~ဒီအင်မော်တယ် နတ်သမီးလေးက... တော်တော် ဉာဏ်များတာပဲ။
ယခုလေးတင် ထွက်ပေါ်လာသော အရှိန်အဝါက သူ၏ရင်ကို ဒိန်းခနဲ တုန်လှုပ်သွားစေခဲ့လေသည်။
တခဏမျှသာ ဖြစ်သော်ငြား၊ ထိုအရှိန်အဝါက အနည်းဆုံး ရွှေအမြုတေအဆင့် နှောင်းပိုင်း၌ ရှိနေမည်ဟု သူ ခံစားမိလိုက်၏။
သို့သော်ငြား...
တာအိုဆရာမ ချင်းချွမ်ထံမှ ဖြာထွက်နေသော အရှိန်အဝါက အနည်းငယ်မျှ ထူးဆန်းနေတော့၏။
တာအိုဆရာမ ချင်းချွမ်၏ စွမ်းအားကြောင့် အံ့အားသင့်သွားမှုကို ဖိနှိပ်ထားလိုက်ပြီး၊ ခုနက သူမ ပြောသွားသည့် စကားများကို ပြန်တွေးမိသောအခါ စုယွီ အတူတူပင် ထိတ်လန့်သွားပြန်၏။
'ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီး ပေါ်လာတာတဲ့လား'
'ဘယ်လို ရတနာမျိုးကများ ဒီလို ဖြစ်စဉ်ကြီးကို ဖြစ်ပေါ်စေတာလဲ။ မိုင်ရာချီ အတွင်းမှာ ရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အင်မတန် ကြောက်မက်ဖွယ်ကောင်းတဲ့ အင်မော်တယ် အရှိန်အဝါကို ခံစားလိုက်ရတယ်တဲ့လား'
'ဒါက အရမ်း လွန်လွန်းနေပြီ။ အရင်တုန်းက ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီး ပေါ်လာတုန်းကရော၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ရဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီး ပေါ်လာတုန်းကရော... တခြား အပျက်အစီးတွေ အများကြီး ပေါ်ခဲ့ဖူးပေမယ့်၊ ဘယ်တုန်းကမှ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ဖူးဘူး'
ထိုအကြောင်းကို တွေးမိသောအခါ သူကိုယ်တိုင်ပင် အနည်းငယ် မက်မောသွားမိ၏။
ဒီလောက် ကြောက်စရာကောင်းတဲ့ ရတနာက ဘာများ ဖြစ်မလဲ။
သို့သော် သူသည် ချက်ချင်းပင် ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို အသက်သွင်းလိုက်သည်။ ရွှေရောင် အလင်းတန်းများက သူ၏ စိတ်အာရုံကို လင်းလက်သွားစေသည်နှင့် တစ်ပြိုင်နက်၊ စုယွီ၏ ရင်ထဲတွင် ပလုံစီနေသော လောဘစိတ်များသည် ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူ၏ တွက်ချက်မှုများသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာကာ မျက်လုံးများကလည်း နေ့ခင်းဘက်ကဲ့သို့ ရှင်းလင်းသွားတော့၏။
"ငါ နည်းနည်း ယိုင်သွားမိမလို့ပဲ"
စုယွီက သက်ပြင်းသဲ့သဲ့လေး တစ်ချက် ချလိုက်၏။
သူ့အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးသေးသေးလေးများကို မက်မောနေရန် မလိုချေ။
လက်ရှိအချိန်တွင် သူ့၌ အသက်ရှင်ရန် သက်တမ်း အနှစ်တစ်ထောင်နီးပါး ကျန်ရှိနေသေးသည်။
ဤမျှ ရှည်လျားလှသော သက်တမ်းသည် သူ့အတွက် အမြင့်ဆုံးသော ကျင့်ကြံခြင်း အဆင့်သို့ တက်လှမ်းရန် လုံလောက်လှပေ၏။
မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်လာရန်သာမက၊ ကျင့်ကြံခြင်း လောကတွင် မူလဝိညာဉ် အဆင့်ထက် သာလွန်သော စွမ်းအားရှင်ကြီးများ ဖြစ်လာရန်ပင် မဖြစ်နိုင်သည့် ကိစ္စ မဟုတ်ချေ။
ဒီလောက် များပြားလှသော သူများက ဝိုင်းဝန်း မျက်စိကျနေကြသည့် အပျက်အစီး နယ်မြေ တစ်ခုရှိ အခွင့်အရေး တစ်ခုအတွက် သွားရောက်လုယက် တိုက်ခိုက်ခြင်းက တန်ပါ့မလား။
'အင်မော်တယ် လမ်းစဉ် ဆိုတာ ထာဝရ တည်တံ့တယ်။ နောက်ဆုံး အချိန်အထိ အသက်ရှင်နိုင်တဲ့ သူကမှ အောင်နိုင်သူပဲ'
စုယွီက စိတ်ထဲမှ ကြိတ်၍ တွေးတောလိုက်၏။
'အခု ပေါ်လာတဲ့ အခွင့်အရေးက ဘယ်လို ရတနာမျိုးပဲ ဖြစ်နေပါစေ၊ တစ်ကြိမ်တည်း သုံးလို့ရတဲ့ ပစ္စည်းမျိုး မဟုတ်သရွေ့... နောက်ဆုံးကျရင် နှစ်ပေါင်း ရာချီ၊ ထောင်ချီ ကြာတဲ့အခါ ငါ့လက်ထဲ ရောက်လာနိုင်တာပဲလေ'
'ဘာလို့လဲဆိုတော့ အဲ့ဒီ ရတနာရဲ့ သခင်က တစ်နေ့ကျရင် သေရမှာပဲ။ သခင် သေသွားရင် သူတို့ရဲ့ အခွင့်အရေးတွေက ငါ့အခွင့်အရေး ဖြစ်လာမှာ မဟုတ်ဘူးလား'
ထိုအကြောင်းကို တွေးမိသွားသောအခါ အရာအားလုံးသည် ရှင်းလင်းပြတ်သား သွားတော့၏။
နောက်ဆုံးအချိန်ထိ အသက်ရှင်အောင် နေမယ်... အဲ့ဒါဆိုရင် အရာအားလုံးက မင်းအပိုင် ဖြစ်လာလိမ့်မယ်..
တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုယွီ တို့နှင့်အတူ သူတို့သည် ဝိညာဉ်တောင်ပေါ်သို့ တက်လာခဲ့ကြပြီး တောင်ထိပ်ရှိ စံအိမ်တော် တစ်ခုသို့ ရောက်ရှိလာကြသည်။ စုယွီက သူတို့ကို ထိုင်ခိုင်းလိုက်ပြီးနောက် ဝိညာဉ်လက်ဖက်ရည် ဖျော်ကာ ဧည့်ခံလိုက်၏။
တာအိုဆရာမ ချင်းချွမ်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ရှင် ကျွန်မတို့နဲ့ လိုက်မလား၊ မလိုက်ဘူးလား ဆိုတာ မပြောရသေးဘူးနော်"
စုယွီ သက်ပြင်းသဲ့သဲ့လေး တစ်ချက် ချလိုက်ပြီး ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။
"ကျွန်တော့်လို လက်ပိန်ခြေပိန်နဲ့ကတော့... အဲ့ဒီလို အန္တရာယ်များတဲ့ နေရာမျိုးကို မသွားရဲပါဘူးဗျာ"
တာအိုဆရာမ ချင်းချွမ် မျက်ခုံးပင့်လိုက်ပြီး...
"ဒီတစ်ခေါက် ကျွန်မတို့ တာ့ယွဲ့ နန်းတော်က ဒု-နန်းတော်သခင် ကိုယ်တိုင် လိုက်မှာ။ လူဒီလောက် အများကြီးနဲ့ ဘာကများ အန္တရာယ် များမှာမို့လို့လဲ"
စုယွီက အေးအေးလူလူပင် တုံ့ပြန်လိုက်၏။
"ခင်ဗျားတို့ သွားနိုင်ရင်... ခရမ်းရောင်အလင်းတန်း နယ်မြေက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကလည်း သွားမှာပဲလေ။ ပြီးတော့ မိစ္ဆာကျင့်ကြံသူတွေလည်း ပါဦးမှာ ဆိုတော့..."
ပြောပြောဆိုဆို သူ ခေါင်းကို ဆက်တိုက် ယမ်းလိုက်သည်။
"အခွင့်အရေးတွေအတွက် သူများတွေနဲ့ လုယက် တိုက်ခိုက်ရတာ ကျွန်တော် အကျင့်မရှိဘူးဗျ"
"ဒါကြောင့် တာအိုမိတ်ဆွေ သုံးယောက် သွားမယ်ဆိုရင်တော့ ဂရုစိုက်ကြပါလို့ပဲ မှာချင်ပါတယ်"
တာအိုဆရာမ ချင်းချွမ်သည် သူမဘေးရှိ တာအိုဆရာ ရှုယွီကို ကြည့်ကာ အလိုမကျစွာဖြင့် ညည်းညူလိုက်၏။
"ရှင် ပြောတာ မှန်တယ်။ သူ့ကို ကျွန်မ နားချလို့ မရဘူး"
"ဟားဟား..."
တာအိုဆရာ ရှုယွီက အားပါးတရ ရယ်လိုက်သည်။ ထို့နောက် စုယွီ ဖျော်ပေးသော ဝိညာဉ်လက်ဖက်ရည် ခွက်ကို ကောက်ကိုင်ကာ တစ်ငုံမျှ ဖွဖွလေး သောက်လိုက်၏။ မျက်လုံးများကို မှိတ်၍ ခေတ္တမျှ အရသာခံလိုက်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ ပြောလိုက်သည်။
"ဒါ တာအိုဆရာ စု လေဗျာ။ သူသာ ခင်ဗျားတို့နဲ့ လိုက်မယ်ဆိုရင်... တာအိုဆရာမ ချင်းချွမ် အပေါ် သူများ နောက်ကွယ်က ကြံစည်နေတာတွေ ရှိနေမလားလို့တောင် သံသယ ဝင်မိလိမ့်မယ်"
"အခုတော့ လုံးဝ အဆင်ပြေသွားပြီ။ တာအိုဆရာ စု က ခင်ဗျားရဲ့ အလှအပ အောက်မှာ မျက်စိကွယ် မသွားဘူး ဆိုတဲ့ သဘောပဲ"
ထိုအခါ၊ တာအိုဆရာမ ချင်းချွမ်က သူမ၏ ပြည့်စုံလှသော ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေရန် ခါးကို မတ်လိုက်သည်။ ထို့နောက် စုယွီကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြရင်း ပြောလိုက်၏။
"ဒါဆိုရင်တော့ ကျွန်မ အမှား မဟုတ်ဘူး... သူ့ပြဿနာ သူပဲ ဖြစ်ရမယ်"
တစ်စုံတစ်ယောက်က သူမကို မကြာခဏ နှိမ့်ချ ပြောဆိုတတ်သော်ငြားလည်း သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေဆဲပင်။
"မှားတယ်..."
စုယွီက ဝင်ရောက်ပြောဆိုလိုက်သည်။
"ဘာဆိုင်လို့လဲဗျ။ ကျွန်တော်က အခွင့်အရေးတွေအတွက် အပျက်အစီး နယ်မြေဆီ မသွားဘူး ဆိုပေမယ့်၊ ဝိညာဉ်လက်ဖက်ရည် သောက်ရင်း တာအိုဆရာမ ချင်းချွမ်ရဲ့ အလှအပကို ခံစားလို့ မရဘူးလို့ ဘယ်သူပြောလဲ"
"ဟုတ်တယ် မဟုတ်လား။ တာအိုဆရာမ ချင်းချွမ် ဘက်က သဘောမထားရင်၊ ကျွန်တော်က ဘာလို့ ငြင်းနေရမှာလဲ"
ထိုစကားကို ကြားသောအခါ တာအိုဆရာမ ချင်းချွမ်က အလိုမကျစွာဖြင့်...ဆူပူလိုက်၏။
"လူဆိုးကြီး"
စုယွီက ပခုံးတွန့်ပြလိုက်၏။ သူက ဘာကြောက်စရာ ရှိမည်နည်း။ ဤကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ရလျှင် သူ လုံးဝ နောက်ဆုတ်မည် မဟုတ်ချေ။
ရယ် နောက်ပြောင်မှုများ အပြီးတွင် စုယွီသည် တာအိုဆရာ ရှုဟိုင်နှင့် နောက်ထပ် ကုန်သွယ်မှု တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့မှ လန်ယွီ ဂိုဏ်းခွဲနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြီးဆုံးသွားပြီးနောက်တွင်၊ သူသည် ပုန်းအောင်းနေသော ချန် မိသားစု နှင့် တာ့ယွဲ့ နန်းတော် တို့နှင့် သုံးနှစ်လျှင် တစ်ကြိမ် ပုံမှန် ကုန်သွယ်မှု ပြုလုပ်လေ့ ရှိ၏။
ကုန်သွယ်မှု တစ်ကြိမ်လျှင် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ (၅၀) ၊ ဒုတိယအဆင့် အဆင့်မြင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ (၁၅၀) နှင့် အခြား အဆင့်များမှ ကြေးမုံလမင်း အဆောင်လက်ဖွဲ့များ ပါဝင်၏။
ဤကုန်သွယ်မှုမှတစ်ဆင့် သူသည် တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့များအတွက် လိုအပ်သော ပစ္စည်းအချို့ကို စုဆောင်းနိုင်ခဲ့ရာ အတော်လေး အဆင်ပြေလှသည်။
ဤရင်းမြစ်ကို အသုံးချ၍ လက်ရှိအချိန်တွင် တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ ကုန်ကြမ်းပစ္စည်း တစ်ရာကျော်ကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်၏။
နောက်ထပ် နှစ်အနည်းငယ် ကြာလျှင်တော့ သူ၏ လက်ထဲရှိ အဆောင်လက်ဖွဲ့များ အားလုံးကို အစားထိုး လဲလှယ်မှု ပြီးစီးနိုင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် တတိယအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့များမှ တတိယအဆင့် အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့များအဖြစ်သို့ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
ကုန်သွယ်မှု ပြီးဆုံးသွားပြီးနောက် စုယွီသည် တာအိုဆရာ ရှုယွီထံမှ ဖီးနစ် သက်ဆင်း နယ်မြေရှိ အပျက်အစီး နယ်မြေအကြောင်း သတင်းအချက်အလက်များကို ပိုမို သိရှိခဲ့ရသည်။ ထို့နောက် တာအိုဆရာ သုံးဦး ဖြစ်ကြသော ရှုဟိုင်၊ ချင်းချွမ် နှင့် ရှိုးယွီ တို့သည် အတူတကွ ထွက်ခွာသွားကြလေတော့သည်။
သူတို့ သုံးဦး ထွက်ခွာသွားပြီးနောက် စုယွီ မျက်မှောင်ကြုတ်သွား၏။
တာ့ယွဲ့ နယ်မြေ၊ ခရမ်းရောင်အလင်းတန်း နယ်မြေ၊ ဖီးနစ် သက်ဆင်း နယ်မြေ နှင့် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှ မိစ္ဆာကျင့်ကြံသူများ အားလုံးသည် ဤတစ်ကြိမ် ဖီးနစ် သက်ဆင်း နယ်မြေ၌ စုဝေးရောက်ရှိလာနိုင်ချေ ရှိနေသည်။
ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီး ပေါ်ထွက်လာခြင်းက အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းလွန်းလှ၏။
ကောင်းကင် အပျက်အစီး ခန်းမဆောင်၏ စုံစမ်းစစ်ဆေးမှုများအရ ဤကဲ့သို့သော အပျက်အစီး နယ်မြေမျိုး အတွင်းသို့ ဝင်ရောက်ရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။
ထို့အပြင် ဝင်ရောက်ပြီးနောက် အထဲတွင် မည်ကဲ့သို့သော အန္တရာယ်များ စောင့်ကြိုနေမည်ကိုလည်း မည်သူမျှ မသိနိုင်ကြပေ။
စုယွီ တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်နေမိသည်။
'ဒီကိစ္စက တာ့ယွဲ့ နယ်မြေရဲ့ လက်ရှိ အခြေအနေအပေါ် ဆူပူလှုပ်ရှားမှုတွေ မဖြစ်လာစေဖို့ မျှော်လင့်ရတာပဲ'
သူသည် တာ့ယွဲ့ နယ်မြေကို မည်သည့် မငြိမ်မသက်မှုမျှ မရှိဘဲ အေးချမ်းစွာ တည်ရှိနေစေရန် ဆန္ဒရှိ၏။
ထိုသို့ဆိုမှသာ သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်မည် ဖြစ်သည်။
ရွှေအမြုတေ အဆင့် (၉) သို့မဟုတ် မူလဝိညာဉ် အဆင့်သို့ မရောက်မချင်း...
ထိုအချိန်သို့ ရောက်လာပါက တာ့ယွဲ့ နယ်မြေ ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်း နယ်မြေများတွင် ဝင်ရောက်စွက်ဖက် ဆုံးဖြတ်နိုင်ခွင့် သူ့တွင် ရှိလာပေလိမ့်မည်။
တစ်ချိန်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး သူ့ကို ပြောခဲ့ဖူးသော စကားများကိုလည်း ပြန်လည် ပေးဆပ်နိုင်စွမ်း ရှိလာမည် ဖြစ်လေ၏။
***