ထိုစဉ်မှာပင် ဟယ်ဟွမ်းဂိုဏ်း၏ သင်္ဘောပျံပေါ်မှ မိန်းမချောတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ "အားလုံးပဲ... ချန်းလန်လျှို့ဝှက်နယ်မြေက ပွင့်တော့မယ်။ ဂျူနီယာတွေ အထဲမဝင်ခင်မှာ ရှင်တို့ လေးယောက် အရင်တိုက်ခိုက်မလို့လား" ထိုအမျိုးသမီးမှာ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသည်။ ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ ဖြာကျနေပြီး မျက်လုံးများမှာလည်း ရွှန်းလဲ့တောက်ပနေသည်။
ဟွေ့မင်သည် ထိုအမျိုးသမီးကို မျက်တောင်မခတ်စတမ်း ကြည့်နေပြီး "နတ်သမီးရှုချင်း ပြောတာ မှန်ပါတယ်" ဟု ဆိုသည်။
ထူလျန်သည် ရှုချင်း၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီးနောက် မိမိ၏ ပိန်ကပ်ခြောက်နေသော ခန္ဓာကိုယ်ကို ပြန်ကြည့်ကာ မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ "ဟွေ့မင်... နင်က ဟန်ဆောင်ကောင်းရုံတင် မကဘူး၊ ကာမဂုဏ်ကို ရှောင်ကြဉ်ရမယ့် သိက္ခာပုဒ်တွေကိုပါ ဖောက်ဖျက်နေတာပဲ"
"ရမ္မက်ဆိုတာ လူသားတို့ရဲ့ သဘာဝပဲ၊ လူသားတွေ မျိုးဆက်ပြန့်ပွားဖို့အတွက် ဒါက အခြေခံကျပါတယ်။ ငါတို့ရဲ့ မဟာယန သင်ကြားမှုတွေမှာလည်း ပီတိတရားဆိုတာ ရှိတယ်၊ ဒါက ဟယ်ဟွမ်းဂိုဏ်းရဲ့ တူနှစ်ကိုယ်ကျင့်ကြံခြင်းနဲ့ ကိုက်ညီမှု ရှိတယ်။ ဒါကို သိက္ခာပုဒ်ဖောက်ဖျက်တယ်လို့ ဘယ်လိုပြောလို့ ရမှာလဲ" ဟွေ့မင်မှာ ငြင်းဆန်ခြင်း မပြုဘဲ သူ၏ ကာမဂုဏ် ခံစားလိုသော စိတ်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
ရှုချင်းက ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်ပြီး သူမ၏ အမူအရာမှာ ပန်းလေးတစ်ပွင့် ပွင့်ဖူးလာသကဲ့သို့ ဆွဲဆောင်မှု ရှိလှသည်။ "အိုး... ကိုယ်တော်က တရားဓမ္မကို တကယ် နားလည်တာပဲ။ ဒီကိစ္စတွေ ပြီးသွားရင် ကျွန်မနဲ့အတူ ကျင့်ကြံခြင်း အတွေ့အကြုံတွေ နှီးနှောဖလှယ်ဖို့ ဆန္ဒရှိလား"
ဟွေ့မင်က ကရုဏာမျက်နှာထားဖြင့် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ "ငါ့မှာ အဲဒီဆန္ဒ ရှိပါတယ်။ နတ်သမီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်"ဟု ဖြေလိုက်သည်။
ထူလျန်က ရွံရှာဖွယ် အမူအရာဖြင့် နှုတ်ခမ်းမဲ့ကာ "ဟွန်း.. အရှက်မဲ့လိုက်တာ" ဟု ပြောပြီးနောက် သားရဲသခင်ဂိုဏ်း၏ သင်္ဘောပျံဆီသို့ ပျံသန်းသွားခဲ့ပြီး ဟွေ့မင်နှင့် ရှုချင်းကို အာရုံမစိုက်တော့ပေ။
အခြားတစ်ဖက်တွင်မူ ယန်ယုရှန်နှင့် လေ့ကျွင်းတို့မှာ အခြေအတင် ဖြစ်နေကြဆဲပင်။ နောက်ဆုံးတွင် လေ့ကျွင်းမှာ လက်ရှိအခြေအနေတွင် တိုက်ခိုက်၍ မဖြစ်မှန်း နားလည်သဖြင့် ယန်ယုရှန်ကို ဒေါသတကြီး စိုက်ကြည့်ကာ သူ့သင်္ဘောပျံဆီသို့ ပြန်သွားခဲ့သည်။
လေ့ကျွင်း ထွက်သွားသာ်နှင့် ရှုချင်းက ယန်ယုရှန် ဘေးသို့ ပျံလာပြီး အသံပို့လွှတ်နည်းဖြင့် စကားပြောလိုက်သည်။ "ယန်ညီမလေး... နင် ဟိုလေ့မိသားစုက အဘိုးကြီးကို ဘယ်တုန်းက သွားရန်စလိုက်တာလဲ။ သူကြည့်ရတာ နင့်ကို အစိမ်းလိုက် ဝါးစားပစ်ချင်နေတဲ့ ပုံပဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့ဆီက ပညာရပ်တစ်ခု ယူခဲ့လို့ပါ"
"နင် လေ့မိသားစုဆီက ဘာပညာရပ်ကို ခိုးယူခဲ့တာလဲ"
"လေ့မိသားစုရဲ့ မိုးကြိုးလျှပ်စီးပညာရပ်တွေလေ၊ ဒါပေမဲ့ ပထမဆုံး မိုးကြိုးနည်းစနစ်လေးခုပဲ ယူမိတာပါ"
ရှုချင်းက လက်မထောင်ပြလိုက်သည်။ "နင်က လေ့မိသားစုရဲ့ မိုးကြိုးလျှပ်စီးပညာရပ်ကို ခိုးရဲတယ်ပေါ့။ သူတို့ရဲ့ ဝိညာဥ်သန္ဓေအဆင့် ဘိုးဘေးကြီး နာလန်ထလာရင် နင့်နောက်ကို လိုက်လာမှာ မကြောက်ဘူးလား"
"အင်း... အဲဒါက သူ နာလန်ထလာတဲ့အထိ စောင့်ရဦးမှာပါ။ အဲဒီအချိန်ကျရင် အဆိုးဆုံးက ငါ ဂိုဏ်းထဲမှာပဲ အောင်းနေပြီး အပြင်မထွက်ဘူးပေါ့။ လေ့မိသားစုက မဟာကောင်းကင်ဓားဂိုဏ်းဆီကနေ လူတောင်းရဲလိမ့်မယ်လို့ ငါ မယုံဘူး"
"ဒါနဲ့ နင်က ဘာလို့ မိုးကြိုးလျှပ်စီးပညာရပ်ကို ခိုးတာလဲ။ နင့်ရဲ့ မိုးကြိုးပါရမီက သာမန်ပဲဆိုတာ ငါ မှတ်မိပါတယ်"
"ဓားအစီအရင်အတွက်လေ... မိုးကြိုးလျှပ်စီးကို အသုံးချနိုင်တဲ့ ဓားအစီအရင်ပေါ့"
ထိုစကားကို ကြားသောအခါ ရှုချင်း အံ့ဩသွားသည်။ ဓားအစီအရင်ထဲ မိုးကြိုးလျှပ်စီးပညာရပ်ကို ထည့်သွင်းခြင်း၊ ထိုကဲ့သို့ ထူးခြားသော ဓားအစီအရင်မျိုးကို တစ်ခါမျှ မကြားဖူးပေ။ ကျင့်ကြံခြင်းလောကတွင် လျှပ်စီးစွမ်းအား ပါဝင်သော ဓားအစီအရင်အချို့ ရှိသော်လည်း ၎င်းတို့မှာ အစီအရင်တွင် အသုံးပြုသော ဓားများ၌ လျှပ်စီးစွမ်းအား ပါရှိခြင်းကြောင့်သာ ဖြစ်သည်။ ယန်ယုရှန် ပြောသော နည်းလမ်းမှာမူ လုံးဝ ကွဲပြားခြားနားလှသည်။
သားရဲဘုရင်ဂိုဏ်း၏ သင်္ဘောပေါ်တွင် ထူလျန်က သူမရှေ့ရှိ အခြေတည်အဆင့် ကျင့်ကြံသူ ၁၄ ဦးကို မှာကြားနေသည်။ "ချန်းလန်လျှို့ဝှက်နယ်မြေက တစ်လပဲ ပွင့်မှာ။ ဆိုလိုတာက မင်းတို့ အဲဒီအချိန်အတွင်းမှာ ပြန်ထွက်လာရမယ်၊ မဟုတ်ရင် နောက်တစ်ကြိမ် ပြန်ပွင့်မယ့် နှစ်ပေါင်း ၅၀ ကြာတဲ့အထိ ပိတ်မိနေလိမ့်မယ်။ ယင်ယန်သွေးမျက်ရည်သစ်ပင်က လွဲလို့ ရသမျှ ရတနာအားလုံးကို မင်းတို့ပဲ ပိုင်ဆိုင်ခွင့်ရှိတယ်။ ယင်ယန် သွေးမျက်ရည်သစ်ပင်ကိုတော့ ဂိုဏ်းကို အပ်ရမယ်၊ အဲဒါကို တတိယအဆင့် ဆေးဖော်စပ်သူက ရွှေအမြုတေဆေးလုံး ဖော်စပ်ဖို့ သုံးလိမ့်မယ်။ ထွက်လာတဲ့ ဆေးလုံးတွေရဲ့ ၄၀ ရာခိုင်နှုန်းကို မင်းတို့ ရလိမ့်မယ်"
သားရဲသခင်ဂိုဏ်းသည် ၎င်း၏ အခြေတည်အဆင့် တပည့်များကို အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံသည်ဟု ဆိုရပါမည်။ ရွှေအမြုတေဆေးလုံး ဖော်စပ်ရန်အတွက် ရှားပါးသော ဝိညာဥ်ဆေးပင်များစွာ လိုအပ်သော်လည်း ဂိုဏ်းက အခြား လိုအပ်သော အပင်များကို ထောက်ပံ့ပေးပြီး ဆေးဖော်စပ်မှုကို တာဝန်ယူပေးသည့်အပြင် ဆေးလုံး ၄၀ ရာခိုင်နှုန်းကိုပါ ကျင့်ကြံသူများအား ပြန်ပေးမည် ဖြစ်သည်။ ယင်းမှာ အလွန်ပင် ရက်ရောသော ကမ်းလှမ်းမှု ဖြစ်သည်။ ရွှေအမြုတေဆေးလုံး တစ်သုတ်ဖော်လျှင် ပုံမှန်အားဖြင့် ဆေးလုံး ၂ လုံး သို့မဟုတ် ၃ လုံး ထွက်လေ့ရှိသည်။ ဆိုလိုသည်မှာ သင်္ဘောပျံပေါ်ရှိ ၁၄ ဦးအနက် မည်သူမဆို ထိုသစ်ကိုင်းကို ရရှိခဲ့ပါက အနည်းဆုံး ရွှေအမြုတေဆေးလုံး တစ်လုံးကို ရရှိမည်မှာ သေချာသလောက်ပင်။ ထိုအလားအလာက ကျင့်ကြံသူများကို စိတ်အားတက်ကြွစေခဲ့သည်။
ယင်းကို မြင်သောအခါ ထူလျန်၏ မျက်လုံးများထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ အခြေတည်အဆင့် တပည့်များ အကျိုးအမြတ် ရနိုင်သော်လည်း ဂိုဏ်းအနေဖြင့်လည်း အရှုံးမရှိပေ။ တစ်စုံတစ်ယောက်က ထိုသစ်ကိုင်းကို ယူဆောင်လာနိုင်သရွေ့ ဂိုဏ်းမှာလည်း ရွှေအမြုတေဆေးလုံးတစ်လုံး ရရှိမည် ဖြစ်သည်။
ထူလျန် စကားပြောပြီးသည်နှင့် ကန်ရေပြင်အောက်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တည်ငြိမ်နေသော ရေပြင်မှာ လှိုင်းများ ထလာခဲ့ပြီး ထိုလှိုင်းများမှာ တဖြည်းဖြည်း ကြီးမားလာသည်။ တစ်စုံတစ်ယောက်က ကြီးမားသော တုတ်ကြီးဖြင့် ရေကို မွှေနှောက်နေသကဲ့သို့ပင်။ ရေများမှာ ဒေါသတကြီး လှိုင်းထန်လာခဲ့ပြီး နောက်ဆုံးတွင် ကန်၏ အလယ်ဗဟို၌ ကြီးမားသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝ ပွင့်သွားပြီ၊ အခု ဝင်ကြတော့" ကောင်းကင်ယံ၌ ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
အင်အားကြီး ဂိုဏ်း ၅ ဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူများလည်း သင်္ဘောပျံများပေါ်မှ ဆင်းကာ ရေဝဲကြီးအတွင်းသို့ ဆင်းသက်သွားကြတော့သည်။ ….
ခေါင်းမူးနောက်သွားစေသော ခံစားမှုတစ်ခု ခံစားလိုက်ရပြီးနောက် တောအုပ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို စုန့်ဝမ် တွေ့လိုက်ရသည်။ မြင့်မားလှသော သစ်ပင်ကြီးများမှာ ကောင်းကင်ကို ဖုံးအုပ်ထားသဖြင့် တောအုပ်အတွင်း၌ အလင်းရောင် အလွန်နည်းပါးပြီး အမှောင်ထုပင် လွှမ်းခြုံနေသည်။ မရင်းနှီးသော နေရာသို့ ရောက်လာသည်နှင့် အလိုအလျောက် ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်မိသည်။ သို့သော် သူ့ဝိညာဉ်အာရုံမှာ ပေ ၃၀၀ ခန့်သာ ရောက်ရှိသည်ကို သတိပြုမိလိုက်သည်။ ဤလျှို့ဝှက်နယ်မြေအတွင်းတွင် လူတိုင်း ပေ ၃၀၀ ပတ်လည်အတွင်းသာ အာရုံခံနိုင်ကြမည် အဓိပ္ပါယ်ပင်။ ကျင့်ကြံသူများသည် ၎င်းတို့၏ ဝိညာဉ်အာရုံကို ကပ်တွဲထားမှသာ မှော်လက်နက်များကို အဝေးမှ ထိန်းချုပ်နိုင်ကြသည်။ ယခု အခြေအနေတွင် လက်နက်များကို ပေ ၃၀၀ အတွင်း၌သာ လွတ်လပ်စွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
စုန့်ဝမ် ကူပိုးကောင်များကို လွှတ်လိုက်ရာ ထိုကူကောင်များ၏ အကူအညီဖြင့် ဝိညာဥ်အာရုံး လွှမ်းခြုံမှုကို ပေ ၁၂၀၀ ခန့်အထိ မြှင့်တင်နိုင်ခဲ့သည်။ အခြားသူများထက် လေးဆခန့် သာလွန်သည့် အားသာချက်ပင် ဖြစ်သည်။ သို့သော် ထိုအကွာအဝေးမှာလည်း ရန်သူကို ထောက်လှမ်းရန်အတွက် အကန့်အသတ် ရှိနေဆဲ ဖြစ်သဖြင့် ကူပိုးကောင်များကို လွတ်လပ်စွာ သွားလာစေပြီး ထူးခြားမှု တစ်ခုခု တွေ့ရှိပါက ပြန်လည် အစီရင်ခံရန် တာဝန်ပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီး လေထဲသို့ ပျံတက်ကာ သစ်ပင်ထိပ်ဖျားသို့ တက်ခဲ့သည်။ မြင်ကွင်းတစ်ခုလုံးမှာ အဆုံးမရှိသော သစ်တောကြီးပင် ဖြစ်သည်။ ညာဘက်အခြမ်းတွင်မူ မြင့်မားသော တောင်ကြီးတစ်ခု၏ အရိပ်အယောင်ကို ခပ်ဝါးဝါး မြင်တွေ့ရသည်။ ထိုတောင်ကြီးမှာ ချန်းလန်လျှို့ဝှက်နယ်မြေတွင်းရှိ တစ်ခုတည်းသော တောင်ဖြစ်ပြီး ဝိညာဥ်ဆေးပင်များ စုဝေးရာနေရာအဖြစ် လူသိများသည်။ တောအုပ်အတွင်း၌ ဝိညာဥ်ဆေးပင်များ ရှိသော်လည်း အများစုမှာ အဆင့်နိမ့် အပင်များသာ ဖြစ်သဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများအတွက် အချိန်ကုန်ခံ ရှာဖွေရကျိုး မနပ်ပေ။ ထို့ပြင် ဟိုတစ်ပင် ဒီတစ်ပင် ပြန့်ကျဲနေသဖြင့် ဝိညာဉ်အာရုံ ကန့်သတ်ချက်ရှိသော နေရာတွင် ရှာတွေ့ရန် အလွန် ခက်ခဲလှသည်။
စုန့်ဝမ်လည်း ဓားပျံပေါ်သို့ တက်ကာ တောင်ကြီးဆီသို့ ဦးတည်ပျံသန်းခဲ့သည်။ သို့သော် နှစ်နာရီကြာအောင် ပျံသန်းပြီး မိုင်ထောင်ချီ ခရီးနှင်ခဲ့သော်လည်း တောင်ကြီးမှာ အဝေး၌ မရေမရာသာ မြင်နေရဆဲ ဖြစ်သည်။ ထိုစဉ်မှာပင် ကောင်းကင်ယံတစ်ခုလုံး အမှောင်ဖုံးစပြုလာခဲ့သည်။ တောအုပ်အတွင်း၌ မြူများ တဖြည်းဖြည်း ထလာခဲ့ပြီး ပို၍ ပို၍ ထူထပ်လာခဲ့သည်။ ကြိုတင် စုဆောင်းထားသော သတင်းများအရ ယင်းမှာ ချန်းလန်လျှို့ဝှက်နယ်မြေ၏ ညအချိန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိလိုက်သည်။ အပြင်လောကကဲ့သို့ပင် ဤနယ်မြေ၌လည်း နေ့နှင့်ည ရှိပြီး ညအချိန်တွင် မြူထူများ တစ်နယ်မြေလုံးကို ဖုံးအုပ်သွားတတ်သည်။ လျှို့ဝှက်နယ်မြေအတွင်း ညအချိန်တွင် ခရီးသွားခြင်းမှာ မသင့်တော်ပေ။ ကံမကောင်းပါက သားရဲများ၊ အခြားသော ကျင့်ကြံသူများနှင့် ထိပ်တိုက်ဆုံနိုင်သောကြောင့် အန္တရာယ် များလှသည်။
စုန့်ဝမ်လည်း ဓားပျံပေါ်မှ ဆင်းကာ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းကြီးတစ်ခုပေါ် ဆင်းသက်လိုက်ပြီး ဝိညာဥ်စွမ်းအင် ပြန်လည် ပြည့်ဝလာစေရန် တရားထိုင်နေခဲ့သည်။ မှောင်ရီပျိုးစ အချိန်တွင် မြူထူများနှင့် မှောင်မိုက်မှုမှာ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက အမှောင်ထုနှင့် မြူများသာ ရှိပြီး ပေအနည်းငယ် အကွာအဝေးကိုပင် မမြင်နိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် မြူများမှာ ဝိညာဉ်အာရုံကို မနှောင့်ယှက်သောကြောင့် ပေ ၃၀၀ အတွင်း၌ အရာအားလုံးကို အာရုံခံနိုင်ဆဲ ဖြစ်သည်။
များမကြာမီ အရှေ့ဘက်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံ ကျယ်လောင်သော ပေါက်ကွဲသံများပါ ကြားနေရသည်။ အရှေ့ဘက် မိုင် ၂၀ ခန့်တွင် တိုက်ပွဲတစ်ခု ဖြစ်နေခြင်းပင်။ စုန့်ဝမ်လည်း ကူပိုးကောင်များကို စေလွှတ်ကာ အခြေအနေကို စုံစမ်းစေပြီး သူကိုယ်တိုင်လည်း တိုက်ပွဲဖြစ်ရာဆီသို့ တိတ်တဆိတ် ချဥ်းကပ်သွားခဲ့သည်။
မိုင်အနည်းငယ်အရောက် ကင်းထောက်လွှတ်ထားသော ကူပိုးကောင်တစ်ကောင်က ကြွက်သားရဲတစ်ကောင်ကို ကိုက်ချီလာသည်။ ထိုကြွက်မှာ အတော်လေး သေးငယ်ပြီး လက်မအနည်းငယ်သာ ရှည်ကာ သေဆုံးနေပြီ ဖြစ်သည်။ ကြွက်၏ ခန္ဓာကိုယ်ပေါ်တွင် လူသားအော်ရာများ ကျန်ရှိနေဆဲ ဖြစ်သဖြင့် ယင်းမှာ ကျင့်ကြံသူတစ်ဦးက မွေးမြူထားပြီး ကင်းထောက်ရန် လွှတ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။ ကံမကောင်းစွာဖြင့် ကူပိုးကောင်နှင့် ဆုံမိပြီး အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ယင်းက အရှေ့ဘက်မှ တိုက်ပွဲဆီသို့ အခြားသော ကျင့်ကြံသူများလည်း စောင့်ကြည့်နေကြောင်း သိသာသည်။ ထိုကြွက်သားရဲ အလောင်းမှာ နောက်ဆုံးတွင် ကူပိုးကောင်၏ အစာ ဖြစ်သွားသည်။
စုန့်ဝမ်လည်း သတိကြီးစွာထားပြီး အခြားသော ကူပိုးကောင်များကိုပါ ပြန်ခေါ်လိုက်ပြီး ဝိညာဉ်အာရုံ လွှမ်းခြုံနိုင်သော ဧရိယာအတွင်း၌သာ လှုပ်ရှားစေသည်။ ထို့နောက် တိုက်ပွဲဖြစ်ရာဆီသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ နောက်ထပ် မိုင်အနည်းငယ် သွားပြီးနောက်တွင် ကူပိုးကောင်များသည် နောက်ထပ် ကြွက်သားရဲတစ်ကောင်ကို ရှာတွေ့ခဲ့ပြန်သည်။ ထိုကြွက်မှာ သစ်ခေါင်းတစ်ခုအတွင်း ပုန်းနေခြင်း ဖြစ်သည်။ ရန်သူကို သတိမမူမိစေရန် စုန့်ဝမ်သည် ၎င်းကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုကြွက်သားရဲ၏ ခွန်အားမှာ နိမ့်ပါးပြီး ချီစုစည်းခြင်း အစောပိုင်းအဆင့်သာ ရှိသည်။
"ဒီလူက ဒီကြွက်တွေကို တော်တော်များများ မွေးထားတာပဲ။ သားရဲသခင်ဂိုဏ်းကများ ဖြစ်နေမလား" ဟု စုန့်ဝမ်က ရေရွတ်လိုက်မိသည်။ ကြွက်သားရဲ၏ ခွန်အားမှာ နိမ့်လွန်းသဖြင့် တိုက်ခိုက်ရာတွင် အသုံးမဝင်ဘဲ ကင်းထောက်ရန်သာ အသုံးပြုခြင်း ဖြစ်မည်။ လျှို့ဝှက်နယ်မြေအတွင်း ဝိညာဉ်အာရုံ ကန့်သတ်ချက် ရှိသည်မှာ လူတိုင်းသိသောအချက်ဖြစ်သဖြင့် မည်သူမဆို အာရုံခံနိုင်စွမ်းကို မြှင့်တင်ရန် နည်းလမ်းမျိုးစုံ ရှာဖွေကြမည် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်သားရဲကို အသုံးပြုရုံမျှဖြင့် ပိုင်ရှင်မှာ မည်သည့်ဂိုဏ်းက ဖြစ်ကြောင်း အတည်မပြုနိုင်ပေ။
စုန့်ဝမ် ခဏတာ စဥ်းစားပြီးနောက် ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သည်။ ကြွက်သားရဲ၏ ပိုင်ရှင်တွင် ထိုကဲ့သို့သော ကင်းထောက်သားရဲများစွာ ရှိနိုင်ပေသည်။ အလျင်စလို ရှေ့တိုးခြင်းက ရန်သူကို မိမိ၏ တည်နေရာအား သိရှိသွားစေနိုင်သည်။ ထို့ကြောင့် အော်ရာကို ဖုံးကွယ်ကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်ပြီး သစ်ကိုင်းများကြား၌ ပုန်းအောင်းနေခဲ့သည်။
***