ကျိန်းဝူနတ်မင်းကြီး... မြောက်အရပ်ကို အုပ်ချုပ်စိုးမိုးကာ ရွမ်းဝူ နတ်နဂါးလိပ်ရဲ့ အရပ်မျက်နှာကို ထိန်းချုပ်ထားသူ
ထိုကဲ့သို့သော နတ်မင်းတစ်ပါး ကိုယ်ထင်ရှားပြလာခြင်းမှာ လောကကို တုန်လှုပ်စေသည် ဆိုသည့် စကားလုံးနှင့် အလွန်ပင် ကိုက်ညီလှပေသည်။
ရှောင်ရန်နှင့် ကျန်းဝေတို့မှာ ရိုသေကိုင်းညွတ်သော အမူအရာများ ရှိနေကြသည်။
သူတို့နှစ်ဦးစလုံးမှာ တာအိုဂိုဏ်းဝင်များ ဖြစ်ကြသဖြင့် ကောင်းကင်ဘုံ၏ အကြီးအကဲဖြစ်သော ထိုတာအိုနတ်မင်းကြီးအပေါ် ထားရှိသည့် သဘောထားမှာ အလွန်ပင် ရိုသေလှသည်။
"နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားပြီလဲ... နောက်ဆုံးတော့ ဒီနေရာကို လူတွေ ပြန်ရောက်လာခဲ့ပြီပဲ"
"ငါ ကိုယ်တော် စောင့်နေခဲ့တာ တော်တော်ကြာပါပြီ"
ကျိန်းဝူနတ်မင်းကြီး၏ ရုပ်ထုပေါ်မှ နတ်ဘုရားရိပ်တစ်ခု ထွက်ပေါ်လာပြီး အောက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းလာသည်။
လေးလံလှသော နတ်ဘုရားအရှိန်အဝါ များမှာ ထိုင်စန်းတောင်ကြီး ပိကျလာသကဲ့သို့ ပျံ့နှံ့လာရာ ရှောင်ရန်နှင့် ကျန်းဝေတို့မှာ မအောင့်နိုင်ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြတော့သည်။
လီယန်ချူ တစ်ဦးတည်းသာလျှင် တည်ငြိမ်သော မျက်နှာထားဖြင့် မူလနေရာမှာပင် မတ်တပ်ရပ်နေဆဲ ဖြစ်၏။
"လူငယ်လေး... ငါကိုယ်တော်ကို မြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ "
ကျိန်းဝူနတ်မင်းကြီး၏ အသံမှာ ခန့်ညားထည်ဝါလှပြီး လူကို ထိတ်လန့်တုန်လှုပ်စေသည်။
စိတ်ထဲတွင် မကောင်းသော အကြံရှိသူများဆိုလျှင် သူနှင့် မျက်လုံးချင်းပင် ဆုံဝံ့မည်မဟုတ်ဘဲ ဝိညာဉ်ပါ ကြေမွသွားလောက်သည့် အရှိန်အဝါမျိုးပင်။
"နတ်ဘုရားကို တွေ့ရင် သေချာပေါက် ရှိခိုးရမယ်လို့ စည်းကမ်း ရှိလို့လား "
လီယန်ချူက ပြန်မေးလိုက်သည်။
ကျန်းဝေ၏ နှုတ်ခမ်းမှာ တုန်ခါသွားရသည်။
အမလေး... တာအိုဆရာ ချောင်ချောင်ကတော့ တကယ့်ကို အကြမ်းစားပဲကွာ။
ကျိန်းဝူနတ်မင်းကြီးမှာ ခဏတာ ကြောင်သွားပြီးနောက် အသံထွက်၍ ရယ်မောလိုက်တော့သည်။
"ကောင်းပြီ "
"လူ့လောက ကျင့်ကြံသူတွေထဲမှာ မင်းလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေး တစ်ယောက် ရှိနေတာပဲ။ မရှိခိုးချင်လည်း နေပါတော့"
သူသည် ထိုကိစ္စကို အပြစ်ရှာခြင်း မပြုခဲ့ပေ။
"မင်းတို့ နှစ်ယောက်လည်း ထကြတော့"
သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှောင်ရန်နှင့် ကျန်းဝေကို ပြောလိုက်ရာ သူတို့နှစ်ဦးမှာ အမြန်ပင် ပြန်ထလိုက်ကြသည်။
"လောကကြီးက ဘေးဒုက္ခကြီးနဲ့ ကြုံတွေ့နေရတယ်။ လူ့လောကတင်မကဘူး၊ ကောင်းကင်ဘုံပါ အဲ့ဒီဘေးထဲမှာ ပါဝင်နေတာ။ ငါကိုယ်တော် ဒီနေရာမှာ နတ်ဘုရားအသိ တစ်စ ချန်ထားခဲ့တာဟာ အမွေအနှစ် လက်ဆင့်ကမ်းဖို့အတွက်ပဲ"
"မင်းတို့ သုံးယောက် ဒီကို ရောက်လာနိုင်တာဟာ ဘေးဒုက္ခကို ရင်ဆိုင်ရမယ့်သူတွေ မို့လို့ပဲ။ မင်းတို့ သုံးယောက်ထဲက တစ်ယောက်ကို ရွေးချယ်ပြီး အတုမဲ့ နတ်ဘုရားပညာရပ်တွေကို သင်ကြားပေးမယ်"
ကျိန်းဝူနတ်မင်းကြီး၏ အသံမှာ ဟိန်းထွက်နေပြီး နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ရှောင်ရန်နှင့် ကျန်းဝေတို့၏ မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားပြီး အသက်ရှူသံများမှာ ချက်ချင်းပင် ပြင်းထန်လာတော့သည်။
မူလက မြေပြင်နတ်ဘုရား ရှဲ့ကျိန်းရန်၏ အမွေအနှစ်ကို ရလျှင်ပင် ကံထူးလှပြီဟု ထင်ထားသော်လည်း ယခု ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲတွင် ရှိနေသည်မှာ ကျိန်းဝူနတ်မင်းကြီး၏ နတ်ဘုရားအသိ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
"လောကမှာ ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိပါဦးမလား "
ကျန်းဝေမှာ တံတွေးကို ဂလုခနဲ မျိုချလိုက်မိပြီး ရင်တုန်နေတော့သည်။
ကျိန်းဝူနတ်မင်းကြီးက သူတို့ သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လီယန်ချူကို လက်ညှိုးထိုးလိုက်သည်။
"မင်းပဲ ဖြစ်ပါစေ... မင်းကို ကြည့်ရတာ ငါကိုယ်တော် မျက်စိထဲမှာ အကျဆုံးပဲ "
ကျန်းဝေ : "..."
လောကရဲ့ ဘေးဒုက္ခတွေ၊ လူသားတွေရဲ့ ကံကြမ္မာတွေနဲ့ ဆိုင်တဲ့ အမွေအနှစ်ကို... မျက်စိထဲ ကျတယ်၊ မကျဘူး ဆိုတဲ့ စံနှုန်းနဲ့ ရွေးလို့ရပါ့မလားဗျာ
ရှောင်ရန်ကမူ လီယန်ချူ၏ ယောက်ျားပီသပြီး ခန့်ညားလှသော ဘေးတိုက်မျက်နှာထားကို ကြည့်ကာ ရင်ခုန်သံများ မြန်လာသည်။
တာအိုဆရာ လီက တကယ်ကို ထူးချွန်သူပဲ။
ရုပ်ရည်က ခန့်ညားရုံတင်မကဘူး၊ ကံတရားကလည်း တကယ်ကြီးမားတာပဲ။
သေချာပေါက်ကို ကြီးမြတ်တဲ့ ကံကြမ္မာရှင်ပဲ... တကယ်ကို သဘောကျမိပြီ
ရှောင်ရန်၏ စိတ်အတွင်းထဲက ရုပ်ရည်ကြည့်ပြီး သဘောကျတတ်သည့် ဗီဇမှာ လီယန်ချူနှင့် တွေ့မှပင် အစွမ်းကုန် ပွင့်ထွက်လာတော့သည်။
သို့သော် သူတို့အားလုံး ထင်မှတ်မထားသည်မှာ လီယန်ချူက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ခြင်းပင်။
"မြောက်အရပ်ကို အုပ်စိုးတဲ့ ကျိန်းဝူနတ်မင်းကြီးရဲ့ အမည်ကိုတောင် အယောင်ဆောင်ရဲတယ်ပေါ့။ မင်းက တကယ်တော့ ဘာကောင်လဲ "
သူ၏ လေယူလေသိမ်းမှာ အေးစက်လှသည်။
ကျိန်းဝူနတ်မင်းကြီးမှာ မျက်လုံးများ ပြူးသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရိုင်းလှချေလား မင်းလို လူသားတစ်ယောက်က ဘာတွေ လျှောက်ပြောနေတာလဲ "
လီယန်ချူက
"နတ်ဘုရားအရှိန်အဝါ ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ ကောင်းကောင်း သိတယ်။ မင်းရဲ့ အရှိန်အဝါက အပေါ်ယံ ဟန်ပြသက်သက်ပဲ"
ကျိန်းဝူနတ်မင်းကြီး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာပြီး သူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်လာသည်။
"ရိုင်းစိုင်းလှတယ် သာမန် လူသားတစ်ယောက်က နတ်ဘုရားကို ဝေဖန်ဝံ့တယ်ပေါ့ "
တာအိုနန်းတော်ကြီး တစ်ခုလုံး တုန်ခါသွားသဖြင့် ရှောင်ရန်နှင့် ကျန်းဝေတို့မှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
"နတ်ဘုရား ဟုတ်လား "
လီယန်ချူက လှောင်ပြုံး ပြုံးလိုက်သည်။
သူသည် လက်မဖြင့် ကျန့်ကျောင်းဓား ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ
ဝေါင်း
ကြည်လင်လှသော နဂါးဟိန်းသံနှင့်အတူ ပြင်းထန်လှသော ဓားအရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး ထိုကျိန်းဝူနတ်မင်းကြီးဆီသို့ တိုက်ရိုက် ပိုင်းချလိုက်တော့သည်။
ကျိန်းဝူနတ်မင်းကြီးကလည်း လက်ထဲမှ ရတနာဓားကို မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။
ကွဲအက်သံ
ရတနာဓားမှာ ကြေမွသွားသည်။
ကျိန်းဝူနတ်မင်းကြီး၏ ရင်ဘတ်တွင် ဒဏ်ရာတစ်ခု ပေါ်လာသော်လည်း သွေးများ ထွက်မလာဘဲ ရွှေရောင်အလင်းများသာ လက်နေသည်။
သူသည် မယုံကြည်နိုင်သကဲ့သို့ ငုံ့ကြည့်လိုက်သည်။
ဒီတစ်ချက်ကို ငါ မတားနိုင်ဘူးလား
သူသည် လက်ဖဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ လီယန်ချူဆီသို့ ရူးသွပ်စွာ စုပြုံဖိသိပ်လာတော့သည်။
လေထု၏ ပေါက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။
"မင်းက ဘာကောင်လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့ "
လီယန်ချူ၏ မျက်လုံးများမှာ အေးစက်နေပြီး အသံမှာလည်း မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။
ကိုးကြိမ်တိုင်တိုင် အဆင့်မြင့်ထားသော ကျန့်ကျောင်းဓားကို ဆွဲကိုင်ကာ အရှိန်အဟုန်ဖြင့် သတ်ဖြတ်ရန် တိုးဝင်သွားတော့သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ကိုယ်ပေါ်တွင် သန့်စင်သော ယန်စွမ်းအင်များ လျှံထွက်လာပြီး တာအိုဂိုဏ်းရဲ့ အစီရင်ဝတ်စုံက လီယန်ချူ၏ သွေးချီစွမ်းအားကို ကြောက်မက်ဖွယ် အဆင့်ထိ မြှင့်တင်ပေးလိုက်သည်။
အမှန်တကယ်ပင်... မီးဖိုတစ်ခုကဲ့သို့ ပူပြင်းသော ယန်မီးနှင့် ပင်လယ်ကဲ့သို့ သိပ်သည်းသော သွေးသားစွမ်းအားပင် ဖြစ်ပေတော့သည်။
ဝုန်း ဝုန်း ဝုန်း
ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။
လီယန်ချူက ကျန့်ကျောင်းဓားကို ကိုင်ကာ ထပ်ဆင့်ကာကွယ်မှုများကို ပိုင်းဖြတ်ပစ်လိုက်ပြီး ထိုကျိန်းဝူနတ်မင်းကြီး၏ ခေါင်းကို တိုက်ရိုက်ပင် အပိုင်းပိုင်း ပိုင်းချလိုက်တော့သည်။
ရှောင်ရန်နှင့် ကျန်းဝေတို့မှာ ကြောင်အသွားကြသည်။
ဒီကျိန်းဝူနတ်မင်းကြီးမှာ ပြဿနာ ရှိရင်တောင်မှ... တာအိုဆရာ လီက ဒီလောက်အထိ အစွမ်းထက်နေရတာလား ခုနက နတ်ဘုရားဖိအားက တကယ့် အစစ်အမှန်ကြီးလေ။
ခေါင်းအပိုင်းပိုင်း ပိုင်းခံလိုက်ရသော ကျိန်းဝူနတ်မင်းကြီး၏ နတ်ဘုရားရိပ်မှာ ပျောက်ကွယ်မသွားဘဲ အလွန်ပင် နာကြည်းစက်ဆုပ်ဖွယ် ကောင်းသော မျက်လုံးများဖြင့် လီယန်ချူကို စိုက်ကြည့်နေသည်။
"သေစမ်း... မင်းက ဘာလို့ ငါ့ကို မယုံတာလဲ ငါ့ရဲ့ နတ်ဘုရားစွမ်းအားမှာ ပြဿနာရှိနေလို့လား "
သူ၏ အသံမှာ ခြောက်ကပ်ပြီး နိမ့်ကျနေကာ စောစောက ခန့်ညားသော အသံနှင့် လုံးဝ ကွဲပြားသွားသည်။
လီယန်ချူက အေးဆေးစွာ ပြောလိုက်သည်။
"ဒီနန်းတော်ကြီးမှာ ပြဿနာရှိနေတယ်လို့ ငါ အစကတည်းက ထင်ခဲ့တာ။ တစ်ခုလုံး မိစ္ဆာတွေလက်ထဲ ကျသွားပြီး တာအိုအမွေအနှစ်တွေ ပြတ်တောက်သွားတာတောင်... ဘာလို့ ဒီနေရာက တားမြစ်ချက်တွေအထိ ပြည့်စုံနေရတာလဲ "
"အစကတော့ မြေပြင်နတ်ဘုရားက နတ်စွမ်းအားနဲ့ တောင်ကို ရွှေ့ပြောင်းထားတယ်လို့ ထင်ခဲ့ပေမဲ့... ဒီနန်းတော်က ပုံမှန်ထက်ကို ပိုပြီး ပုံမှန်ဖြစ်လွန်းနေတယ်။ ရတနာဆေးပင်တွေကလည်း လူကို ရူးသွပ်သွားစေနိုင်လောက်အောင် ရှိနေတယ် "
"တစ်ခုခုက အရမ်းကို ပုံမှန်ဖြစ်လွန်းနေရင် အဲ့ဒါကပဲ ပုံမှန်မဟုတ်တာပဲ။ အထူးသဖြင့် ဒီနေရာက ရုတ်တရက် ပေါ်လာတာဖြစ်သလို၊ ရှင်းဟွမ်အလံ ကလည်း ချိတ်ပိတ်ထားသေးတယ် "
"ဒါဆို အဲ့ဒီ အလံက ဘာကို ချိတ်ပိတ်ထားတာလဲ ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ "
"မင်းကို တွေ့မှပဲ ငါ နားလည်သွားတော့တယ်။ ဒီနတ်ဘုရားတောင်ရဲ့ တားမြစ်ချက်တွေက တောင်ပေါ်တက်မယ့်သူတွေကို တားဖို့ မဟုတ်ဘူး၊ တောင်ပေါ်က ဆင်းသွားမယ့် မိစ္ဆာတွေကို တားဖို့ပဲ။ အလံ က ချိတ်ပိတ်ထားတာဟာ မင်းလို မိစ္ဆာကောင်ကိုပဲ "
ကျိန်းဝူနတ်မင်းကြီး၏ နတ်ဘုရားရိပ်မှာ တိတ်ဆိတ်သွားတော့သည်။
ကျန်းဝေမှာတော့ အံ့ဩလွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့ပါ။
တာအိုဆရာ ချောင်ချောင်ကတော့ တကယ်ကို မလွယ်ဘူးဟေ့။
ငါတို့တွေ ရတနာရှာဖို့ပဲ စိတ်စောနေတဲ့အချိန်မှာ သူကတော့ ဒီလောက်အများကြီးကို သတိထားမိနေတာပဲ။
ကျိန်းဝူနတ်မင်းကြီးအဖြစ် ဖန်တီးထားသော ထိုနတ်ဘုရားရိပ်က ဖြည်းဖြည်းချင်း ပြောလာသည်။
"အခုခေတ် လူငယ်တွေက တစ်ယောက်ထက်တစ်ယောက် ပိုပါးနပ်လာကြတာပဲ၊ ကိုင်တွယ်ရ တော်တော်ခက်တယ်"
စောစောက ရတနာဆေးပင်တွေ ပြည့်နှက်ကာ နတ်ဘုရားတေးသံများ ပျံ့လွင့်ပြီး နတ်ဘုရားတိမ်တိုက်များ ဖုံးလွှမ်းနေသော တာအိုနန်းတော်ကြီးမှာ ယခုအခါ ပျက်စီးယိုယွင်းနေသော မြင်ကွင်းအဖြစ် ပြောင်းလဲသွားတော့သည်။
ခြောက်ကပ်နေပြီး ရှေးဟောင်းအငွေ့အသက်များ ရှိနေခြင်းမှာ လီယန်ချူ၏ ပထမဆုံး အမြင်ပင် ဖြစ်သည်။
နန်းတော်၏ မြေပြင်နှင့် နံရံများပေါ်တွင် ဟင်္သာပြဒါး များဖြင့် ရေးဆွဲထားသော တာအိုမန္တန်များနှင့် အစီအရင်များမှာ စိပ်စိပ်စပ်စပ် ရှိနေသည်။
ရှူး
ကျန်းဝေနှင့် ရှောင်ရန်တို့မှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။
ထိုနေရာမှာ မည်သည့် နတ်ဘုရားဗိမာန်မှ မဟုတ်ဘဲ မိစ္ဆာများကို ချုပ်နှောင်ထားသည့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော နေရာကြီး ဖြစ်နေသည် မဟုတ်ပါလား။
ထိုရတနာဆေးပင်များမှာလည်း သူတို့၏ မူလပုံစံများကို ပြသလာသည်။
၎င်းတို့မှာ မြေပြင်ပေါ်တွင် အစီအရင်အတိုင်း စိုက်ပျိုးထားသော မျက်လုံးမှိတ်ထားသည့် လူသေခေါင်းများပင် ဖြစ်နေတော့သည်။
မျက်နှာများမှာ ဖြူဖျော့နေပြီး တစ်စုံတစ်ယောက်က မြေကြီးထဲသို့ အတင်းအဓမ္မ စိုက်ထားသည့်အလား။
ကျိန်းဝူနတ်မင်းကြီး၏ နတ်ဘုရားရိပ်မှာလည်း ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာတွင် ခေါင်းနှစ်လုံးရှိသော ကိုယ်တော်အို တစ်ပါး ပေါ်လာသည်။
ခေါင်းတစ်ခုမှာ အလယ်တည့်တည့်တွင် ရှိနေပြီး မျက်နှာမှာ ကြင်နာတတ်ပုံရကာ လောကပြင်ပမှ ပညာရှင်ကြီးတစ်ဦးကဲ့သို့ ရှိနေသော်လည်း... နောက်ထပ် ခေါင်းတစ်ခုမှာမူ အတင်းအဓမ္မ ကပ်ထားသည့်အလား ဘေးတွင် တွဲလောင်းဖြစ်နေသည်။
ဆံပင်ဖားလျားနှင့် မျက်နှာမှာ ညိုပုပ်နေကာ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားသည်။
ကြည့်ရသည်မှာ မူလက ချောမောလှပသော အမျိုးသမီး တစ်ဦး၏ ခေါင်း ဖြစ်ပုံရပေသည်။
***