~မူလက တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောတွင် ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့ကြား ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်၊ သတ္တုတွင်း အတွင်း၌ အခင်းအကျင်း အများအပြားကို ချထားခဲ့ကြ၏။
သို့သော်ငြားလည်း ထိုအခင်းအကျင်းများသည် ပြန့်ကျဲနေသော သဲပွင့်များပမာ ဖြစ်နေ၏။ အလွန်တရာ မာကျောလှသော ကြောများဆီသို့ မြေအောက်မှနေ၍ ထိုးဖောက် စားသောက် ဝင်ရောက်လာကြသော ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ဘဲ၊ သူတို့ အလိုရှိသလို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြုထားသည့်နှယ် ဖြစ်နေခဲ့သည်။
သို့သော် ယခုလေးတင် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ မြေကမ္ဘာ နယ်ပယ်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုလုံးကို လွှမ်းခြုံကာ အလုံပိတ် နယ်မြေတစ်ခု ဖန်တီးလိုက်သည့်နှယ် ထင်မှတ်ရ၏။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အောက်တွင် ပုန်းအောင်းနေသော ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကိုပင် သူ အာရုံခံ၍ မရတော့ခြင်းပင် ဖြစ်သည်။
ဤအရာကို မြေပြင်ပညာရှင် တစ်ဦးသာလျှင် စွမ်းဆောင်နိုင်ပေမည်။
အခင်းအကျင်း ပညာရှင် တစ်ဦးပင်လျှင် ဤသို့ မစွမ်းဆောင်နိုင်ချေ။ ထို့အပြင် ထိုသူသည် တတိယအဆင့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်ရမည်မှာ အသေအချာပင်။
တာအိုရုပ်သေးသည် မတ်တတ်ရပ်လိုက်၏။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများမှ အလင်းရောင် တစ်ချက် လက်သွားပြီး ဟင်းလင်းပြင်ကိုပင် ထိုးဖောက် မြင်နိုင်စွမ်း ရှိသည့်နှယ် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ မြေကမ္ဘာ နယ်ပယ်ဆီသို့ စူးစိုက်ကြည့်ကာ မြေပြင်ပညာရှင်၏ အခင်းအကျင်း အရှိန်အဝါကို အာရုံခံလိုက်၏။
ယခုအခါ သူကိုယ်တိုင်သည်လည်း တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောကို ချိတ်ပိတ်လိုက်သော မြေပြင်ပညာရှင်မှာ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦး ဖြစ်ရမည်ဟု တာအိုရုပ်သေးက အလျင်အမြန်ပင် အတည်ပြုလိုက်တော့သည်။
တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောပေါ်ရှိ အခင်းအကျင်း၏ လှိုင်းဂယက် အတက်အကျ စွမ်းအားမှာ အလယ်အလတ် အဆင့်တွင်သာ ရှိ၏။
ထိုအခြေအနေကို မြင်လိုက်ရသောအခါ တာအိုရုပ်သေးသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး သူ့ဘာသာ တီးတိုး ရေရွတ်လိုက်၏။
'ကြည့်ရတာ ငါ ခိုးဝင်ပြီး အကျိုးအမြတ် ခွဲယူဖို့ ဆိုတာ မဖြစ်နိုင်တော့တဲ့ ပုံပဲ'
သို့ဖြစ်ရာ ဤ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြောကို သူ ကိုယ်တိုင် ကိုယ်ကျ သွားရောက် သိမ်းယူရတော့မည် ဖြစ်သည်။
"ဂျုန်း"
နောက်တစ်ခဏ၌ တာအိုရုပ်သေးသည် သူ၏ ပုန်းအောင်းရာ ဂူစံအိမ်မှ ထွက်ခွာလာပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် မလှမ်းမကမ်းရှိ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေတော့သည်။
ကုန်းယွဲ့ အင်မော်တယ် မြို့တော် အတွင်းရှိ အင်အားကြီး ကျင့်ကြံသူ မိသားစု သုံးစုစလုံးတွင် ရွှေအမြုတေ အဆင့် အရှင်သခင် ဘိုးဘေးကြီးများ အသီးသီး ရှိကြ၏။
ကောင်း မိသားစု၏ ဘိုးဘေးကြီးမှာ အင်အားအကြီးဆုံး ဖြစ်ပြီး ရွှေအမြုတေ အဆင့် (၅) ကျင့်ကြံသူ တစ်ဦး ဖြစ်၏။
ယွီ မိသားစုမှာ ဒုတိယ နေရာတွင် ရှိပြီး ရွှေအမြုတေ အဆင့် (၄) ကျင့်ကြံသူ တစ်ဦး ပိုင်ဆိုင်ထားသည်။
မန် မိသားစုမှာမူ နောက်ဆုံး အဆင့်တွင် ရှိပြီး မကြာသေးမီကမှ ရွှေအမြုတေ အဆင့် (၂) သို့ တက်လှမ်းလာသော အရှင်သခင် တစ်ပါး ရှိ၏။ ထိုသူသည် အလွန် ပါရမီ ထူးကဲပြီး ရွှေအမြုတေ အဆင့် ကျင့်ကြံသူ သုံးဦးထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်ဟု ဆိုကြ၏။
မူလက တာအိုရုပ်သေး အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် လှုပ်ရှားရန် အစီအစဉ် မရှိခဲ့ပေ။ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကိုသာ အသုံးပြု၍ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း များ သို့မဟုတ် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် များကို တိတ်တဆိတ် ယူဆောင်ခိုင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူ၏ ရည်မှန်းချက် အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက်၊ သူသည် တိတ်တဆိတ် ထွက်ခွာသွားပြီး သူ၏ ခရီးပန်းတိုင် ဖြစ်သော ပိုးစာပင် အင်မော်တယ် မြို့တော် ဆီသို့ ဆက်လက် ထွက်ခွာသွားရန် ဖြစ်၏။
သို့သော် ယခုအခါတွင်မူ... ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် မှာ လုံလောက်မှု မရှိသေးဘဲ၊ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော၏ ငါးပုံတစ်ပုံခန့်ကိုသာ တူးဖော်ရသေးသည်။
ထို မိသားစုများသည် ကြောကို ချိတ်ပိတ်ရန် တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တစ်ဦးကို ဖိတ်ခေါ်လာခဲ့ကြ၏။
ဤသို့ အခြေအနေများ ပြောင်းလဲသွားမှုအပေါ် တာအိုရုပ်သေး အနေဖြင့် လုံးဝ ကျေနပ်မှု မရှိသည်မှာ သေချာလှသည်။
တာအိုရုပ်သေးသည် ခံစားချက် ကင်းမဲ့နေသော မျက်နှာထားဖြင့် ပေရာချီ အကွာသို့ လှမ်းတက်သွားရင်း ခပ်ပြတ်ပြတ် ကြွေးကြော်လိုက်၏။
“လွတ်လွတ်လပ်လပ် ယူခွင့်မရှိမှတော့... အတင်းအကြပ် လုယူရုံပဲ ရှိတော့တာပေါ့”
မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တည်ရှိရာ တောင်ကုန်း တောအုပ်များ၏ အောက်ခြေသို့ ရောက်ရှိနေခဲ့တော့၏။
ကျင့်ကြံခြင်း လောက ဆိုသည်မှာ အသန်စွမ်းဆုံးသူသာ အသက်ရှင်ကျန်ရစ်မည့် နေရာဖြစ်ပြီး၊ အရင်းအမြစ် တိုင်းသည် အသက်နှင့် ရင်း၍ လုယူ တိုက်ခိုက်ထိုက်သော အရာများ ဖြစ်၏။
အကယ်၍ သာမန် ပစ္စည်း တစ်ခုသာ ဆိုလျှင် တာအိုရုပ်သေး အနေဖြင့် လျစ်လျူရှုထားလိုက်နိုင်သည်။
သာမန် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုသာ ဖြစ်နေမည် ဆိုလျှင်တောင်မှ၊ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင်က ကြောကို ချိတ်ပိတ်လိုက်ပြီးနောက် ဤနေရာရှိ ကျင့်ကြံသူများကို မထိတ်လန့်စေဘဲ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စုကို တိတ်တဆိတ် ရုပ်သိမ်းသွားနိုင်၏။ ပြဿနာများကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားမည် ဖြစ်၏။
သို့သော် ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် အတွက်မူ... သူ သေချာပေါက် တိုက်ယူရမည်သာ ဖြစ်လေသည်..
အကယ်၍ သူသာ အောင်ပွဲခံနိုင်ခဲ့ပါက၊ ဤ ရုပ်သေး ကိုယ်ခန္ဓာ၏ စွမ်းရည်ကို စတုတ္ထအဆင့် အဆင့်နိမ့် အထွတ်အထိပ် ရုပ်သေး တစ်ရုပ် အဖြစ်သို့ ပြန်လည် ရောက်ရှိအောင် စွမ်းဆောင်နိုင်ပေလိမ့်မည်။ ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံ၍ မဖြစ်ချေ..။
နောက်တစ်ခဏ၌ တာအိုရုပ်သေး၏ ပုံရိပ်သည် ချိတ်ပိတ်ထားသော တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ၏ အပြင်ဘက်တွင် ထွက်ပေါ်လာတော့သည်။
တာအိုရုပ်သေး ထံမှ စွမ်းအားများနှင့် အရှိန်အဝါများ ရုန်းကြွလာသည်နှင့်အမျှ၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း နှင့် တန်းတူညီမျှသော ဝိညာဉ်ဖိအားကြီး တစ်ခုသည် တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော တစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြီး မြေကြီးကိုပင် တုန်ခါသွားစေခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်တွင် တွန့်လိမ်မှုများ ထွက်ပေါ်လာတော့၏။
တာအိုရုပ်သေးသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး၊ တတိယအဆင့် အဆင့်နိမ့် မြေပြင်ပညာရှင် တည်ဆောက်ထားသော ဧရာမ အခင်းအကျင်းကြီး ကို လျစ်လျူရှုကာ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အတွင်းသို့ ဇွတ်တရွတ် ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။
တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော အတွင်းဝယ်၊ ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့၏ ခေါင်းဆောင်များနှင့် အကြီးအကဲ အချို့ ပါဝင်သော လူအုပ်ကြီး တစ်စုသည် ဆံပင်ဖြူဖြူနှင့် 'အဘွားအို' တစ်ဦး အား အဖော်ပြုလျက် သတ္တုတွင်း အထက်တွင် လမ်းလျှောက်နေကြ၏။
ကောင်း မိသားစု၏ မိသားစု ခေါင်းဆောင် ဖြစ်သူ ကောင်းကျုံးရှန်း သည် ထို 'အဘွားအို' ကို ကြည့်ကာ ရိုသေလေးစားမှု အပြည့်ပါသော လေသံဖြင့် မေးမြန်းလိုက်သည်။
“စီနီယာ လင်း... ဒီ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အောက်က ကြွက်ပြဿနာက အခြေအနေ ဆိုးဝါးလား ခင်ဗျာ”
'အဘွားအို' သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူမ လမ်းလျှောက်နေစဉ်အတွင်း သူမ၏ ထံမှ ထူးဆန်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေပြီး၊ ခြေအောက်ရှိ ဝိညာဉ်ကြော၏ မြေကမ္ဘာ နယ်ပယ်ထဲသို့ စိမ့်ဝင်သွားကာ မြေအောက်ရှိ အရာအားလုံးကို အာရုံခံနေ၏။
အချိန်အတော် ကြာပြီးနောက်မှသာ သူမက ဖြေကြားလိုက်သည်။
“ဆိုးဝါးတယ်”
“ငါ ထင်ထားတာထက် အများကြီး ပိုပြီး ဆိုးဝါးနေတယ်။ ဒီ ကြွက်မိစ္ဆာ အုပ်စုက အရေအတွက် တစ်ထောင်ကျော်လောက် ရှိပြီး၊ အကုန်လုံးက အတော်လေး အင်အား ကောင်းကြတယ်။ ဒုတိယအဆင့် ကြွက်မိစ္ဆာ အကောင် ငါးဆယ်ကျော်တောင် ပါသေးတယ်”
“မင်းတို့သာ ငါ့ကို ဒီနေရာ ဖိတ်မလာခဲ့ဘူး ဆိုရင်... သူတို့တွေ ဝိညာဉ်ကြော ရဲ့ အောက်ခြေကို နီးပါးလောက် ဟာလာဟင်းလင်း ဖြစ်အောင် စားပစ်ခဲ့ပြီ ဆိုတာ ငါ ယုံနိုင်စရာ အကြောင်းတောင် မရှိဘူး”
“အနည်းဆုံးတော့ ကြောရဲ့ ငါးပုံတစ်ပုံ ဒါမှမဟုတ် လေးပုံတစ်ပုံ လောက်က သူတို့ အစားခံလိုက်ရပြီ”
“ဘာ...”
ထိုစကားကို ကြားလိုက်ရသောအခါ ကောင်း မိသားစု၊ ယွီ မိသားစု နှင့် မန် မိသားစု တို့၏ ခေါင်းဆောင်များ၏ မျက်နှာသွင်ပြင်သည် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူတို့၏ မျက်နှာများ မှုန်ကုပ်သွားပြီး ဒေါသနှင့် နာကျင်မှုများကြောင့် ရင်ထဲတွင် သွေးစက်စက် ကျနေသည့်နှယ် ခံစားလိုက်ကြရ၏။
တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း ကြော ၏ လေးပုံတစ်ပုံ အစားခံလိုက်ရသည်တဲ့လား..
သောက်ကျိုးနည်း.. ဤအရာက သူတို့၏ အသားကို လှီးဖြတ်နေသည်နှင့် အတူတူပင် ဖြစ်လေသည်..။
အလွန်တရာ ရုပ်ဆိုး အကျည်းတန်နေသော အမူအရာဖြင့် ကောင်းကျုံးရှန်း သည် အဘွားအိုအား မေးမြန်းလိုက်၏။
“စီနီယာ လင်း... ဒီ ကြွက်မိစ္ဆာ တွေကို ရှင်းလင်းပစ်ဖို့ နည်းလမ်းများ ရှိမလား ခင်ဗျာ။ စီနီယာသာ လုပ်ပေးနိုင်မယ် ဆိုရင် ကျွန်တော်တို့ မိသားစု သုံးစု ပေါင်းပြီး အခကြေးငွေ ထပ်ဆောင်း ပေးပါ့မယ်”
ထိုစကားကို ကြားသောအခါ အဘွားအို၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး တုံ့ပြန်လိုက်သည်။
“ရတာပေါ့... ငါ တခြား ဘာမှ မလိုချင်ဘူး။ ဝိညာဉ်ကျောက်စိမ်း ရွှေရည်အနှစ် နှစ်စက်ပဲ လိုချင်တယ်”
ထို တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ မိသားစု ခေါင်းဆောင် သုံးဦးစလုံး၏ မျက်ခုံးများ တွန့်ကွေးသွားကြသည်။
သို့သော် သူတို့၏ ခြေအောက်ရှိ အလွန် ဆိုးဝါးနေသော ကြွက်ပြဿနာကို တွေးကြည့်လိုက်ပါက... အကယ်၍သာ ရှင်းလင်း မပစ်နိုင်လျှင် ဤ ဝိညာဉ်ကျောက်စိမ်း ကြောကြီးသည် အချိန်တို အတွင်းမှာပင် အသုံးမဝင်သော အရာတစ်ခု ဖြစ်သွားပေတော့မည်။
***