက္ခရောက်နေသည်။ ‘နမ်းရမလား။ မနမ်းရဘူးလား။’
“အောက်ထျန်း... မင်းက လေကြီးမိုးကြီးပဲ ရှိတာလား။ တကယ်တမ်းကျတော့ သတ္တိမရှိတဲ့ကောင်ပဲ။” ကျင်းဝူပြန်းက ဘေးမှ မီးလောင်ရာ လေပင့်နေ၏။
ယွင်ကျုံးဟဲ့ သည်းမခံနိုင်တော့ချေ။ ရှေ့တိုးသွားပြီး လန်ပိ၏ လှပသော မျက်နှာလေးကို ကိုင်ကာ မျက်နှာချင်း အပ်လိုက်သည်။
သို့သော်ငြား တစ်လက်မခန့် အလိုတွင် လန်ပိ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ ထိုအကြည့်က ငယ်ငယ်တုန်းက ပုရွက်ဆိတ်အုံကို ရေနွေးပူနှင့် လောင်းတုန်းက အကြည့်မျိုးပင်။ အေးစက်၏။ ရက်စက်၏။ လှောင်ပြောင်သည့် ပုံစံပင်။
ယွင်ကျုံးဟဲ့ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ‘ငါ ရှေ့ဆက်တိုးရမလား။ နောက်ဆုတ်ရမလား။ အရေးကြီးနေပြီ။ အရေးကြီးတဲ့ အချိန်မှာ နောက်ဆုတ်လို့ မဖြစ်ဘူး။’
ယွင်ကျုံးဟဲ့ ရှေ့ဆက်တိုးပြီး အနမ်းပေးလိုက်၏။
သို့သော်ငြား နှုတ်ခမ်းချင်း မထိခင်မှာပင် လန်ပိက သူ့ကို ကြမ်းပြင်ပေါ် ဖိချလိုက်သည်။ “အား... နာတယ်။ နာတယ်။”
ကျင်းဝူပြန်း ကြောင်အသွားသည်။ ယွင်ကျုံးဟဲ့နှင့် လန်ပိကို တစ်လှည့်ဆီ ကြည့်လိုက်မိ၏။ ‘အသက်လုပွဲ စပြီ။ ငါ ပြေးရမလား။ ဒါမှမဟုတ် ညီအစ်ကို သံယောဇဉ်နဲ့ ဝင်ကယ်ရမလား။’
ရုတ်တရက် ကျင်းဝူပြန်းက မျက်လုံးများ ဝေဝါးသွားဟန်ဆောင်ကာ ရေရွတ်လိုက်၏။ “ဟေ... ဒါ ဘယ်နေရာလဲ။ ငါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
ထို့နောက် အိပ်မက်ယောင်နေသူ တစ်ယောက်လို ထွက်သွားလေသည်။ ယွင်ကျုံးဟဲ့ကို လန်ပိလက်ထဲ ထားရစ်ခဲ့သည်။
‘အရေးကြီးတဲ့ အချိန်ကျမှ ခင်ဗျားက ရူးချင်ယောင် ဆောင်သွားတယ်ပေါ့။’
ယွင်ကျုံးဟဲ့က တောင်းပန်လိုက်၏။ “သခင်မလေး လန်ပိ... ကျုပ် မှားသွားပါတယ်။ တကယ် မှားသွားပါတယ်။ ဒါပေမဲ့ ကျုပ်ကို အပြစ်မတင်ပါနဲ့။ အစ်မလို အလှပဂေးမျိုးကို တွေ့ရင် ဘယ်ယောကျ်ားမဆို ရူးသွားမှာပဲ။ ကျုပ်လို ချောမောခန့်ညားတဲ့ လူသားတစ်ယောက်အနေနဲ့ ပိုဆိုးတာပေါ့။ အရင်ဆုံး လွှတ်ပေးပါလား။”
“ဂျွတ်...”
အရိုးမြည်သံ ကြားလိုက်ရသည်။
ယွင်ကျုံးဟဲ့က အလန့်တကြားဖြင့် မေးလိုက်၏။ “ကျုပ်... ကျုပ်လက် ကျိုးသွားပြီလား။”
“မကျိုးပါဘူး။ ဖြုတ်လိုက်တာပါ။”
လန်ပိက ယွင်ကျုံးဟဲ့ကို လွှတ်ပေးလိုက်ပြီး အေးစက်စွာ ပြောသည်။ “မြို့စားမင်း ရှင့်ကို တွေ့ချင်နေတယ်။”
‘ထင်သားပဲ။ ကျင်းဝူပြန်းလို အသုံးမကျတဲ့ကောင်က လန်ပိကို မေ့ဆေးအုပ်နိုင်စရာ အကြောင်းမရှိဘူး။ လန်ပိက တမင် ဟန်ဆောင်နေတာ။ ဒါပေမဲ့... သခင်မလေးလန်... ခင်ဗျား ဟန်ဆောင်တယ် ဆိုတည်းက ခင်ဗျားစိတ်ထဲမှာလည်း တိတ်တခိုး ဆန္ဒလေးတွေ ရှိနေလို့ မဟုတ်ဘူးလား။ အပြင်ပန်းကသာ အေးစက်နေတာ။ အတွင်းထဲမှာတော့...’
လန်ပိ အပြင်ထွက်သွား၏။
ယွင်ကျုံးဟဲ့သည် ပြုတ်နေသော လက်မောင်းတစ်ဖက်ကို တွဲလောင်းချကာ ခက်ခဲစွာ ထလိုက်ပြီး လန်ပိနောက်သို့ လိုက်သွားသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မလေးလန်... မြို့စားမင်းက အစ်မကို ဒီလို ဆက်ဆံတာ ကျုပ် ကြည့်မနေနိုင်တော့ဘူး။ သခင်မလေးကမှ တကယ့် လူယုံတော်ပါ။ ဟို ချူကျောင်းရန် ဆိုတဲ့ကောင်က ဘာကောင်မို့လို့လဲ။ သခင်မလေးလန် စိတ်ချ... ကျုပ် သခင်မလေးဘက်က အမြဲ ရှိနေမှာပါ။ ကျုပ်တို့ နှစ်ယောက်ပေါင်းပြီး အဲဒီ မျက်နှာချောကောင်ကို သတ်ပစ်ကြမယ်။”
ယွင်ကျုံးဟဲ့က သွေးခွဲစကားများ ပြောနေသော်လည်း လန်ပိက ဂရုမစိုက်ပေ။
မီးရောင်အောက် ဖြတ်သွားချိန်မှာတော့ အစောင့်အစေခံများက အပေါ်ပိုင်း ဗလာကျင်းနေသော ယွင်ကျုံးဟဲ့နှင့် ရှေ့က သွားနေသော လန်ပိကို တွေ့လိုက်ရသည်။ ယွင်ကျုံးဟဲ့ လက်မောင်း ပြုတ်နေသည်ကိုလည်း မြင်လိုက်ရသည်။
‘ကောင်းကင်ဘုံ.... သူတို့ ကစားတာ တော်တော် ကြမ်းတာပဲ။ ယွင်အောက်ထျန်းက ကျင်းဝူပြန်းနဲ့တင် မကဘူး။ လန်ပိနဲ့ပါ ဇာတ်လမ်း ရှိနေတာလား။ အရှုပ်တော်ပုံပဲ။’
ယွင်ကျုံးဟဲ့က အလောတကြီးဖြင့် ရှင်းပြလိုက်၏။ “ခင်ဗျားတို့ အထင်မလွဲကြနဲ့နော်။ ခင်ဗျားတို့ ထင်သလို မဟုတ်ဘူး။”
“ကျုပ်တို့ နားလည်ပါတယ်။ ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး။” အစေခံများက ပြန်ဖြေကြသည်။
လန်ပိက မျက်နှာသေဖြင့် ဆက်လျှောက်သွားသည်။ အလယ်ဗဟိုဆောင်သို့ ရောက်သွား၏။
“ဝင်သွား။ မြို့စားမင်း စောင့်နေတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အင်္ကျီလေး ဘာလေး ပေးပါအုံးလား။ ဒီလို အဝတ်မပါဘဲ ဝင်သွားရတာ မကောင်းပါဘူး။”
လန်ပိက ယွင်ကျုံးဟဲ့၏ လည်ပင်းကို ကိုင်ပြီး အခန်းထဲသို့ ပစ်သွင်းလိုက်၏။
“ဘုတ်...”
ယွင်ကျုံးဟဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ကျင်းကျုံးယွဲ့သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံ၌ အနက်ရောင် ပန်းပွင့်များဖြင့် ပန်းထိုးထားသည်။ သေချာကြည့်လိုက်ချိန်မှာတော့ ရွှေနက်ချည်မျှင်များဖြင့် ထိုးထားခြင်း ဖြစ်ပြီး တော်တော် ဈေးကြီးမယ့်ပုံဖြစ်၏။
‘ကျင်းကျုံးယွဲ့က အလှကြိုက်လိုက်တာ။ နေ့တိုင်း အဝတ်အစား လဲတယ်။ ဈေးကြီးတာတွေချည်းပဲ။’
“ကျွန်မ ရှင့်ကို ဘယ်လို ခေါ်ရမလဲ။ တာယင်အင်ပါယာက သခင်လေး ယွင်...” ကျင်းကျုံးယွဲ့က ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း စကားလုံးတိုင်းက ဓားသွားလို ထက်ရှနေသည်။
ယွင်ကျုံးဟဲ့ ထရန် ပြင်လိုက်သော်လည်း ပြန်ဝပ်ချလိုက်၏။ “ကျုပ် ဝန်ခံပါမယ်။ အကုန် ဝန်ခံပါမယ်။ ကျုပ်နာမည် ယွင်ကျုံးဟဲ့ ပါ။ ဟန်ရွှေမြို့ တံခါးဝနားမှာ နေပါတယ်။ အိမ်မရှိ ယာမရှိပါဘူး။ ကျုပ်က မိဘမဲ့ပါ။ သူတောင်းစားဂိုဏ်းမှာ ကြီးပြင်းလာတာပါ။
ငယ်ငယ်တည်းက လိမ်တာညာတာ ခိုးတာဝှက်တာ လုပ်လာတာပါ။ ကြီးလာတော့ ရုပ်ချောတာကို အသုံးချပြီး မိန်းမတွေကို လိမ်စားပါတယ်။ လမ်းများရင် ခလုတ်တိုက်တတ်တယ် ဆိုသလိုပါပဲ။ မိန်းမတွေ လိမ်စားရင်းနဲ့ မလိမ်သင့်တဲ့ မိန်းမကို သွားလိမ်မိပါတယ်။ သူ့ယောကျ်ားက အကြီးအကဲ တစ်ယောက် ဖြစ်နေတော့ ကျုပ်ကို သတ်မယ် ဆိုပြီး လိုက်ရှာနေလို့ ထွက်ပြေးလာရတာပါ။
လေခွင်းမြို့စားမင်းက အလှပဂေးလေးဖြစ်ပြီး အိမ်ထောင်မရှိဘူးလို့ ကြားတာနဲ့ အခွင့်အရေးပဲ ဆိုပြီး ရောက်လာတာပါ။ ကျုပ် ပါရမီက မိန်းမလိမ်တာ ဆိုတော့ မြို့စားမင်းကို လက်ထပ်ပြီး ဘဝပြောင်းမယ် စိတ်ကူးခဲ့တာပါ။ ကျုပ် ပြောတာတွေ အကုန် အမှန်တွေပါ။ တစ်လုံးမှ မလိမ်ပါဘူး။ လိမ်ရင် မစင်ကန်ထဲ ခေါင်းစိုက်ပြီး သေပါစေ။”
ကျင်းကျုံးယွဲ့က အေးစက်စက်ဖြင့် မေးလိုက်သည်။ “ရှင် ပြစ်မှားခဲ့တဲ့ အကြီးအကဲက ဘယ်သူလဲ သိလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မသိဘူးဗျ။ အဲဒီမိန်းမ အိပ်ရာထဲက ထွက်လာပြီး စခန်းပြန်ရောက်တော့ လူတွေ အသတ်ခံထားရတာ တွေ့လို့ ကြောက်ပြီး ထွက်ပြေးလာတာ။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရှင် ပြစ်မှားခဲ့တာက တာယင်အင်ပါယာ တောင်ပိုင်းနယ်စားမင်းကြီးရဲ့ ဇနီးသည်ပဲ။”
‘တောင်ပိုင်းနယ်စားမင်းကြီး ဟုတ်လား။ အကြီးကြီးပါလား။’
ယွင်ကျုံးဟဲ့ ကြက်သီးထသွား၏။ “သူက ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရတာလဲ။ သူက မယားငယ်ပဲ ရှိပါသေးတယ်ဆိုလို့ ကျုပ်က တွဲခဲ့တာ။ မယားကြီးမှန်း သိရင် ဘယ်တွဲမလဲ။ ကျုပ်တို့ စည်းကမ်း ရှိပါတယ်။ မဖြစ်မနေမှ မဟုတ်ရင် မယားကြီးတွေကို မထိပါဘူး။ သူက လိမ်ပြောတာပဲ။ လူတွေက ဘာလို့ မရိုးသားကြတာလဲ။”
အမှောင်ထဲမှ အမျိုးသမီး စစ်သည်များ၏ အံကြိတ်သံများ ထွက်ပေါ်လာသည်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘာလို့ မယားကြီးတွေကို မထိတာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အကြောင်းပြချက် နှစ်ခု ရှိတယ်။ ပထမအချက်က မယားကြီးဆိုတာ အိမ်မှုကိစ္စ ကျွမ်းကျင်ဖို့လိုတော့ သိပ်မချောဘူး။ မယားငယ်တွေကမှ ချောတာ။ ဒုတိယအချက်က မယားငယ်ဆိုတာ အများကြီး ထားလို့ ရပေမဲ့ မယားကြီးက တစ်ယောက်တည်း ရှိတာ။ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်။ မယားကြီးကို ထိရင် သူ့ယောကျ်ားက သတ်မှာပေါ့။”
‘ဟာ... ဒါ ဘာစည်းမျဉ်းစည်းကမ်းတွေလဲ။’
“ဟန်ရွှေမြို့မှာ ရှင်နဲ့ ပတ်သက်တဲ့ လူတွေ အကုန် အသတ်ခံလိုက်ရပြီ။” ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါ ရှင့်ကို သတ်ချင်နေတဲ့ လူစာရင်းပဲ။”
ကျင်းကျုံးယွဲ့က စာရွက် ၅ ရွက် ထုတ်ပြလိုက်သည်။ နာမည်တွေ အများကြီးပါနေသည်။
ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “ရှင် အခုထိ အသက်ရှင်နေတာ ကံကောင်းလွန်းလို့ပဲ။ ဒါဆို သခင်ကြီးလီ ဆိုတာ ဘယ်သူလဲ။ သူက ရှင့်ကို ကာကွယ်ပေးရင်းနဲ့ ထောင်ကျသွားပြီ။ မြို့တော်ကို အဖမ်းခံရပြီး ပါသွားပြီ။”
“ရိုးရိုးသားသား ဝန်ခံရရင်... ကျုပ်လည်း မသိပါဘူး။ သူ့သမီးကို ကြောင်ခဲ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။”
ယွင်ကျုံးဟဲ့ တကယ် မသိခြင်းဖြစ်သည်။ သခင်ကြီးလီက အဘယ်ကြောင့် သူ့ကို ကာကွယ်ပေးခဲ့သနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ချေ။
ကျင်းကျုံးယွဲ့က ဆက်ပြီး ဖတ်ပြသည်။ “ယွင်ကျုံးဟဲ့... ရိုးသားဖြူစင်ဟန် ဆောင်တတ်သည်။ ကောက်ကျစ်စဉ်းလဲသည်။ ပညာမတတ်သော်လည်း ဉာဏ်ကောင်းသည်။ ရူးသွပ်သည်။ အထူးသဖြင့် ရုပ်ရည်မှာ ပြိုင်ဘက်ကင်းသည်။ လူတစ်သောင်းတွင် တစ်ယောက်သာ ရှိသည်။”
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်၏။ “ရှင့်ရုပ်ရည်က တကယ်ပဲ တစ်သောင်းမှာ တစ်ယောက် ရှိတာလား။”
ယခု သူမ ရှေ့တွင် မြင်နေရသည်မှာ ရုပ်ဆိုးပြီး ညစ်ပတ်နေသော သူတောင်းစား တစ်ယောက်သာ ဖြစ်သည်။
“တစ်သောင်းမှာ တစ်ယောက် မကပါဘူး။ တစ်သန်းမှာ တစ်ယောက်ပါ။” ယွင်ကျုံးဟဲ့က ပြန်ဖြေ၏။
“ဟုတ်လား။ ကြည့်ရသေးတာပေါ့။”
ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “လာကြစမ်း။ သူ့ကို ခေါ်သွားပြီး ရေချိုးပေးလိုက်။ အဝတ်အစား ကောင်းကောင်း ဝတ်ပေးလိုက်။”
“ကောင်းပါပြီ။” အစေခံနှစ်ဦး ရောက်လာပြီး ယွင်ကျုံးဟဲ့၏ လက်မောင်းကို ပြန်ဆက်ပေးကာ ခေါ်ဆောင်သွားကြ၏။
အကယ်၍ ယွင်ကျုံးဟဲ့သည် သတင်းထဲကအတိုင်း တကယ်ပဲ ချောမောခန့်ညားသည် ဆိုပါက ကျင်းကျုံးယွဲ့ အနေဖြင့် သူ့ကို ကောင်းကောင်း အသုံးချရပေတော့မည်။
.................
***