“သုည...” နင်ချင်း၏ ရေတွက်သံ ရပ်သွား၏။ သို့သော်ငြား သူမ ကြက်သေ သေသွားသည်။
နင်ချွဲ့သည် သခင်မကို လှမ်းကြည့်လိုက်၏။ ဓားနှင့် ထိုးရမလား၊ မထိုးရဘူးလား။
နင်ချင်းသည် ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး ယွင်ကျုံးဟဲ့ကို မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
‘ဒီကောင်က တကယ်ပဲ သူတောင်းစားလား။ စာမတတ်တဲ့ လူမိုက်လား။ ဒီလို ကဗျာမျိုးကို ရေးနိုင်တယ် ဆိုတာ မယုံနိုင်စရာပဲ။’
“ဒီကဗျာနာမည်က ဘာလဲ။” နင်ချင်းက မေးလိုက်၏။
“နာမည် မပေးရသေးပါဘူး။ သခင်မ ကြိုက်ရင် သခင်ကြီးထိုက်အာ လို့ ပေးလိုက်ပါ။”
“သခင်ကြီးထိုက်အာ... ဟုတ်တယ်။ သိပ်လိုက်ဖက်တယ်။” နင်ချင်းက တီးတိုးရေရွတ်လိုက်၏။
ဤကဗျာ၏ အဖွင့်စာကြောင်းဖြစ်သော “မဲနယ် ဆောင်းလေ… အလွမ်းပြေစေ။” ဟူသည့် အသုံးအနှုန်းသည် သခင်ကြီးထိုက်အာ၏ ဘဝဖြတ်သန်းမှု သမိုင်းကြောင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။
လွန်ခဲ့သော အနှစ် (၂၀) ခန့်က သခင်ကြီးထိုက်အာ ပြည်နှင်ဒဏ်ခံရ၍ မဲနယ်ပင် (ဇီးပင်) ပေါများရာ အရှေ့ဘက်မှ ရှားပါးရာ အနောက်ဘက်သို့ ထွက်ခွာခဲ့ရစဉ်က စာပေပညာရှင်များစွာမှာ ဇီးခက်များကို ကိုင်ဆောင်၍ နှုတ်ဆက်လိုက်ပါခဲ့ကြ၏။
ဒုတိယစာကြောင်းဖြစ်သည့် “ဆွတ်ပျံ့ လွမ်းဖွယ်… နှင်းငွေ့လယ်။” ဟူသည်မှာလည်း အိမ်ရှေ့စံ၏ ပုန်ကန်မှု ကျရှုံးချိန်တွင် သွေးစွန်းနေသော မြေပြင်ကို နှင်းများက ဖုံးလွှမ်းပေးခဲ့သည့် ကြေကွဲဖွယ် ဖြစ်ရပ်ကို ဖော်ပြခြင်းဖြစ်သည်။
ထိုစဉ်က ပြည်သူများမှာ အိမ်ရှေ့စံအတွက် ဝမ်းနည်းသော်လည်း ထုတ်မပြောရဲကြဘဲ နှင်းများကသာ လူတို့ကိုယ်စား ငိုကြွေးပေးသကဲ့သို့ ရှိခဲ့၏။
ကဗျာ၏ တတိယနှင့် စတုတ္ထစာကြောင်းများတွင်မူ တောင်ပေါ်သား ဆင်းရဲသားတစ်ဦးဖြစ်သည့် သခင်ကြီး ထိုက်အာကို အိမ်ရှေ့စံက သုံးကြိမ်တိုင်တိုင် လာရောက်ဖိတ်ခေါ်ခဲ့သည့် ဆရာတပည့် သံယောဇဉ်ကို “ရစ်ပတ်နှောင်ဖွဲ့... တောင်ပေါ်တဲ့။” နှင့် “နန်းတွင်းသူလေး... ဝေးနေသေး။” ဟူ၍ ဖွဲ့ဆိုထားသည်။
သခင်ကြီးထိုက်အာ၏ ဘဝဇာတ်ကြောင်းကို ထင်ဟပ်စေသည့် ဤကဗျာသည် နင်ချင်း၏ နှလုံးသားကို အလွန်ထိမှန်စေခဲ့၏။
အထူးသဖြင့် စက္ကန့်ပိုင်းအတွင်း သတ်မှတ်ထားသော စာလုံးအရေအတွက်ဖြင့်သာ ရေးဖွဲ့ရသည့်အတွက် ဤကဗျာမှာ နာမည်ကျော် ခုနစ်လှမ်းလျှောက် ကဗျာစပ် နည်းစနစ်ထက်ပင် ပိုမိုခက်ခဲလှသည်ဟု ဆိုနိုင်ပေသည်။
နင်ချင်းက ယွင်ကျုံးဟဲ့ကို မယုံနိုင်သေးပေ။ ‘ဒီလို သူတောင်းစားက ဒီလောက် ကောင်းတဲ့ ကဗျာကို ရေးနိုင်တယ်တဲ့လား။ ပါရမီရှင်... တကယ့် ပါရမီရှင်ပဲ။’
“ကောင်းတယ်။ သိပ်ကောင်းတယ်။”
နင်ချင်း ချီးကျူးလိုက်ချိန်မှာတော့ နင်ချွဲ့က ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်သည်။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီး သေးတောင် ထွက်ချင်နေပြီ ဖြစ်၏။
“ကဲ... ရှင် စာပေကို စော်ကားတာ ကျွန်မ ခွင့်လွှတ်လိုက်ပြီ။ ဆက်ပြောကြရအောင်... ရှင် ဘာပြောချင်လဲ။”
နင်ချင်း စကားပြောနေရင်း နှာခေါင်းသွေးများ ပိုစီးကျလာသည်။ ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာသည်။ ရေပိုက်ခေါင်း ဖွင့်ထားသလိုပင်။
ဤအရာမှာ ပုံမှန် မဟုတ်တော့ချေ။ ယွင်ကျုံးဟဲ့ ရရှိထားသည့် အချက်အလက်များအရ နင်ချင်းက ပြဒါးအဆိပ် သို့မဟုတ် ခဲအဆိပ် မိနေတာခြင်း ဖြစ်သည်။
နာတာရှည် အဆိပ်သင့်သည့် လက္ခဏာများဖြစ်သော ဆံပင်ကျွတ်ခြင်း၊ သွေးပါခြင်း၊ အဖုအပိမ့်များ ထွက်ခြင်းများလည်း ခံစားနေရ၏။
သို့သော်ငြား ယခု လက္ခဏာက ပြင်းထန်လွန်းနေသည်။ ရုတ်တရက် အဆိပ်မိသည့် ပုံစံပင်။ မကြာခင်ကမှ အဆိပ်ခတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
“သခင်မ... သမားတော် သွားခေါ်လိုက်ပါ့မယ်။” နင်ချွဲ့ အပြင်သို့ ပြေးထွက်သွား၏။
“နေအုံး။ ကျုပ်ပဲ ကုပေးမယ်။”
ယွင်ကျုံးဟဲ့က တားလိုက်သည်။ “သခင်မက အဆိပ်မိနေတာ။ အခုလေးတင် မိတာ။ ချက်ချင်း မကုရင် အသက်အန္တရာယ် ရှိတယ်။ စောစောက ဘာစားလိုက်လဲ။ အစားအစာ ချက်တဲ့သူ၊ လာပို့တဲ့သူ အကုန်လုံးကို ဖမ်းထား။”
နင်ချင်းက ယွင်ကျုံးဟဲ့ကို ကြည့်ပြီး တုန်တုန်ယင်ယင် ပြောလိုက်၏။ “ရှင်... ရှင် ထွက်သွား။”
ပြောပြီးသည်နှင့် သတိလစ်သွားသည်။
နင်ချွဲ့က အပြင်သို့ ဆက်ပြေးသွား၏။
“မသွားနဲ့။ ကျုပ်ပဲ ကုလို့ ရမှာ...” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။
နင်ချွဲ့ တွန့်ဆုတ်သွား၏။
ဤသူတောင်းစားက အတော်လေး ထူးဆန်းလှသည်။ သခင်မက သူမ၏ ကိုယ်ပိုင်သမားတော်မှလွဲ၍ ကျန်သူကို မယုံကြည်တတ်သလို၊ အမျိုးသမီးသမားတော်ကိုသာ လက်ခံသူလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် သမားတော်ကို ရှာရန် ထွက်ခွာသွားတော့သည်။
ယွင်ကျုံးဟဲ့ အချိန်မဆွဲတော့ချေ။ ရင်ဘတ်ထဲမှ ဘူးသီးခြောက်ဘူးလေး တစ်ဘူးကို ထုတ်လိုက်ပြီး နင်ချင်းကို ပွေ့ထူလိုက်၏။
“ဖြောင်း.... ဖြောင်း... ဖြောင်း...” ယွင်ကျုံးဟဲ့က နင်ချင်း၏ ပါးကို ရိုက်ပြီး နှိုးလိုက်သည်။
နင်ချင်း သတိပြန်ရလာ၏။
ယွင်ကျုံးဟဲ့က ဘူးထဲမှ အရည်များကို သူမ ပါးစပ်ထဲ အတင်းလောင်းထည့်လိုက်သည်။ စက္ကန့် ၃၀ အတွင်း တစ်ဘူးလုံး ကုန်သွားသည်။
“ရှင်... ရှင် ဘာတိုက်လိုက်တာလဲ။ အရသာက တစ်မျိုးကြီးပဲ။” နင်ချင်းက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဘာရှိအုံးမှာလဲ။ ကလေးသေးလေ။”
အမှန်တကယ်၌ သေးမဟုတ်ချေ။ အန်ဆေးသာဖြစ်၏။
သို့သော်ငြား နင်ချင်းက အထက်တန်းလွှာ အမျိုးသမီးဖြစ်သည်။ သေးလို့ ကြားသည်နှင့် တပြိုင်နက် အော့အန်တော့သည်။
“ဝေါ့... ဝေါ့...”
ချက်ချင်းပဲ ဗိုက်ထဲက ရှိသမျှ အကုန် အန်ထွက်လာ၏။ သို့သော်ငြား မလုံလောက်သေးချေ။ အဆိပ်တွေ ကျန်နေသေး၏။
ယွင်ကျုံးဟဲ့က နောက်ထပ် တစ်ဘူး ထပ်တိုက်လိုက်သည်။ ပြီးနောက် တူတစ်ချောင်း ယူပြီး လည်ချောင်းထဲ ထိုးထည့်လိုက်သည်။
“ဝေါ့... ဝေါ့...” ထပ်အန်ပြန်၏။
ထိုအချိန်၌ ယွင်ကျုံးဟဲ့က သူမ နားနားကပ်ပြီး တီးတိုး ပြောလိုက်သည်။ “သခင်မ နင်ချင်း... စကားမပြောနဲ့။ ကျုပ် ပြောတာ သေချာနားထောင်... အရမ်း အရေးကြီးတယ်။”
နင်ချင်း ခေါင်းညိတ်ပြသည်။
ယွင်ကျုံးဟဲ့သည် အချိန်လုနေရသောကြောင့် စကားလုံးများကို ခပ်သွက်သွက်ပင် ပြောလိုက်၏။
................
ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းမှာမူ အတော်ပင် ဆိုးရွားလှသည်။
နင်ချွဲ့နှင့် သမားတော်များ ရောက်ရှိလာချိန်မှာတော့ ယွင်ကျုံးဟဲ့မှာ နင်ချင်းအား တူဖြင့်ထိုးကာ အန်ထွက် လာအောင် ပြုလုပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုပုံစံမှာ လူနာကို ကုသနေသည်ထက် လူသတ်နေသည်နှင့်ပင် ဆင်တူနေတော့သည်။
ထိုမြင်ကွင်းကြောင့် နင်ချွဲ့၏ မျက်နှာ ပျက်သွားကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလိုက်တော့၏။ ‘ငါ မှားသွားပြီ။ သခင်မလေးကို ဒီလိုလူစားမျိုးနဲ့ တစ်ယောက်တည်း ထားခဲ့မိတာ တကယ်ကို မှားသွားပြီ။’
“ယွင်အောက်ထျန်း... ရှင် သေချင်နေတာလား။”
နင်ချွဲ့ အော်ဟစ်လိုက်သည်။ “လာကြစမ်း။ ဒီကောင်ရဲ့ ခြေလက်တွေကို ရိုက်ချိုးပြီး ထောင်ထဲ ထည့်လိုက်...”
စစ်သည်များ ဝင်လာကြ၏။
“မလုပ်နဲ့။ သူ့ကို မထိနဲ့။” နင်ချင်း အားယူပြီး ပြောလိုက်သည်။
“ကောင်းပါပြီ။”
နင်ချွဲ့က သမားတော်များကို ခေါ်လိုက်၏။ “ဆရာမရွှီ... ကြည့်ပေးပါအုံး။”
သမားတော် ၄ ဦးစလုံး အမျိုးသမီးများပင် ဖြစ်သည်။
“အန်အောင် လုပ်ပြီးပြီ။ နွားနို့ တိုက်လိုက်ပါ။ များများ တိုက်ပါ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
“ကျွန်မတို့ သိပါတယ်။ ရှင် ထွက်သွားပါ။ ယောကျ်ားလေး ရှိနေရင် အဆင်မပြေဘူး။” သမားတော် တစ်ဦးက ယွင်ကျုံးဟဲ့ကို မောင်းထုတ်လိုက်သည်။
စစ်သည်များက ယွင်ကျုံးဟဲ့ကို ဆွဲထုတ်သွားကြ၏။
“သခင်မ နင်ချင်း... ကျုပ် မှာခဲ့တာတွေ မမေ့နဲ့နော်။” ယွင်ကျုံးဟဲ့ အော်ပြောရင်း စစ်သည်များ ဆွဲခေါ်ရာနောက် ပါသွားသည်။
နင်ချင်းက သူ့ကို တစ်ချက် ကြည့်ပြီး သတိလစ်သွားပြန်၏။
နင်ချွဲ့က အမိန့်ပေးလိုက်သည်။ “သခင်လေးယွင်ကို အခန်းတစ်ခုမှာ ကောင်းကောင်း ဧည့်ခံထားလိုက်ပါ။”
စစ်သည်များက ယွင်ကျုံးဟဲ့ကို ခေါ်ထုတ်သွားကြ၏။
ယွင်ကျုံးဟဲ့ နောက်လှည့် တကြည့်ကြည့်ဖြင့် ပါသွားသည်။
.......................
“ဘယ်ခေါ်သွားမလို့လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
စစ်သည်များက သူ့ကို ဧည့်ခန်းမဆောင်၏ အပြင်ဘက်သို့ ခေါ်ထုတ်သွားကြသည်။
“ရောက်ရင် သိလိမ့်မယ်။” စစ်သည်တစ်ဦးက ဖြေလိုက်၏။
မြေအောက်ခန်း တစ်ခုထဲ ရောက်သွားသည်။ ထောင် ဖြစ်နေသည်။
ယွင်ကျုံးဟဲ့က ဒေါသတကြီးဖြင့် မေးလိုက်၏။ “ဒါ ဘာသဘောလဲ။ ကျုပ်က သခင်မကို ကယ်ပေးခဲ့တာလေ။”
စစ်သည်တစ်ဦးက ဖြေလိုက်သည်။ “ကယ်တာလား၊ လုပ်ကြံတာလား ဆိုတာကို သခင်မ သတိရမှ သိရမှာပေါ့။”
ထို့နောက် ယွင်ကျုံးဟဲ့ကို ထောင်ထဲ ပစ်ထည့်လိုက်ကြ၏။
နာရီပေါင်းများစွာ ကြာသွား၏။ ဘယ်သူမှ မလာသလို ထမင်းလည်း လာမပို့ချေ။
ယွင်ကျုံးဟဲ့ တင်ပျဉ်ခွေ ထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
‘အခြေအနေတွေကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီ။ မူလက ခက်ခဲလိမ့်မယ်လို့ ထင်မှတ် ထားခဲ့ပေမဲ့ အခုတော့ ရန်သူတွေကပဲ ကိုယ့်ဘက်ကနေ ကူညီပေးလိုက်သလို ဖြစ်သွားခဲ့တာပဲ။ တကယ်တော့ လူတွေနဲ့ ကစားရတာက တော်တော်လေးကို ပျော်စရာကောင်းတဲ့ အလုပ်ပဲ။’
.................
တစ်ရက် ကြာသွား၏။
ရုတ်တရက် စစ်သည်နှစ်ဦး ဝင်လာသည်။ ယွင်ကျုံးဟဲ့၏ လည်ပင်းကို ဓားနှင့် ထောက်ကာ မေးလိုက်သည်။ “သေချင်လား။ ရှင်ချင်လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရှင်ချင်တယ်။ ရှင်ချင်တယ်။”
စစ်သည်တစ်ဦးက မေးလိုက်သည်။ “သခင်မ အဆိပ်မိနေတာ မင်း ဘယ်လိုသိလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒါ ပြောရရင် ရှည်တယ်ဗျ။ လက္ခဏာတွေကို ကြည့်ပြီး သိတာပဲ။”
ထိုစစ်သည်က မေးလိုက်သည်။ “ဒီရဲတိုက်ထဲမှာ လေခွင်းမြို့ရဲ့ သူလျှို ရှိနေလား။”
ယွင်ကျုံးဟဲ့ မျက်လုံးများ မှေးကျဉ်းသွား၏။ သို့သော်ငြား ဘာမှ ပြန်မဖြေချေ။
ထိုစစ်သည်က ယွင်ကျုံးဟဲ့၏ လည်ပင်းပေါ်က ဓားကို အားဖြင့်ဖိက မေးလိုက်သည်။ “သေချင်လား။ ရှင်ချင်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ရှင်ချင်တယ်။”
“ဒါဆို ပြောစမ်း...”
အမှန်တိုင်း ပြောခိုင်းခြင်း မဟုတ်ပေ။ သူတို့ လိုချင်သည့် အဖြေကို ပြောခိုင်းခြင်းသာဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ သူလျှို ရှိတယ်။”
ထိုစစ်သည်က ထပ်မေးလိုက်သည်။ “သခင်မကို အဆိပ်ခတ်တာ မင်းတို့ သူလျှို မဟုတ်လား။”
ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ကျုပ် ဘယ်လို ဖြေရမလဲ။ ဟုတ်တယ် ဖြေရမလား။ မဟုတ်ဘူး ဖြေရမလား။”
ထိုစစ်သည်က ဒေါသထွက်သွားသည်။ “မင်း သေချင်နေတာလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီလေ။ ဝန်ခံပါ့မယ်။ ဟုတ်တယ်။ လေခွင်းမြို့ သူလျှိုက အဆိပ်ခတ်တာပါ။”
ထိုစစ်သည် ပြောလိုက်သည်။ “မင်းတို့က သူလျှိုကို အဆိပ်ခတ်ခိုင်းတယ်။ ပြီးတော့ မင်းက ဝင်ကယ်တယ်။ ဒါမှ မင်းက ကျေးဇူးရှင် ဖြစ်သွားပြီး အစီရင်ခံစာ ရေးတဲ့အခါ သခင်မက မင်းတို့ဘက် ပါလာမှာပေါ့။ ဟုတ်တယ် မဟုတ်လား။”
‘ဝိုး... တော်လိုက်တဲ့ ဇာတ်လမ်းပဲ။ အကွက်စေ့လိုက်တာ။’
ထိုစစ်သည်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဒါ မင်းတို့ရဲ့ ယုတ်မာတဲ့ အကြံအစည်ပဲ။ အဆိပ်ခတ်တာလည်း မင်းတို့...၊ ကယ်တာလည်း မင်းတို့...၊ အစီရင်ခံစာ လိုချင်လွန်းလို့ လုပ်ကြံတာ။ မင်းတို့ သေလမ်းရှာတာပဲ။
လေခွင်းမြို့က ယွင်အောက်ထျန်း။ မင်းက သခင်မနင်ချင်းကို လုပ်ကြံတဲ့ တရားခံပဲ။ ဝန်လည်း ဝန်ခံပြီးပြီ ဆိုတော့ သေဒဏ် ပေးရမယ်။”
***