~အရာအားလုံးကို သေချာ စီစဉ်ပြီးနောက် စုယွီသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်မှ ထွက်ခွာလာခဲ့ပြီး တာ့ယွဲ့ တောင်တန်းကြီး၏ တောင်ကုန်းများဆီသို့ ပြန်လည် ဆုတ်ခွာလာခဲ့သည်။ ထို့နောက် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အပျက်အစီးများထဲတွင် သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေတော့၏။
'ပြစ်ဒဏ်ပေးသူ' ရုပ်သေးကိုလည်း အောင်မြင်စွာ ဖန်တီးပြီးခဲ့ပြီ ဖြစ်၏။
နောက်ထပ် လုပ်ရမည့် အလုပ်မှာ အခင်းအကျင်း ပညာရှင်၏ အမွေအနှစ်များကို ဆက်လက် လေ့လာသင်ယူရန်ပင် ဖြစ်သည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီး။
ချင်းယွဲ့ တောင်ထွတ် အောက်ခြေရှိ ထူထပ်သော တောအုပ်ကြီးထဲတွင်၊
'ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း အခြေခံတွေကို ငါ သေသေချာချာ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်မှုလည်း ရနေပြီ။ တစ်ယောက်ယောက်က ငါ့ကို ရုတ်တရက် တိုက်ခိုက်လာရင်တောင်မှ အသက်ရှူအကြိမ် အနည်းငယ် အတွင်းမှာတင် ရိုးရှင်းတဲ့ ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း တစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်စွမ်း ရှိနေပြီ'
'ဒါပေမဲ့ ဒုတိယအဆင့် အခင်းအကျင်းတွေနဲ့တော့ မလုံလောက်သေးဘူး။ နောက်တစ်ဆင့် အနေနဲ့ တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း အမျိုးမျိုးကို နားလည်အောင် လုပ်ရမယ်'
မာရှီချင်းထံမှ သူ ရရှိထားခဲ့သော တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင်၏ အမွေအနှစ်များနှင့် ပတ်သက်၍ စုယွီ တွေးတောနေမိ၏။
အကယ်၍ သူသာ ထိုအခင်းအကျင်းများကို နားလည်သဘောပေါက်နိုင်ခဲ့မည် ဆိုပါက သူ့အတွက် အလွန်ပင် အကျိုးကျေးဇူး များလှပေလိမ့်မည်။
ဥပမာအားဖြင့် ဤအပျက်အစီး နယ်မြေအတွင်းရှိ ရှေးဟောင်း အခင်းအကျင်း အမျိုးမျိုးနှင့် တားမြစ်ပိတ်ဆို့မှုများ ကဲ့သို့ပင်။
သူ့အနေဖြင့် ၎င်းတို့ကို နားလည်သဘောပေါက်အောင် ကြိုးစားနိုင်သလို၊ ဖယ်ရှားပစ်ရန်လည်း ကြိုးပမ်းနိုင်သည်။
၎င်းတို့ကို ပုံတူကူးယူ ဖန်တီးရန်ပင် ဖြစ်နိုင်ချေ ရှိသေး၏။
အကယ်၍ တစ်နေ့နေ့တွင် သူသည် စတုတ္ထအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦး ဖြစ်လာခဲ့မည် ဆိုလျှင်...
သူ့ရှေ့မှောက်ရှိ လျှို့ဝှက်နယ်မြေကြီးကို မျက်စိဝေ့ကြည့်ရင်း စုယွီ တွေးလိုက်မိသည်။ ဤ ဧရာမ လျှို့ဝှက်နယ်မြေကြီးသည် အမှန်တကယ်ပင် သူ၏ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။ ဤနေရာရှိ အခင်းအကျင်း အားလုံးကို သူ အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး၊ အလိုရှိသလို ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။
ရန်သူများကို ကာကွယ်ရန် သို့မဟုတ် ဖိနှိပ်ချေမှုန်းရန်အတွက်ပင် ၎င်းတို့ကို အသုံးပြုနိုင်ပေလိမ့်မည်။
ယွီမိသားစု၏ ဂူစံအိမ်မှ ထွက်ခွာလာခဲ့သော တာအိုဆရာမ ချင်းချွမ်သည် နောက်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် တွေးတောနေမိ၏။
"သူက အခွင့်အရေးတွေအတွက် အပြင်ထွက်ပြီး မတိုက်ခိုက်ဘဲ နေရာတစ်ခုတည်းမှာ အောင်းပြီး ကျင့်ကြံနေတော့တာပဲ။ သူ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်း အတားအဆီး တစ်ခုခုနဲ့ ကြုံတွေ့သွားမှာကို မကြောက်ဘူးလား မသိဘူး"
"ပြီးတော့ တစ်နေ့နေ့ ရွှေအမြုတေ အဆင့် (၉) ကို ရောက်သွားတဲ့အခါ မူလဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး မရှိတော့မှာကိုရော သူ မစိုးရိမ်ဘူးလား"
"သူ့အတွက် သီးသန့် ဖြစ်မယ့် မူလဝိညာဉ် ဖွဲ့စည်းနိုင်မယ့် အခွင့်အရေးကို သူ မရှာချင်ဘူးလား"
"အခုကတည်းက စမရှာဘဲ သက်တမ်း ကုန်ခါနီးမှ ရှာမယ်ဆိုရင် နောက်ကျသွားလိမ့်မယ်နော်"
တာအိုဆရာမ ချင်းချွမ်သည် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်၏။ စုယွီ့ကို သူမ သိပ်ပြီး နားမလည်နိုင်ချေ။ သူ့ကို မြူခိုးတစ်လွှာ ဖုံးလွှမ်းထားသည့်နှယ် သူမ အမြဲတမ်း ခံစားရပြီး မည်သို့မှ ဖတ်ယူ၍ မရနိုင်လောက်အောင် ဖြစ်နေ၏။
တာအိုဆရာ ရှုယွီက ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ဝင်ရောက်ပြောဆိုလိုက်သည်။
"အရင်တုန်းက တာအိုဆရာ စု မှာ အဆင့်နိမ့် ဝိညာဉ်အမြစ်တွေပဲ ရှိခဲ့တာလေ။ ဒါပေမဲ့ သူက ဓာတ်ကြီး ငါးပါးလုံးကို ကျင့်ကြံခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက ရွှေအမြုတေ အဆင့် (၂) ကို ရောက်နေခဲ့ပြီ"
"အခုဆို တာအိုဆရာ စု က အသက် တစ်ရာ့ငါးဆယ်ကျော်လေးပဲ ရှိသေးတာ။ သူ့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှု နှုန်းက သူ့ပါရမီနဲ့ တိုင်းတာလို့ ရတဲ့ အတိုင်းအတာထက် အများကြီး သာလွန်နေတယ်"
"သူ့ဘာသာသူ မူလဝိညာဉ် ဖွဲ့စည်းဖို့ ဆိုတာ တာအိုဆရာ စု အတွက် လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်လောက်ပါဘူးဗျာ"
ထိုစကားကို ကြားသောအခါ တာအိုဆရာမ ချင်းချွမ်သည် သူ့ကို အကြည့်ပို့လွှတ်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရင်း မေးလိုက်၏။
"ရှင်က သူ့ကို အထင်ကြီးနေတာလား"
တာအိုဆရာ ရှုယွီက ခေါင်းယမ်းလိုက်ပြီး တုံ့ပြန်လိုက်သည်။
"ကျွန်တော် အထင်ကြီးတယ်၊ မကြီးဘူး ဆိုတာထက်... အဲ့ဒါက အမှန်တရားပဲလေ။ တာအိုဆရာမ ချင်းချွမ် စဉ်းစားကြည့်ပါဦး။ အဆင့်နိမ့် ဝိညာဉ်အမြစ်လေးနဲ့ အသက် တစ်ရာကျော်လေးမှာတင် ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့တယ်... ဒါတင်မကသေးဘူး၊ သူ့ရဲ့ စွမ်းအားက သာမန် ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါး ယှဉ်နိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူးလေ"
"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က အရှင်သခင် ပိုင်ယွဲ့ တောင်မှ တာအိုဆရာ စု နဲ့ ယှဉ်ရင် အများကြီး အလှမ်းဝေးနေသေးတယ်"
အသေအချာ စဉ်းစားချင့်ချိန်ပြီးနောက် အချိန်အတော်ကြာမှ တာအိုဆရာမ ချင်းချွမ်သည် သူမ၏ စာရင်းထဲသို့ စုယွီကို ထည့်သွင်းလိုက်၏။
သူမ အနေဖြင့် တာ့ချန် နယ်မြေတွင် နောက်ထပ် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ဆက်လက် နေထိုင်ရဦးမည် ဖြစ်သည်။ ထို့နောက်တွင် တာ့ချန် စကြဝဠာ တစ်ခွင်လုံးရှိ စွမ်းအားအကြီးမားဆုံး အင်မော်တယ် ဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သော မြေကမ္ဘာ အင်မော်တယ် နယ်မြေ သို့ သွားရောက် ကျင့်ကြံရမည် ဖြစ်၏။
အကယ်၍ စုယွီ၌ အမှန်တကယ်ပင် ပါရမီ ရှိနေမည် ဆိုပါက မြေကမ္ဘာ အင်မော်တယ် နယ်မြေ သို့ သူ့ကို ထောက်ခံစာ ပေးနိုင်ပြီး နယ်မြေတွင်း ဝင်ခွင့် စမ်းသပ်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေနိုင်သည်။
သူသာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မည် ဆိုလျှင် မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ လွှမ်းမိုးမှု အကူအညီဖြင့် မူလဝိညာဉ် ဖွဲ့စည်းနိုင်မည့် အခွင့်အရေးကို စုဆောင်းနိုင်ကောင်း စုဆောင်းနိုင်မည် ဖြစ်ပြီး၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး အဖြစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းနိုင်ပေလိမ့်မည်။
သူတို့သာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများ ဖြစ်လာခဲ့မည် ဆိုလျှင်၊ သူမ သို့မဟုတ် သူမ ထောက်ခံပေးခဲ့သော လူသုံးယောက်သည် တာ့ချန် စကြဝဠာ တစ်ခွင်လုံး၏ ဗဟိုချက်မ ဒေသတွင် ရပ်တည်နိုင်မည့် နေရာတစ်နေရာ ရရှိလာနိုင်သည်။
မမှားပါ။ အဓိက လိုအပ်ချက်ကတော့ မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ ဝင်ခွင့် စမ်းသပ်ပွဲကို သူတို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရမည် ပင် ဖြစ်၏။
သူမ အနေဖြင့် အဘယ်ကြောင့် ထောက်ခံစာ ပေးလိုသနည်း ဆိုလျှင်... သဘာဝကျစွာပင် မဟာမိတ် ဖွဲ့လိုသောကြောင့် ဖြစ်၏။
သူမ တစ်ယောက်တည်း ရုန်းကန်ရသည်ထက် လူအများအပြား ပူးပေါင်း လုပ်ဆောင်ခြင်းက အမြဲတမ်း ပိုကောင်းသည် မဟုတ်ပါလော။
'လောလောဆယ် အလောတကြီး လုပ်စရာ မလိုသေးပါဘူးလေ။ အဲ့ဒီအချိန်ကျမှပဲ ကြည့်ရတာပေါ့'
တာအိုဆရာမ ချင်းချွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။
'သူ့ရဲ့ ဝိညာဉ်အမြစ် ပါရမီက နည်းနည်းတော့ လိုအပ်နေသေးတယ်။ လက်ရှိ သူ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားက မဆိုးဘူး ဆိုပေမယ့်၊ ဒီအချက်က နောက်ဆုံးကျရင် သက်ရောက်မှု ရှိလာမှာပဲ။ မြေကမ္ဘာ အင်မော်တယ် နယ်မြေ ဆိုတာ သာမန် ပါရမီရှင်တွေတောင် ဝင်ခွင့်ရဖို့ အတော်လေး ခက်ခဲတာ။ အဆင့်မြင့် ဝိညာဉ်အမြစ် ရှိတဲ့သူတွေမှပဲ မျှော်လင့်ချက် ရှိနိုင်တာမျိုး။ သူ့ရဲ့ အဆင့်နိမ့် ဝိညာဉ်အမြစ်နဲ့က... ဟူး... ဒီ ဝိညာဉ်အမြစ်နဲ့ တကယ်ပဲ မူလဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်ပါ့မလား'
သူမကိုယ်တိုင် အတွက်မူ မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ အတွင်းစည်း တပည့် တံဆိပ်ပြား တစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်၏။
၎င်းသည် တာ့ယွဲ့ နန်းတော်မှ နှစ်ပေါင်းများစွာ ချန်ရစ်ထားခဲ့သော အမွေအနှစ်များထဲမှ တစ်ခု ဖြစ်၏။
လွန်ခဲ့သော နှစ်များစွာက တာ့ချန် စကြဝဠာကြီးဆီသို့ သူမ သွားရောက်လည်ပတ်ခဲ့စဉ်က ရရှိခဲ့သော အရာလည်း ဖြစ်သည်။
ယခုအခါ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီပင်။
တစ်လကျော် ကြာပြီးနောက်၊
တာ့ယွဲ့ နန်းတော် ဦးဆောင်သော တာ့ယွဲ့ နယ်မြေမှ ဩဇာတိက္ကမ ကြီးမားသည့် ကျင့်ကြံသူ အများအပြားသည် ဖီးနစ် သက်ဆင်း နယ်မြေရှိ ဖီးနစ် တောင်ကြားသို့ ခရီးနှင်လာခဲ့ကြ၏။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ အများအားဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် အထက်တွင် ရှိကြပြီး၊ ရွှေအမြုတေ အဆင့် အရှင်သခင် ဆယ်ပါးကျော်ပင် ပါဝင်သည်။
တာ့ယွဲ့ နယ်မြေမှ ကျင့်ကြံသူများ ဖီးနစ် တောင်ကြားသို့ ခြေချမိချိန်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့မှ လူများနှင့် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှ မိစ္ဆာကျင့်ကြံသူများလည်း ဖီးနစ် တောင်ကြားသို့ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာကြတော့၏။
တစ်ခဏတာ အတွင်းမှာပင်။
ဖီးနစ် သက်ဆင်း နယ်မြေ၏ ဖီးနစ် တောင်ကြားသည် အင်အားစု အသီးသီး၏ မုန်တိုင်း ဗဟိုချက်မ ဖြစ်လာတော့သည်။
ဖီးနစ် တောင်ကြား အလယ်ဗဟိုရှိ ရှေးဟောင်း အပျက်အစီး နယ်မြေတွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော အင်မော်တယ် အရှိန်အဝါ တစ်ခုသည် အရပ်ရှစ်မျက်နှာသို့ ဖြာထွက်နေ၏။ ဖီးနစ် တောင်ကြား အတွင်းသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများ အားလုံးသည် ဤ အင်မော်တယ် အရှိန်အဝါအောက်တွင် တောင်တန်းကြီး တစ်ခု ဖိကျိတ်ထားသည့်နှယ် ခံစားလိုက်ကြရပြီး အသက်ရှူရပင် အနည်းငယ် ခက်ခဲလာကြ၏။
ထိုမျှ အားကြီးသော အရှိန်အဝါကြောင့် လူတိုင်း၏ မျက်နှာသွင်ပြင်များ ပြောင်းလဲသွားရတော့သည်။
တာ့ယွဲ့ နယ်မြေမှ အလွန် ဝေးကွာလှသော ဧရာမ ကုန်းမြေတိုက်ကြီး တစ်ခု၏ အစွန်အဖျားတွင် သမုဒ္ဒရာထဲသို့ ထိုးထွက်နေသော ကုန်းမြေ အပိုင်းအစ တစ်ခု ရှိ၏။ အချို့က ထိုနေရာကို ဝိညာဉ်လိပ် ကျွန်း ဟု ခေါ်ဝေါ်ကြပြီး၊ အချို့ကမူ ပိုးစာပင် ကျွန်း ဟု ခေါ်ဝေါ်ကြသည်။
ဒဏ္ဍာရီများအရ ရှေးဟောင်းခေတ်၊ သို့မဟုတ် သမိုင်းမတင်မီ ခေတ်ကပင် ပိုးစာပင် ကျွန်းပေါ်တွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ပိုးစာပင် ဝိညာဉ်အပင်ကြီး တစ်ပင် ပေါက်ရောက်ခဲ့ဖူးသည်ဟု ဆိုကြသည်။
ယနေ့ခေတ်တွင် ထို ပိုးစာပင် ဝိညာဉ်အပင်ကြီးသည် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်ငြားလည်း၊ လက်ဆင့်ကမ်း လာခဲ့ကြသော ရှေးဟောင်း မှတ်တမ်းများတွင် ၎င်း၏ တည်ရှိမှုကို ရေးသား မှတ်တမ်းတင်ထားဆဲ ဖြစ်၏။
ထို့ကြောင့် သမုဒ္ဒရာထဲသို့ ထိုးထွက်နေသော ဤကျွန်းလေးသည် အမြဲတမ်းလိုလို လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ဖုံးလွှမ်းနေလေ့ ရှိ၏။
သမုဒ္ဒရာ နယ်မြေများမှ ကျင့်ကြံသူ အများအပြားသည် ပိုးစာပင် ဝိညာဉ်အပင်ကြီး၏ ဒဏ္ဍာရီကို ကြားသိရပြီးနောက်၊ ထိုဝိညာဉ်အပင်ကြီး ချန်ရစ်ထားခဲ့သော သဲလွန်စများကို ရှာဖွေတွေ့ရှိလိုသော မျှော်လင့်ချက်ဖြင့် ပိုးစာပင် နယ်မြေဆီသို့ ခရီးဝေးကြီး နှင်ကာ လာရောက်လေ့ ရှိကြသည်။
***