ဤကဗျာကို တွေ့လိုက်ရချိန်မှာတော့ နင်ချင်းသည် ကြက်သေ သေသွားသည်။ တစ်ခေါက်ပြီး တစ်ခေါက် ထပ်ဖတ်နေမိ၏။
အထူးသဖြင့် နောက်ဆုံးစာကြောင်းပင်။ အစတုန်းက မှေးမှိန်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ ထင်ရှားလာသည်။
“သခင်မလေး... သူ့ကို မောင်းထုတ်လိုက်ရမလား။ သခင်မလေး ဘာမှာစရာ ရှိသေးလဲ။” နင်ချွဲ့က မေးလိုက်၏။
နင်ချင်းသည် အဆင့်အတန်းမြင့်သူများကို အရေးမလုပ်သော်လည်း အောက်ခြေလူတန်းစားများကိုမူ ကြင်နာတတ်သည်။ စာပေဝါသနာရှင်များ လာရောက်ပြသသော ကဗျာများကို မည်မျှပင် ညံ့ဖျင်းပါစေ ဝေဖန်အကြံပြုပေးလေ့ရှိသည်။
“သခင်မလေး...” နင်ချွဲ့ ထပ်မံ သတိပေးလိုက်၏။
“သွားခေါ်ခဲ့။” နင်ချင်းက အမိန့်ပေးလိုက်သည်။
နင်ချွဲ့ အံ့ဩသွား၏။ အထက်တန်းလွှာမျိုးနွယ်စုများကိုပင် ငြင်းပယ်ခဲ့ပြီး သခင်ကြီးထိုက်အာ၏ လက်ရေးမူကိုပင် အရေးမလုပ်ခဲ့သော သူသည် ယခုအခါ၌မူ သူတောင်းစားတစ်ယောက်ကို တွေ့ဆုံရန် ဆုံးဖြတ်နေသည်မှာ အံ့ဩစရာပင်။
ထိုသူတောင်းစားက တကယ်ပင် ကောင်းမွန်သော ကဗျာမျိုးကို ရေးသားနိုင်နေသည်လား။ လက်ရှိ အချိန်သည် အလွန်အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကဗျာ မည်မျှပင် ကောင်းစေကာမူ လက်မခံသင့်ပေ။
နင်ချွဲ့က မေးလိုက်၏။ “သခင်မလေး... သေချာရဲ့လား။”
နင်ချင်းက ပြောလိုက်သည်။ “သေချာတယ်။ ခေါ်ခဲ့။”
“ကောင်းပါပြီ။”
.................
တောင်ပေါ်တွင် စောင့်ဆိုင်းနေသူများက ရလဒ်ကို စောင့်မျှော်နေကြ၏။
သူတောင်းစား ယွင်အောက်ထျန်းကို မောင်းထုတ်လိုက်သည်နှင့် ချက်ချင်း သတ်ပစ်ဖို့ ပြင်ဆင်ထားကြသည်။
“ယွင်အောက်ထျန်းကို ရဲတိုက်ထဲက မောင်းထုတ်လိုက်တာနဲ့ တောင်ပေါ် ပြန်မတက်စေနဲ့။ မြို့စားမင်းကို ပြန်မတွေ့စေနဲ့။ ချက်ချင်း သတ်ပစ်။” လေခွင်းမြို့ အမတ်တစ်ဦးက အမိန့်ပေးလိုက်၏။
“ဒါ ငါတို့ မြို့စားမင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတာပဲ။”
“ဒါပေမဲ့ မြို့စားမင်းက...” စစ်သည်တစ်ဦးက တွန့်ဆုတ်နေသည်။
အမတ်ကြီးက ပြောလိုက်၏။ “မြို့စားမင်းက ဒေါသထွက်နေလို့ မပြောတာ။ နင်ချင်းက ဒေါသထွက်သွားရင် လေခွင်းမြို့ ဒုက္ခရောက်မှာ။ ငါတို့က မြို့စားမင်းအတွက် ကြိုတင် ရှင်းလင်းပေးရမယ်။”
“ကောင်းပါပြီ။” စစ်သည်များ အသင့်ပြင်ထားကြသည်။
ခဏကြာပြီးနောက် ကင်းထောက်တစ်ဦး ပြေးတက်လာ၏။ “သခင်ကြီး... သခင်ကြီး... ယွင်အောက်ထျန်း ရဲတိုက်ထဲ ဝင်သွားပါပြီ။ သခင်မနင်ချင်းက လက်ခံတွေ့ဆုံလိုက်ပါပြီ။”
“မဖြစ်နိုင်ဘူး။” အမတ်ကြီး အော်ဟစ်လိုက်သည်။
နတ်ဆရာလန်နှင့် ချူကျောင်းရန်တို့ မျက်လုံးချင်းဆုံသွားကြ၏။ ‘ဘယ်လို ဖြစ်နိုင်မှာလဲ။ နင်ချင်းက လူတိုင်းကို ငြင်းပယ်ခဲ့တာလေ။ သခင်ကြီး ထိုက်အာရဲ့ လက်ရေးမူကိုတောင် လက်မခံခဲ့ဘူး။ အခု သူတောင်းစားကို လက်ခံတွေ့ဆုံတယ် ဟုတ်လား။ ဘာကြောင့်လဲ။ နေက အနောက်ဘက်က ထွက်လာတာလား။’
……………..
ယွင်ကျုံးဟဲ့သည် နင်ချင်း၏ စာကြည့်ခန်းထဲသို့ ရောက်ရှိသွားသည်။ လိုက်ကာခြားထားသောကြောင့် နင်ချင်းကို တိုက်ရိုက် မမြင်ရပေ။
သို့သော်ငြား အခန်းထဲသို့ ဝင်လိုက်သည်နှင့် သွေးညှီနံ့ကို ရလိုက်သည်။ သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေ၏။
“ကျုပ် ယွင်အောက်ထျန်း... သခင်မ နင်ချင်းကို ဂါရဝပြုပါတယ်။”
ယွင်ကျုံးဟဲ့ ဦးညွှတ်လိုက်သည်။ “သခင်မ... ကျုပ် ဘယ်လို သိလဲ ဆိုတာကို သိချင်နေမှာပဲ။ တကယ်တော့ လွယ်ပါတယ်။”
“နေအုံး။” နင်ချင်းက ဖြတ်ပြောလိုက်၏။
‘အသံက သာယာလိုက်တာ။ နူးညံ့ပေမယ့် မာကျောမှုလေး ပါနေတယ်။’
နင်ချင်းက မေးလိုက်သည်။ “ရှင့်နာမည် ဘယ်သူလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ယွင်အောက်ထျန်း ပါ။”
“ရာထူး။”
“လေခွင်းမြို့၊ ကျင်ယီဝေ၊ တတိယ တပ်မှူးချုပ်...”
“နောက်ခံ...”
“သူတောင်းစား၊ လူမိုက်...”
“စာတတ်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “၅ နှစ်သားတုန်းက မူကြိုကျောင်း တစ်နှစ်တက်ပြီး ထွက်ခဲ့ပါတယ်။”
နင်ချင်းက အံ့အားသင့်သွား၏။ “ဒါဆို ရှင် ဘယ်လိုလုပ်ပြီး တတိယ တပ်မှူးချုပ် ဖြစ်လာတာလဲ။ ကျင်းကျုံးယွဲ့က ရှင့်ကို ဘာသဘောကျလို့လဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်မှာ အထူးစွမ်းရည် တစ်ခု ရှိလို့ပါ။”
နင်ချင်းက မေးလိုက်၏။ “ဘာစွမ်းရည်လဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မိန်းမတွေကို လိမ်ညာလှည့်ဖြားပြီး ငွေရော လူရော လိမ်ယူတတ်တဲ့ စွမ်းရည်ပါ။”
ဘေးမှာ ရပ်နေတဲ့ နင်ချွဲ့ ပျို့အန်ချင်သွား၏။ ‘ပျားရည်ထောင်ချောက် ဟုတ်လား။ ကျင်းကျုံးယွဲ့က ဒီလောက် ရုပ်ဆိုးတဲ့ သူတောင်းစားကို သုံးပြီး ပျားရည်ထောင်ချောက် ထောင်ခိုင်းတာလား။ သခင်မလေးကို ဘယ်လောက်တောင် အထင်သေးတာလဲ။’
နင်ချင်းကတော့ စိတ်မဆိုးဘဲ ဆက်မေးသည်။ “ကျင်းကျုံးယွဲ့ အရင်လွှတ်လိုက်တဲ့ ကောင်လေး ဘာဖြစ်သွားလဲ သိလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သိပါတယ်။ မိန်းမစိုး ဖြစ်သွားတယ် ဆို...”
နင်ချင်းက အံ့အားသင့်သွားကာ မေးလိုက်သည်။ “ဟုတ်တယ်။ သူက ရှင့်လောက် ရုပ်မဆိုးဘူး။ ဒါပေမဲ့ ကျွန်မက သူ့ကို သင်းကွပ်လိုက်တယ်။ ရှင်ကရော မကြောက်ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်မိဘတွေက ရိုးသားဖို့ သင်ပေးထားလို့ပါ။ မလိမ်တတ်ပါဘူး။”
နင်ချင်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ရှင့်မိဘတွေက ဘာလုပ်လဲ။ သူတောင်းစားပဲလား။”
ဟွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မဟုတ်ပါဘူး။ ကျုပ်က မိဘမဲ့ပါ။”
‘ဟာသ လုပ်လိုက်တာလား။’
“ကျွန်မ ရယ်ပြရမလား။” နင်ချင်း မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရယ်ပြရင် ကောင်းတာပေါ့။”
“ခစ်.. ခစ်...” နင်ချင်းက ဟန်ဆောင် ရယ်ပြလိုက်သည်။
“ယွင်အောက်ထျန်း... ကျွန်မ ရှင့်ကို ဘာလို့ လက်ခံတွေ့ဆုံလဲ သိလား။” နင်ချင်းက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်က သခင်မ အဆိပ်မိနေတယ်လို့ ပြောလိုက်လို့လေ။”
“မဟုတ်ဘူး။ ကျွန်မ စိတ်ဆိုးလို့...” နင်ချင်းက ပြန်ဖြေ၏။
“ကျွန်မဆီ ကဗျာလာပို့တဲ့ လူပေါင်း ထောင်ချီ ရှိတယ်။ တချို့က ညံ့တယ်။ တချို့က ဟန်ဆောင်တယ်။ ဒါပေမဲ့ သူတို့အားလုံးက စာပေကို လေးစားကြတယ်။ ရှင်တစ်ယောက်တည်းပဲ စာပေကို စော်ကားတာ။ ဒါကြောင့် ကျွန်မ စိတ်ဆိုးတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကျုပ် မှားသွားပါတယ်။”
နင်ချင်းက ပြောလိုက်၏။ “ရှင့် တောင်းပန်စကားကလည်း ရှင့်ကဗျာလိုပဲ။ ဟန်ဆောင်မှုတွေ များလွန်းတယ်။ ကျွန်မ ပိုစိတ်ဆိုးလာပြီ။”
‘ဒီအမျိုးသမီးက စိတ်ဝင်စားစရာပဲ။ စိတ်ဆိုးနေတယ် ပြောပြီး အသံက အေးဆေးတည်ငြိမ်နေတယ်။ သူမရဲ့ ကျက်သရေရှိမှုက အရိုးထဲထိ စွဲနေတာပဲ။’
ထိုစဉ် သူမ၏ နှုတ်ခမ်းများ ခရမ်းရောင် သမ်းလာပြီး နှာခေါင်းသွေးများ စီးကျလာသည်ကို ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်မ... ကုသမှု ခံယူဖို့ လိုနေပြီ။ ဘာစားလိုက်တာလဲ။”
နင်ချင်းက ပြောလိုက်သည်။ “အရေးမကြီးပါဘူး။ ကျွန်မဘဝမှာ အရေးကြီးတာ ၂ ခုပဲ ရှိတယ်။ ပထမက ကျွန်မပုံရိပ်... ဒုတိယက စာပေအနုပညာ... ရှင် ထင်တာ မှန်တယ်။ ကျွန်မ လူတွေနဲ့ မတွေ့ချင်တာက ကျွန်မရဲ့ပုံစံ ပျက်နေလို့ပဲ။”
ယွင်ကျုံးဟဲ့က အလောတကြီးဖြင့် ပြောလိုက်၏။ “သခင်မ... အခု အခြေအနေက အန္တရာယ် များနေပြီ။ ကုသမှ ရမယ်။”
နင်ချင်းက ပြောလိုက်သည်။ “သေတာ ရှင်တာ အရေးမကြီးပါဘူး။ ဒါပေမဲ့ ရှင်က စာပေကို စော်ကားခဲ့တယ်။ ဒါကို ကျွန်မ ခွင့်မလွှတ်နိုင်ဘူး။ ယွင်အောက်ထျန်း... ကျွန်မ စိတ်ဆိုးတယ်။ ကျွန်မက ပါရမီရှင် ဖြစ်သလို စိတ်ကြီးတဲ့ မိန်းမတစ်ယောက်လည်း ဖြစ်တယ်။ ရှင် ပေးဆပ်ရမယ်။ နင်ချွဲ့... အသင့်ပြင်ထား။”
နင်ချွဲ့ ဓားဆွဲထုတ်လိုက်၏။
နင်ချင်းက ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့ လွှတ်လိုက်တဲ့ ကောင်လေးက ကျွန်မကို စော်ကားလို့ သင်းကွပ်လိုက်တယ်။ ရှင်က စာပေကို စော်ကားလို့ ရှင့်ကိုလည်း သင်းကွပ်ပြီး ကျင်းကျုံးယွဲ့ဆီ ပြန်ပို့လိုက်မယ်။”
နင်ချွဲ့က ဓားကို ယွင်ကျုံးဟဲ့၏ ပေါင်ကြားသို့ ချိန်ရွယ်လိုက်၏။
ယွင်ကျုံးဟဲ့ ကြောက်လန့်သွားသည်။ ‘ဒီမိန်းမက တကယ် ရူးနေတာပဲ။ ဒီလောကက အလှပဂေးတွေ အကုန်လုံး ရူးနေကြတာလား။ ကျင်းကျုံးယွဲ့လည်း ရူးတယ်။ နင်ချင်းလည်း ရူးတယ်။ ငါလည်း ရူးတယ်။ ရုပ်ချောလေ ရူးလေပဲလား။’
နင်ချင်းက ပြောလိုက်၏။ “ယွင်အောက်ထျန်း... ကျွန်မကို ကုပေးချင်ရင် အရင်ဆုံး ဒီအဆင့်ကို ကျော်ဖြတ်ရမယ်။ ရှင် စာပေကို စော်ကားခဲ့တာကို ပြန်ပေးဆပ်ရမယ်။ စာပေကို ဘယ်သူတွေ စော်ကားခွင့် ရှိလဲ သိလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “စာပေ ပါရမီရှင်တွေ...”
နင်ချင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ပါရမီရှင်တွေကမှ စာပေကို ပိုင်ဆိုင်တာ။ ကိုယ်ပိုင်တဲ့ မိန်းမကို စိတ်ကြိုက် စနောက်လို့ ရသလိုပေါ့။ သူများ မိန်းမကို စနောက်ရင်တော့ သင်းကွပ်ခံရမှာပဲ။”
‘သေချာပြီ။ ဒီမုဆိုးမ ရူးနေတာ သေချာပြီ။’
နင်ချင်းက ဆက်ပြောလိုက်သည်။ “ရှင် ရေးခဲ့တဲ့ ကဗျာက ရွံစရာ ကောင်းလွန်းတယ်။”
“လစဉ်လတိုင်း အဲဒီနေ့ရောက်၊
ဗိုက်နာလွန်းလို မခံနိုင်လောက်။
သွေးဆင်းမရပ် အောက်ခံတွေ ရဲ၊
လဝက်လောက်ကြာမှ ရပ်တယ်တဲ့။
လူတောထဲလည်း မတိုးရဲတော့၊
ရှက်စိတ်တွေက နှလုံးထဲပေါ့။
ဆံပင်တွေက နေ့တိုင်းကျွတ်၊
ဦးပြောင်တော့မယ် သိတာပေါ့။
မပူပါနဲ့ ... လုံးဝမပူ
ကုသပေးဖို ဆရာကြီးနော်။
သားဖွားမီးယပ် ပါရဂူကြီး၊
ကျန်းမာစေဖို လာပြီဟေ့။” နင်ချင်းက ကဗျာကို ပြန်ဖတ်ပြ၏။
“ဒီကဗျာမှာ စာကြောင်း ၄ ကြောင်း ရှိတယ်။ အစ စာလုံးတွေက မတူညီကြဘူး။ ရှင် ဒီစာလုံး ၄ လုံးကို အစထားပြီး ကဗျာသစ် တစ်ပုဒ် ရေးရမယ်။ အသံထွက် တူရင် ရတယ်။ ဒါပေမဲ့ ကျွန်မကို အံ့ဩသွားစေရမယ်။ ကျွန်မ အရင်က ဖတ်ဖူးသမျှ ကဗျာတွေထက် ကောင်းရမယ်။” နင်ချင်းက ပြောလိုက်သည်။
(တရုတ်ကဗျာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်၍ စာသား အနည်းငယ် လွဲနိုင်ပါသည်။)
ယွင်ကျုံးဟဲ့ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
နင်ချင်းက ပြောလိုက်သည်။ “ဒါဆိုရင် ရှင်က ပါရမီရှင် ဆိုတာ သက်သေပြရာ ရောက်မယ်။ ဒါမှ ကျွန်မ ရှင့်ကို ခွင့်လွှတ်နိုင်မယ်။ မဟုတ်ရင် သင်းကွပ်ပစ်မယ်။ အချိန် သိပ်မရဘူး။ ကျွန်မ ရေတွက်လို့ ပြီးတာနဲ့ ကဗျာ ထွက်လာရမယ်။”
“၁၀... ၉... ၈...” နင်ချင်း ရေတွက်နေ၏။ ၅ စက္ကန့်လျှင် တစ်လုံးနှုန်းပင်။
ယွင်ကျုံးဟဲ့ ခေါင်းနပန်း ကြီးသွားသည်။ ‘တောက်... နင်ချင်း... မင်းက တကယ့် ဂြိုဟ်ဆိုးပဲ။ ငါက မူကြိုကျောင်းထွက်ပါလို့ ပြောနေတာကို ကဗျာ ရေးခိုင်းနေတာလား။ ပြီးတော့ သတ်မှတ်ထားတဲ့ စာလုံးတွေနဲ့ ရေးရမယ်တဲ့။ ကောင်းကင်ပေါ် တက်ရတာထက် ခက်သေးတယ်။ ကူးချစရာလည်း မရှိဘူး။’
နင်ချင်း၏ နှာခေါင်းမှ သွေးများ ပိုစီးကျလာသည်။ အသက်ရှူ မြန်လာသည်။ နှုတ်ခမ်းများ ပိုမဲလာသည်။ အဆိပ်တက်နေပြီဖြစ်၏။
နင်ချွဲ့၏ ဓားကလည်း ယွင်ကျုံးဟဲ့၏ ပေါင်ကြားတွင် အသင့်ရှိနေသည်။
“၇... ၆... ၅... ၄...”
အချိန်ကုန်တော့မည်။ ယွင်ကျုံးဟဲ့ မိန်းမစိုး ဖြစ်တော့မည်။
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ မျက်လုံးမှိတ်ပြီး ဦးနှောက်ကို ညှစ်ထုတ်လိုက်သည်။
“၃... ၂... ၁... ပြီးပြီ။”
ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်၏။ “ရပြီ။ ရပြီ။”
ထို့နောက် ကဗျာကို ရွတ်ဆိုလိုက်သည်။
“မဲနယ် ဆောင်းလေ... အလွမ်းပြေစေ။
ဆွတ်ပျံ့ လွမ်းဖွယ်။ နှင်းငွေ့လယ်။
ရစ်ပတ်နှောင်ဖွဲ့... တောင်ပေါ်တဲ့။
နန်းတွင်းသူလေး... ဝေးနေသေး။”
(မှတ်ချက် - မူရင်း တရုတ်ကဗျာမှာ ထန်မင်းဆက် ကဗျာဆရာ ကျန်းနန်ရှီး၏ ကဗျာကို ပြန်လည် မွမ်းမံထားခြင်း ဖြစ်သည်။ မြန်မာပြန်တွင် ကာရန်နှင့် အဓိပ္ပာယ်ကို ဆီလျော်အောင် ဖွဲ့ဆိုထားပါသည်။)
…………….
***