ခဏအကြာတွင် တစ်ဖက်ခန်းမှ ဝက်သတ်သကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“အစ်မတို့... ဖြည်းဖြည်းလုပ်ပါ။ ဖြည်းဖြည်းလုပ်ပါ။”
“နာတယ်။ နာတယ်။ အရေခွံကွာကုန်ပြီ။”
“ပူတယ်။ ပူတယ်။ ကျက်ကုန်ပြီ။ ကျက်ကုန်ပြီ။”
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၏ အော်ဟစ်သံများကို မကြားချင်ယောင် ဆောင်လိုက်ပြီး ပြောလိုက်၏။ “လန်ပိ... ဝင်ခဲ့...”
လန်ပိ ဝင်လာပြီး ဒူးထောက်လိုက်သည်။
ကျင်းကျုံးယွဲ့သည် မြေပုံတစ်ခုကို စူးစိုက်ကြည့်နေသည်။ မြေပုံပေါ်တွင် အနီရောင်ခြယ်ထားသော နေရာတစ်ခု ရှိသည်။ ဧရိယာ အတော်အတန် ကျယ်ဝန်းပြီး မိုင် ၁၀၀ ခန့် ရှည်လျားသည်။ ၎င်းသည် ကျင်းမျိုးနွယ်စု၏ နာကျင်စရာ သမိုင်းကြောင်း ဖြစ်၏။
တစ်ချိန်က ကျင်းမျိုးနွယ်စု ခေါင်းဆောင်များသည် အရည်အချင်း မရှိသောကြောင့် နယ်မြေအများစုကို ဆုံးရှုံးခဲ့ရသည်။ ဘိုးဘွားပိုင် နယ်မြေများကိုပါ လက်လွှတ်ခဲ့ရပြီး အိမ်စေအန်းမျိုးနွယ်စုက လေခွင်းချိုင့်ဝှမ်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ကျင်းအဲ့ ပေါ်ထွန်းလာပြီး မြို့စားရာထူးကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ နယ်မြေများကိုလည်း ပြန်လည်ရယူနိုင်ခဲ့ပြီး ဧရိယာ ၁၃,၀၀၀ စတုရန်းကီလိုမီတာအထိ ချဲ့ထွင်နိုင်ခဲ့သည်။ သို့သော်ငြား ဤနေရာတစ်ခုကိုတော့ ပြန်မရခဲ့ပေ။ သစ်ရွက်ကြွေနယ်မြေ ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင်းမျိုးနွယ်စု ကျရှုံးပြီး အန်းမျိုးနွယ်စု ပုန်ကန်ချိန်တွင် ထိုစဉ်က မြို့စား ကျင်းယန်သည် ပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည်အင်အား မရှိသောကြောင့် ဆွေမျိုးတော်စပ်သော မော့မျိုးနွယ်စုထံမှ စစ်ကူတောင်းခဲ့သည်။
မြည်းကန်ခံရသောကြောင့် ဦးနှောက်ပျက်သွားခြင်းလား သို့မဟုတ် တခြားသူ၏ လိမ်ညာခြင်းကို ခံလိုက်ရခြင်းလား မသိပေမဲ့ သူက စာချုပ်တစ်ခု ချုပ်ဆိုခဲ့၏။
သစ်ရွက်ကြွေနယ်မြေ ကို မော့မျိုးနွယ်စုထံ နှစ် ၅၀ ငှားရမ်းမည်။ အပြန်အလှန်အားဖြင့် မော့မျိုးနွယ်စုက စစ်သည် ၅,၀၀၀ ငှားရမ်းပေးမည်။
စစ်သည် ၅,၀၀၀ ရပြီးနောက် ကျင်းယန်သည် အန်းမျိုးနွယ်စုကို တိုက်ခိုက်သော်လည်း အကြီးအကျယ် ရှုံးနိမ့်သွားသည်။ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး ဆုံးရှုံးသွားပြီး ကျင်းမျိုးနွယ်စု တစ်ခုလုံးနီးပါး သတ်ဖြတ်ခံလိုက် ရသည်။ အန်းမျိုးနွယ်စုက သခင်သစ် ဖြစ်လာခဲ့သည်။
ကျင်းအဲ့ ပြန်လည်အာဏာရလာပြီးနောက် နယ်မြေချဲ့ထွင်ခဲ့သော်လည်း သစ်ရွက်ကြွေနယ်မြေ ကိုတော့ ပြန်မရခဲ့ပေ။
သူသည် နည်းလမ်းပေါင်းစုံ သုံးခဲ့သည်။ စစ်ပွဲ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ သို့သော်ငြား ရှီးယွီမြို့မှ မော့မျိုးနွယ်စုက အလွန် အင်အားကြီးမားသည်။ ၃ ကြိမ်စလုံး သရေကျခဲ့သည်။ စစ်သည်များသာ ဆုံးရှုံးသွားသည်၊ နယ်မြေ ပြန်မရခဲ့ချေ။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများအနက် နယ်မြေအကျယ်အဝန်း၊ စားနပ်ရိက္ခာ၊ လက်နက်အင်အားတို့တွင် ရှီးယွီမြို့က လေခွင်းမြို့ထက် သာလွန်သည်။ ငွေကြေးချမ်းသာမှုတွင် လေခွင်းမြို့က သာလွန်သည်။ ဆားလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။
သို့သော်ငြား ငွေရှိရုံဖြင့် ဘာလုပ်ရမည်နည်း။ အရေးကြီးဆုံးအရာ ၂ ခု ဖြစ်သည့် သံသတ္တုနှင့် စားနပ်ရိက္ခာ မရှိပေ။ ဝယ်ယူရ၏။
ရှီးယွီမြို့ကမူ ငွေမရှိသော်လည်း စားနပ်ရိက္ခာ ပေါကြွယ်ဝသည်။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စား ၃၀ ကျော်တွင် ရှီးယွီမြို့ မော့မျိုးနွယ်စု၏ အဆင့်အတန်းသည် ကျင်းမျိုးနွယ်စုထက် မြင့်မား၏။ အရယ်ရဆုံးအချက်မှာ သစ်ရွက်ကြွေနယ်မြေ သည် စပါးကျီကြီး ဖြစ်နေခြင်းပင်။
လေခွင်းချိုင့်ဝှမ်းသည် စစ်ရေးအရ အရေးပါသော်လည်း မြေမျက်နှာသွင်ပြင် ကြမ်းတမ်းပြီး စိုက်ပျိုးမြေ ရှားပါးသည်။ တစ်နှစ်စာ ထွက်ရှိသော စားနပ်ရိက္ခာသည် ၆ လစာပင် မလောက်ငပေ။ ကျန်တာကို ဝယ်စားရသည်။
သို့သော်ငြား သစ်ရွက်ကြွေနယ်မြေ တစ်ခုတည်းတွင် လယ်မြေဧက ၈ သိန်းကျော် ရှိပြီး ဆက်လက် တိုးချဲ့နေဆဲ ဖြစ်သည်။ တစ်နှစ်လျှင် လူ ၁ သန်းစာ စားနပ်ရိက္ခာ ထွက်ရှိ၏။
ထို့ကြောင့် ကျင်းအဲ့အတွက် အကြီးမားဆုံး နာကျင်မှုမှာ ဤစပါးကျီကြီးကို ပြန်မရခြင်းပင် ဖြစ်သည်။ ၎င်းသည် ကျင်းကျုံးယွဲ့၏ နာကျင်မှုလည်း ဖြစ်လာသည်။
ယခုအခါ နှစ် ၅၀ စာချုပ် သက်တမ်း ကုန်ဆုံးတော့မည်။ သို့သော်ငြား မော့မျိုးနွယ်စုက ပြန်ပေးမည့် အရိပ်အယောင် မပြပေ။
ဆွေးနွေးပွဲ ၁၀ ကြိမ်ကျော် ပြုလုပ်သော်လည်း အဖြေမထွက်ချေ။ သေချာသည်မှာ သက်တမ်းကုန်၍မှ ပြန်မရလျှင် လေခွင်းမြို့အတွက် သေရေးရှင်ရေး ဖြစ်လာမည်။
‘စာချုပ်သက်တမ်း ကုန်တာတောင် ပြန်မယူနိုင်ရင် အသုံးမကျတာပေါ့။ မြို့စား လုပ်နေဖို့ လိုသေးလို့လား။’
တခြား မြို့စားများကလည်း လေခွင်းမြို့၏ အားနည်းချက်ကို မြင်ပြီး ဝိုင်းဝန်း တိုက်ခိုက်ကြပေလိမ့်မည်။
မကြာသေးမီက ကျင်းပသော ပိုင်ရှင်မဲ့နယ်မြေ အစည်းအဝေးတွင် ကြောက်စရာကောင်းသော လက္ခဏာ တစ်ခု ပေါ်ထွက်လာသည်။
မော့မျိုးနွယ်စုက တခြား မြို့စားများကို စည်းရုံးပြီး လေခွင်းမြို့ကို စီးပွားရေး ပိတ်ဆို့မှု လုပ်ရန် ကြံစည်နေသည်။ စားနပ်ရိက္ခာနှင့် သံသတ္တု မရောင်းချရန် တားမြစ်မည်။
အကြောင်းပြချက်မှာ လွန်ခဲ့သော နှစ်က လေခွင်းမြို့သည် တောင်ဘက်ရှိ ချိုရွှေမြို့ကို တရားမဝင် တိုက်ခိုက်ခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။
အမှန်တကယ်တွင် ထိုစစ်ပွဲကို မဖြစ်မနေ တိုက်ခဲ့ရခြင်း ဖြစ်သည်။ ကျင်းအဲ့ လဲကျသွားချိန်တွင် ချိုရွှေမြို့က အခွင့်ကောင်းယူပြီး လေခွင်းချိုင့်ဝှမ်း တောင်ဘက်ဆုံးရှိ တောဝက်နယ်မြေတွင် ပုန်ကန်မှု ဖြစ်အောင် သွေးထိုးခဲ့၏။
ကျင်းကျုံးယွဲ့က ချက်ချင်း နှိမ်နင်းပြီး ချိုရွှေမြို့ကို ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မဟုတ်လျှင် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားနိုင်သည်။
တစ်လမပြည့်ခင် စစ်ပွဲပြီးသွားသည်။
ပုန်ကန်မှုကို နှိမ်နင်းနိုင်ရုံမက ချိုရွှေမြို့၏ စစ်သည် ၅,၀၀၀ ကို သုတ်သင်ပြီး နယ်မြေတစ်ခု (၁,၀၀၀ စတုရန်းကီလိုမီတာ) ကို သိမ်းပိုက်ကာ တောဝက်နယ်မြေထဲသို့ ထည့်သွင်းလိုက်၏။
ယခုအခါ တောဝက်နယ်မြေသည် အဆင်းရဲဆုံး ဖြစ်သော်လည်း ဧရိယာ အကြီးဆုံး (၂,၀၀၀ စတုရန်း ကီလိုမီတာ) ဖြစ်လာသည်။ ထိုစစ်ပွဲကြောင့် ကျင်းကျုံးယွဲ့ နာမည်ကြီးသွားသည်။
ယခုထက်ထိ လူခေါင်းခွံ ထောင်ပေါင်းများစွာဖြင့် တည်ဆောက်ထားသော “ကျင်းကွမ်” အောင်ပွဲခံ တောင်ကုန်းသည် တောဝက်နယ်မြေ တောင်ဘက်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။ အတွင်းရန်သူများကိုရော အပြင်ရန်သူများကိုပါ ခြိမ်းခြောက်ထား၏။
.................
“လန်ပိ... နင် မကျေနပ်ဘူး မဟုတ်လား။” ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ငါ ချူကျောင်းရန်ကို အရေးပေးလို့လေ။”
လန်ပိ ဒူးထောက်လိုက်၏။ “မကျေမနပ် မဖြစ်ရဲပါဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။“လူတွေ ပြောနေကြတယ်။ ငါက အာဏာကို တစ်နေရာတည်း မစုချင်လို့၊ နင့်ကို တစ်ယောက်တည်း အာဏာမပေးချင်လို့ ချူကျောင်းရန်ကို ခေါ်ပြီး ထိန်းညှိခိုင်းတယ် ဆိုပြီး။”
လန်ပိ ပြောလိုက်၏။ “မကျေမနပ် မဖြစ်ရဲပါဘူး။”
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်သည်။ “နင် လုပ်တာ ကောင်းပါတယ်။ လေခွင်းမြို့ရဲ့ တန်ပြန်သူလျှို လုပ်ငန်းမှာ နင် သိပ်တော်တယ်။ အင်ပါယာကြီး နှစ်ခုလုံးက သူလျှိုတွေ နင့်ကို ကြောက်နေရတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ နင် သတ်ခဲ့တဲ့ လူတွေ ထောင်ချီနေပြီ။ ကောင်းကျိုးတွေ အများကြီးပါ။”
လန်ပိ ဆက်လက် ဒူးထောက်နေ၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ နင်က အင်ပါယာကြီး နှစ်ခုကိုပဲ အာရုံစိုက်နေတယ်။ တကယ်တမ်း ငါတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်က ပိုင်ရှင်မဲ့ နယ်မြေက တခြား မြို့စားတွေပဲ။ သူတို့က ငါတို့ လေခွင်းချိုင့်ဝှမ်းကို ဝိုင်းဝန်း တိုက်ခိုက်ချင်နေကြတာ။ ဒီတစ်ခါ အစည်းအဝေးရဲ့ ခေါင်းစဉ်က ဘာလဲ သိလား။”
လန်ပိက ခေါင်းခါလိုက်၏။ “မသိပါဘူး။”
ကျင်းကျုံးယွဲ့က ရှင်းပြလိုက်သည်။ “ပထမအချက်က စည်းလုံးညီညွတ်ရေး။ အင်ပါယာကြီး နှစ်ခုရဲ့ ဖိအားကို ရင်ဆိုင်ဖို့ ပိုင်ရှင်မဲ့ နယ်မြေက မြို့စား ၃၇ ဦး ပေါင်းစည်းရမယ်။ မဟာမိတ် တပ်ပေါင်းစု ဖွဲ့မယ်။ အနာဂတ်မှာ ပြည်ထောင်စု ဘုရင်နိုင်ငံ တည်ထောင်မယ်။”
လန်ပိက မေးလိုက်၏။ “ဒါ ထန်ထိုင်မျိုးနွယ်စုရဲ့ ဆန္ဒ မဟုတ်လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့။ ဒါပေမဲ့ သူတို့က တိုက်ရိုက် မပြောဘူး။ ဖျောင်လင်းမြို့က လီမျိုးနွယ်စုကို ပြောခိုင်းတာ။”
လီမျိုးနွယ်စု ဆိုသည်မှာ ထန်ထိုင်မျိုးနွယ်စု၏ လက်ပါးစေဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းမည်ဆိုခြင်းမှာ ဆွဲဆောင်မှု ရှိသော အိပ်မက်တစ်ခုဖြစ်သည်။ နယ်မြေအကျယ် ၅ သိန်း စတုရန်းကီလိုမီတာ၊ လူဦးရေ ၁၀ သန်းကျော်။ ဘုရင့်နိုင်ငံ တည်ထောင်၍ ရနေပြီဖြစ်၏။
ပိုင်ရှင်မဲ့ နယ်မြေတွင် ထန်ထိုင်မျိုးနွယ်စုက အကြီးဆုံး မြို့စားဖြစ်ပြီး မဟာမိတ် ခေါင်းဆောင် ၃ ဆက်တိုက် ဖြစ်လာခဲ့သည်။ ဥပဒေအရ ၃ ဆက်ထက် ပိုလုပ်၍ မရချေ။ ယခု ၂၁ နှစ် သက်တမ်း ပြည့်တော့မည်ဖြစ်သည်။
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်၏။ “နောက်တစ်ချက် ရှိသေးတယ်။ ငါတို့ရဲ့ ရန်သူ ချိုရွှေမြို့က အဆိုပြုထားတယ်။ လေခွင်းချိုင့်ဝှမ်းကို စီးပွားရေး ပိတ်ဆို့မယ်တဲ့။ စားနပ်ရိက္ခာနဲ့ သတ္တု မရောင်းရဘူးတဲ့။ တခြား မြို့စားတွေကလည်း ထောက်ခံနေကြတယ်။ မဟာမိတ် ခေါင်းဆောင် ထန်ထိုင်မျိုးနွယ်စုကလည်း မသိချင်ယောင် ဆောင်နေတယ်။
လေခွင်းမြို့က ကြည့်ရင် ချမ်းသာတယ် ထင်ရပေမဲ့ အန္တရာယ် ဝိုင်းနေတယ်။ ဒီတစ်ခါ သစ်ရွက်ကြွေနယ်မြေ ကို ပြန်မရရင်၊ တခြား မြို့စားတွေရဲ့ ပိတ်ဆို့မှုကို ခံရရင်၊ ငါတို့ ပျက်စီးသွားလိမ့်မယ်။ ဒီပြဿနာကို စစ်တိုက်ပြီး ဖြေရှင်းလို့ မရဘူး။ သံတမန်နည်းနဲ့ ဖြေရှင်းရမယ်။ ထောက်လှမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်။
ဒါကြောင့် ငါက ချူကျောင်းရန်ကို အရေးပေးရတာ။ နင့်တာဝန်က အိမ်စောင့်ဖို့၊ အင်ပါယာကြီး နှစ်ခုရဲ့ သူလျှိုတွေကို ရှင်းဖို့ပဲ။ သူ့တာဝန်က နယ်မြေချဲ့ထွင်ဖို့နဲ့ တခြား မြို့စားတွေနဲ့ ဆက်ဆံဖို့ဆိုပြီး ငါ ခွဲခြားထားတယ်။ သစ်ရွက်ကြွေနယ်မြေ ကို ပြန်ယူဖို့၊ ပိတ်ဆို့မှုကို ဖောက်ထွက်ဖို့က ငါတို့ရဲ့ ပထမ ဦးစားပေး ဗျူဟာပဲ။ နားလည်လား။”
“နားလည်ပါပြီ။” လန်ပိ ဦးညွှတ်လိုက်သည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျင်းဝူပြန်းက အသုံးမကျဘူး။ နင်က ငါ့ရဲ့ မွေးစားအစ်မ၊ ချူကျောင်းရန်က ငါ့ရဲ့ စီနီယာ အစ်ကိုကြီး.... နင်တို့က ငါ့ရဲ့ လက်ရုံးတွေပဲ။ ငါ့ရဲ့ အရင်းနှီးဆုံး လူတွေပဲ။ စည်းလုံးကြပါ။ သံသယ မဝင်ကြပါနဲ့။ လေခွင်းချိုင့်ဝှမ်းရဲ့ အနာဂတ်က နင်တို့အပေါ် မူတည်နေတယ်။”
“အမိန့်တော်အတိုင်းပါ။ အသက်ပေးပြီး ထမ်းဆောင်ပါ့မယ်။”
ထို့နောက် လန်ပိက မေးသည်။ “ယွင်ကျုံးဟဲ့ ကရော။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သူ တကယ်ပဲ ချောမောခန့်ညားတယ်ဆိုရင် ငါ သူ့ကို ကောင်းကောင်း အသုံးချရမယ်။”
ထိုစဉ် အစေခံမလေး၏ အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာသည်။ “အရှင်... သခင်လေး ယွင်အောက်ထျန်း လာပါပြီ။”
‘ဟမ်… ပုံမှန်ဆို သူက “ယွင်အောက်ထျန်း” လို့ပဲ ခေါ်တာ။ လေသံကလည်း မာကျောတယ်။ အခုကျတော့ “သခင်လေး” တဲ့။ အသံကလည်း နွဲ့နေပါလား။’
ယွင်ကျုံးဟဲ့က အစေခံမလေးကို ပြောလိုက်၏။ “အဒေါ်ကြီး... ကျုပ်ရဲ့ ရုပ်ရည်ကို မြင်ပြီး မျက်နှာတွေ နီ၊ ခြေထောက်တွေ ပျော့ခွေသွားတာကို နားလည်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက ကျုပ်တို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ ကျုပ် နှလုံးသားက ကောင်းကင်ပေါ်က လမင်းကြီးဆီ ရောက်နေပြီမို့ပါ။”
‘ဒါ ကျင်းကျုံးယွဲ့ကို ရည်ရွယ်ပြီး ပြောတာလား။’
လန်ပိက ယွင်ကျုံးဟဲ့၏ ခြေထောက်ကို ရိုက်ချိုးရမလားဟု အကြည့်ဖြင့် မေးလိုက်သည်။
ကျင်းကျုံးယွဲ့က ဂရုမစိုက်ဘဲ မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။ သတင်းထဲကအတိုင်း တကယ် ချောမော ခန့်ညားခြင်း ရှိမရှိ သိချင်နေ၏။
လေတစ်ချက် ဝေ့လာသည်။ ယွင်ကျုံးဟဲ့၏ ဝတ်ရုံစလေး လွင့်ပျံသွားသည်။
‘ဒီလေကို စောင့်နေတာ ကြာပြီ။’ ထို့နောက် သူသည် လိုက်ကာနောက်မှ ဖြည်းညင်းစွာ ထွက်လာ၏။
ရုတ်တရက် ကျင်းကျုံးယွဲ့နှင့် လန်ပိတို့ မျက်လုံး ပြူးသွားကြသည်။ ‘သတင်းထဲကအတိုင်းပဲ။ တကယ့်ကို ပြိုင်ဘက်ကင်း အလှပဲ။ ရက်ရက်စက်စက် ချောမောလွန်းတယ်။ မျက်စိကျိန်းလောက်အောင် တောက်ပနေတယ်။ အထူးသဖြင့် အရင်က သူတောင်းစား ရုပ်ပေါက်နေတာနဲ့ ယှဉ်လိုက်တော့ ကွာခြားချက်က မိုးနဲ့မြေလို ဖြစ်သွားတယ်။’
တိတ်ဆိတ်သွားပြီးနောက် ကျင်းကျုံးယွဲ့ ပြောလိုက်၏။ “မိန်းမတွေထက်တောင် ပိုလှနေသေးတယ်။ ရှင့်ရဲ့ ရုပ်ရည်က တကယ့် လက်နက်ကောင်း တစ်ခုပဲ။ ကျွန်မ ရှင့်ကို နေရာပေးရတော့မယ်။”
………………
***