လူအုပ်ကြီးမှာ အလန့်တကြား ဖြစ်သွားကြတော့သည်။
မကောင်းသော အငြိုးအတေးတစ်ခုကို ကြိုတင်ခံစားလိုက်ရသည်။
လူအများစုမှာ ကျိုရှန်းတာအိုဆရာ၏ ရွှေတူအကြောင်းကို သိကြပြီး ထိုလက်နက်၏ အစွမ်းထက်ပုံကိုလည်း နားလည်ကြသည်။
ယခုအခါ ထိုရွှေတူကြီး ကြေမွသွားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားရတော့သည်။
"လုံကျူးသခင်လေး... အခု အခြေအနေက ဘယ်လိုလဲ ဒီအစီအရင်ကို ဖျက်လို့ရသေးလား "
လျိုချင်းချင်းက နုညံ့သောအသံဖြင့် မေးလိုက်သည်။
အစီအရင်ပညာမှာ ပါရဂူမြောက်လှပါတယ်ဆိုတဲ့ လုံကျူးသခင်လေးတောင် မဖြိုနိုင်တော့ဘူးလား။
လျိုချင်းချင်း စိုးရိမ်တုန်လှုပ်လာသည်။
လုံကျူးကတော့ ဆွံ့အလျက် တိတ်ဆိတ်နေသည်။
အတန်ကြာမှ...
လုံကျူးက လေးလံစွာဖြင့် စကားပြောလာသည်။
"လူကြီးမင်းတို့... စိတ်မကောင်းပါဘူး။ ဒီနေရာက နတ်ဘုရားနယ်မြေထဲက နတ်ဘုရားတောင်ဆိုတဲ့အတိုင်း အစီအရင်က တကယ်ကို နက်နဲလွန်းလှတယ်။ ကျနော် အမြင်အရဆိုရင် ဒါဟာ မြေပြင်နတ်ဘုရား ကိုယ်တိုင် ချမှတ်ထားတဲ့ အစီအရင်ကြီး ဖြစ်လိမ့်မယ်။ ကျနော် ရဲ့ ကျင့်စဉ်စွမ်းအားက နုနယ်သေးတာကြောင့် ဒီနေရာက တားမြစ်ချက်ကို ဖြိုခွင်းဖို့ မလုံလောက်တော့ပါဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။
မူလက လုံကျူးကို အားကိုးပြီး တောင်ပေါ်တက်ရန် ကြံစည်ခဲ့သော်လည်း...
ကျိုရှန်းတာအိုဆရာ၏ တပည့်ရင်းဖြစ်သူပင် မတတ်နိုင်ဘူးဆိုတော့ ထိုနေရာရှိ အစီအရင်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
လူအုပ်ကြီးမှာ ခေတ္တစဉ်းစားနေကြစဉ် ပခုံးပေါ်တွင် တုတ် ကို ထမ်းထားသည့် အလတ်တန်းစား အမျိုးသားတစ်ဦးက ပြောလိုက်သည်။
"ငါ တစ်ချက်လောက် စမ်းကြည့်မယ် "
သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ကြည့်ရသည်မှာ လမ်းဘေးဂိုဏ်းခွဲမှ ပညာရှင်တစ်ဦး ဖြစ်ပုံရသည်။
ဝူးးး ဝူးးး ဝူးးး
ထိုအမျိုးသားမှာ ရုတ်တရက် မျက်နှာကို လက်နှင့်အုပ်ကာ ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုကြွေးတော့သည်။
လူအုပ်ကြီး : "..."
ပေတေပေတေနှင့် တာအိုဆရာဟောင်းကြီးက ဦးဆုံး သတိဝင်လာပြီး
"ငိုချင်းချသူ လား "
ထိုသည်မှာ လူသားလောကမှ အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်ပြီး အဖြူအမည်း ဝိညာဉ်နုတ်နတ်မင်း တို့ကို ဆရာအဖြစ် ကိုးကွယ်ကြသည်။
ငိုကြွေးခြင်းဖြင့် လူတို့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။
လူအုပ်ကြီးမှာ ထိုစကားကို ကြားလိုက်ရသဖြင့် မျက်နှာများ ပျက်သွားပြီး ထိုအမျိုးသားကို သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
သူ၏ ကြေကွဲဖွယ် ငိုကြွေးသံမှာ ပို၍ ကျယ်လောင်လာသည်နှင့်အမျှ ဝေဝါးသော အနက်ရောင် ဝိညာဉ်ရိပ်တစ်ခုမှာ ပခုံးပေါ်တွင် ငိုချင်းချတုတ်ကို ထမ်းလျက် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။
"မူလဝိညာဉ်ရဲ့ ပုံရိပ်ယောင် လား မဟုတ်ဘူး... ဒီအငွေ့အသက်က ဘာလို့ တစ္ဆေတစ်ကောင်လို ဖြစ်နေတာလဲ "
တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လူတိုင်းမှာ အသက်ရှူပင် မဝံ့ကြဘဲ ထိုငိုချင်းချသူကို စိုးရိမ်တုန်လှုပ်စွာ ကြည့်နေကြသည်။
အမျိုးသား၏ အသံမှာ ပို၍ စူးရှလာသည်။
အကယ်၍ သူသာ ထိုနတ်ဘုရားနယ်မြေထဲသို့ မဝင်ရောက်နိုင်ပါက သူ၏ သက်တမ်းမှာလည်း ရက်အနည်းငယ်သာ ကျန်တော့သည်။
အခြားသူတွေ ဆုတ်ခွာနိုင်သော်လည်း သူကတော့ ဆုတ်ခွာ၍ မရပါ။
ထို့ကြောင့်ပင် သူ၏ ငိုချင်းချသူ အတတ်ပညာများကို အကုန်ထုတ်သုံးပြီး အသက်ရှင်သန်ခွင့် တစ်စက်စာအတွက် ရုန်းကန်နေခြင်းပင် ဖြစ်သည်။
သူ့ကိုယ်ပေါ်ရှိ ထိုဝိညာဉ်ရိပ်မှာ တားမြစ်ချက်နှင့် ပို၍ နီးကပ်လာသည်။
ပခုံးပေါ်မှ ငိုချင်းချတုတ်ပေါ်တွင်လည်း အနက်ရောင် မြူခိုးများ ဝန်းရံနေသည်။
ရုတ်တရက်
ငိုချင်းချသူမှာ ခေါင်းမော့လိုက်သည်။
ထိုဝိညာဉ်ရိပ်က ငိုချင်းချတုတ်ကို ဝှေ့ယမ်းကာ အားပါးတရ ရိုက်ချလိုက်တော့သည်။
ဟီးဟီးဟားဟား မြည်သံကြီးများတော့ ထွက်မလာခဲ့ချေ။
နတ်ဘုရားအလင်းများ ဖြာထွက်နေသော တားမြစ်ချက်တစ်ခု ပေါ်လာပြီး ၎င်းပေါ်တွင် ရေတွက်၍မရသော အလင်းတန်းများမှာ တရစပ် လည်ပတ်နေသည်။
စေ့စပ်သေချာပြီး တင်းကျပ်လှသည်။
ရှေးဟောင်း အငွေ့အသက်များလည်း ဖုံးလွှမ်းနေသည်။
ထိုအချိန်တွင်... အစီအရင်ကြီး၏ အပေါ်ဘက်၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။
အသံတစ်စက်မျှ မထွက်ဘဲ ပျော်ဝင်သွားသကဲ့သို့ပင်။
ထိုကဲ့သို့ ထူးဆန်းသော တိုက်ခိုက်မှုမျိုးမှာ လူကို ကျောချမ်းစေလှသည်။
ငိုချင်းချသူ၏ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားပြီး
"အောင်မြင်နိုင်တယ်"
ထိုတားမြစ်ချက်ကိုသာ ဖွင့်နိုင်ခဲ့လျှင် ထိုနေရာတွင် ကျင့်ကြံသူ အမြောက်အမြား ရှိနေသဖြင့် နတ်ဘုရားတောင်ထိပ်သို့ သေချာပေါက် ရောက်နိုင်လိမ့်မည်။
ဝုန်းးး
ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အရပ်မျက်နှာ အနှံ့အပြားမှ သောင်းကျန်းလှသော ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များ မှာ တစ်ဟုန်ထိုး စီးဝင်လာပြီး တစ်ခုနှင့်တစ်ခု ရှုပ်ယှက်ခတ်သွားသည်။
ခဏချင်းအတွင်းမှာပင် ထိုငိုချင်းချသူကို သွေးအိုင်ထဲသို့ အစအနမကျန်အောင် ချေမှုန်းပစ်လိုက်တော့သည်။
ချက်ချင်းပင် ထိုငိုချင်းချသူမှာ လူအုပ်ကြီးရှေ့မှနေ၍ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရသည်။
ရှူးးး
ထိုကဲ့သို့ ကြောက်စရာကောင်းလှသော မြင်ကွင်းကြောင့် လူတိုင်းမှာ အသက်ရှူပင် မှားသွားကြရသည်။
စောစောက ဝတ်ရုံနက်ဝတ် အဖိုးကြီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငါ့ကို တစ်ချက်လောက် စမ်းခွင့်ပေးပါဦး"
ထိုသူ၏ မျက်ဝန်းအိမ်တွင် နတ်ဘုရားအလင်းများ ကိန်းအောင်းနေပြီး အရှိန်အဝါမှာလည်း ခန့်ညားလှသည်။
ကြည့်ရုံနှင့်ပင် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသူမှန်း သိသာလှသည်။
သူသည် ခါးကြားရှိ အိတ်ငယ်လေးထဲမှ ပဲဝါစေ့ တစ်ဆုပ်ကို ထုတ်လိုက်သည်။
လက်မှ မန္တန်တစ်ခု ဖော်လိုက်ပြီး...
ပါးစပ်မှ သန့်စင်သော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ထို့နောက် ထိုပဲဝါစေ့များကို မြေပြင်ပေါ်သို့ ကြဲချလိုက်တော့သည်။
စနစ်တကျ ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကို ကိုင်ဆောင်ထားသော စစ်သည်တော် တစ်စု ပေါ်ထွက်လာသည်။
"ပဲစေ့မှ စစ်သည်အဖြစ်ဖန်တီးခြင်း အတတ် ပဲ"
တစ်စုံတစ်ယောက်က အံ့ဩတကြီး ဟစ်အော်လိုက်သည်။
ဝတ်ရုံနက်ဝတ် အဖိုးကြီးမှာ လက်မှ မန္တန်ဖော်လျက် ပါးစပ်မှလည်း မန္တန်များကို တတွတ်တွတ် ရွတ်ဆိုနေသည်။
ဂွမ်းးး ဂွမ်းးး
လေးလံလှသော ချပ်ဝတ်တန်ဆာများ၏ ပွတ်တိုက်သံနှင့်အတူ...
ထိုစစ်သည်တော် တစ်စုမှာ ရှေ့ဘက်ရှိ တားမြစ်ချက်ဆီသို့ အားပါးတရ ထိုးဖောက်တိုက်ခိုက်ကြတော့သည်။
လူဦးရေ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း စစ်သည်တော် ထောင်သောင်းချီ၍ ချီတက်လာသကဲ့သို့ အရှိန်အဝါမျိုး ရှိနေသည်။
ထိုဝတ်ရုံနက်ဝတ် အဖိုးကြီးမှာ အလွန်ပါးနပ်လှသည်။
သူသည် ထိုကဲ့သို့ ပဲစေ့မှ စစ်သည်ဖန်တီးသည့် အတတ်ကို သုံးခြင်းဖြင့် မိမိကိုယ်တိုင် ဘေးအန္တရာယ်နှင့် မထိတွေ့စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။
အစီအရင်မှ ကျယ်လောင်လှသော မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များ စုပြုံလာပြီး ထိုစစ်သည်တော် တစ်စုကို ပြင်းထန်စွာ ဖိသိပ်ချေမှုန်းလိုက်တော့သည်။
ဗြိ... ဗြိ... ဗြိ... ဗြိ
ချပ်ဝတ်တန်ဆာ အပြည့်နှင့် ခွန်အားကြီးလှသော စစ်သည်တော်များမှာ တစ်ယောက်ပြီးတစ်ယောက် ကြေမွကုန်သည်။
သို့သော် ကိစ္စက ထိုနေရာတွင်တင် ရပ်မသွားပါ။
နတ်ဘုရားတောင်ပေါ်ရှိ တားမြစ်ချက်မှာ ဝတ်ရုံနက်ဝတ် အဖိုးကြီးဆီသို့ ဆက်လက်၍ ဖိနှိပ်လာပြီး ရေတွက်၍မရသော ရွှေညိုရောင် မျဉ်းကြောင်းများမှာ ရှုပ်ယှက်ခတ်လျက် တစ်ဟုန်ထိုး စီးဝင်လာတော့သည်။
ဝတ်ရုံနက်ဝတ် အဖိုးကြီးမှာ မျက်နှာပျက်သွားပြီး ရင်ဘတ်ထဲမှ စက္ကူပိုက်ဆံ တစ်ဆုပ်ကို ထုတ်ကာ လွင့်ပစ်လိုက်သည်။
ကောင်းကင်အနှံ့ ပြန့်ကျဲနေသော စက္ကူပိုက်ဆံများမှာ ကြီးမားလှသော အလင်းကာရံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သောင်းကျန်းလှသော ဝိညာဉ်စွမ်းအင်များကို ခုခံထားပေးသည်။
ဝတ်ရုံနက်ဝတ် အဖိုးကြီးမှာ ထိုအခွင့်အရေးကို သုံး၍ ပညာရပ်တစ်ခုကို အသုံးချကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ဘုန်းးး
ဝေဟင်ထက်တွင် ရှိနေသော ဝတ်ရုံနက်ဝတ် အဖိုးကြီး၏ ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားရတော့သည်။
သွေးနံ့များကြားတွင် ထူးဆန်းသော အငွေ့အသက်များလည်း ဖုံးလွှမ်းနေသည်။
ဒါဟာ နတ်ဘုရားတောင်ရဲ့ တားမြစ်ချက်ကို အတင်းအဓမ္မ ထိုးဖောက်ဖို့ ကြိုးစားတဲ့သူတွေရဲ့ နိဂုံးလား။
လူအုပ်ကြီးမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်လျက် တိတ်ဆိတ်သွားကြသည်။
လုံကျူးမှာ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်မိသည်။
လူတွေ ဒီလောက် စမ်းသပ်နေတာတောင် ဒီနတ်ဘုရားတောင် တားမြစ်ချက်ရဲ့ အဆုံးအစကို ရှာမတွေ့သေးပေ။
သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး...
ကျောက်ရှီးဟူ ကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်...
သူသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်လောက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ "
"စောစောက ဖြိုခွင်းပြီးသား ဖြစ်တဲ့ တားမြစ်ချက် အပိုင်းက... ဘာလို့ ပြန်ပြီး ကောင်းသွားရတာလဲ "
လုံကျူး၏ မျက်ဝန်းအိမ်များ ကျုံ့သွားရသည်။
နောက်ပြန်လှည့်မည့် လမ်းမှာ ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ထိုတားမြစ်ချက် အပိုင်းမှာ မူလအတိုင်း ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"ဒီတစ်ခါတော့ ဒုက္ခရောက်ပြီ"
လုံကျူးက ခါးသီးစွာ ပြုံးလိုက်သည်။
"လုံကျူးသခင်လေး... ဘာဖြစ်လို့လဲ"
လျိုချင်းချင်းက မေးလိုက်သည်။
လုံကျူးက တားမြစ်ချက် ပြန်လည် ကောင်းမွန်သွားသည့်အကြောင်းကို ပြောပြလိုက်ရာ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
သတ်ဖြတ်လိုသော အရှိန်အဝါနှင့် ကြောက်ရွံ့မှုများမှာ ကျင့်ကြံသူများကြားတွင် ဖုံးလွှမ်းသွားတော့သည်။
အခြားတစ်ဖက်တွင်မူ...
လီယန်ချူသည် ရှောင်ရန်၊ ကျန်းဝေတို့နှင့်အတူ အပေါ်သို့ တရစပ် တက်လှမ်းနေသည်။
သူတို့သုံးယောက်မှာ မည်သည့် အနှောင့်အယှက်မျှ မကြုံတွေ့ရချေ။
နံရံဖြိုခွဲခြင်း တာအိုအတတ်က...
လမ်းကြောင်းများကို အလွယ်တကူပင် ပွင့်ဟပေးနေသည်။
သူတို့သုံးယောက် လျှောက်လှမ်းသွားခြင်းမှာ ထိုအစီအရင်ကြီး တစ်ခုလုံး၏ လည်ပတ်မှုအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိစေပေ။
ကျန်းဝေမှာမူ ထိုတာအိုဆရာ ချောင်ချောင်၏ နတ်စွမ်းအားများနှင့် အတတ်ပညာများကို အလွန်ပင် လေးစားအားကျနေမိပြီး မြေပြင်ပေါ် မှောက်ခုံကျမတတ်ပင် ဖြစ်နေတော့သည်။
တကယ့်ကို ကြမ်းလှချေလား
သူတို့သည် တောင်ခါးပန်းနေရာသို့ မကြာမီပင် ရောက်ရှိလာကြသည်။
ရှောင်ရန်မှာ ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်ပြီး...
ကျောက်နံရံ တစ်ခုဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူမ၏ သွယ်လျလှသော လက်ချောင်းလေးများဖြင့် ကျောက်နံရံကို အသာအယာ ထိတွေ့လိုက်သည်။
"ဒီနေရာမှာ တာအိုလောက ဆရာကြီးတစ်ယောက် ချန်ရထားခဲ့တဲ့ နတ်စွမ်းအား အသိအမြင်တွေ ရှိနေတယ်"
ရှောင်ရန်က တိုးတိုးလေး ပြောလိုက်သည်။
ကျန်းဝေမှာ ကြောင်အသွားပြီး အနားသို့ အပြေးအလွှား သွားကြည့်သော်လည်း မည်သည့်အရာကိုမျှ မခံစားရချေ။
လီယန်ချူ၏ မျက်ဝန်းအိမ်မှ နတ်ဘုရားအလင်းများ လက်ခနဲ ဖြစ်သွားပြီး ကျောက်နံရံထဲက လျှို့ဝှက်ချက်ကို မြင်လိုက်ရသည်။
ထိုအထဲတွင် သန့်စင်လှသော အလင်းတန်း တစ်ခုမှာ လည်ပတ်နေသည်။
၎င်းမှာ အလွန်ပင် နက်နဲလှသော စွမ်းအားတစ်ခုပင်။
"ဒါဟာ မြေပြင်နတ်ဘုရားတွေရဲ့ အစွမ်းလား"
လီယန်ချူ စိတ်ထဲက ရေရွတ်လိုက်သည်။
အချိန်ကာလတွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ... အသိအမြင်တွေကို ချန်ထားနိုင်ရုံတင်မကဘဲ နောက်လာနောက်သားတွေအတွက် အခွင့်အလမ်းအဖြစ်ပါ ပေးစွမ်းနိုင်သေးသည်။
ဒါပေမဲ့လည်း...
ထိုအခွင့်အလမ်းတွေကို ချန်ထားခဲ့တဲ့ ရှေ့ဆောင်ကြီးက အားနေလို့လား
ဘာလို့ တောင်တက်လှေကားရဲ့ လမ်းတစ်ဝက်မှာမှ လာပြီး ချန်ထားခဲ့ရတာလဲ
သူသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
သူ၏ စိတ်ကူးထဲတွင်မူ လွတ်လပ်ပေါ့ပါးပြီး ထူးဆန်းထွေလာ အကြံအစည်တွေရှိသည့် တာအိုပညာရှင်ကြီး တစ်ဦး၏ ပုံရိပ်မှာ ပေါ်ထွက်လာသည်။
ကျန်းဝေကတော့ တကယ်ကို အားကျနေမိသည်။
အားလုံးအတူတူ တက်လာတာလေ...
ငါကျတော့ ဘာလို့ ဘာမှ မရတာလဲ
သူသည် လီယန်ချူကို တစ်ချက် ကြည့်လိုက်သည်။
လီယန်ချူလည်း မည်သည့်အရာကိုမျှ ခံစားရပုံမပေါ်သဖြင့် စိတ်ထဲမှာ အနည်းငယ် နေသာသွားရသည်။
တာအိုဆရာ ချောင်ချောင်မှာလည်း ဘာမှ မရခဲ့ဘူးပဲ။
ကျန်းဝေ စိတ်ထဲမှာ နည်းနည်းတော့ သက်သာသွားသည်။
ရှောင်ရန်သည် ကျောက်နံရံထဲရှိ တာအိုအငွေ့အသက် တစ်စဖြင့် ဆေးကြောသန့်စင်ခြင်းကို ခံယူပြီးနောက်... မျက်လုံးကို ပြန်ဖွင့်လိုက်သည့်အခါ သူမ၏ မျက်ဝန်းအိမ်မှာ နတ်ဘုရားအလင်းများဖြင့် တောက်ပနေတော့သည်။
တစ်ကိုယ်လုံး၏ အရှိန်အဝါမှာလည်း ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
သူမသည် လီယန်ချူကိုကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ တာအိုဆရာကသာ ကျမကို ဒီနေရာကို ခေါ်မလာခဲ့ရင် ရှောင်ရန်အနေနဲ့ ဒီလိုမျိုး ကံကောင်းခြင်းတွေကို ရရှိမှာ မဟုတ်ပါဘူး"
လီယန်ချူက
"ဒါတွေက မင်းရဲ့ ကိုယ်ပိုင်ကံတရားတွေပါ၊ ဒီလိုအရာမျိုးက ကံပါမှ ရတာ"
နတ်ဘုရားနယ်မြေ နှစ်ခုကို ဖြတ်သန်းခဲ့ဖူးသော တာအိုဆရာ လီယန်ချူအဖို့ ထိုကဲ့သို့သော ကိစ္စရပ်များတွင် စကားပြောပိုင်ခွင့် အပြည့်အဝ ရှိသည်။
ရှောင်ရန်၏ ကံကြမ္မာအရှိန်အဝါမှာ သူ၏ အမြင်တွင် ပို၍ ကြီးမားလာပြီး...
သန့်စင်သော အရှိန်အဝါများမှာ ထူးဆန်းသော ပန်းပွင့်တစ်ပွင့်အသွင်သို့ တဖြည်းဖြည်း စုစည်းလာနေသည်။
ဤသည်မှာ တကယ့်ကို နတ်ဘုရားနယ်မြေ တစ်ခုပင် ဖြစ်ပေသည်။
နေရာတိုင်းတွင် ချန်ထားခဲ့သော အခွင့်အလမ်းများမှာ သူတို့အတွက်တော့ ကြီးမားလှသော ကံကောင်းခြင်းများပင် ဖြစ်ပေတော့သည်။
***