~ဒါမှမဟုတ်ရင်လည်း... ဒါက ကံကြမ္မာနှင့်သာ ဆိုင်လောက်မည်။
သို့သော်၊ နှမြောစရာတော့ ကောင်း၏။ ဒဏ္ဍာရီတွေက အခုထိ ပျံ့နှံ့နေဆဲ ဆိုပေမယ့်၊ ဘယ်သူမှတော့ အဲ့ဒီအပင်ကို တကယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြပါလေ။
ထိုအခိုက်အတန့်ဝယ်၊
ဧရာမ မြစ်ကြီး တစ်စင်း၏ အထက်တွင် ရေစီးကြောင်းများက အရှေ့အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်။ ဆူညံပွက်လောရိုက်နေသော ရေစီးသံများကြောင့် မြစ်ပေါ်ရှိ လှေများမှာ ယိမ်းထိုးကာ နိမ့်ချည်မြင့်ချည် ဖြစ်နေကြ၏။
ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းကို အသက်သွင်းထားပြီး၊ လှေတစ်စင်း အဖြစ် အသွင်ပြောင်းထားသော ထိပ်တန်း မှော်လက်နက် တစ်ခုသည် မြစ်ပြင်ထက်တွင် အလွန် လျင်မြန်သော အရှိန်ဖြင့် ခရီးနှင်လျက် ကောလာဟလ သတင်းများ ထွက်ပေါ်နေသော ပိုးစာပင် နယ်မြေ အတွင်းသို့ ဝင်ရောက်သွား၏။
တာအိုရုပ်သေး စုဆောင်းထားသော သတင်းအချက်အလက်များအရ ဤ 'နဂါးမည်း မြစ်ကြီး' တစ်လျှောက် အရှေ့ဘက်သို့ စုန်ဆင်းသွားပါက၊ ပိုးစာပင် နယ်မြေ၏ ဗဟိုချက်မ ဖြစ်သော၊ ဖူလင်း သမုဒ္ဒရာ၏ အစွန်အဖျား၌ တည်ရှိသည့် ပိုးစာပင် အင်မော်တယ် မြို့တော် သို့ ရောက်ရှိနိုင်မည် ဖြစ်၏။ သူ လုပ်ရမည့် အလုပ်မှာ ရေစီးကြောင်း အတိုင်း စုန်ဆင်းသွားရန်သာ ဖြစ်၏။
လှေကြီး အတွင်း၌ တာအိုရုပ်သေးသည် တင်ပျဉ်ခွေ ထိုင်လျက် မျက်လုံးများကို မှိတ်ကာ အနားယူနေသည်။
လမ်းခရီး တစ်လျှောက်တွင် သူသည် အင်မော်တယ် မြို့တော် တစ်ရာကျော်ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်၏။ အနီးအနား ပတ်ဝန်းကျင်၌ပင် ကောင်းကင် သိုင်းကျမ်း မျှော်စင် တည်ရှိနေကြောင်း သူ တွေ့ရှိခဲ့ရသည်။ ကောင်းကင် သိုင်းကျမ်း မျှော်စင် ဆိုသည်မှာ အမှန်တကယ်ပင် သာမန် မဟုတ်ဘဲ တာ့ယွဲ့ နယ်မြေ အနီးတစ်ဝိုက်တွင်သာ တည်ရှိနေခြင်း မဟုတ်ချေ။
သို့သော်ငြားလည်း အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၏ သဲလွန်စ တစ်ခုကိုမျှ သူ မတွေ့ရှိခဲ့ရပေ။
သို့တိုင်အောင် သူ လောတကြီး မဖြစ်နေချေ။
အလောတကြီး လုပ်၍လည်း ဘာမှ ထူးခြားလာမည် မဟုတ်ပေ။ အကယ်၍ ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိသွားချိန်အထိ အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်ကို ရှာမတွေ့သေးပါက၊ သစ်သား ဝိညာဉ်အမြစ်နှင့် သက်ဆိုင်သော အခြား ကျင့်စဉ်များကို သူ၏ ဓာတ်ကြီး ငါးပါး ကျင့်စဉ်တွင် ပေါင်းစပ်ကာ မူလဝိညာဉ် အဆင့်သို့ ချိုးဖျက် ဝင်ရောက်သွားမည် ဖြစ်၏။
နောင်တစ်ချိန် အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၏ နောက်ဆက်တွဲကို ရှာတွေ့သောအခါမှသာ ဓာတ်ကြီး ငါးပါး ကျင့်စဉ်ထဲသို့ ပြန်လည် ပေါင်းစပ်ထည့်သွင်းလိုက်ရုံပင် မဟုတ်ပါလော။
အလောတကြီး လုပ်စရာ မလိုချေ။
ခဏအကြာတွင်၊
တာအိုရုပ်သေးသည် မျက်လုံးများကို ဖွင့်ကာ မြစ်ကြီးအောက်ရှိ နေရာတစ်နေရာသို့ စူးစိုက်ကြည့်လိုက်၏။ ဒုတိယအဆင့် အဆင့်မြင့် မိစ္ဆာသားရဲ တစ်ကောင်၏ အရှိန်အဝါကို သူ ခံစားလိုက်မိ၏။ သူတို့နှင့် အဆင့်တူ နောက်ထပ် မိစ္ဆာတစ်ကောင်က သူ့ကို မျက်စိကျနေခဲ့ပြီ ဖြစ်သည်။
"ဝုန်း..."
နာရီဝက်ခန့် အကြာတွင် လှေကြီး၏ နောက်မှ တကောက်ကောက် လိုက်ပါလာသော မြစ်မိစ္ဆာကြီးသည် နောက်ဆုံး၌ ဆက်လက် သည်းမခံနိုင်တော့ဘဲ စတင် လှုပ်ရှားလာတော့သည်။
၎င်းသည် မြစ်အောက်ခြေမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာပြီး၊ မြစ်ရေများကို ပြောင်းပြန်လှန်ကာ လှေကြီးကို မှောက်ချပြီး ရေအောက်သို့ ဆွဲချသွားလိုသော ကြီးမားလှသည့် မိစ္ဆာစွမ်းအားများကို သယ်ဆောင်လာခဲ့၏။ အကယ်၍ သူတို့သာ ရေထဲသို့ ပြုတ်ကျသွားပါက ၎င်း၏ ပိုင်နက်ထဲသို့ ရောက်သွားမည် ဖြစ်၏။
သို့သော်ငြားလည်း ၎င်း ရေပေါ်သို့ ထွက်လာပြီး မိစ္ဆာစွမ်းအားများဖြင့် မြစ်ရေများကို စတင် ထိန်းချုပ်လိုက်ချိန်မှာပင်၊ ၎င်း၏ ပတ်ဝန်းကျင်ရှိ ရေများသည် ရုတ်တရက် အသွင်ပြောင်းသွားတော့သည်။
တစ်ခဏတာ အတွင်းမှာပင်။
ဤ ဒုတိယအဆင့် အဆင့်မြင့် မြစ်မိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် ၎င်း၏ ကြေးခွံများမှ စတင်၍ တစစ ပြိုကွဲပျက်စီးလာတော့၏။ အက်ဆစ်ရည် အစားခံလိုက်ရသည့်နှယ်ပင်။ ဦးစွာ ကြေးခွံများ ပျောက်ကွယ်သွားပြီး၊ ထို့နောက် အသားများနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ... မြစ်ရေပြင်ထက်သို့ ၎င်း ရောက်ရှိလာချိန်တွင်မူ အရိုးစု တစ်ခုသာ ကျန်ရှိတော့၏။
အသက်ရှူသံများ ပျောက်ကွယ်သွား၏။
အရိုးစုကြီးသည် မြစ်ရေစီးကြောင်းထဲတွင် လူးလှိမ့်နေပြီး ပလုံစီသံ အနည်းငယ် ထွက်ပေါ်လာပြီးနောက်၊ မြစ်အောက်ခြေသို့ နစ်မြုပ် ပျောက်ကွယ်သွားလေတော့သည်။
လှေအတွင်း၌ တာအိုရုပ်သေးသည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။ နေရောင်ခြည် အစစ်အမှန် ကျင့်စဉ်၏ စွမ်းအားကို ရေထဲတွင် ထုတ်သုံးလိုက်ခြင်းက အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်ကို သူ တွေ့ရှိလိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဒုတိယအဆင့် အရည်အသွေးမြင့် မိစ္ဆာသားရဲ တစ်ကောင်သည် အရိုးစုကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။
ထိုသားရဲသည် မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်လိုက်ရမှန်းပင် မသိလိုက်ဘဲ ဝေဝေဝါးဝါးဖြင့် သေဆုံးသွားခဲ့ရသည်။
ယခင်က သူသည် ဧရာမ ကန်ကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ဖူး၏။
ထိုကန်ထဲတွင် ထူးဆန်းသော ရုပ်သွင်ရှိသည့် တတိယအဆင့် အဆင့်နိမ့် ကန်မိစ္ဆာ ငါးသားရဲကြီး တစ်ကောင်နှင့် ဆုံတွေ့ခဲ့ရသည်။ ထို တတိယအဆင့် အဆင့်နိမ့် ငါးသားရဲကြီးသည်ပင် ဤ ဒုတိယအဆင့် အဆင့်မြင့် မြစ်မိစ္ဆာကြီးထက် ပိုမို ကောင်းမွန်သော အခြေအနေမျိုး မရှိခဲ့ပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တန်ဖိုးမရှိသော အခွံလွတ်ကြီး တစ်ခု အဖြစ်သို့ လျော့ကျသွားခဲ့ရ၏။
နဂါးမည်း မြစ်ကြီးပေါ်တွင် နောက်ထပ် နှစ်ရက်တိုင်တိုင် မျောပါလာရင်း လမ်းခရီး တစ်လျှောက်၌ မြစ်မိစ္ဆာ ခြောက်ကောင်ကို ရှင်းလင်းခဲ့ပြီးနောက်၊ နောက်ဆုံးတွင် အင်မော်တယ် မြို့တော် တစ်ခု၏ ပုံရိပ်သည် ရှေ့၌ ထွက်ပေါ်လာတော့သည်။
တာအိုရုပ်သေးသည် မှော်လက်နက် လှေကို မြို့တော်နှင့် ပိုမို နီးကပ်စွာ မောင်းနှင်သွား၏။ အင်မော်တယ် မြို့တော် အနီးသို့ ရောက်ရှိလာသောအခါ သူသည် လှေပေါ်မှ ခုန်ဆင်းကာ လှေကို သိမ်းဆည်းရန် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး ဆိပ်ခံတံတားပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုနေရာတွင် ကျင့်ကြံသူများနှင့် သာမန်လူ အများအပြား ရှိနေကြသေး၏။
ကုန်တင်သင်္ဘော အမြောက်အမြားသည် မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ရန် စောင့်ဆိုင်းနေကြသည်။
ထို့ကြောင့် တာအိုရုပ်သေးသည် သူ၏ လှေကို အဝေးကတည်းက ကြိုတင် သိမ်းဆည်းလိုက်ခြင်း ဖြစ်၏။
"မြန်မြန်လုပ်... မြန်မြန်လုပ်။ ဒီ ဝိညာဉ်ဆန်တွေကို သင်္ဘောအုပ်စုပေါ် တင်ကြစမ်း"
"အုပ်ချုပ်ရေးမှူးကြီးက လဝက်နေရင် ရွက်လွှင့်တော့မှာ။ ငါတို့ အချိန်ဆွဲလို့ မရဘူးကွ"
ချီစုစည်းခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ယောက်သည် ကြာပွတ်ပုံစံ မှော်လက်နက် တစ်ခုကို ဝှေ့ယမ်းကာ မလှမ်းမကမ်းရှိ ဆိပ်ကမ်း အလုပ်သမား အချို့ကို အော်ဟစ် ဆဲဆိုနေ၏။
နောက်တစ်ခဏ၌ သူ၏ မျက်နှာသွင်ပြင်သည် အကြီးအကျယ် ပြောင်းလဲသွား၏။ သူသည် တောင့်တင်းသွားပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
တာအိုရုပ်သေးသည် သူ၏ အနားသို့ ချဉ်းကပ်လာပြီး၊ တည်ငြိမ်သော အကြည့်ဖြင့် ထိုလူကို စိုက်ကြည့်ကာ မေးလိုက်၏။
"ညီငယ်... ဒီနေရာက ဘယ်နေရာလဲ ဆိုတာလေး မေးလို့ရမလား"
ချီစုစည်းခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူသည် လန့်ဖြန့်သွားပြီး အလျင်အမြန် လှည့်ကာ အရိုအသေပေးလျက် ရိုသေကျိုးနွံစွာ ဖြေကြားလိုက်သည်။
"စီနီယာကို ဂါရဝပြုပါတယ် ခင်ဗျာ"
"ဒီနေရာက ကုန်းယွဲ့ အင်မော်တယ် မြို့တော် ပါ ခင်ဗျာ"
ကုန်းယွဲ့ အင်မော်တယ် မြို့တော်..
ဤအမည်ကို တာအိုရုပ်သေး ကြားဖူးခဲ့၏။ ၎င်းသည် နဂါးမည်း မြစ်ကြီးမှတစ်ဆင့် ပိုးစာပင် နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး တွေ့ကြုံရသည့် အဓိက အင်မော်တယ် မြို့တော်ကြီး တစ်ခု ဖြစ်၏။ ထို့နောက် အခြား အင်မော်တယ် မြို့တော် သုံးခုကို ထပ်မံ ဖြတ်သန်းပြီး တစ်လခန့် ခရီးနှင်ပြီးပါက ပိုးစာပင် အင်မော်တယ် မြို့တော် သို့ ရောက်ရှိမည် ဖြစ်သည်။
"မင်းအလုပ် မင်း ဆက်လုပ်ပါ"
ဤစကားတစ်ခွန်း ချန်ရစ်ခဲ့ပြီးနောက် တာအိုရုပ်သေးသည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားလေတော့သည်။
ချီစုစည်းခြင်း အဆင့် နှောင်းပိုင်း ကျင့်ကြံသူ၏ မျက်လုံးများ ပြောင်းလဲသွားပြီး၊ သူ၏ ရင်ထဲတွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်သွားတော့၏။
'ဒီစီနီယာက ဘယ်လောက်တောင် စွမ်းအားမြင့်တဲ့ အဆင့်မှာ ရှိနေတာလဲ။ သူ့ရဲ့ တည်ရှိမှုကို ငါ နည်းနည်းလေးတောင် အာရုံခံလို့ မရခဲ့ဘူး။ သူ ဘယ်လို ပျောက်သွားတယ် ဆိုတာတောင် ငါ မသိလိုက်ဘူး'
သူ့ရင်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွား၏။
အခြားတစ်နေရာဝယ်၊
တစ်ခဏတာ အချိန်အတွင်းမှာပင်။
စုယွီ၏ ပုံရိပ်သည် အင်မော်တယ် မြို့တော်၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။ သူသည် မြို့ရိုးများနှင့် မြို့တံခါးဝရှိ ကျောက်စာတိုင်ကို မော့ကြည့်လိုက်ရာ ကျောက်စာတိုင်ပေါ်တွင် "ကုန်းယွဲ့" ဟူသော စာလုံး နှစ်လုံးတည်းကိုသာ ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
ကျောက်စာတိုင်မှ တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း တစ်ခု၏ အရှိန်အဝါများ ထွက်ပေါ်နေပြီး မြို့၏ အဝင်အထွက် တံခါးပေါက်ကို ဖုံးလွှမ်းထား၏။
တာအိုရုပ်သေးသည် လူအုပ်ကြီး နောက်မှ လိုက်ပါလာပြီး အဝင်ကြေး အဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ပေးချေလိုက်ရာ ဝင်ခွင့် တံဆိပ်ပြား တစ်ခုကို ရရှိပြီး မြို့အတွင်းသို့ ဝင်ရောက်သွား၏။
မြို့တံခါး အတွင်းဘက်တွင် ကျယ်ဝန်းသော လမ်းမကြီးများ ရှိပြီး တစ်ဖက်တစ်ချက်စီ၌ စီးပွားရေး လုပ်ငန်း အများအပြား ရှိနေ၏။ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက် စည်ကားနေပြီး အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ မြို့၏ အပြင်အဆင်မှာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် မတူညီပေ။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ဝင်ရောက်လိုက်သည်နှင့် ကျယ်ပြောလှသော ဝိညာဉ်စိုက်ခင်းကြီးများက ကြိုဆိုနေမည် ဖြစ်ပါ၏။
အစစ်အမှန် မြို့ဧရိယာသို့ ရောက်ရှိရန်အတွက် ထို ဝိညာဉ်စိုက်ခင်းများ ကို ဖြတ်၍ ခရီးဝေးကြီး လျှောက်လှမ်းရပေလိမ့်မည်။
***