ဝုန်း
သူတော်စင်ဝိညာဉ်ကိုယ်ပွားမှာ နောက်တစ်ကြိမ် ထပ်မံ အထုခံလိုက်ရပြန်သည်။
လီယန်ချူက အသာအယာ ပြုံးလိုက်သည်။
စောစောကတည်းက သူ ရိပ်မိထားခဲ့သည်မှာ တစ်ခါက ထိုကိုယ်တစ်ပိုင်းတာအိုဆရာကို တိုက်ခိုက်ခဲ့ဖူးသူမှန်သမျှ ထိုအစွမ်းထက်ပြီး ရှေးကျလှသော ဆေးဖော်စပ်အိုးကြီးက မည်သည့်နည်းနှင့်မျှ သခင်အဖြစ် အသိအမှတ်ပြုမည်မဟုတ်ချေ။
သူတော်စင်ဝိညာဉ်ကိုယ်ပွားမှာ ထိုရှေးဟောင်းဆေးအိုးကြီး၏ အထုကို ထပ်မံခံလိုက်ရပြန်သည်။
အဆိုးဆုံးမှာ စောစောက သူ လှမ်းဖမ်းသည့်အချိန်တွင် ထိုဆေးအိုးကြီးက မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ လျင်မြန်စွာ ပျံထွက်သွားခြင်းပင်။
အစအနလေးတောင် ချန်မထားခဲ့ပေ။
သူ့ရင်ဘတ်ထဲတွင် သွေးများ ဆို့တက်လာတော့သည်။
တောက်...
ဒီလိုမျိုး လူကို လှောင်ပြောင်တာမျိုးတော့ မလုပ်သင့်ဘူးလေ။
ဒီဆေးအိုးက ဟိုတာအိုဆရာလေးကိုပဲ မျက်စိကျနေတာလား။
"ကြည့်ရတာ မင်းရဲ့ ကုသိုလ်ကံက ဒီရတနာနဲ့ မထိုက်တန်လို့ ဒီပစ္စည်းက မင်းနောက်ကို မလိုက်ချင်တာ ထင်တယ်"
လီယန်ချူက လှောင်ပြုံးကာ ပြောလိုက်သည်။
"မင်းအမေကို သွားပြောလိုက် "
သူတော်စင်ဝိညာဉ်ကိုယ်ပွားမှာ ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာတော့သည်။
လီယန်ချူကတော့ သဘောကျနေသည်။
"စောစောက မောက်မာလှချည်ရဲ့ဆိုတဲ့ ဟန်ပန်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဆက်ပြီး ဟိတ်ဟန်မထုတ်တော့ဘူးလား "
စကားလုံးဖြင့် သတ်ဖြတ်ခြင်းပင်
ကျန်းဝေမှာ ကွင်းထဲက အခြေအနေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသော်လည်း တာအိုဆရာ ချောင်ချောင် ၏ စကားကို ကြားရသည့်အခါ မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မိသွားတော့သည်။
ကျန်ရှိနေသည့် ကျင့်ကြံသူများစွာမှာလည်း စိတ်ထဲတွင် ကျေနပ်သွားကြသည်။
သူတော်စင်ဝိညာဉ်ကိုယ်ပွားကို ကြည့်ရသည်မှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အကြည့်မျိုးဖြင့်
ထိုက်တယ်
မင်းကို ဘယ်သူကဟိတ်ဟန်ထုတ်ခိုင်းလို့လည်း။
"ဒီလီတာအိုဆရာ ကတော့ တကယ်ကို လူရည်ချွန်ပဲ၊ ရုပ်ချောရုံတင်မကဘူး စကားပြောတာကလည်း နားဝင်ချိုလိုက်တာ"
ရှောင်ရန်၏ မျက်နှာပေါ်တွင် ပြုံးပန်းများ ဝေနေသည်။
သို့သော် စိတ်ထဲမှာတော့ ပူပန်နေမိပြန်သည်။
အင်း...
ဒီလောက်အထိ ထူးချွန်တဲ့ အမျိုးသားမျိုးကို ဘယ်လိုလုပ်ပြီး အရယူရမလဲ။
လူသားတို့၏ ဝမ်းသာဝမ်းနည်းမှုများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
သူတော်စင်ဝိညာဉ်ကိုယ်ပွားကို နှိုးဆော်ထားပြီး ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းများ တောက်လောင်နေသည့် လျှို့ဝှက်လူငယ်၏ စိတ်ထဲမှာမူ ဒေါသမီးများဖြင့် ပြည့်နှက်နေသည်။
ပုံမှန်ဆိုလျှင် သူသည် လူ့အသက်ကို အရေးမစိုက်၊ တည်ငြိမ်အေးဆေးသူ ဖြစ်သည်။
မည်မျှပင် ကြီးမားသော ကိစ္စမျိုးကိုမဆို အေးအေးဆေးဆေး ကိုင်တွယ်နိုင်သည်။
သူသည် မိမိကိုယ်မိမိ အမြဲသတိရှိသည်။
သူက ဘယ်သူလဲ၊ ဘာကို လိုချင်တာလဲဆိုတာ ကောင်းကောင်းသိသည်။
တာရှန်းကော်ကျောင်းတော်မှ ဆရာတော်ကြီးများ၊ အစွမ်းထက် ပညာရှင်ကြီးများပင်လျှင် သူ့ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံကြသည်။
လူကြီးလူငယ် ဆက်ဆံရေးမျိုးထက်ပင် ပိုလွန်နေပြီး မသိမသာ ကြောက်ရွံ့နေကြသည့် အသွင်ပင်။
သူသည် တစ်သက်လုံးတွင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဗိုလ်ကျစိုးမိုးလာခဲ့သဖြင့် သူရဲ့ အနှိုင်းမဲ့စိတ်ဓာတ် ကို အမြဲထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် သူ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ
ယနေ့ ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲတွင် သူ ဂုဏ်ယူရပါသည်ဆိုသော မဟာယာနဗုဒ္ဓဘာသာ သူတော်စင်ဝိညာဉ်ကိုယ်ပွားမှာ တာအိုဆရာလေးတစ်ယောက်ကို မယှဉ်နိုင်ဖြစ်နေရသည်။
အစွမ်းထက် မှော်လက်နက်များမှာလည်း ထိုသူ့လက်ထဲသို့ ပါသွားခဲ့ရပြီ။
နတ်ဘုရားနယ်မြေထဲက ရှေးဟောင်းဆေးအိုးကြီးကလည်း သူ့ကို လုံးဝပစ်ပယ်ပြီး ထိုတာအိုဆရာလေးကိုသာ ရွေးချယ်သွားခဲ့သည်။
သူသည် အလွန်ပင် ဝမ်းနည်းဒေါသထွက်နေရပြီးအနည်းငယ်လည်း တွေဝေထိတ်လန့်နေမိသည်။
ဤကဲ့သို့သော ခံစားချက်မျိုးမှာ သူ့ဘဝတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။
ဒီအတိုင်းသာ ဆက်သွားပါက စိတ်ဝိညာဉ်တွင် မိစ္ဆာစွဲကပ် တော့မည်ကို သူ ကောင်းကောင်းသိသည်။
ချက်ချင်းပင် သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။
ထိုတာအိုဆရာကို အပြတ်ရှင်းရမည်။
သတ်ပစ်ရမည်။
သတ်လိုက်မှသာ ပြဿနာအားလုံး ပြေလည်သွားပေလိမ့်မည်။
ထိုလျှို့ဝှက်လူငယ်၏ ကိုယ်ပေါ်မှ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူတော်စင်ဝိညာဉ်ကိုယ်ပွားကိုပင် ဖုံးလွှမ်းသွားတော့သည်။
ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါတစ်ခု သူ၏ကိုယ်မှ ထွက်ပေါ်လာရာ ရှေးဦးခေတ်မှ မိစ္ဆာသားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည့်အလား။
ထိုအရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားပြီး လူတိုင်းမှာ ကောင်းကင်ကြီး ပြိုကျလာကာ စစ်မက်များ ဖြစ်ပွားနေသည့် ရှေးဦးကမ္ဘာထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှေးကျလှသော ပုံရိပ်ယောင်ကြီးတစ်ခု မသိမသာ ပေါ်ထွက်လာသည်။
သိုးခန္ဓာကိုယ်၊ လူမျက်နှာ၊ ကျားစွယ်နှင့် လူလက်သည်းများ ပါရှိသော
ထောင်ယဲ့
ရှူး...
ကျင့်ကြံသူတိုင်း ရင်ထဲအေးသွားကာ အသက်ရှူပင် မှားသွားကြသည်။
"စောစောက ပညာရှင် ပြောခဲ့တာ တကယ်ပဲ၊ သူ့မှာ တကယ့်ကို ဒုတိယ ဝိညာဉ်ကိုယ်ပွား ရှိနေတာပဲ "
"ဒါက ရှေးဦးမိစ္ဆာသားရဲ ထောင်ယဲ့ ပဲ "
"ဘုရားရေ... ဒီတစ်ခေါက် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေကတော့ တကယ်ကို အံ့ဩစရာကောင်းလွန်းနေပြီ "
လူတိုင်း၏ စိတ်ထဲမှာ စိတ်လှုပ်ရှားမှုများ ပြင်းထန်လာသည်။
တစ်စုံတစ်ယောက်က ဒုတိယ ဝိညာဉ်ကိုယ်ပွားကို ကျင့်ကြံနိုင်သည်ဆိုသည်မှာ မယုံနိုင်စရာပင်။
၎င်းမှာ ရှေးဦးသားရဲကြီး ထောင်ယဲ့ ဖြစ်နေသည်မှာ ပို၍ပင် ဆိုးဝါးလှသည်။
"မင်းရဲ့ လုပ်ရပ်အတွက် ငါက ပေးဆပ်ခိုင်းရလိမ့်မယ် "
ကြမ်းကြုတ်လှသော အသံတစ်သံ ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို တုန်ခါသွားစေသည်။
ထောင်ယဲ့ ပုံရိပ်ယောင် ပေါ်လာစဉ်က ကျင့်ကြံသူများမှာ သိပ်ပြီး မခံစားရသော်လည်း ယခုမူ လူတိုင်းမှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
စောစောက ပြတ်တောက်နေသော လက်မောင်းထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။
ထိုအရှိန်အဝါတွင် အရာအားလုံးကို ဝါးမြိုလိုသော လောဘရနံ့များ ပါဝင်နေပြီး မိစ္ဆာသားရဲကြီး၏ အစာအဖြစ် အကြည့်ခံနေရသကဲ့သို့ ကြက်သီးထဖွယ် ခံစားချက်မျိုး ပေးစွမ်းနေသည်။
"မင်းကများ"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သည့်အလား ဟိန်းထွက်သွားသည်။
"လက်ဝယ် ရွှေကျိန်လုံးကိုင်ကာ ကမ္ဘာအနှံ့လှည့်လည်၊ ကိုယ်မှာ ရွှေချပ်ဝတ်ဝတ်ကာ တန်ခိုးအာဏာစက် ပြသပါလေ "
"လင်ကွမ်းဖိတ်ခေါ်အဆောင်... ပွင့်စေ"
တောက်ပလှသော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေချပ်ဝတ်ဝတ် နတ်စစ်သူကြီးတစ်ပါးမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ
ဝမ်လင်ကွမ်း သည် နတ်ပြည်ရှိ နတ်ဘုရားငါးရာတွင် အကြီးအကဲဖြစ်ပြီး တာအိုဘာသာ၏ အဓိက ကာကွယ်စောင့်ရှောက်သူ နတ်ဘုရား ဖြစ်သည်။
ရဲရင့်ပြတ်သားကာ မိစ္ဆာများကို နှိမ်နင်းရာတွင် အနှိုင်းမဲ့သူ ဖြစ်သည်။
လီယန်ချူသည် ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားကို ပင့်ဖိတ်လိုက်ရာ မည်သူမျှ မတားဆီးနိုင်သော စွမ်းအားဖြင့် လက်ထဲမှ ရွှေကျိန်လုံး ကို ထောင်ယဲ့ ပုံရိပ်ယောင်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဒိန်း
မြေကမ္ဘာပင် တုန်ခါသွားသည်။
သိုးခန္ဓာကိုယ်နှင့် လူမျက်နှာရှိသော ထောင်ယဲ့ ပုံရိပ်ယောင်မှာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားရှာသည်။
"ဟိတ်ဟန်ထုတ်နေတာလား"
လီယန်ချူက နောက်ထပ် ကျိန်လုံးတစ်ချက်ကို ပြင်းထန်စွာ ထပ်မံရိုက်ချလိုက်ပြန်သည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ ရုန်းကန်ထရန် ကြိုးစားသော်လည်း ထက်မြက်လှသော အရှိန်အဝါများက လီယန်ချူကို ပိုင်းဖြတ်ရန် ကြိုးစားသည်။
သို့သော် ထိုအရှိန်အဝါများမှာ တိုက်ရိုက်ပင် ရိုက်ခွဲခံလိုက်ရသည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားပြန်သည်။
လျှို့ဝှက်လူငယ်မှာ အလွန်ပင် ထိတ်လန့်သွားရသည်။
တောက်... ဒါက ဘယ်လို အရာကြီးလဲ
ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ထွားကြိုင်ခန့်ညားလှပြီး လက်မောင်းပေါ်မှ ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မည့် ခွန်အားများ ပါဝင်နေသည်။
တစ်ကိုယ်လုံးမှာ ရွှေရောင် နတ်ဘုရားအာဏာစက်များ ဖုံးလွှမ်းနေသည်။
သူသည် လက်တစ်ဖက်ဖြင့် ထောင်ယဲ့ ပုံရိပ်ယောင်ကို ဖိနှိပ်ထားပြီး နောက်ထပ် ကျိန်လုံးတစ်ချက်ကို အားကုန်လွှဲရိုက်လိုက်ပြန်သည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ မြေပြင်ပေါ်တွင် ဖိခြေခံထားရကာ အငြိုးတကြီး အရိုက်ခံနေရတော့သည်။
၎င်းသည် ထောင်ယဲ့ရဲ့ မူလခန္ဓာကိုယ်လည်း မဟုတ်၊ ဝိညာဉ်ခွဲတစ်ခုပင် မဟုတ်ပါ။
လီယန်ချူမှာမူ ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားကို အားဖြည့်ထားသူဖြစ်ရာ ရူးသွပ်မိုက်မဲစွာပင် တရစပ် ထုနှက်နေတော့သည်။
"မဟုတ်ရင် ကြိမ်းဝါးချင်နေတာ မဟုတ်လား၊ အခု ဘာလို့ ဘာမှမပြောတော့တာလဲ "
လီယန်ချူက လှောင်ပြုံးကာ မေးလိုက်သည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ အထုခံရလွန်းသဖြင့် ခေါင်းမူးဝေနေပြီး အရှိန်အဝါများ ပျက်စီးကာ တဖြည်းဖြည်း မှိန်ဖျော့လာတော့သည်။
စကားပင် ပြန်မပြောနိုင်တော့ချေ။
ထိုစဉ် သူတော်စင်ဝိညာဉ်ကိုယ်ပွားမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းမှာ တောက်ပလှသော မီးလျှံများကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး သူ၏အရှိန်အဝါမှာ နောက်တစ်ကြိမ် မြင့်တက်လာပြန်သည်။
ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ရှစ်ခွင်မှန်ကို မြှောက်လိုက်ရာ ဖြူဖွေးလှသော နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်သွားတော့သည်။
သူတော်စင်ကိုယ်ပွားမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး ကိုယ်ဟန်ပျက်ကာ တောင့်တင်းသွားသည်။
ဝုန်း
ရွှေကျိန်လုံးမှာ လေထဲတွင် ကြီးမားလာပြီး ပေပေါင်းများစွာ ရှည်လျားသော အရွယ်အစားဖြင့် သူတော်စင်ကိုယ်ပွားကိုပါ မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြန်သည်။
ဤသည်မှာ တကယ့်ကို ကမ္ဘာပျက်သလိုပင်
"ငါ့ရှေ့မှာ ထပ်ပြီး ဟိတ်ဟန်ထုတ်ဦးမလား "
လီယန်ချူက ဆဲလည်းဆဲ၊ ရိုက်လည်းရိုက်နေတော့သည်။
သူတော်စင်ကိုယ်ပွား ကိုယ်ပေါ်မှ တန်... တန်... တန်... ဟူသော အသံများ ထွက်ပေါ်လာပြီး နေရာအနှံ့တွင် ပုံပျက်ပန်းပျက် ဖြစ်ကုန်တော့သည်။
ယခုအခါ သူသည် လေးလံလှသော နတ်ဘုရားအာဏာစက်ဖြင့် အတင်းဖိနှိပ်ခံထားရသည်။
ကျိန်လုံးချက်များမှာ တောင်တိုင်ကြီးအလား လေးလံစွာ ကျရောက်နေသည်။
လျှိုဝှက်လူငယ်၏ မူလခန္ဓာကိုယ်မှာ တစ်ခြားနေရာတစ်ခုတွင် ရှိနေသော်လည်း ယခုအခါ မျက်နှာမှာ ဖြူလျော့နေပြီး ကိုယ်တွင်းအင်္ဂါ ခုနစ်ခုမှ သွေးများ ယိုစီးလာတော့သည်။
ကြည့်ရသည်မှာ မည်သည့်အချိန်တွင်မဆို သေဆုံးသွားနိုင်သည့် အခြေအနေပင်
သူသည် ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းကို နောက်ဆုံးအကြိမ် ပေါက်ကွဲစေလိုက်ရာ တစ်ကိုယ်လုံး ကြွက်သားများမှာ ချက်ချင်းပင် သန်မာလာပြီး ရွှေချပ်ဝတ် နတ်စစ်သူကြီးကို အတင်းတွန်းထုတ်လိုက်သည်။
ဒုန်း
လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်ရာ ရွှေရောင်လက်သီးအရာမှာ မည်သူမျှ မတားဆီးနိုင်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။
သို့သော် ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ကိုယ်ကို အနည်းငယ် စောင်းလိုက်ရုံမျှဖြင့် လက်ဖြင့် ဖိနှိပ်ကာ သူတော်စင်ကိုယ်ပွား၏ ခွန်အားကို ဖယ်ရှားပစ်လိုက်သည်။
အမြင့်ဆုံးသော တိုက်ပွဲများမှာ များသောအားဖြင့် အရိုးရှင်းဆုံး နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိကြသည်။
ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ကြမ်းကြုတ်လှသော ခေါင်းတိုက်ချက် ဖြင့် တိုက်ရိုက်ပင် ဝင်တိုက်လိုက်တော့သည်။
တန်
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြေးစည်ကြီးကို တီးလိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်သွားသည်။
သူတော်စင်ကိုယ်ပွား၏ နောက်ကွယ်မှ မီးဝိုင်းမှာ မှိန်သွားပြီး သူသည် နောက်သို့ ပြင်းထန်စွာ ဆုတ်ခွာသွားရသည်။
သို့သော် လုံးဝ မလွတ်မြောက်သေးမီမှာပင် ရွှေချပ်ဝတ် နတ်စစ်သူကြီးက သူ၏လက်မောင်းကို ဆွဲလိုက်ပြီး ပြင်းထန်လှသော ပခုံးတိုက်ချက် ဖြင့် ရင်ဘတ်ကို ဝင်တိုက်လိုက်ပြန်သည်။
တောင်ကုန်းလေးတစ်ခုမှာ ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် တိုက်ရိုက်ပင် ကြေမွသွားရတော့သည်။
သူတော်စင်ကိုယ်ပွားမှာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ရွှေချပ်ဝတ် နတ်စစ်သူကြီးက လက်မောင်းကို ဖမ်းကိုင်ကာ ကျွမ်းကျင်လှသော ပခုံးကျော် လွှဲပစ်ခြင်း ဖြင့် ပြေးဝင်လာနေသော ထောင်ယဲ့ ပုံရိပ်ယောင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
ရှေးဦးမိစ္ဆာသားရဲ ထောင်ယဲ့ တစ်ကောင်နှင့် ဦးခေါင်းနောက်ကွယ်တွင် မီးဝိုင်းများ တောက်ပနေသော သူတော်စင်ဝိညာဉ်ကိုယ်ပွား တစ်ခုတို့မှာ ယခုအခါ တစ်ခုပေါ်တစ်ခု ထပ်လျက် တွင်းကြီး၏ အလယ်ဗဟိုတွင် ပြားပြားဝပ် လဲကျနေကြတော့သည်။
ငြိမ်သက်သွားသည်။
တစ်နယ်မြေလုံး သေမင်းတမျှ ငြိမ်သက်သွားသည်။
ကျန်းဝေမှာ ကြောင်အမ်းအမ်း ဖြစ်နေရသည်။
"ဒါ... ဒါက ငါစိတ်ကူးထားတဲ့ ဝိညာဉ်အဆင့် တိုက်ပွဲတွေနဲ့ နည်းနည်းတော့ ကွာခြားနေသလားလို့ "
***