သို့သော် ရှန်းမင်ထံကြည့်လိုက်သောအခါ နတ်ဆိုးအငွေ့အသက်များကိုသာ မြင်တွေ့ရသည်ဖြစ်၍ ထိုဝိညာဉ်စွမ်းအင်များမှာ သူမထံသို့မည်သို့စီးဆင်းသွားနိုင်ပါသနည်း။ ၎င်းမြင်တွေ့ပြီးအာရုံခံမိခဲ့သည်တို့မှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းကြောင့်လော။ ထိုသို့တွေးရင်း ဝိညာဉ်မြင်းသည် အသံမထွက်စေဘဲ ရှန်းမင်အနားသို့ တိတ်တဆိတ်ချဉ်းကပ်သွားလေသည်။ ကျိုးထောင်ဟွားလိုပင် သူ့ထံမှနေ ဝိညာဉ်စွမ်းအင်အမြောက်အမြား ရနိုင်မဘ်ဟု တွေးလိုက်မိခြင်းကြောင့်ပင်။ ၎င်း၏သူခိုးခြေလှမ်းများကို ရှန်းမင် ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ကြီးမားလွန်းသဖြင့် ကျိုးထောင်ဟွားမမြင်ဘဲနေရန်မှာလည်း မဖြစ်နိုင်ပေ။ ၎င်းဘာလုပ်ချင်နေသည်ကို သူတို့နှစ်ဦးတွေးနေစဉ်မှာပင် ၎င်းသည်ရုတ်တရက်လျှာထုတ်ကာ ရှန်းမင်၏မျက်နှာကို လျက်လိုက်လေ၏။ ၎င်း၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသောအခါ ရှန်းမင်မျက်နှာသည်ချက်ချင်းရှုံ့မဲ့သွားပြီး မြင်းပါးစပ်ကိုပိတ်ရန် လက်လှမ်းလိုက်သည်။
ကျိုးထောင်ဟွားမှာ သဝန်တိုသွားရကာ ခါးထောက်၍ဝိညာဉ်မြင်းအား တားဆီးလိုက်ပြီး သတိထားကာစိုက်ကြည့်နေလိုက်၏။ ဒီမြင်းက သူမရဲ့စွမ်းအင်ဖြည့်စက်အပေါ် တစ်ခုခုကြံစည်နေတာလား။
ရုတ်တရက် ကျိုးထောင်ဟွားစိတ်ထဲတွင် အတွေးတစ်ခုလက်ကနဲပေါ်လာသည်။ ဒီမြင်းက ဝိညာဉ်စွမ်းအင်ကိုမြင်နိုင်တာများလား။ ဒါကြောင့်မလို့ တောနက်ထဲမှာ ရေခဲနွယ်မြက်ကိုပဲ သူတိတိကျကျရွေးစားနိုင်ခဲ့တာပေါ့။ သူမလက်ချောင်းထိပ်တွင် ကောက်ညှင်းလုံးအရွယ်ရှိဝိညာဉ်စွမ်းအင်ဘောလုံးလေးတစ်ခုကို ဖန်တီးလိုက်ရာ ထင်သည့်အတိုင်းပင် ဝိညာဉ်မြင်းမှာ သူမလက်ချောင်းနှစ်ချောင်းထံစူးစိုက်ကြည့်လာသည်ကို တွေ့လိုက်ရ၏။
ကျိုးထောင်ဟွားနှုတ်ခမ်းများ ကွေးညွှတ်သွားလေသည်။
ရှန်းမင်သည် ကျိုးထောင်ဟွားလက်ထဲရှိ ဝိညာဉ်စွမ်းအင်ကို မမြင်နိုင်သော်လည်း မြင်းရိုင်းမျက်နှာပေါ်ရှိ မျက်နှာချိုသွေးနေသည့်အမူအရာများ ပေါ်လွင်နေသည်ကိုမူ မြင်တွေ့နေရ၏။ ရှန်းမင်နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ မြင်းတစ်ကောင်ဆီကနေ ဒီလိုအမူအရာမျိုးမြင်ရလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ လွန်ခဲ့သောတစ်နာရီခန့်ကပင် ထောင်ဟွားအနားကပ်လာသည်နှင့် တစ်ဖက်သို့လှည့်ပြီးထွက်ပြေးခဲ့သည်လေ။ ဝိညာဉ်မြင်းသွားရည်ကျနေသည်ကိုမြင်သောအခါ ကျိုးထောင်ဟွား တည့်မေးလိုက်သည်။
"လိုချင်လို့လား"
ဝိညာဉ်မြင်းသည် အသည်းအသန် ခေါင်းညိတ်ပြပြီး အသံများပင်ထွက်လာလေသည်။ တကယ်လို့ ၎င်းသာ စကားပြောတတ်ပါက ကျိုးထောင်ဟွား သဘောကျစေရန် ချီးကျူးစကားများ မိုးရွာချသကဲ့သို့ ပြောဆိုနေမည်မှာ သေချာလှ၏။
"နင့်ကို နည်းနည်းပေးလို့ရပေမဲ့ အခုကစပြီး နင်ငါ့စကားကို နားထောင်ရမယ်"
ဝိညာဉ်မြင်းသည် အသံပြုကာခေါင်းညိတ်လိုက်ပြီး ၎င်းမျက်လုံးများမှာတော့ သူမလက်ထဲရှိ ဝိညာဉ်စွမ်းအင်လုံးလေးပေါ်တွင်သာ စူးစိုက်နေလေသည်။ ကျိုးထောင်ဟွားမှာ ၎င်း၏သဘောထားကို အလွန်ကျေနပ်သွားရ၏။
"ဒါဆိုရင် အရင်ဆုံးနင့်ကိုနာမည်တစ်ခု ပေးရမယ်၊ ဒါနဲ့ နေပါဦး နင်ကအထီးလား အမလား"
ပြောရင်းဆိုရင်း ကျိုးထောင်ဟွား မြင်း၏အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။ ဝိညာဉ်မြင်းသည် ပြာယာခတ်သွားပြီး ၎င်း၏အနောက်ဘက်ကို အလျင်အမြန် လှည့်ဖယ်လိုက်၏။ ကျိုးထောင်ဟွား မျက်ခုံးပင့်လိုက်သည်။
"အထီးလား"
ဝိညာဉ်မြင်းသည် နှာမှုတ်ပြကာ ခေါင်းညိတ်ပြလိုက်သည်။ ကျိုးထောင်ဟွား ရှန်းမင်အားထပ်မံအတည်ပြုခိုင်းလိုက်ရာ ဤတစ်ကြိမ်တွင်မူ ၎င်းသည် ရှန်းမင်ကိုမရှောင်ဖယ်တော့ပေ။ မြင်းရိုင်းမှာ တကယ်ပင်အထီးဖြစ်နေသည်။ ကျိုးထောင်ဟွား ခဏတာမျှစဉ်းစားလိုက်၏။
"နင့်နာမည်ကို ရှောင်ဟေးလို့ခေါ်မယ်"
ထိုသို့ပြောပြီးနောက် သူမလက်ထဲရှိ ဝိညာဉ်စွမ်းအင်လုံးကို ပစ်ပေးလိုက်ရာ မြင်းရိုင်းသည် ရှေ့ခြေထောက်များဖြင့် ခုန်တက်ကာ ချက်ချင်းဖမ်းယူလိုက်လေသည်။
မြင်းရိုင်း : ရှောင်ဟေးက သောက်ကျိုးနည်း ဘာနာမည်ကြီးလဲ။ သူကအဖြူ(ပိုင်)နဲ့ အမဲ(ဟေး)ကိုတောင် မခွဲခြားတတ်တော့ဘူးလား။
သို့သော် ဤမျှများပြားသည့်ဝိညာဉ်စွမ်းအင်မှာ ရေခဲနွယ်မြက်ဆယ်ပင်စားရသည်နှင့်ညီမျှ၏။ ဒီမိန်းကလေးပေးတဲ့နာမည်က မကောင်းပေမယ့် ဝိညာဉ်စွမ်းအင်လုံးလေးကတော့ အရမ်း အရသာရှိတာပဲ။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့သည် မြင်းရိုင်းကိုစီးကာ ရွာသို့ပြန်လာခဲ့ကြပြီး ဆေးပင်စိုက်ခင်းဆီသို့ တန်းတန်းမတ်မတ် သွားကြလေသည်။
အရပ်မြင့်မြင့်ဖြင့် လှပသောမြင်းဖြူကြီးသည် ရွာသားအများအပြား၏အာရုံစိုက်မှုကို ချက်ချင်းရရှိသွားလေ၏။
"ထောင်ဟွား သမီးတို့လင်မယားကမြင်းဝယ်လာတာလား၊ ဘယ်လောက်ပေးရလဲ"
အဒေါ်ကျန်း မေးလိုက်သည်။ မြို့ပေါ်၌ မြင်းတစ်ကောင်ကို တေးတစ်သောင်းပေးရကြောင်း သူမသိထားသော်လည်း ဤမြင်းမှာတေးတစ်သောင်းထက်မက တန်ဖိုးရှိမည်ဟု သူမခံစားရ၏။
"အဒေါ်ကျန်း ဒါက တောင်ပေါ်မှာအစ်ကိုရှန်းမင် သမီးအတွက်ဖမ်းပေးခဲ့တဲ့ မြင်းရိုင်းပါ၊ အခုလေးတင်မှ ယဉ်ပါးအောင် လုပ်ထားတာ"
ကျိုးထောင်ဟွား ရှင်းပြပြီးနောက် အဒေါ်ကျန်း အလွန်အားကျသွားသည်။
"အလကားရတာပေါ့"
မြင်းတစ်ကောင်ကို တေးတစ်သောင်းတန်ရာ ရှန်းမင်မှ တစ်ကောင်ဖမ်းမိလာ၍ မိသားစုအတွက် တေးတစ်သောင်းတိုက်ရိုက်သက်သာသွားစေသည်။ အဒေါ်ကျန်းသည် ရှန်းမင်အားလေးစားအားကျစွာကြည့်လိုက်၏။
"ရှန်းမင်က တကယ့်ကိုလူကောင်းပဲ၊ မိသားစုအတွက် တေးတစ်သောင်းကို အလွယ်တကူရှာပေးနိုင်ခဲ့တယ်၊ ကျိုးအာ့ရှုနဲ့ဟုန်ယန်တို့ကတော့ ဒီလိုသမက်ကောင်းမျိုးရထားတာ တကယ်ကံကောင်းတာပဲ"
အဒေါ်ကျန်းကိုနှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးသည် ကျိုးမိသားစု၏ဆေးပင်စိုက်ခင်းသို့ တန်းတန်းမတ်မတ်သွားကြလေသည်။ ကျိုးအာ့ရှုသည် စိုက်ခင်းအစွန်းသို့ နွားလှည်းကိုယူလာပြီး ဆေးပင်များအပြည့်ပါသော ဝါးခြင်းတောင်းများကို နွားလှည်းပေါ်သို့တင်နေလေ၏။
"အဖေ ဆေးပင်တွေသွားပို့ဖို့ မြင်းလှည်းကိုသုံးသင့်တယ်၊ ပိုမြန်မှရမယ်လေ"
ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့် ရှန်းမင်သည် ချက်ချင်းမြင်းပေါ်မှဆင်းကာ မြင်းဖြူနှင့်လှည်းကို ချိတ်ဆက်ရန် ကျိုးအာ့ရှုကိုကူညီပေးလေသည်။ ရှောင်ဟေးသည် တောနက်ထဲတွင်လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ရာ ယခင်က အလုပ်လုပ်ဖို့နေနေသာသာ လူကိုပင်တစ်ခါမှ တင်မစီးခိုင်းဖူးပေ။ ရုတ်တရက် သူ့ကိုယ်ပေါ်လှည်းတစ်စီးတပ်ဆင်ခံလိုက်ရသဖြင့် မပျော်မရွှင်ဖြစ်သွားသော်လည်း ကျိုးထောင်ဟွား၏ဝိညာဉ်စွမ်းအင်လုံးလေးများကို တွေးမိပြီး ၎င်း၏မကျေနပ်ချက်များကို မြိုသိပ်ထားလိုက်လေသည်။
ကျိုးထောင်ဟွားနောက်သို့ လိုက်ပါခြင်းဖြင့် ယခုမှစ၍ဝိညာဉ်စွမ်းအင်လုံးများကို စားသုံးနိုင်မည်ဖြစ်ရာ တောနက်ထဲတွင် ရေခဲနွယ်မြက်၏နည်းပါးလှသော ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်းရှာဖွေရသည်ထက် အများကြီးပိုကောင်းလေ၏။
ရှောင်ဟေး၏အကူအညီဖြင့် မိသားစု၏ဆေးပင်ရောင်းချမှု အရှိန်အဟုန်မှာ သိသိသာသာမြင့်တက်လာလေသည်။ ဆေးပင်မရောင်းရသည့် အချိန်များတွင် ကျိုးထောင်ဟွားသည် ၎င်းကိုစီး၍ တောင်ပေါ်သို့တက်လေ့ရှိ၏။
ဤကဲ့သို့ဖြင့် တစ်လကြာသွားသောအခါ သူမသည် ပတ်ဝန်းကျင်ရှိတောင်များကို ပိုးသတ်လိုက်သကဲ့သို့ ပြောင်စင်အောင် ရှင်းလင်းပစ်ခဲ့ပြီး နတ်ဆိုးများ၏အရိပ်အယောင် လုံးဝမကျန်ရစ်စေခဲ့ပေ။ ရလဒ်အနေဖြင့် ကျိုးကျားရွာတွင် တစ်လလုံးလုံး မည်သည့်နတ်ဆိုးမှ ပေါ်မလာခဲ့တော့ချေ။ ရှန်းမိသားစုတွင် မွေးမြူထားသော ခူယားကောင်များသည်လည်း ဆယ်စုနှစ်များစွာ စုဆောင်းထားသော ကျင့်ကြံခြင်းအမြုတေအများအပြား၏ အာဟာရဓာတ်ဖြင့် သူတို့၏ခူယားကောင်အိမ်များမှ တစ်ကောင်ပြီးတစ်ကောင်ထွက်ပေါ်လာကြလေသည်။ သို့သော် သူတို့လူအသွင်ပြောင်းလဲနိုင်ရန်အတွက် ကျင့်ကြံခြင်းအမြုတေများစွာ လိုအပ်နေသေး၏။
"တကယ်ထူးဆန်းတာပဲ၊ အရင်တုန်းက ကျိုးကျားရွာမှာ ကျင့်ကြံခြင်းစွမ်းအား အနှစ်တစ်ရာ နှစ်ရာ သုံးရာလောက်ရှိတဲ့ နတ်ဆိုးတွေကို မကြာခဏတွေ့ရတတ်တာကို ဘာလို့ဒီရက်ပိုင်း အားလုံးပျောက်ကွယ်သွားကြတာလဲ၊ သူတို့ကို ငါလိုက်သတ်နေတာကိုအာရုံခံမိပြီး ထွက်ပြေးသွားကြတာများလား"
ကျိုးထောင်ဟွားသည် တွားသွားနေသောခူယားကောင်များကို ကြည့်ရင်းတွေးတောနေမိသည်။ လူအသွင်သို့ ပြောင်းလဲပြီးဖြစ်သော တစ်ကောင်တည်းသော ခူယားကောင်နတ်ဆိုးမှအကြံပြုလိုက်၏။
"သခင်မ ကျွန်မတို့တွေတခြားနေရာတွေကို သွားစစ်ဆေးကြည့်ရင်ရော ဘယ်လိုလဲ၊ တခြားရွာတွေ တခြားမြို့တွေလိုမျိုးပေါ့"
ထိုအကြံမှာဖြစ်နိုင်ခြေရှိသည်ဟု ကျိုးထောင်ဟွား တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် တွက်ချက်မှုများအရဆိုလျှင် နောက်တစ်လနေပါက သူမကိုယ်ဝန်ရှိသင့်ပြီပင်။ ထိုအချိန်မတိုင်မီ သူမထံ၌ကြိုတင်စီစဉ်ထားရမည့် ကိစ္စအချို့ ရှိနေသေးသည်။ ကျိုးထောင်ဟွား ခူယားကောင်နတ်ဆိုးနှင့်အတူ အပြင်သို့ထွက်ရန် ပြင်လိုက်စဉ် ရှန်းမင် ရုတ်တရက်ပြန်ရောက်လာ၏။
"ညီမထောင်ဟွား အစ်ကိုမြို့ပေါ်ကို ဆေးပင်တွေ သွားရောင်းမလို့ ဒီနေ့အပြန်နည်းနည်း နောက်ကျလိမ့်မယ်၊ ကိုယ်တို့မိသားစုနဲ့မိဘတွေရဲ့အိမ်က ဆေးပင်တစ်လှည်းမြို့ပေါ် သွားမပို့ရသေးဘူး"
ကျိုးထောင်ဟွား အံ့အားသင့်သွားသည်။
"ပုံမှန်ဆိုအဖေက ဆေးပင်တွေကိုမြို့ပေါ် သွားရောင်းတာမဟုတ်ဘူးလား"
"အဖေ ဒီနေ့နေမကောင်းဘူး၊ မအီမသာဖြစ်ပြီး ဝမ်းလျှောနေတယ်တဲ့"
ရှန်းမင် ပြန်ဖြေလိုက်သည်။
"ဘာ်လို အဘိုးရှန့်ဖျင်အိမ်ကို သွားပြီးဆေးယူပြီးပြီလား"
ကျိုးထောင်ဟွားမှတ်ဉာဏ်ထဲတွင် ကျိုးအာ့ရှုသည် အမြဲတမ်းကျန်းမာရေး ကောင်းမွန်ခဲ့သည်။ ဤကမ္ဘာသို့ သူမ ရောက်လာကတည်းမှ သူနေမကောင်းဖြစ်သည်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ကျိုးထောင်ဟွားမနေနိုင်ဘဲ အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။ ထိုအချိန်တွင် ရှန်းမင်ဆက်ပြောသည်ကို သူမကြားလိုက်ရ၏။
"အမေလည်း နည်းနည်းကိုယ်ပူပြီး ခေါင်းကိုက်နေတယ်၊ အစ်ကိုအခုလေးတင် သူ့အတွက် ဆေးရည်ကျိုပေးပြီးလှဲနေဖို့ ပြောထားတယ်၊ ဒီည သူ့အတွက်ညစာသွားပို့ပေးရမယ်"
"အမေလည်း နေမကောင်းဘူးလား"
ကျိုးထောင်ဟွားရင်ထဲတွင် ဆို့နင့်သွားရသည်။ ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ နှစ်ဦးစလုံး ဖျားနေကြ၏။ ကျိုးမိသားစုနှင့်အတူနေထိုင်စဉ် သူမသည် သူတို့ထံမှမိသားစုမေတ္တာများကို အများကြီးခံစားခဲ့ရသည်လေ။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး ဖျားနာနေကြောင်းကြားလိုက်ရသဖြင့် သူမရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်သွားလေသည်။ ထိုအခိုက်အတန့်တွင် ရှန်းမင်ထံမှ နွေးထွေးမှုကိုလည်း သူမခံစားလိုက်ရ၏။ သူမမိသားစု ဖျားနာနေချိန်တွင် သူသည် မည်သည့်ညည်းညူမှု သို့မဟုတ် မကျေနပ်မှုမျှမပြဘဲ သူတို့ကို စိတ်ရှည်လက်ရှည်ဖြင့် ကူညီစောင့်ရှောက်ပေးနေ၏။ ကျိုးထောင်ဟွား ရှန်းမင်၏ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူမခေါင်းကို သူ့ရင်ဘတ်နှင့်ဖိကပ်ကာ သူမလက်များဖြင့် သူ၏ကျစ်လျစ်သော ခါးကိုဖက်ထားလိုက်လေသည်။
ယခင်က သူမသည် သူ့ကိုကိရိယာတစ်ခုအနေဖြင့်သာ အသုံးပြုခဲ့ပြီး ရှေးခေတ်ကာလတွင် ဤကဲ့သို့သောသူနှင့် ဘဝကို ဖြတ်သန်းရခြင်းမှာ အတော်လေး ကောင်းမွန်မည်ဟုသာတွေးခဲ့၏။ ယနေ့မှသာ ရှန်းမင်၏တာဝန်သိတတ်မှုနှင့် သံယောဇဉ်ကြီးမားမှုကို တဖြည်းဖြည်း ခံစားလာရခြင်းဖြစ်သည်။ အနာဂတ်မှာ သူကဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မလား။
"အစ်ကိုရှန်းမင် ကျေးဇူးတင်ပါတယ်၊ အများကြီး ပင်ပန်းသွားရပြီ"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် ခြေဖျားထောက်ကာ သူ့မေးစေ့ကို အသာနမ်းလိုက်လေသည်။
"လုံးဝမပင်ပန်းပါဘူး၊ မိဘတွေကို ရိုသေသမှုနဲ့ပြုစုစောင့်ရှောက်ရမှာက သားသမီးဝတ္တရားပဲလေ"
ရှန်းမင်သည် ကျိုးထောင်ဟွားကိုပြောပြီးနောက် ထွက်ခွာသွားလေသည်။ ကျိုးအာ့ရှုနှင့် ချမ်ရှီတို့အတွက် စိုးရိမ်နေသဖြင့် ကျိုးထောင်ဟွားသည် ရွာမှထွက်မည့် အစီအစဉ်များကို ဘေးဖယ်ထားလိုက်ပြီး ကျိုးမိသားစုအိမ်ဆီသို့ လျှောက်သွားလိုက်၏။ မထင်မှတ်ဘဲ အပြင်ရောက်သည်နှင့် လမ်းဘေးမှဆက်တိုက်ထွက်ပေါ်လာသော ချောင်းဆိုးသံများကို သူမ ကြားလိုက်ရသည်။ သူတို့ကိုကြည့်လိုက်ရာ အားလုံးမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေကြောင်း ကျိုးထောင်ဟွား သတိထားမိလိုက်၏။ အချို့မှာ ပုံမှန်မဟုတ်ဘဲ မျက်နှာများနီမြန်းနေကြသည်။
အချို့မှာ ချောင်းဆိုးပြီး နှာရည်များယိုနေကြ၏။
***